Sunday, June 26, 2011

Salai Tin Maung Oo


မစ်ရှီဂန်ကပေးတဲ့စာ(၇၄)


“---ထောင်တွင်း စစ်ခုံရုံးက အကျဉ်းနည်း စစ်ပြီး ကိုတင်မောင်ဦးကို သေဒဏ် ချမှတ်လိုက်ပါတယ်။ ရက်ပိုင်းအတွင်း ဇွန်လ(၂၆)ရက်နေ့မှာ စစ်အစိုးရက ကိုတင်မောင်ဦးကို ကြိုးပေး ကွပ်မျက်လိုက်တာပါ ---

မိတ်ဆွေကြီးကိုဒေါင်း...
ကျန်းခံ့သာလို့မာပါစ။
ဒီရက်ထဲမှာတော့ အမှတ်ရစရာ ရက်စွဲတွေကို ကျနော်တို့ ကြုံကြရ၊ ဖြတ်ကြရပြီ။ ဇွန်လ (၆) ရက်-၁၉၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်း (၃၇) နှစ် ပြည့်တဲ့နေ့။ နောက်တခါ ဇွန်လ(၆) ရက်ပဲ၊ ၁၉၇၅ ဇွန် ၆ ရွှေတိဂုံ အထွေထွေ သပိတ် (၃၆) နှစ် ပြည့်တဲ့နေ့။ ပြီးတော့ ဇွန်လ (၂၆) ရက် - ၁၉၇၆ ဇွန် ၂၆ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံရတဲ့ (၃၅) နှစ် ပြည့်တဲ့နေ့။

ကိုဒေါင်းရေ... အဲဒီ တိုက်ပွဲတွေ၊ အဲဒီ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့ကြတဲ့သူတွေ အဖို့ကတော့၊ အဲဒီနေ့တွေကို ဘယ်မေ့နိုင်ကြပါ့မလဲနော်။ ဒီလိုပါပဲ ... အဲဒီလို တော်လှန် တိုးတက်တဲ့ ကျောင်းသား တိုက်ပွဲ သမိုင်း အစဉ်အလာကို ဆက်ခံခဲ့ကြတဲ့ နောင်လာ နောက်သား မျိုးဆက်သစ် ကျောင်းသားတွေဆိုရင်လည်း အဲဒီရက်စွဲတွေကို ဘယ်မေ့ထားနိုင်ကြပါ့မလဲ။

၁၉၇၄ မဆလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေ အဖြစ်နဲ့ ဖြစ်ပေါ်ခဲ့တဲ့ အဲဒီ ၁၉၇၄-၇၅-၇၆ ကျောင်းသား၊ အလုပ်သမား တိုက်ပွဲတွေဟာ၊ ၁၉၈၈ခုနှစ်မှာ အဲဒီ မဆလ ၇၄ ဖွဲ့စည်းပုံ ဥပဒေကို မြေမြှုပ် သင်္ဂြိုဟ်ပစ်တဲ့ ကျောင်းသားတိုက်ပွဲဆီ ရောက်တဲ့အထိ ခွပ်ဒေါင်း အစဉ်အလာ၊ ခွပ်ဒေါင်းစိတ်ဓာတ်တွေ လက်ဆင့်ကမ်း မီးကူးငြှိပေးနိုင်ခဲ့တယ်လို့ ဆိုရလိမ့်မယ်။

အခု ဇွန်လ(၂၆)ရက်နေ့ ဆိုရင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံရတဲ့နေ့ ဆိုတာ ကျနော်တို့ မှတ်မှတ်ရရ ရှိကြဖို့ လိုတယ် ကိုဒေါင်း။

