Sunday, May 30, 2010

Letters from Michigan - 7



မစ်ရှီဂန်မှ ပေးသောစာ - ၇
အောင်ဝေး


မိတ်ဆွေကြီး ကိုဒေါင်း -


ကျန်းခံ့သာလို့ မာပါစ။ ဒီတခါတော့ ရေခြားမြေခြားမှာ အိမ်လွမ်းစိတ်နဲ့ပဲ နေထိုင်ရကြောင်း၊ အိမ်လွမ်း စိတ္တဇကြောင့်ပဲ ဆရာမြသန်းတင့်ကို သတိရသွားမိတဲ့ အကြောင်း ပြောပြချင်တယ်။

မကြာသေးခင်က ဒီမှာ နာမည်ကျော် စာရေးဆရာကြီး J.D. Salinger အသက် (၉၁) နှစ် ကွယ်လွန်သွားပါတယ်။ သူဟာ မြန်မာစာဖတ် ပရိသတ် သိကြတဲ့ The Catcher in the Rye ဆိုတဲ့ ဝတ္ထုကို ရေးခဲ့တဲ့ J.D. Salinger ပါပဲ။ ဒီသတင်း ကြားတော့ ဆရာမြသန်းတင့်ကို သတိရလိုက်တာဗျာ။ ဆရာမြသန်းတင့်က The Catcher in the Rye ကို “လေလွင့်သူ” ဆိုပြီး မြန်မာပြန်ခဲ့တာ လူတိုင်း ကြိုက်ခဲ့ကြတာ မဟုတ်လား။

ဟိုတလောကလည်း Love Story ကို ရေးခဲ့တဲ့ နာမည်ကျော် စာရေးဆရာ Eric Seagul ကွယ်လွန်တော့လည်း ဆရာမြသန်းတင့်ကို အမှတ်ရစရာ ဖြစ်ပြန်တယ် ကိုဒေါင်းရယ်။ Eric Seagul ရဲ့ The Class ဝတ္တုကို ဆရာမြသန်းတင့်က လွမ်းမောဖွယ် တက္ကသိုလ်နွေညများ ဆိုပြီး မြန်မာပြန်ခဲ့တယ်လေ။

အရာရာဟာ တိုက်ဆိုင်တာပဲ ဆိုရင်လည်း ခွင့်လွှတ်ပါ။ ကျနော်တို့ကတော့ ဒီမှာ အိမ်လွမ်းဝေဒနာနဲ့ပဲ နေထိုင်နေကြရတာကိုး။ ကိုဒေါင်းရဲ့ - အိမ်လွမ်းစိတ် ဆိုတာလည်း ဓားလှံလက်နက် လိုပဲ အမြဲထက်နေအောင် သွေးနေရမယ် မဟုတ်လား။ အိမ်လွမ်းစိတ် အမှန်တရားလို့ပဲ ဆိုပါတော့ဗျာ။

၂၀၀၉ နှစ်ကုန်ပိုင်းက ဟောလီးဝုဒ် နာမည်ကျော်မင်းသား ပက်ထရစ်ဆွေဇီ ကွယ်လွန်ခဲ့တယ်ဗျာ။ သူ့ကို မြန်မာ ပရိသတ်က ကောင်းကောင်း သိတယ်။ သူနဲ့မင်းသမီး ဒီမီမိုးတို့ ပါဝင်တဲ့ Ghost - ဝိညာဉ်ချစ်သူ ဇာတ်ကားဟာ မြန်မာ ပရိသတ် အသည်းစွဲပေါ့။

ကျနော်ကတော့ တမျိုး။ ပက်ထရစ်ဆွေဇီနဲ့ ကာလကတ္တားမြို့ ဆင်းရဲသား ရပ်ကွက်ကလူတွေ ပါဝင် သရုပ်ဆောင်ထားကြတဲ့ City of Joy ဝတ္ထုကို ရိုက်ကူးတဲ့ ဇာတ်ကားပေါ့။ ဆရာမြသန်းတင့်က ဒီဝတ္တုကို “သုခမြို့တော်” ဆိုပြီး မြန်မာပြန်ခဲ့တာမို့ ကျနော် ဘာသာပြန်ကိုလည်း ကြိုက် ရုပ်ရှင်ကိုလည်း ကြိုက်ခဲ့တာပါ။

ဆရာမြသန်းတင့်ရဲ့ ကမ္ဘာ့စာပေပေါင်းကူး ကျေးဇူးကတော့ ကျနော်တို့ မြန်မာစာပေအပေါ်မှာ အင်မတန် ကြီးမားခဲ့တာပါ။ ဆရာ့ရဲ့ စာပေကျေးဇူးတွေဟာ ဆပ်မကုန်ပါဘူး။ ဒီလိုပါပဲ။ ဆရာ့ရဲ့ နိုင်ငံရေး ကျေးဇူးတွေလည်း ကျနော်တို့ အပေါ်မှာ တပုံတပင်ပါ။

ဒါတွေကို နှောင်းလူငယ်တွေ သိစေချင်တယ်။ ဆိုပါတော့ ဆရာမြသန်းတင့် ငယ်စဉ်က စာဖတ်ခဲ့ပုံကလေး ကျနော်တို့ အတုယူထိုက်တယ်။ ဂျပန်ခေတ်ကြီးထဲမှာ ဆရာမြက ပုန်းခိုကျင်းထဲ စာရေးဆရာကြီး ရဲထွန်းလင်းရဲ့ အရေးတော်ပုံတပ်သား ဝတ္ထုကို ဖတ်နေတာ စာအုပ် ဆုံးသွားတော့ ဒုတိယတွဲ (ဇာတ်သိမ်းပိုင်း) ဆက်ဖတ်ပါ တဲ့။ ဒုတိယတွဲက အနားမှာ မရှိဘူး။ ဆရာမြ မနေနိုင်တော့ဘူး။ ဒုတိယတွဲ ရှာပုံတော် ဖွင့်တော့တယ်။ ဂျပန်ခေတ်ထဲမှာနော်။ အန္တရာယ်တွေ ကြားမှာနော်။

ဒီလိုနဲ့ ဆရာတို့နဲ့ (၂၂) မိုင်လောက် ဝေးတဲ့ ရွာမှာ စာအုပ်တွေ အများကြီး သယ်လာတဲ့ စစ်ပြေး မိသားစုတစု ရောက်နေတယ် ဆိုတဲ့ သတင်း ဆရာလိုက်တယ်။ မိဘက တားနေတဲ့ ကြားက ဆရာ သုတ်ခြေတင်တော့တာပဲ။ ဆရာ ကံကောင်းခဲ့ပါတယ်။ အဲဒီအိမ်မှာ အရေးတော်ပုံ တပ်သား ဒုတိယတွဲ ဇာတ်သိမ်းပိုင်းကို ညလုံးပေါက် ထိုင်ဖတ်ပြီး ပြန်လာခဲ့တယ် တဲ့။ ၂၂ မိုင်ခရီးကို အသွား ခြေကျင် အပြန် ကုန်းကြောင်းနဲ့ စာအုပ်တအုပ်ကို စွန့်စွန့်စားစား သွားဖတ်ခဲ့တဲ့ ဆရာ။ ဒါ ငယ်ငယ်ကနော်။ နောက်တော့ ဒါတွေဟာ မြသန်းတင့်ကို ဖြစ်လာစေခဲ့တာပဲ မဟုတ်လား။

ဂျပန်ခေတ်ထဲမှာ ဆရာကြုံခဲ့ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းလေး ရှိသေးတယ်။ ဖက်ဆစ်တွေကို တော်လှန်ဖို့ လျှိ့ဝှက် လှုပ်ရှားနေတဲ့ ဆရာ့ကို ဓားပြတွေက မယုံသင်္ကာဖြစ်ပြီး ဖမ်းရော ဆိုပါတော့။ ပြီးတော့ သတ်မယ် တကဲကဲပေါ။ အဲဒီမှာ ဆရာမြသန်းတင့်က သူ့ကို သတ်မယ့် ဓားပြတွေကို နိုင်ငံရေးတရား ဟောတယ်။ ဓားပြတွေကလည်း မြန်မာလူမျိုးတွေ ဖြစ်တယ်၊ ဖက်ဆစ်ဂျပန်ဟာ ဘုံရန်သူပဲ၊ ဘုံရန်သူကို မြန်မာ တမျိုးသားလုံး ပူးပေါင်းပြီး တိုက်ဖို့ လိုတယ်ပေါ့။ အံ့သြစရာပဲဗျ ရှင်မတောင် ခင်မောင် ခေါင်းဆောင်တဲ့ ဓားပြဂိုဏ်းကြီး ဖက်ဆစ် တော်လှန်ရေးထဲ ပါဝင်လာရော တဲ့။

ပြီးတော့ လွမ်းစရာ ရှိသေးတယ်။ နှောင်းလူငယ်တွေ သိစေချင်လို့ ကျနော် ပြောလိုက်ဦးမယ် ကိုဒေါင်း။

၁၉၄၅ ဖက်ဆစ်တော်လှန်ရေးကြီး ပြီးသွားခဲ့ပြီ။ ဖက်ဆစ်ကို တော်လှန်တုန်းက အဓိကတပ်ဦး တခု ဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ဖြစ်ချင်တော့ ၁၉၄၆ ထဲမှာ သခင်စိုးနဲ့ သခင်သန်းထွန်း နှစ်ခြမ်း ကွဲပါလေရောလား။ သခင်စိုး ဂိုဏ်းကို အလံနီ၊ သခင်သန်းထွန်း ခေါင်းဆောင်တဲ့ ဘက်ကို အလံဖြူ ဆိုပြီး လူထုကြားမှာ နစ်နီ - နစ်ဖြူ နှစ်ခြမ်း ဗြန်းဗြန်း ကွဲရော ဆိုပါတော့။

ပခက္ကူဘက်မှာ ထင်ပါရဲ့ ဆရာမြသန်းတင့်က စင်ပေါ်ကနေ လူထုကို ကွန်မြူနစ် နိုင်ငံရေး တရား ဟောနေတာ။ ဟောနေတုန်း လူတယောက်က ကွန်မြူနစ်ပါတီ နှစ်ခြမ်း ကွဲသွားတဲ့ သတင်း လာလည်း ပြောလိုက်ရော ဆရာမြသန်းတင့် အကြီးအကျယ် စိတ်ထိခိုက် ကြေကွဲ ယူကျုံးမရ ဖြစ်ပြီး စင်ပေါ်မှာ အရုပ်ကြိုးပြတ် မူးမေ့ လဲကျသွားတဲ့ အဖြစ်ဟာ ဆရာ့ရဲ့ တော်လှန်ရေးသမား စစ်စစ် အဓိပ္ပာယ်ကို ဖော်ပြနေတာပဲ မဟုတ်လား ကိုဒေါင်းရဲ့။

မြန်မာ့ နိုင်ငံရေးလောကမှာ မြန်မာ စာပေအနုပညာလောကမှာ နှစ်မျိုးပဲ ရှိပါတယ် ကိုဒေါင်း။ တမျိုးက တော်လှန်ရေးသမား စစ်စစ်။ တမျိုးက ဖောက်ပြန်ရေးသမား စစ်စစ်။ ဒီနှစ်မျိုးပဲ မဟုတ်လား။

တော်လှန်ရေးသမား စစ်စစ်ဟာတွေဟာ ညီညွတ်ရေးကို တန်ဖိုးထားကြပါတယ်။ စစ်မှန်တဲ့ ညီညွတ်ရေးကို သူတို့ လိုလားကြပါတယ်။

ဆရာမြသန်းတင့်ရဲ့ နိုင်ငံရေး ကျေးဇူးလည်း ကျနော်တို့ အပေါ်မှာ မကင်းဘူးလို့ ကျနော် ပြောခဲ့တယ်။ မှတ်မှတ်ရရ ဆရာ မကွယ်လွန်ခင် လပိုင်းအလို ၁၉၉၈ ခုနှစ် နှစ်သစ်ကူးတဲ့ နေ့မှာ ကျနော်နဲ့ သူငယ်ချင်း ကာတွန်းဆရာ တို့ကို ဆရာမြသန်းတင့် လက်ဆောင်ပေးခဲ့တဲ့ သြဝါဒစကား။

“ပေါင်းစည်းရင်း ကွဲကွဲခွင့် ရှိတယ်၊ ကွဲလွဲရင်း ပေါင်းစည်းနိုင်ရမယ်” တဲ့။ ဒီသြဝါဒ ဒီကနေ့ မြန်မာ့ အရေးမှာ ကျနော်တို့ အလေးအနက် ထားရမယ် မဟုတ်လား ကိုဒေါင်း။

အားလုံးကို သတိရလျက်-
အောင်ဝေး
2/9/10

(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)

Sunday, May 16, 2010

Letters from Michigan - 6

မစ်ရှီဂန်မှ ပေးသောစာ - ၆
အောင်ဝေး
မေ ၁၆၊ ၂၀၁၀
မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ နိုင်ငံရေး အနုပညာ အယူအဆတရပ် ဘယ်လို အတိုက်အခိုက်တွေကို ကျော်လွှား ဖြတ်သန်းပြီး ဘယ်ပုံ ခိုင်ကျည်လာခဲ့တယ်၊ ဒီနေ့ခေတ်ရဲ့ လိုအပ်ချက်နဲ့ ဘယ်နည်း ကိုက်ညီနေတယ် ဆိုတာ ပြောကြရအောင်။

ကျနော် ပြောချင်တဲ့ အယူအဆကတော့ ဆရာ ဒဂုန်တာရာရဲ့ “ရန်သူမရှိ မိတ်ဆွေသာရှိ။ နိုင်ငံရေး လုပ်တယ် ဆိုတာ ရန်သူကို ကိုယ့်ဘက် ပါအောင် စည်းရုံးတာပဲ” ဆိုတဲ့ အယူအဆပါ။ ဒါနဲ့ ပတ်သက်လို့ ဆက်စပ်နေတဲ့ အကြောင်း တချို့ ပြောပရစေ။ (ဒီရက်တွေထဲ ကံ့ကော်ဝတ်ရည် စာပေက ဆရာနိုင်ဝင်းဆွေရဲ့ မဟူရာ မေတ္တာနဲ့ နွေတည ဝတ္ထုနှစ်အုပ် ထုတ်ဝေခွင့် ပြုဖို့ စာမူတင်ခဲ့တာ စာပေစိစစ်ရေးက ခွင့်ပြုလိုက်ပြီလို့ ကြားရပါတယ်။)

ဆရာနိုင်ဝင်းဆွေရဲ့ စာအုပ်တွေက ပန်းဆိုးတန်း စာအုပ် အဟောင်းတန်းမှာ ရွှေထက်ရှားတာ မဟုတ်ပါလား။ ရှားဆို ဆရာနိုင်ဝင်းဆွေ မြန်မာစာပေ လောက ကနေ နှုတ်ဆက် ထွက်ခွာသွားတာ ကြာခဲ့ပြီမို့လား။ ဆရာ နိုင်ဝင်းဆွေက သူအောင်မြင် နေတုန်း အချိန် ၁၉၇၆ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ အရှေ့မြောက်ပိုင်း စစ်ဒေသ ပန်ဆန်းကို ရုတ်တရက် ဆုတ်ခွာသွားခဲ့တာပါ။

နိုင်ဝင်းဆွေရဲ့ မဟူရာမေတ္တာ (၁၉၆၈)၊ နွေတည (၁၉၇၁) ၊ မသိန်းရှင်ဆီ ပို့ပေးပါ (၁၉၇၁)၊ အချစ်ည (၁၉၇၂)၊ နိုးတဝက်အိမ်မက် (၁၉၇၁)၊ ရေဆန်လမ်း (၁၉၇၅)၊ မြစံပယ်ရုံ၊ ဘဝစာမျက်နှာများ စတဲ့ စာအုပ်တွေဟာ မြန်မာစာပေလောကမှာ အင်မတန် ထင်ရှားခဲ့တာနော်။

ဒီလောက် နာမည်ကြီးတဲ့ စာရေးဆရာ တောခိုသွားတော့ မဆလ စစ်အစိုးရက သူရေးခဲ့တဲ့ စာတွေ အကုန် ပိတ်ပင်လိုက်တော့တာပေါ့။ ဆရာနိုင်ဝင်းဆွေရဲ့ စာအုပ်တွေ ဈေးကွက်ထဲကနေ မြေအောက် ရောက်သွားရတော့တာပေါ့။

ဆရာနိုင်ဝင်းဆွေ တောခိုခါနီး ဖြစ်ခဲ့တာလေးတခု စာပေလောကသားတွေ လက်ဆင့်ကမ်း ပြောလာကြတဲ့ စာကြောင်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီတုန်းက ဆရာနိုင်ဝင်းဆွေတို့ အုပ်စုက “မိုးကြိုမုန်တိုင်း” ဆိုပြီး ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဂျာနယ်ကျော် မမလေး အစရှိတဲ့ မြန်မာစာပေ လောကရဲ့ “ဒင်”တွေကို ဝေဖန် တိုက်ခိုက်တဲ့ စာတအုပ် ဝိုင်းပြီး ရေးကြပါတယ်။ အတွင်းစည်းမှာ ချပြကြပါတယ်။ စာပေသမား အများစုကတော့ မိုးကြိုမုန်တိုင်း အယူအဆကို လက်မခံကြဘူး။ တားမြစ် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ တားနေတဲ့ ကြားက စာအုပ် တချို့ ပရိသတ် လက်ထဲ ပေါက်ထွက်သွားခဲ့ပါတယ်။

ကိုဒေါင်းကြီး ခင်ဗျားတို့လည်း ဒီခေတ်ကို မီခဲ့ကြတာပါ။ မိုးကြိုမုန်တိုင်း စာအုပ်ဟာ လက်ဝဲ အလွန်အကျွံ စာအုပ်ပဲ၊ လက်ဝဲသူငယ်နှာ မစင်တဲ့ အုပ်ရပ်ပဲ၊ မှားယွင်း ဖောက်ပြန်တဲ့ ဝေဖန်ရေးပဲ။ ဒါကြောင့် သူတို့ရဲ့ မိုးကြိုမုန်တိုင်းကို ဘယ်သူကမှ မကြိုဆိုခဲ့ပါဘူး။

ဒီတုန်းက (၁၉၇၅ - ၇၆ လောက်) ဆရာဗန်းမော်တင်အောင်လည်း မကွယ်လွန်သေးပါဘူး။ ဝေဖန် တိုက်ခိုက် ခံရသူတွေ အကုန်လုံး သက်ရှိ ထင်ရှားပါ။ ဝေဖန်တိုက် ခိုက်ခံရတဲ့ လူကြီးတွေက ဘာမှ ဖြစ်မသွားခဲ့ကြပါဘူး။ ပင်လယ်ထဲက ကျောက်ဆောင်ကြီးတွေလိုပဲ မတ်မတ် ခိုင်ခိုင် ရပ်တည်ခဲ့ကြတာပါ။ ပြိုလဲသွားတာကတော့ မိုးကြိုမုန်တိုင်းပဲပေါ့။ မိုးကြိုမုန်တိုင်းအုပ်စု သူတို့ အမှားကို သူတို့ သိသွားတယ်။ တချို့ ဝန်ချတောင်းပန်တယ်။ အဲဒီအထဲမှာ နိုင်ဝင်းဆွေလည်း ပါတယ်။

ဆရာနိုင်ဝင်းဆွေ တောခိုဖို့ ရုတ်တရက် ထွက်ခွာခါနီးမှာ ဆရာ ဒဂုန်တာရာကို ၀န်ချတောင်းပန်သွားခဲ့တယ် လို့ ဆိုတယ် မဟုတ်လား ကိုဒေါင်း။ ဆရာဒဂုန်တာရာက ခွင့်လွှတ်မှာပါ။ ဆရာက ငြိမ်းချမ်းရေးဝါဒီ တဦးပဲ မဟုတ်လား။ အခု ဆရာ့ရဲ့ ရန်သူမရှိ အယူအဆဟာ ငြိမ်းချမ်းရေး အဘိဓမ္မာ အပေါ်မှာ အခြေခံတာပဲ မဟုတ်လား။

မိုးကြိုမုန်တိုင်းမှာ ပါဝင်ခဲ့ဖူးတဲ့ သူတွေလည်း အခုဆိုရင် ဆရာဒဂုန်တာရာနဲ့ အတူ လက်တွဲပြီး ခေတ်ကို ဖြတ်သန်းနေကြပါပြီ။