ဒီနေရာမှာ ကိုတင်မောင်ဦးအကြောင်း အနည်းအကျဉ်း ပြောရမယ် ဆိုရင်... ချင်းတိုင်းရင်းသား ကိုတင်မောင်ဦးဟာ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် အရေးအခင်း၊ ၁၉၇၅ ဇွန် ၆ ရွှေတိဂုံ အထွေထွေ သပိတ်တွေမှာ ပါဝင် ခေါင်းဆောင်ခဲ့သူတဦးပါ။ ရွှေတိဂုံသပိတ်အပြီးမှာ ကိုတင်မောင်ဦး တောခိုသွားတယ်။ တောထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသားသမဂ္ဂကို သူ ဦးဆောင်ပြီး ဖွဲ့တယ်။ သူတို့ သမဂ္ဂက ပြည်တွင်း မြေအောက်လုပ်ငန်းနဲ့ တောတွင်းလက်နက်ကိုင်တိုက်ပွဲ ဆိုပြီး အပိုင်း နှစ်ပိုင်း ခွဲလုပ်ကြတော့ ကိုတင်မောင်ဦးက ပြည်တွင်း ပြန်ဝင်လာတယ်။ အဲဒါ ၁၉၇၆ မတ်လ(၂၃)ရက်၊ မှိုင်းရာပြည့်ပွဲ မတိုင်ခင်ကလေးမှာပါ။

အဲဒီမှာ သူ အဖမ်းခံလိုက်ရတာပါပဲ။ မတ်လ(၁၉)ရက်နေ့မှာ မဆလ စစ်ထောက်လှမ်းရေးတွေက ကမာရွတ် ခြံတခြံမှာ ပုန်းခိုနေတဲ့သူ့ကို အနံ့ခံ ဖမ်းမိသွားတယ်။ မတ်လ (၂၂)ရက်နေ့ည မြန်မာ့အသံက ကိုတင်မောင်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းကြေညာတယ်။ နောက်တနေ့၊ ကျောင်းသားတွေ မှိုင်းရာပြည့်ပွဲ ကျင်းပမယ့် မတ်လ(၂၃)ရက်နေ့ထုတ် အစိုးရသတင်းစာမှာ ဒီသတင်း ပါလာတယ်။

မဆလစစ်အစိုးရဟာ ကျောင်းသားတွေရဲ့ မှိုင်းရာပြည့်ပွဲကို ခါးဖြတ်ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမဲ့၊ အဲဒီနေ့မှာ ကျောင်းသားထုကြီးဟာ ရန်ကုန်တက္ကသိုလ်ကနေ ရွှေတိဂုံဘုရားခြေရင်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အထိ ချီတက်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားမှာ လတ်တလော အဖမ်းခံထားရတဲ့ ကိုတင်မောင်ဦးရဲ့ နှမငယ် အထက်တန်းကျောင်းသူ မလှမြိုင် (ခေါ်) မိုင်ပိုပိုဒင်လည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။

နောက်တနေ့မှာတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို မဆလ စစ်တပ်က အကြမ်းဖက် ၀င်ရောက်စီးနင်းပြီး ကျောင်းသားတွေ အမြောက်အမြားကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလို ကျောင်းသားတွေ အဖမ်းခံလိုက်ရပြီး မဆလစစ်အစိုးရက အင်းစိန်ထောင်ထဲ ထည့်လိုက်တဲ့ အချိန်မှာပဲ၊ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက အကျဉ်းနည်း စစ်ပြီး ကိုတင်မောင်ဦးကို သေဒဏ် ချမှတ်လိုက်ပါတယ်။ ရက်ပိုင်းအတွင်း ဇွန်လ(၂၆)ရက်နေ့မှာ စစ်အစိုးရက ကိုတင်မောင်ဦးကို ကြိုးပေး ကွပ်မျက်လိုက်တာပါ။

မှိုင်းရာပြည့် အရေးအခင်းနဲ့ အဖမ်းခံရတဲ့ ကျောင်းသားတွေကိုတော့ သြဂုတ်လထဲမှာ စစ်ခုံရုံးကနေ ကြမ်းခင်းဈေး ထောင်ဒဏ် (၅) နှစ်ကနေ (၁၅) နှစ် အထိ ပြစ်ဒဏ် ပေးခဲ့ပါတယ်။

ကိုတင်မောင်ဦးဟာ ကြိုးစင်ပေါ် မတက်ခင်မှာ ထောင်ထဲက ကျောင်းသားတွေ ကြားအောင် ရဲရဲဝံ့ဝံ့ အော်ဟစ် တပ်လှန့် နှိုးဆော်သွားတယ်လို့ အဲဒီအချိန်က သူနဲ့ခေတ်ပြိုင် ကျောင်းသား နိုင်ငံရေး အကျဉ်းသားတွေက ပြန်ပြောင်း ပြောပြတတ်ကြပါတယ်။