ကိုဒေါင်းရေ ဗကထဲမှာ (၁၃) နှစ်လောက် ကျင်လည်ပြီးတဲ့နောက် ၁၉၈၉မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ဗဟို ပြိုကွဲသွားတဲ့အခါမှာတော့ ဆရာနိုင်ဝင်းဆွေလည်း မဒတ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ခေါ်လာလို့ KNU နယ်မြေကို ရောက်ရှိလာခဲ့တယ် တဲ့။

နောက် အဲဒီမှာပဲ ဆရာ နိုင်ဝင်းဆွေ နာမကျန်းဖြစ်ပြီး ၁၉၉၅ မာနယ်ပလော ကျတော့ ဖေဖော်ဝါရီလထဲ ဖွေးဘောလူစခန်း လက်နက်တိုက် ပေါက်ကွဲမှုထဲမှာ ဆရာဝင်းနိုင်ဆွေ ပါသွားခဲ့တယ် ဆိုတာကိုပဲ ကျနော်တို့ ကြားခဲ့ရတယ်လေ။ ဒါပေမဲ့ နိုင်ဝင်းဆွေ ရဲ့စာတွေ ဘယ်တော့မှ မသေပါဘူး။ ကျနော်တို့ ဝမ်းသာတယ်။ ဆရာဒဂုန်တာရာလည်း ကျေနပ်မှာပါ။ ဆရာဒဂုန်တာရာကတော့ သူအဘိဓမ္မာနဲ့သူ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပါပဲ။ နိုင်ဝင်းဆွေလို နောက်ထပ် အဖြစ်လေးတခု ရှိသေးတယ်။ ကိုဒေါင်းတို့လည်း သိပါတယ်။ ဆရာ ဒေါင်းနွယ်ဆွေတို့ ဆရာအောင်လင်းတို့ဟာ ဆရာဒဂုန်တာရာကို တလျှောက်လုံး အတိုက်အခံလုပ်ခဲ့သူတွေ မဟုတ်လား။ ဆရာဒဂုန်တာရာရဲ့ နိုင်ငံရေး အနုပညာ အယူအဆ ဆိုလိုတာက စာပေနဲ့ နိုင်ငံရေး အယူအဆကို ဆရာဒေါင်းတို့က တိုက်ခဲ့ကြတာ။

နောက်ဆုံးမှာတော့ ၁၉၈၅ မတ်လ ဆရာဒေါင်းနွယ်ဆွေ ကင်ဆာရောဂါနဲ့ ရန်ကုန် ဆေးရုံကြီးပေါ် ရောက်နေတဲ့အချိန် ဒဂုန်တာရာကို ခေါ်ပေးပါ၊ ဒဂုန်တာရာနဲ့ တွေ့ချင်တယ်၊ ဒဂုန်တာရာကို တောင်းပန်ရမယ်လို့ တဖွဖွ ပြောပြီး ကွယ်လွန်သွားခဲ့တာပါ။

ဆရာဒဂုန်တာရာကတော့ အားလုံးကို နားလည် ခွင့်လွှတ်ပြီးသား ဖြစ်မှာပါ။ ဆရာအောင်လင်း ကွယ်လွန်သွားတော့ အောင်လင်း ဈာပနကို ဒဂုန်တာရာ လာပြီး အလေးပြု နှုတ်ဆက်တယ် ဆိုတဲ့ အကြောင်း ဆရာ ဒေါင်းနွယ်ဆွေ ကိုယ်တိုင် ချယ်ရီမဂ္ဂဇင်းမှာ ရေးခဲ့သေးတာပဲ မဟုတ်လား ကိုဒေါင်း။

ဆရာ ဒဂုန်တာရာ သက်တော်ရာကျော် ရှည်ပါစေ။

အားလုံးကို သတိရလျက်-
အောင်ဝေး
2/8/10
(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)

Wednesday, May 12, 2010

We are not iced seas

ငါတို့ ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူး
အောင်ဝေး
မေ ၁၃၊ ၂၀၁၀
နှင်းဆီပင်ကလေး
သေဆုံးသွားတဲ့အခါ
နှင်းဆီရွက်တွေ
ရာဇ၀င်သက်သေ ကျန်ရစ်တယ်။
ရနံ့ မပြယ်သေးတဲ့
နီနီစွေးစွေး
နှင်းဆီပွင့်လေးတွေ
ရင်နင့်အောင် မွှေးနေဦးတော့မယ်။
ညီလေးရေ …
ညီလေးရေ …
ကျွန်းမကြီးမှာ
တို့အတူ စီးဆင်းခဲ့ကြတယ်
ငါတို့ ဟာသံမဏိမြစ်တွေပေါ့ ။
ညီလေးရေ …
အဖြူရောင်ပဲ့တင်မှာ
တို့အတူ ရွက်လွှင့်ခဲ့ကြတယ်
ငါတို့ဟာ ဂရန်မာရွက်လှေတွေပေါ့ ။
ညီလေးရေ…
ဗန်းမော်တင်အောင်အုတ်ဂူမှာ
တို့အတူ ပျံသန်းခဲ့ကြတယ်
ငါတို့ဟာ ကမ်းကြည့်ငှက်တွေပေါ့ ။
ညီလေးရေ…
၃၃ လမ်းမှာ
တို့အတူ ဖြတ်သန်းခဲ့ကြတယ်
ငါတို့ဟာ မီထရာမြင်းတွေပေါ့ ။
ညီလေးရေ…
ရွှေဝါရောင်မှာ
တို့အတူ လှိုင်းထန်ခဲ့ကြတယ်
ငါတို့ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူး။ ။

[မေ ၁၁ ၊ ၂၀၁၀ နေ့  က ရန်ကုန်မြို့ မှာကွယ်လွန်သွားတဲ့
ပန်းချီသန်းမြင့်အောင်(ကဗျာဆရာ သင်းဝေအောင်) သို့ ]

Sunday, May 9, 2010

Letters from Michigan - 5

မစ်ရှီဂန်မှ ပေးသောစာ - ၅
အောင်ဝေး
မေ ၉၊ ၂၀၁၀

မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ သမိုင်းရဲ့ ကံကြမ္မာအကြောင်း စဉ်စားမိတာနဲ့ ဒီစာကို ရေးလိုက်တာပါ။ တဆက်တည်း သမိုင်းရေး ကန့်သတ်ခံရမှုဆိုတဲ့ သဘောကိုလည်း ကျနော် တွေးနေမိတယ်။

ကျနော်တို့ မှိုင်းရာပြည့် ပုသိမ်ထောင်ထဲမှာတုန်းက ဖြစ်ခဲ့တာလေးတခု ပြောပရစေ။ တနေ့မှာပေါ့ လက်ပံတန်းက ကျောင်းသား ရဲဘော်ရဲ့မိခင် သူတို့မြို့မှာ ကွယ်လွန်သွားတဲ့ သတင်း ကျနော်တို့ အထဲကို ရောက်လာတယ်။ ကာယကံရှင် အဲဒီကျောင်းသားကိုတော့ အသိမပေးဘဲ ဖုံးထားခဲ့ကြတယ်။ မရပါဘူး။ နောက်တလလောက် ကြာတော့ ထောင်ဝင်စာ ခေါက်ဆွဲကြော်ထုပ်တဲ့ သတင်းစာ စာစုတ်ထဲမှာ သူ့အမေရဲ့ နာရေးကြော်ငြာကို သူတွေ့သွားခဲ့တယ်လေ။

ဒီလို တိုက်ဆိုင်လွန်းတဲ့ အဖြစ်မျိုး ဟိုအရင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်ဗဟိန်းတို့ ကြားမှာ ရှိခဲ့တယ် ဆိုရင် အံ့သြစရာပဲ မဟုတ်လား။

ကိုဒေါင်းရေ ဖက်ဆစ်တော်လှန်ရေးကြီး ပြီးတော့ ကိုဗဟိန်း မကျန်းမမာဖြစ်ပြီး နှလုံးရောဂါနဲ့ မန္တလေး ဆေးရုံကြီးပေါ် ရောက်ခဲ့ရတယ်။ ၁၉၄၆ ထဲမှာနော်။

၁၉၃၈ တကသ ဥက္ကဋ္ဌ ကိုအောင်ဆန်းက တို့ဗမာ အစည်းအရုံးကြီးထဲ ခြေစုံပစ်ဝင်သွားတော့ ကိုဗဟိန်း ဥက္ကဋ္ဌ ဖြစ်လာခဲ့တယ်။ ကိုအောင်ဆန်းရော၊ ကိုဗဟိန်းရော ကျောင်းသားခေါင်းဆောင် ဘဝကနေ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာခဲ့ကြတာ မဟုတ်လား။ သူတို့ဟာ ကျောင်းသားရဲဘော် သူငယ်ချင်းတွေပါ။
၁၉၃၉ ခုနှစ် သြဂုတ်လ (၁၅)ရက် ရန်ကုန်မြို့ ဘားလမ်းက တိုက်ခန်းတခုမှာ ဗမာပြည် ကွန်မြူနစ် ပါတီကို စတင် ဖွဲ့စည်း ထူထောင်ကြတော့လည်း ဒီရဲဘော်သူငယ်ချင်း နှစ်ယောက် ထိပ်ဆုံးကပဲ။

ကိုဒေါင်းရေ လိုအပ်လို့ နည်းနည်း ဖြည့်ပြောရရင့် ကွန်မြူနစ်ပါတီ စထောင်စဉ်က သခင်အောင်ဆန်း သခင်ဗဟိန်း၊ ရဲဘော်ဘတင် (ခ) ဂိုရှယ်၊ သခင်စိုး၊ သခင်လှဖေ (ခ) ဗိုလ်လက်ျာ၊ ဒေါက်တာနတ်နဲ့ သခင်ဗိုလ်တို့ ပါဝင်ခဲ့ကြတာပါ၊ ပါတီရဲ့ပထမဆုံး အထွေထွေ အတွင်ရေးမှူးက သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်းပေါ့။

ဒါတွေ ပြောနေရတာ သမိုင်းရဲ့ ကံကြမ္မာ အကြောင်း သမိုင်းရေး ကန့်သတ်ခံရမှု အကြောင်း ပြောချင်လို့ပါ ကိုဒေါင်း။

၁၉၄၅ ဖက်ဆစ် တော်လှန်ရေး တပ်ဦးမှာ အဓိက အင်အားစုကြီး (၃)ခု ပါဝင်ခဲ့တယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရယ်၊ ပြည်သူ့အရေးတော်ပုံ ပါတီရယ်၊ တပ်မတော်ရယ် ဒီသုံးခုပဲ။ ဒီအင်အားစုတွေ ပေါင်းစည်းပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) ဆိုတာ ပေါ်ပေါက်လာခဲ့တာ မဟုတ်လား။

ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်ဗဟိန်းက တိုင်းရင်းသား လူမျိုးစုငယ်များ စည်းရုံးရေးတာဝန်ခံ။ ဖက်ဆစ် တော်လှန်ရေးကြီး ပြီးတော့ “ဖတပလ” ကို “ဖဆပလ”လို့ ပြောင်းလဲ လိုက်ကြတယ်။ ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ဖြစ်လာခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း ဗမာပြည် ကွန်မြူနစ်ပါတီက ထွက်ပြီး ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်လာတော့ ကိုဗဟိန်းက အလုပ်သမား ခေါင်းဆောင် အဖြစ်နဲ့ ကွန်မြူနစ် ပါတီမှာပဲ ကျန်ခဲ့တယ်။

ဖက်ဆစ် တော်လှန်ရေး မတိုင်ခင် အင်္ဂလိပ်အခက် ဗမာ့အချက် ဆိုတဲ့ ၁၉၃၉မှာ သူတို့ (ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်ဗဟိန်း) ရဲဘော် သူငယ်ချင်း နှစ်ယောက် ကံကြမ္မာ တူခဲ့ပုံလည်း ရှိသေးတယ်။ ကိုဗဟိန်းနဲ့ ဒဂုန်တာရာတို့ လားရှိုးဘက်ကနေ တရုတ်ပြည်ထဲ သွားဖို့ ကြိုးပမ်းခဲ့ကြတယ်။

နယ်ချဲ့ ပုလိပ်တွေက တားဆီးလို့ သူတို့ခရီး မအောင်မြင်ခဲ့ဘူး။ ဒီလိုပဲ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့ နှစ်ဦး တရုတ်ပြည် အမွိုင်ကို သွားဖို့ ကြိုးပမ်းတော့လည်း တရုတ်ပြည် မရောက်ဘဲ ဂျပန်ကို ရောက်သွားခဲ့ရတယ်။


ကိုဗဟိန်းရော၊ ဗိုလ်ချုပ်အောင်ဆန်းရော တရုတ်ပြည်သွားဖို့ ကြိုးပမ်းခဲ့ကြတာဟာ တရုတ် ကွန်မြူနစ်ပါတီနဲ့ ဥက္ကဋ္ဌမော်နဲ့ ဆက်သွယ်ဖို့ပဲ။ အင်္ဂလိပ်နယ်ချဲ့ကို မောင်းထုတ်ဖို့ လက်နက် အကူအညီ အကြံဉာဏ် အကူအညီ တောင်းဖို့ပဲ မဟုတ်လား။

ဒီလို ကံကြမ္မာ တူခဲ့တဲ့ ရဲဘော် သူငယ်ချင်း နှစ်ယောက် နောက်ပိုင်းမှာ လွမ်းစရာ ကောင်းပုံ ကတော့ ကိုဒေါင်းရယ် ကျနော်တို့ တိုင်ပြည်ရဲ့ သမိုင်းဟာ မမြင်ရတဲ့ ကံကြမ္မာ မုန်တိုင်းတွေနဲ့ ရင်ဆိုင်တိုးခဲ့ ရတော့တယ်လေ။

ကိုဗဟိန်း နှလုံးရောဂါနဲ့ မန္တလေးဆေးရုံကြီး ပေါ်ရောက်နေတဲ့ အချိန်။ ဖဆပလ အဖွဲ့ထဲမှာလည်း နိုင်ငံရေး ပဋိပက္ခတွေ ရှုပ်ထွေးပြီး ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည် ကွန်မြူနစ်ပါတီကို ဖဆပလ အဖွဲ့ကြီးထဲကနေ ထုတ်ပယ် ပစ်လိုက်ပါတယ်။ ၁၉၄၆ ထဲမှာပဲ။

ဒီသတင်းကို မန္တလေးဆေးရုံကြီးပေါ် ရောက်နေတဲ့ သခင်ဗဟိန်း မသိအောင် အားလုံးက ဖုံးဖိထားခဲ့ကြတယ်။ ကိုဗဟိန်း သိသွားလို့ စိတ်ထိခိုက် ကြေကွဲပြီး သူ့ကျန်းမာရေး ရုတ်တရက် ဆိုးရွားသွားမှာကို အားလုံးက စိုးရိမ်နေခဲ့ ကြတာလေ။

ဗိုလ်ချုပ် အောင်ဆန်း ကလည်း အလုပ်တွေ များလွန်းလှတဲ့ ကြားကနေ ကိုဗဟိန်းဆီ မန္တလေးကို လူမမာ မေးလာလို့ လှမ်းပြီးသတင်း ပို့ထားတာပါ။

ကိုဒေါင်းရေ သိတဲ့အတိုင်းပဲ တိုက်ဆိုင် ချင်တော့ ဗိုလ်ချုပ် အောင်ဆန်း ရောက်မလာခင် တနေ့သားမှာ ပေါင်မုန့်ထုပ်တဲ့ သတင်းစာ အပိုင်းအစထဲမှာ ပါလာတဲ့ ဖဆပလ အဖွဲ့ထဲကနေ ဗမာပြည် ကွန်မြူနစ်ပါတီကို ထုတ်ပစ်လိုက်တဲ့ သတင်း ကိုဗဟိန်း တွေ့သွားခဲ့ပြီ တဲ့။ စိတ်မကောင်းစရာပါ။ ဗိုလ်ချုပ် မလာခင် ၁၉၄၆ ဒီဇင်ဘာလထဲမှာ ကိုဗဟိန်း ကွယ်လွန် သွားခဲ့ပါတယ်။

ကံကြမ္မာတွေက မမြင်ရဘူး မဟုတ်လား ကိုဒေါင်း။ ပိုပြီး ကြေကွဲစရာက ကိုဗဟိန်း ကွယ်လွန်ပြီး မကြာခင် ၁၉၄၇ ဇူလိုင်မှာ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံခဲ့ရ ပြန်တယ်လေ။ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတွေပေါ့ ကိုဒေါင်းရယ်။

(သူတို့ ကံကြမ္မာတူတဲ့ ရဲဘော် သူငယ်ချင်း နှစ်ယောက် စရိုက်အမှုအရာ မတူတာကို ဆရာဒဂုန်တာရာက ရုပ်ပုံလွှာဖွဲ့တော့ အောင်ဆန်း (သို့မဟုတ်) အရိုင်း တဲ့။ ဗဟိန်း (သို့မဟုတ်) ကဗျာ တဲ့။ ဗိုလ်အောင်ဆန်းက ရဲရင့်တယ်၊ ရိုးသား ပွင့်လင်းတယ်။ သခင်ဗဟိန်းက နူးညံ့ပြီး စိတ်ကူးယဉ်တတ်တယ်လို့ ဆရာဒဂုန်တာရာက ဆိုတာပါ။ ဆရာဒဂုန်တာရာဟာ သူတို့နှစ်ဦးစလုံးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲ မဟုတ်လား။)

ကိုဒေါင်းရေ ဒီအဖြစ် အပျက်တွေဟာ လွတ်လပ်ရေး သူရဲကောင်း နှစ်ယောက် အပေါ်မှာ ရက်ရက်စက်စက် ကန့်သတ် ပစ်ခဲ့တဲ့ သမိုင်းရေး ကန့်သတ် ခံရမှုပဲ။ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းဟာ မမြင်နိုင် မမျှော်လင့်နိုင်တဲ့ ကံကြမ္မာဆိုးတွေနဲ့ ကြုံခဲ့ရတယ်။ ကျနော်တို့ မလွန်ဆန်နိုင်ကြဘူးနော်။ ။

အားလုံးကို သတိရလျက်-
အောင်ဝေး
၁/၂၈/၁၀


(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)

Saturday, May 1, 2010

Letters from Michigan - 4

မစ်ရှီဂန်မှ ပေးသောစာ - ၎
အောင်ဝေး
မင်းသုဝဏ်၊ ဇော်ဂျီ၊ သိပ္ပံမောင်ဝ

မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ “ပညာရှင်စိတ်ထား” ဆိုတာနဲ့ ပတ်သက်လို့ ကျနော် တွေးမိတာကို ပြောပြပရစေ။

ဒီရက်တွေထဲမှာ ကိုယ့်စာပေ ကိုယ့်ဘာသာစကား အကြောင်းကို ကိုယ့် အချင်းချင်းနဲ့ရော တခြားသူတွေနဲ့ပါ ပြောမိကြတဲ့ အထဲမှာ “မြန်မာခေတ်ပေါ်စာပေအစ ခေတ်စမ်းက” ဆိုတဲ့ စကားလည်း ပါလာခဲ့ပါတယ်။

ခေတ်စမ်းရဲ့ ကျေးဇူးဟာ ကျနော်တို့ မြန်မာစာပေ အပေါ်မှာ အင်မတန် ကြီးပါတယ်။ ကျေးဇူး ကြီးလွန်းလှတဲ့ ခေတ်စမ်း အကြောင်း တွေးမိတော့ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့ကြတဲ့ ဆရာကြီးသုံးပါး ပုဂ္ဂိုလ်ကြီး သုံးဦးရဲ့ ပညာရှင် စိတ်ထားတွေကို ကျနော် ပြန် လွမ်းဆွတ်မိသွားတယ်ဗျာ။

ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းထွက် ကဗျာဆရာ၊ စာရေးဆရာ သုံးယောက်ဟာ ခေတ်စမ်းစာပေရဲ့ ဥသျှောင်တွေပဲ မဟုတ်လား ကိုဒေါင်း။ ဇော်ဂျီနဲ့ မင်းသုဝဏ်က ကဗျာဘက်မှာ ရှေ့ဆောင်ခဲ့တယ်။ သိပ္ပ္ပံမောင်ဝကတော့ စကားပြေ ခေါင်းဆောင်ပေါ့။

တိုတိုပြောရရင် ခေတ်စမ်းညီနောင် သုံးဦးဟာ နောက်ပိုင်းမှာ သိပ္ပံမောင်ဝ (ဦးစိန်တင်)က ဗြိတိသျှ ပဋိညာဉ်ခံ ဝန်ထမ်း (အိုင်စီအက်စ်) ဖြစ်သွားပြီး နယ်ချဲ့အစိုးရ အမှုတော်ကို ထမ်းရတယ်။ ဇော်ဂျီ (ဦးသိန်းဟန်)နဲ့ မင်းသုဝဏ် (ဦးဝန်) တို့ကတော့ ရန်ကုန် တက္ကသိုလ်မှာပဲ ဆရာတွေ ပြန်လုပ်ခဲ့ကြတာပါ။