နာကြည်းစရာ၊ နာကျင်စရာလည်း အလွန်ကောင်းပါတယ်။ ကိုဆလိုင်းတင်မောင်ဦးဟာ မဆလ စစ်အစိုးရရဲ့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားလည်း ဖြစ်နေတာပါ။ အဲဒီအချိန်က ကိုတင်မောင်ဦးနဲ့ ရှေ့ ဆင့်နောက်ဆင့်မှာပဲ တပ်မတော်သား ခေါင်းဆောင် ဗိုလ်ကြီး အုန်းကျော်မြင့်လည်း မဆလအစိုးရရဲ့ကြိုးပေးကွပ်မျက်ခြင်းကိုခံခဲ့ရတာပါ။

ကိုဒေါင်းရေ... ကိုတင်မောင်ဦးနဲ့ပတ်သက်လို့ နာကြည်းစရာ၊ နာကျင်စရာတွေထဲကနေ လွမ်းစရာတချို့ ကိုလည်း အဲဒီတုန်းက ပြောစမှတ် ရှိခဲ့ကြပါသေးတယ်။ ကိုတင်မောင်ဦး ကြိုးပေးမခံရခင် နောက်ဆုံး နေသွားတဲ့အခန်း၊ အဲဒီ ၁၉၇၆ တုန်းက အင်းစိန်ထောင်၊ အထူးတိုက်သစ်၊ အခန်း(၁)ကို နောက်ပိုင်း ရောက်လာကြတဲ့ ကျောင်းသားတိုင်းဟာ၊ အခန်းနံရံ တနေရာမှာ ခဲတံကလေးနဲ့ ရေးထားတဲ့ “ညီမလေး မလှမြိုင်၊ ညီမလေး အတွက် အစ်ကိုကြီး ဂုဏ်ယူပါတယ် - အစ်ကိုကြီး တင်မောင်ဦး” ဆိုတဲ့ စာတန်းလေးကို ဖတ်ပြီး ကြေကွဲမဆုံး၊ ၀မ်းနည်းမဆုံး ဖြစ်ခဲ့ကြရတယ် လို့ ဆိုပါတယ်ဗျာ။

ကိုဒေါင်းရေ... နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမဲ့ ကျနော်တို့ဟာ ကိုတင်မောင်ဦးကို မမေ့နိုင်ကြသေးပါဘူး။ သူဟာ မြန်မာ နိုင်ငံ ကျောင်းသားထုရဲ့ သူရဲကောင်းတဦး အဖြစ် ထာဝရ တည်တံ့နေဦးမှာပါ။

အခုလို သူကျဆုံးခဲ့တဲ့(၃၅)နှစ်ပြည့်တဲ့ ကာလမှာ ကျနော်တို့ သူ့ကို ဘယ်လို ထပ်ပြီး ဂုဏ်ပြုကြမလဲ။ သူ့ရဲ့ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်မှုတွေ အတွက် ကျနော်တို့ကကော ဘာတွေ ပြန်ပေးဆပ်ကြမလဲ။ ဒီအကြောင်းတွေ ရှေ့ တပတ် ဆက်ပြီး ပြောကြသေးတာပေါ့ ကိုဒေါင်းရေ...။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ ။

အောင်ဝေး
(ဇွန် ၁၃-၂၀၁၁)

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

Thursday, June 9, 2011

(မောင်သစ်မင်း သို့)

အဖြူရောင်ငှက်

မြိုချလိုက်ဖို့ဆိုတော့လည်း
ကိုယ်က နွေဦးကိုကြိုချင်သေးတာ။

ထွေးထုတ်လည်းမပစ်ရက်တော့
တေးကိုပဲ ငုံထားရတယ်။

ယုံပါ
"တေးငုံငှက်"
စုံနံသာမြိုင် လေးသံစဲရင်
ရင်ထဲကသီချင်းဆိုမယ်။ ။


(မောင်သစ်မင်း သို့)
ဇွန်၈-၁၁။