၁၉၃၆ခုနှစ် ဒုတိယ တက္ကသိုလ် ကျောင်းသားသပိတ်ကြီးဖြစ်တော့ ရွှေတိဂုံ သပိတ်စခန်းကို ကိုယ်တိုင်လာပြီး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေကို အားပေးခဲ့တာက ဆရာပေါက်စတွေ ဖြစ်ကြတဲ့ ဇော်ဂျီနဲ့ မင်းသုဝဏ်ပါပဲ။ သိပ္ပံမောင်ဝကတော့ အင်္ဂလိပ်အစိုးရ ဝန်ထမ်း ဖြစ်နေပါပြီး။ သူ့ဝန်ထမ်း ဖြစ်နေတော့ သူ့ဆန်စားရဲမှ ဆိုတဲ့ သဘောက ရှိတယ်လေ။

အဲဒီအချိန်က နယ်ချဲ့ ဗြိတိသျှရဲ့ အမှုထမ်း ဖြစ်နေကြတဲ့ မြန်မာလူမျိုးတွေကို တချို့တွေက နယ်ချဲ့ အလိုတော်ရိလို့ အပြစ်မြင် အထင်လွဲခဲ့ကြတာ မဟုတ်လား။

ဆရာသိပ္ပံမောင်ဝဟာ နယ်ချဲ့ အစိုးရရဲ့ အရာရှိ ဆိုတာတော့ မှန်ပါတယ်။ သူရေးတဲ့ ခေတ်စမ်း ဝတ္တု ဆောင်းပါးတွေကို မြန်မာစာဖတ် ပရိသတ် သိပ်ကြိုက်ကြပါတယ်။

ကိုဒေါင်းရေ သိပ္ပံမောင်ဝဟာ နယ်ချဲ့အစိုးရ အရာရှိ ဖြစ်နေလေတော့ မြန်မာ့ လွတ်လပ်ရေးကို သူ မေ့လျော့နေမယ်လို့ တချို့ ထင်ချင် ထင်ကြမယ်ဗျာ။ တကယ်တော့ မဟုတ်ပါဘူး။ မဟုတ်ဘူး ဆိုတဲ့ အချက်ကို “သပြေညို” ကဗျာက သက်သေခံ ရှင်းပြနေတယ် ဆိုရင် အံ့သြစရာပဲ မဟုတ်လား ကိုဒေါင်း။

“သူ့ခေါင်းမှာတဲ့ သပြေညို၊ ငါ့ခေါင်းမှာတဲ့ သပြေညို - တို့ပြေမှာ တို့မေကမ်းပါတဲ့၊ သပြေညို ရွှေဘိုပန်းဟာက၊ လန်းလျက်ပါကို” ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ သပြေညို ကဗျာပါ။

အဖြစ်က ဒီလိုတဲ့ ကိုဒေါင်းရဲ့။ ဆရာမင်းသုဝဏ် ဘိလပ်ကို ပညာတော်သင် ရောက်နေတဲ့ အချိန်ကပေါ့။ ၁၉၃၈ခုနှစ် နှစ်သစ်ကူးမှာ ဆရာရယ်၊ ဦးအုန်းမောင်ရယ်၊ ဦးဘကျော်ရယ် သုံးယောက်သား ဗြိတိန်နိုင်ငံ ဝေလနယ်မြောက်ပိုင်းက ဟာဂျင်ဆိုတဲ့ ရွာကလေးကို ဆောင်းခိုဖို့ ရောက်နေကြတယ်။

အဲဒီရွာက စိန့်ဒိုင်အိုနီးယား စာကြည့်တိုက်မှာ ဆရာမင်းသုဝဏ်က ကဗျာတပုဒ်ရေးတယ်။ အဲဒီကဗျာက သပြေညိုပဲ။ ကဗျာရေးတဲ့ ရက်စွဲက ၁၉၃၈ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တဲ့။ ကဲ - ဘယ်လောက် တိုက်ဆိုင်လိုက်လေသလဲ ကိုဒေါင်း။ သပြေညို ကဗျာရေးပြီးလို့ (၁၀)နှစ် တင်းတင်း ပြည့်တဲ့ နေ့မှာ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာ မဟုတ်လား။ ဒါ ထားတော့။

ဆရာမင်းသုဝဏ်က သပြေညိုကဗျာကို ဘိလပ်ကနေ ရန်ကုန်ကို ပို့လိုက်တယ်။ ကဗျာက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အာဘော် ဖြစ်တဲ့ အိုးဝေ မဂ္ဂဇင်းမှာ ကာတွန်း ဦးဘဂျမ်း သရုပ်ဖော်ပုံနဲ့ ပါလာခဲ့တယ်။

“ဘာမလျှော့လေနဲ့၊ လာတော့မကွဲ့ ရွှေပဟိုရ်၊ လေချိုက အသွေး” အဲဒီလို လွတ်လပ်ရေးအတွက် အားမလျှော့ဖို့ ဆရာက အားပေးထားတာလေ။ “လင်းကြက် အဆော်၊ ကွင်းထက်မှာ တူပျော်ပျော်နဲ့၊ စည်တော်ကို ရည်မျှော် မှန်းကာပ၊ ရောင်နီမှာ အောင်စည် ရွမ်းရအောင်၊ သပြေညို ရွှေဘိုပန်းရယ်နဲ့၊ လှမ်းကြစို့လေး” တဲ့။ လွတ်လပ်ရေး အတွက် အားတင်းသံပေါ့။
အဲဒီနောက်တော့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်လာတယ်။ အင်္ဂလိပ် အခက် ဗမာ့အချက် ဆိုပြီး ဖြစ်လာတယ်။ ဖက်ဆစ်ဂျပန်တွေ ဝင်မလာခင် တိုင်းပြည် မငြိမ် မသက် ဖြစ်နေတဲ့ အချိန်။ သိပ္ပံမောင်ဝဟာ အဲဒီအချိန်မှာ နယ်ချဲ့အစိုးရ ပြန်ကြားရေး အတွင်းဝန် ဖြစ်နေတာ။ အဲဒီမှာ ဘာလုပ်သလဲ ဆိုတော့ သိပ္ပံမောင်ဝက သူ့လုပ်ပိုင်ခွင့်နဲ့ သပြေညိုကဗျာကို အကြီးအကျယ် ပုံနှိပ်ပြီး နိုင်ငံအနှံ့ ဖြန့်ခိုင်း ဝေခိုင်းခဲ့တာပါပဲ တဲ့။

သိပ္ပံမောင်ဝ သပြေညို ကဗျာကို ဖြန့်နေတဲ့ အချိန်မှာ ဆရာ မင်းသုဝဏ်က အင်္ဂလန်မှာပဲ ရှိပါသေးတယ်။ ဒီအကြောင်း ဆရာဇော်ဂျီ ပြန်ပြောပြလို့ ဆရာ မင်းသုဝဏ် သိခဲ့ရတာလို့ ဆိုပါတယ်။ ဆရာ မင်းသုဝဏ်က သိပ္ပံမောင်ဝဟာ နယ်ချဲ့အစိုးရ ဝန်ထမ်း ဖြစ်နေပေမဲ့ သူ့မှာ အမျိုးသားရေးစိတ်၊ လွတ်လပ်ရေး လိုလားတဲ့စိတ် ရှိလို့သာ သပြေညိုကဗျာကို ဖြန့်ဝေခဲ့တာလို့ ၁၉၈၇ ခုနှစ် လောက်က ပြောပြဖူးပါတယ်။

ကျနော်တွေးမိတာက ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ ပညာရှင်စိတ်ထားကိုပါ။ ဆရာတို့ဟာ ရေးဖော် ရေးဖက် တစ်ဦးအပေါ်မှာ အပြစ် မမြင်ဘူး အချစ် ဝင်ခဲ့ကြတယ်။ ဥပေက္ခာ မပြုဘူး၊ မုဒိတာ ပွားခဲ့ကြတယ်။ သိပ္ပံမောင်ဝဟာ ဗြိတိသျှအစိုးရ ပဋိညာဉ်ခံ ဝန်ထမ်း ဖြစ်တာနဲ့ပဲ မြန်မာ့လွတ်လပ်ရေးကို မေ့လျော့ရရိုး ဆန့်ကျင်ရရိုး ရှိတော့လား။
ကိုဒေါင်း ဒါပါပဲ။ ဒီနေ့ စစ်ကျွန်ဖြစ်နေရတဲ့ ခေတ်မှာလည်း ဝန်ထမ်းတွေ အများစုဟာ ပြည်သူတွေနဲ့ ထပ်တူ ဒီမိုကရေစီ အရေးကို မေ့လျော့မနေကြဘူး ဆိုတာ ပြောနေဖို့ လိုသေးလို့လားဗျာ။ ။

အားလုံးကို သတိရလျက်-

အောင်ဝေး
၁/၂၇/၁၀

(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)

Letters from Michigan - 3

မစ်ရှီဂန်မှ ပေးသောစာ -
အောင်ဝေး



မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီတပတ်မှာတော့ ပြည်ပရောက်နေတဲ့ စာရေးဆရာ ကဗျာဆရာတွေ ဘယ်လို စာရေးနေကြတယ် ဆိုတဲ့ အကြောင်း ပြောပြပါ့မယ်။

ကိုဒေါင်းလည်း သိပါတယ်။ ပြည်တွင်းမှာ တုန်းကတော့ ကျွန်တ်ာတို့က Professional Writers တွေလို့ ခေါ်ရမှာပေါ့၊ မိသားစု စားဝတ်နေရေး အတွက် စာရေးလို့ရတဲ့ စာမူခနဲ့ပဲ ရပ်တည်ခဲ့ကြတာကလား။

ခု ပြည်ပမှာတော့ ဒီလို မရတော့ဘူး ကိုဒေါင်းရဲ့။ ပြည်ပမှာ ကျွန်တော်တို့ စာရေးပြီး ရပ်တည်လို့ မရဘူး။ ဒီမှာ မြန်မာစာပေနဲ့ ရပ်တည်နိုင်တဲ့ မြန်မာစာပေ အသိုင်းအဝိုင်း မရှိဘူး။ ပြည်ပမှာကလည်း မြန်မာ စာရေးဆရာ၊ ကဗျာဆရာရယ်လို့ လက်ချိုးရေလို့ ရပါတယ်။ ဒီအထဲမှာ ဆရာဂျမ်း (ဦးတင်မိုး)က ကွယ်လွန်သွားပါပြီ။

ဒီမှာက အသက်ရှင် ရပ်တည်ဖို့အတွက် အခြား ကိုယ်နဲ့ သင့်တော်ရာ အလုပ်တွေ လုပ်ကြရတာပါ။ စားဝတ်နေရေး၊ အသက်ရှင် ရပ်တည်ရေး ဖူရုံ လုံရုံပဲ ဆိုပါတော့။ ဝမ်းရေးကတော့ မခက်ဘူးလို့ ပြောရမှာပေါ့။

ဥမ္မာဒန္တီ ပျို့ထဲမှာ “ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက် လွမ်းရေးခက်ခဲ့၏” လို့ ဦးရွှန်း ဖွဲ့ခဲ့သလို အခု ခက်နေတာက ပြည်ထဲရေးနဲ့လွမ်းရေး။ အမိမြေက ဒီမိုကရေစီ အရေးတော်ပုံ အပြီး မသတ်သေးဘူး။ အောင်ပွဲ မခံသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် တဖွဖွ တောင်းဆို တိုက်တွန်းနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး တွေ့ဆုံဆွေနွေးရေးဆိုတာ နအဖ စစ်အုပ်စုကြောင့် ခက်ခဲ ကြန့်ကြာနေရတုန်းပဲ။ ဒီအခက်အခဲက ပြည်ပ ရောက်နေတဲ့ စာပေသမားတွေကိုလည်း စေ့ဆော် ရိုက်ခတ်ပါတယ်။

မိတ်ဆွေကြီး ကိုဒေါင်း ပြည်ထဲရေး ခက်နေမှတော့ ကျွန်တော်တို့ရဲ့ အိမ်လွမ်း စိတ္တဇမှာလည်း အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတာပေါ့။ ဘယ်တော့များမှ ကျွန်တော်တို့ အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင် သီချင်းကို ဆိုနိုင်ကြပါမလဲ။ ဘယ်ခါများမှ ကျွန်တော်တို့ ဆရာ ဦးတင်မိုးရဲ့ 'အောင်စည်ဆော်လော့' ပြည်တော်ဝင်ခန်း ရောက်ချေပြီ ဆိုတဲ့ ကဗျာကို ရွတ်ဆိုရပါ့မလဲ။ အခက်အခဲ အတားအဆီးတွေ ရှိနေတယ်။

ဒီအခက်အခဲတွေကပဲ အဝေး ရောက်နေတဲ့ ကျွန်တော်တို့ကို စာတွေရေးဖြစ်ဖို့ အဓိက တွန်းအားပေး မောင်းနှင်နေတာပါ။ ပြည်ပမှာတော့ အများအားဖြင့် အင်တာနက် စာမျက်နှာဝက်ဘ်ဆိုက်တွေ ဘလော့တွေမှာ ကျွန်တော်တို့ စာရေးကြရတာပါ။ တချို့လည်း ရေဒီယိုတွေမှာ အသံလွှင့်ဆောင်းပါး ရေးသူဖတ်သူတွေ ရေးကြဖတ်ကြရတာပေါ့။

ပြည်ပရောက်လာတော့ လွတ်လွတ်လပ်လပ် ရေးခွင့် ပြောခွင့် ရလာတာကတော့ အမှန်ပဲကိုဒေါင်း။ ဒီမှာ စာပေစစစ်ရေး မရှိဘူးလေ။ ဒီမှာ နအဖ စစ်အုပ်စုရဲ့ အငြိအငြင်ကို အခံချင်တဲ့ မခံနိုင်တဲ့ ထုတ်ဝေသူတွေ အယ်ဒီတာတွေ မရှိပါဘူး။ ဒီမှာ ပြည်ပမှာ စာပေ အနုပညာ လွတ်လပ်ခွင့် အပြည့် ရှိတယ် ဆိုတာ ယုံလိုက်ပါ ကိုဒေါင်း။

ဒါပေမဲ့ လွတ်လပ်မှုရဲ့ နောက်မှာ တာဝန်ယူမှု ဆိုတာက ကပ်ပါလာတာကိုတော့ မေ့လျော့ထားလို့ မဖြစ်ဘူး။ လွတ်လပ်မှုနဲ့ တာဝန်ယူမှုဟာ အမြဲဒွန်တွဲ ဆက်စပ်နေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရေးတဲ့ စာတွေအတွက် တာဝန်ယူကြရပါမယ်။

တာဝန်မယူနိုင်ဘဲနဲ့ စာပေလွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်လို့ မရဘူး။ ဒီတော့ ကျွန်တော်တို့ အဝေးရောက် မင်းများမှာလည်း စာပေ လွတ်လပ်ခွင့်ကို စည်းထဲဘောင်ထဲကပဲ မှန်မှန်ကန်ကန် အသုံးချကြရတာပါပဲ။

လွတ်လပ်မှုဆိုတာလည်း ဘောင်ရှိတာပဲ။ အကန့်အသတ် ရှိတာပဲ။ ဘယ်နေရာမှာမှ ပကတိ လွတ်လပ်မှု Absolute Freedom ဆိုတာတော့ မရှိနိုင်ဘူး မဟုတ်လား။ လွတ်လပ်မှု ဆိုတာ လွတ်လပ်မှုအတွက် ရင်းနှီး ပေးဆပ်ရတာတွေ တာဝန်ယူရတာတွေ ရှိစမြဲပါ။

ဒီတော့ ပြည်ပရောက် ကျွန်တော်တို့ရဲ့ စာတွေကို အကြမ်းဖျင်း သုံးသပ်ရမယ် ဆိုရင်တော့ ကျွန်တော်တို့ အဝေးရောက် စာတွေဟာ စည်းလွတ်ဝါးလွတ်နဲ့ တာဝန်မဲ့ ပြောဆို ရေးသားနေတာတွေတော့ မဟုတ်ပါဘူး။ ဒီလို စည်းလွတ် ဝါးလွတ် တာဝန်မဲ့ ပြောခွင့်ရေးခွင့် လုံးဝမရှိပါဘူး။ ရေးသူဘက်က စေတနာမှန်၊ ခံစားမှုမှန်ပြီး ထက်သန်တဲ့ တိုင်ပြည်ချစ်စိတ် အိမ်လွမ်းစိတ်တွေနဲ့ အနုပညာရသမြောက်အောင် ဖန်တီးရေးဖွဲ့နိုင်မှပဲ ဒါကို စာပေ လက်ရာ တစ်ခုလို့ သတ်မှတ်ရမှာပဲ ကိုဒေါင်း။

တစ်ခုတော့ရှိတာပေါ့ဗျာ။ ပြည်တွင်းမှာတုန်းက ကျွန်တော်တို့ဟာ စာပေစိစစ်ရေးက ရှေ့က ပိတ်ခံနေတော့ လွတ်လွတ်လပ်လပ် ရေးခွင့်မရခဲ့ဘူး။ ပြည်သူ့ဘဝကို ပွင့်ပွင့် လင်းလင်း ဖော်ထုတ်လို့ မရခဲ့ဘူး။ ဒီတော့ ကျွန်တော်တို့ သွယ်ဝိုက် ရေးကြရတယ်။ လှည့်ပတ်ပြီး လျှို့လျှို့ ဝှက်ဝှက် ရေးကြရတယ်။ အဓိပ္ပာယ် ဝှက်ပြီး လွတ်အောင် ရေးကြရတယ်။ ကိုယ်ရေးတဲ့စာလေး စာဖတ်ပရိသတ်လက်ထဲ ရောက်အောင် စာပေစိစစ်ရေးဆိုတဲ့ တယ့် အတားအဆီးကြီးကို နည်းမျိုးစုံ သုံးပြီး ကျော်ဖြတ်ခဲ့ကြရတာပါပဲ။

အောင်မြင် လွန်မြောက်ခဲ့တာတွေလည်းရှိ ဆုံးရှံး ကျဆုံးခဲ့တာတွေလည်းရှိ ပြည်တွင်းက စာနယ်ဇင်းလောက ကတော့ နအဖ အစိုးရ အလိုကျ ဖြစ်နေရတာပေါ့။

ဒီမှာတော့ ဒီလိုမဟုတ်ဘူးပေါ့ဗျာ။ စာပေစိစစ်ရေးမှ မရှိဘဲဟာကိုး။

ဒီနေရာမှာ စကားကြုံလို့ မင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဝတ္တုစာအုပ်ထဲ ရေးထားတာလေး ပြောပြချင်တယ်။ ဝတ္တုထဲမှာ ရှစ်လေးလုံး အကြို ကျောင်းသားတွေ အစိုးရ ဆန့်ကျင်ရေး လျှိ့ဝှက်စာစောင် လုပ်ကြတော့ ဇာတ်ကောင် တဦးဖြစ်တဲ့ သူရ ဆိုတဲ့ ကျောင်းသားက ဇာတ်လိုက် ဖေသောင်းကို ပြောတဲ့စကား။

ကဗျာလည်း ရေးလေကွာ ဗြောင်ကျကျ ရေးကွာ၊ ရွှေကျောင်းက ဖေသောင်း ဆိုပြီး ကလောင်နာမည်တပ်” တဲ့။ ဒီစာကြောင်းလေး ကျွန်တော် မင်နီနဲ့ မျဉ်းတားထားတယ်။

ပြည်ပရောက် မြန်မာစာပေဟာ ဗြောင်ကျကျ ရေးရမယ် ဆိုတာ ကျွန်တော် ထောက်ခံတယ်။ ဒါပေမဲ့ အနုပညာတော့ မြောက်ရမယ်။ ဒါကိုမမေ့နဲ့။

အားလုံးကိုသတိရလျက်--
အောင်ဝေး
/၁၁/၁၀

(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)

Letters from Michigan - 2

မစ်ရှီဂန်မှ ပေးသောစာ - ၂
အောင်ဝေး


ဗိုလ်ကြီးဟောင်း ၀င်းထိန်(sketch: Heinn Htet, photo: Amnesty International)

မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ခုတလော တပ်မတော်သားတွေ အကြောင်း ကြားနေရ ဖတ်နေရတော့ ကျွန်တော့်စိတ်ထဲ ပေါ်လာတာလေး တချို့ ပြောပြချင်တယ်။ ဒီနှစ်သစ်ကိုတော့ နအဖ အစိုးရက မင်္ဂလာမရှိတဲ့ သတင်းနဲ့ စလိုက်တာပါပဲဗျာ။ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့ကို နအဖ တရားရုံးက သေဒဏ် စီရင်လိုက်တာကတော့ ဘယ်လိုမှ ကြားလို့ မကောင်းတဲ့ အမင်္ဂလာသတင်းပါပဲ မဟုတ်လား။

ဒီလုပ်ရပ်ကို ဒီလို ပြစ်ဒဏ် စီရင်တာကို ဘယ်ပြည်သူကမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ပြည်သူ့ဘက်က ရပ်တည် နေတဲ့ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေ ပိုပြီး လက်ခံနိုင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောရဲတယ် ကိုဒေါင်း။

ကျွန်တော်တို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ ပြည်သူတွေကတော့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့အတွက် နာကြဉ်း ဝမ်းနည်း နာသာခံခက် ဖြစ်ကြရပါတယ်။ ဒါပေမဲ့ သူတို့အတွက် ဂုဏ်ယူပါတယ်။

တပ်မတော်သားတွေဆိုတာ အခြားအဆင့်ပဲ ဖြစ်ဖြစ် အရာရှိ အရာခံအဆင့်ပဲ ဖြစ်ဖြစ် အားလုံးဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူရဲ့ သားသမီးတွေပဲ မဟုတ်လား။ ဟိုတုန်းက စစ်သားဟောင်းတွေ လက်ထက်က “ပြည်သူသာ အမိ ပြည်သူသာအဖ” လို့ ခံယူခဲ့ကြတာလေ။ တနည်းပြောရရင် တပ်မတော်သားတွေဟာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။

ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့တာလေး ကြားဖြတ်ပြော ပရစေ။ ကိုဒေါင်းတို့ အားလုံးလည်း သိပြီးသားပါ။ ကျွန်တော့်အဖေက စစ်တပ်ထဲက။ ကျွန်တော်က စစ်သား သားသမီး တယောက်။ ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း ကျွန်တော်အဖမ်းခံရတော့ စစ်ထောက်လှမ်းရေးတွေက စစ်တပ်ထဲက အိမ်မှာ လာဖမ်းတာပါ။

ကျွန်တော်တို့ အဖမ်းခံရပြီးတော့ တပ်ထဲမှာ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ ဦးနေဝင်းကို လုပ်ကြံတဲ့ ကိစ္စ ပေါ်လာတယ်။ လုပ်ကြံမှုမှာ ပါဝင်တဲ့ အရာရှိငယ်တွေ အားလုံး အဖမ်းခံလိုက်ရတယ်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ချက်ချင်းပဲ ကြိုးပေး ကွပ်မျက်ပစ်လိုက်တယ်။ ကျန်တဲ့သူတွေ တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်။

ဒီတုန်းက စစ်တပ်ထဲမှာ မကျေမချမ်းဖြစ်တာတွေ ဆန့်ကျင်ပေါက်ကွဲတာတွေ ကျွန်တော်တို့ ထောင်ထဲက ကြားခဲ့ကြရတာပေါ့။

မှိုင်းရာပြည့်နဲ့ ထောင်ထဲ ရောက်ရောက်ချင်း လုံးတီးထမင်း ပဲဟင်းရေကျဲ ဆီမပါတဲ့ ငါးပိကျော်နဲ့ တိုးတော့ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာကြီး ထီလာစစ်သူရဲ့ “စီးဆင်းရစ်လေဦး ဧရာဝတီ” ဝတ္တုထဲက အဖွင့်စာသားလေးကို ပြေးမြင် သတိရမိခဲ့ပါရဲ့။ ကိုဒေါင်းလည်း မှတ်မိဦးမှာပါ။

“ငါ့သားများ သူ့ကိုတွေ့ရင် ပြောလိုက်ကြပါ စစ်တပ်ဆိုတာ ယောက်ျားကောင်းတွေကို မွေးဖွားပေးတဲ့ နေရာပါလို့” ဆိုတဲ့ စာသားလေ။ ဟိုတုန်းကတော့ ဟုတ်တာပေါ့ဗျာ။ ပြည်သူ့ တပ်မတော်ကိုးဗျ။ ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော်သားတွေ ဖြစ်တာကိုး။

ခုတော့ ဒီလိုဘယ်ဟုတ်ပါတော့မလဲ။

ကျွန်တော် စစ်သား သားသမီး ဖြစ်ခဲ့ဖူးလေတော့ စစ်ဗိုလ်စစ်သားတွေရဲ့အကြောင်းကို အတန်အတင့် နားလည်နိုင်ပါတယ်။ သူတို့ရဲ့ စရိုက်သဘာဝကို ကျွန်တော် အကြမ်းဖျင်း အကဲခတ်နိုင်ပါတယ်။ ကျွန်တော် တပ်မတော်သားတွေကို ချစ်ရင်းစွဲ ခင်ရင်းစွဲစိတ်ရှိတယ်ဗျ။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ NLD စည်းရုံးရေး လုပ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရီးတွေ ထွက်ခဲ့တုန်းက စစ်ဗိုလ်စစ်သားတွေနဲ့ အချိန်အခါ မပြတ် နေရာမလပ် ဆက်ဆံ ပတ်သက်ခဲ့ရတာပါပဲ။ NLD မှာ လုပ်ကြတော့လည်း ဗိုလ်ကြီးအုန်းကျော်မြင့် အမှုတွဲတွေနဲ့ ကျွန်တော်တို့ တွဲခဲ့ရတာပဲ။

ဒီတော့ ကျွန်တော့်စိတ်ရင်း အမှန်က တပ်မတော်သားတွေနဲ့ ဆက်ဆံရတာ သူတို့နဲ့ ပတ်သက်ရတာ မစိမ်းဘူး မရွံ့ဘူး သူတို့ပေါ်မှာ ခင်ခင်မင်မင် ရှိရင်းစွဲ ညီအစ်ကိုစိတ်ပဲ ထားပါတယ်။

ကျွန်တော် ပြည်တွင်းမှာ စာပေခရီးတွေ သွားတဲ့အခါ တောကြိုတောင်ကြား စစ်သားတွေ၊ စစ်စခန်းတွေကိုလည်း ကြုံရဖြစ်ရတာပေါ့။ သူတို့ လုံခြုံရေးယူထားတဲ့ နယ်မြေထဲ ကိုယ်သွားတဲ့အခါ ကိုယ်က သူတို့တာဝန် သူတို့ဝတ္တရားကို လေးစားရတာပေါ့။

၂၀၀၇ တုန်းက အပစ်ရပ် နယ်စပ်တနေရာကို သတင်းဆောင်းပါးရေးဖို့ သတင်းယူဖို့ ကိစ္စ အနေနဲ့ ကျွန်တော်သွားတော့ လမ်းမှာ ဖြတ်ရတဲ့ နအဖ လုံခြုံရေးစခန်းတွေက စစ်ဗိုလ်တွေက ဆရာဇော်ဂျီ ရာပြည့် BBC နဲ့ RFA ရေဒီယိုတွေမှာ ကျွန်တော် ကဗျာရွတ်ခဲ့တာ သူတို့ နားထောင်ရကြောင်း ပြန်ပြောပြကြပါတယ်။ သူတို့ထဲမှာ ကျွန်တော့ကဗျာတွေကို ဖတ်ဖူးတဲ့လူတွေလည်း ပါတယ်။ အဲဒီ နယ်စပ်လမ်းမှာ အသွားအပြန် သူတို့နဲ့ မိတ်ဆွေဖြစ်ခဲ့တာပေါ့ဗျာ။
ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်

ခုနေမှာ အသွားဘက်က ရပ်တည်တဲ့ တပ်မတော်သားကောင်းတွေ ထွက်ပေါ်လာ ကျွန်တော် နှစ်ထောင်းအားရ ဖြစ်မိတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ အခု ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့ အဖမ်းမခံရခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်ရှေ့မှာ တကိုယ်တော် ဆန္ဒပြလို့ လေတပ်ဗိုလ်ကြီးဟောင်း ဇော်ညွန့် အဖမ်းခံရတုန်းကလည်း ကျွန်တော် စိတ်ထိခိုက်ရပါတယ်။ အခု သူဝေးလံစွန်ဖျားလှတဲ့ အကျဉ်းထောင် တခုမှာ ရောက်နေတယ်။

ဗိုလ်ကြီးဝင်းထိန်ကိုလည်း အခုထိ ထောင်က ပြန်လွှတ်မပေးသေးပါဘူး။

တခုပါပဲ ကိုဒေါင်းရယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီးတုန်းက လူဝီ (၁၆) အရှင်ရဲ့ အာဏာ ပါးကွက်သားတွေ လက်ချက်နဲ့ ဂီလိုတင်း ဓားစက်ကြီးအောက်မှာ ပြည်သူ့ ဘက်သားတွေရဲ့ အသက်ဇီဝိန်တွေ ကြွေခဲ့ရပေမဲ့ နိဂုံးချုပ်တော့ လူဝီ (၁၆) နဲ့ မိဖုရား မာရီအင်တွိုင်နက်တို့ ဒီစားစက်ကြီး အောက်မှာပဲ အသက် ပျောက်ခဲ့ရတာ မဟုတ်လား။

ဒီတနေ့ တပ်မတော်ထဲမှာ အမှုထမ်းနေတဲ့ ရဲဘော်အပေါင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်းသလို “ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတဲ့ထုံးနှလုံးမူနိုင်ကြပါစေ။

အားလုံးကို သတိရလျက် -
အောင်ဝေး (၁-၈-၂၀၁၀)

(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)

Letters from Michigan - 1

မစ်ရှီဂန်မှ ပေးသောစာ - ၁
အောင်ဝေး
ဧပြီ ၁၃၊ ၂၀၁၀
မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီရက်ထဲ ကွယ်လွန်သွားတဲ့ ဆရာသမားတွေကို အထူးပဲ သတိရနေမိတယ်ဗျာ။ အထူးသဖြင့် ဆရာဗန်းမော်တင်အောင်ကိုပဲပေါ့။ ဆရာဒဂုန်တာရာက သူ့ရဲ့ နာမည်ကျော် ရုပ်ပုံလွှာ ဆောင်းပါးတွေထဲမှာ ဆရာ ဗန်းမော်တင်အောင် အကြောင်း ရေးတော့ ‘ဗန်းမော်တင်အောင် (သို့မဟုတ်) နရသိန်အကျဉ်းထောင်တွင်းက သူပုန်အကျဉ်းသား’ ရယ်လို့ ခေါင်းစဉ် တပ်တာကို သတိရလိုက်တယ်။
ဆရာဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခုနှစ် အသက် ၅၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ရတာပါ။ လူ့ဘ၀မှာ သက်တမ်းစေ့ နေမသွားရတဲ့ ကျနော်တို့ ခင်ဗျားတို့ ဆရာဟာ နေရပြန်တော့လည်း အကျဉ်းထောင်နဲ့ ကျွန်းမှာ နေခဲ့ရတဲ့ အချိန်တွေက ပိုများနေခဲ့တယ်လေ။
နိုင်ငံရေးသမားပဲ ဖြစ်ဖြစ်၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူပဲ ဖြစ်ဖြစ်၊ ကျောင်းသားခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ စာရေးဆရာပဲ ဖြစ်ဖြစ် တစ်ယောက်ယောက် ထောင်ထဲ ရောက်ပြီ ဆိုရင် ကျန်ရစ်တဲ့ မိသားစုဝင်တွေ ဆွေမျိုး ညီအစ်ကို မောင်နှမတွေလည်း ထောင်ထဲ ရောက်သလို အပြင်မှာ ဘေးဒုက္ခ ကြုံကြရတော့တာပဲ မဟုတ်လား ကိုဒေါင်း။ ဒါ မြန်မာပြည်လေ။ မြန်မာပြည်မှာ ဒီလိုပဲ ဖြစ်နေတာလေ။
ဒီကြားထဲမှာ လူကြားကောင်းအောင် အကျဉ်းထောင်တွေကို စံပြထောင် ဆိုပြီး ဆိုင်းဘုတ် တင်လိုက်ကြသေးတယ်။ ရယ်စရာကြီးပေါ့ဗျာ။ သာယာဝတီ စံပြ အကျဉ်းထောင် တဲ့။ အဲဒီ ‘စံပြ’ ဆိုတဲ့ အဓိပ္ပာယ်က နှိပ်စက် ညှဉ်းပန်းတဲ့ နေရာမှာ စံပြဖြစ်တာကို ပြောတာပဲဗျ။
မိတ်ဆွေကြီးကိုဒေါင်း -
ခင်ဗျားလည်း သိပြီးသားပါ။ ကျနော်တို့ ဆရာ ဗန်းမော်တင်အောင် ထောင်ထဲ ရောက်နေတဲ့ အချိန်တွေမှာ ဇနီးဖြစ်သူ ဒေါ်ခင်ဦးက ဈေးဗန်း ခေါင်းရွက်ပြီး သားသမီး ဘုစုခရုလေးတွေကို ကျွေးမွေးစောင့်ရှောက် ကျောင်းထားပေးခဲ့ရတာပဲ မဟုတ်လား။ အမေ ဒေါ်ခင်ဦးနဲ့ သားသမီးတွေ ဘယ်လောက်တောင် ဆင်းရဲ ဒုက္ခ ကြုံခဲ့ရသလဲ။
မိသားစုကို ပစ်ပြီး သူယုံကြည်တဲ့ စာပေနဲ့ နိုင်ငံရေးအလုပ်ပဲ လုပ်ပြီး ထောင်ထဲ ၀င်နေတဲ့ ဆရာ ဗန်းမော်တင်အောင်အပေါ်မှာ အမေ ဒေါ်ခင်ဦး အထင်သေး၊ အထင်လွဲခဲ့မိတဲ့ အထိပဲလေ။ ဆရာ ဆုံးတော့မှ ဆရာ့ ဈာပနမှာ ဆရာ့ကို ချစ်တဲ့၊ လေးစား တန်ဖိုးထားတဲ့ လူထု ပရိသတ်ကြီးကို မြင်တော့မှ အမေ ဒေါ်ခင်ဦး သူ့အမှားကို ၀န်ခံခဲ့တယ်။
ဆရာ့သားကြီး ကိုဗဟိန်းအောင်က ကျနော်တို့နဲ့ ခေတ်ပြိုင်လည်းဖြစ်၊ ရဲဘော်ရဲဘက်လည်း ဖြစ်ခဲ့တော့ ကိုဗဟိန်းအောင် ပြောပြတဲ့ သူတို့မိသားစု၊ နိုင်ငံရေးအကျဉ်းသား မိသားစုရဲ့ ဆင်းရဲဒုက္ခကို ကျနော်တို့ စာနာ နားလည်ခဲ့ရတယ်။
တစ်ခါတုန်းကတော့ အမေ ဒေါ်ခင်ဦး ကိုယ်တိုင် ပြောခဲ့တာ ဆိုတဲ့ ဆရာ့အကြောင်း တချို့ကို ကျနော်တို့ ပုသိမ်ထောင်ထဲမှာ နေတုန်းက ဆရာနဲ့ နီးစပ်တဲ့ ရဲဘော်တချို့ဆီကနေ ပြန်ကြားခဲ့ရဖူးတယ်။
ဆရာ ဗန်းမော်တင်အောင်ကြောင့် မိသားစု ဒုက္ခရောက်ရတာတွေက ခုမှ၊ ဖဆပလခေတ်ကျမှ၊ မဆလခေတ်ကျမှ မဟုတ်ပါဘူး၊ ဟိုးအရင် ဂျပန်ခေတ် ကတည်းက သူတို့ မိသားစု ဒုက္ခ ရောက်ခဲ့ရပုံကလေးကို အမေ ဒေါ်ခင်ဦးက ဒေါသ မပါ၊ အာဃာတ မပါဘဲ ပုံပြောသလို ပြန်ပြောပြခဲ့တာပါပဲ တဲ့။ သက်ကြီးစကား သက်ငယ်ကြား ဆိုပါတော့ဗျာ။
၁၉၄၅ ခုနှစ် မတ်လ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေးတာဝန်ခံ၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေး ဆိုပြီး ဖက်ဆစ်တော်လှန်ရေး လုပ်ကြတော့ သခင်ဗဟိန်းက လူမျိုးစုငယ်များ စည်းရုံးရေး တာဝန် ယူပြီး ပဲခူးရိုးမက ကရင်တိုင်းရင်းသားတွေနဲ့ ပြောက်ကျားတပ် ဖွဲ့ပါတယ်။ သခင်ဗဟိန်းက တော်လှန်ရေးလုပ်ဖို့ အားကိုးတကြီး ခေါ်တာနဲ့ ဆရာဗန်းမော်တင်အောင် ရိုးမပေါ် တက်လိုက်သွားပါပြီ။ အဲဒီတုန်းက ဆရာ့မိသားစုက တောင်ငူမှာပါ တဲ့။ ဆရာ ဖက်ဆစ်တော်လှန်ရေးထဲ ပါသွားတော့ မိသားစုလည်း မျက်စိသူငယ်၊ နားသူငယ်နဲ့ အားကိုးရာမဲ့ ကျန်ရစ်ခဲ့တာပေါ့ဗျာ။
ဘယ်လောက်တောင် ဒုက္ခ ရောက်ကြရသလဲ ဆိုရင် စားစရာ မရှိ၊ နေစရာ မရှိလို့ ပုန်းခိုကျင်းထဲ တစ်နေကုန် ရေသောက်နေရတာ တဲ့။ ကံဆိုးချင်တော့ ဗုံးက ကျင်းထိပ်တည့်တည့် ကျလို့ ဆရာ့သမီး အလတ်မကလေး သေရာပါ နားပင်း ဆွံ့အ သွားခဲ့ပါရော တဲ့။
ဖက်ဆစ်တော်လှန်ရေးကြီး အောင်ပွဲခံလို့ ဂျပန်တွေလည်း ပြေးရော သားအမိတွေ ပုန်းခိုကျင်းထဲက ထွက်လာကြတဲ့အခါ လူတစ်ယောက် မြင်းဖြူကြီးကို အကျအန စီးလို့ သူတို့ရှေ့ ရောက်လာတယ် တဲ့။ သားအမိတွေက ပထမတော့ ဘယ်သူမှန်း မသိကြပါဘူး။ နောက်မှ အဲဒီလူက ပြုံးပြလိုက်တော့မှ ဆရာ့ရဲ့ အမှတ်အသား မျက်ခုံး ထူထူကြီးကို မြင်ပြီး ဆရာမှန်း သိသွားကြတာလေ။
မိသားစု ပြန်လည် ပေါင်းဆုံခန်းဟာ ပျော်စရာတော့ မကောင်းလှပါဘူး။ စားစရာ လုံးလုံး မရှိတော့ ဆရာ ဗန်းမော်တင်အောင်လည်း သူချစ်တဲ့ မြင်းဖြူကြီးကို ရောင်းစားလိုက်ရပါတယ် တဲ့။
နောက်ပိုင်းမှာတော့ ဆရာ့ရဲ့ ပဲခူးရိုးမ ပြောက်ကျားစစ် အတွေ့အကြုံကို ‘ရိုးမတိုက်ပွဲ’ ဆိုတဲ့ ၁၉၆၃ ခုနှစ်ထုတ် ၀တ္ထုထဲမှာ ကျနော်တို့ ဖတ်ခဲ့ကြရတာပဲ မဟုတ်လား။ အခုတော့ အမေ ဒေါ်ခင်ဦးလည်း ကွယ်လွန်ခဲ့ပါပြီ။ ဆရာ့အပေါ်မှာလည်း ခွင့်လွှတ် နားလည် ဂုဏ်ယူပေးခဲ့ပါပြီ။
မိတ်ဆွေကြီးကိုဒေါင်းရေ - ဆရာ ဗန်းမော်တင်အောင် ပြောခဲ့ဖူးတဲ့ ‘ကျနော့်ဘ၀မှာ အတ္တ ဆိုလို့ မခင်ဦးကို ချစ်ခဲ့မိတာ တစ်ခုပဲ ရှိပါတယ်ဗျာ’ ဆိုတဲ့ စကားကို နောင် မျိုးဆက်သစ် လူငယ်လေးတွေ နားလည်အောင် ဂုဏ်ယူတတ်အောင် ကျနော်တို့ ဆက်ပြီး ရေးကြ၊ ပြောကြဦးစို့ဗျာ။
အားလုံးကို သတိရလျက် -
အောင်ဝေး
၁-၈-၂၀၁၀
(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)