Saturday, February 8, 2020

သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၅ )


သေသူ ကို၊ ရှင်သူ မနာလို
အိုင်ဗင်ဟို * ဝတ္ထုထဲမှာ ဆိုတယ်
မမခင်ဦးစံပယ်။
"People envy those who died,
under the tyrant kings." တဲ့
မမခင်ဦးစံပယ်ရယ်
မင်းဆိုးမင်းညစ်တွေ လက်အောက်မှာတဲ့။
မမခင်ဦးစံပယ်ရယ်
မင်းဆိုးမင်းညစ်တွေ လက်အောက်မှာပေါ့
သေသူအပေါ်၊ ရှင်သူ ဝန်တို
ဒီလို အဖြစ်မျိုး ကြုံခဲ့ရိုးရှိမယ်
ဟုတ်တယ်မဟုတ်လား မမခင်ဦးစံပယ်။
ဟုတ်တယ်မဟုတ်လား
ကျနော်တို့ အဖြစ်က
ဝတ္ထုထဲ မဟုတ်
ဘဝထဲမှာ တကယ်ပါ။
ကျနော်တို့က
မင်းဆိုးမင်းညစ်
ဖက်ဆစ်သံဖနောင့် စစ်ဖိနပ်အောက်မှာပါ
မမခင်ဦးစံပယ်။
သေသူကို၊ ရှင်သူ တ သတဲ့
တကယ်က
သေသူကို ရှင်သူက တ ပြီး
ငိုတာပါ။
ဒီလို အဖြစ်မျိုး
ခေတ်ဆိုးကြီးထဲ
မီးလောင်နေတဲ့ အသည်းနှလုံးဟာ
ဒီလို အဖြစ်ဆိုး
ခေတ်မျိုးကြီးကို
ခါးစည်းခံရ
ရင်စည်းခံရ။
ငိုလို့ မဆုံးတဲ့
ဘဝတွေ ဘဝတွေ
ကျကွဲ ကြေမွ ရတဲ့အခါ။
ဖက်ဆစ်သံဖနောင့် စစ်ဖိနပ်အောက်က
အသက်မပါဘဲ လွတ်မြောက်
မြေကြီးအောက်မှာ
ထာဝရ လဲလှောင်း အိပ်စက်
အသက်မဲ့၊ ပူပန်မဲ့ ပေါ့။
ပူပန်ပြီး ကျန်ရစ်
မသေမရှင် စစ်စစ်ကြီးတွေက
ဟစ်ဟစ်ပြီး ငို
မနာလို ဝန်တိုတဲ့ အဖြစ်။
ဒါဟာ
တကယ်ဖြစ်ခဲ့။
ဒါတွေ
မြန်မာပြည်မှာ
တကယ်ဖြစ်ခဲ့ပါတယ် မမခင်ဦးစံပယ်။
ကျနော်တို့ဟာ
မသေမရှင်တွေပါ မမခင်ဦးစံပယ်။
သေရင် ရေဝေး
ရှင်ရင် ရေကြည်အိုင်။
သေရင် ရေဝေး
ရှင်ရင် ရေကြည်အိုင်ပါ
မမခင်ဦးစံပယ်။
ဒီလို နိုင်ငံမှာ
ကျနော်တို့ဟာ
ခေတ်ကိုပြိုင်ခဲ့သူတွေပါ
မမခင်ဦးစံပယ်။
ရိုင်းရိုင်းစိုင်းစိုင်း မုန်တိုင်းထဲ
တဘိုင်းဘိုင်း လဲပြိုရတဲ့
သစ်ပင်တွေလို။
ကျနော်တို့ ဘဝတွေ
အပိုင်းပိုင်း လဲပြိုခဲ့ရ။
တောရိုင်းမုဆိုးလက်ထဲ
ချိုးလင်းပြာငှက်
အိပ်မက်စွန့်ရသလို။
ကျနော်တို့ဟာ
ဘဝနဲ့ အနာဂတ်ကို စွန့်ရ။
အဲဒီလို စွန့်ရတဲ့ညတွေ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
ဥပမာ
သမဂ္ဂအဆောက်အအုံပေါ်မှာ
မြောင်းမြသားကြီး ကိုကျော်ဝင်း စွန့်ခဲ့။
ဥပမာ
ကျုံပျော် ပန်းတောကြီးတိုက်ပွဲမှာ
ကိုဗဆွေလေး စွန့်ခဲ့။
ဥပမာ
စက်မှုတက္ကသိုလ်ရင်ပြင်နီမှာ
ဘုန်းမော် စွန့်ခဲ့။
ဥပမာ
ဥပမာ
... ... ...
ဝင်းမော်ဦး စွန့်ခဲ့
ဦးတင်မောင်ဝင်း(ခရမ်း) စွန့်ခဲ့
ဦးခင်မောင်မြင့် စွန့်ခဲ့
ဦးညိုဝင်း စွန့်ခဲ့
ဦးမောင်ကို စွန့်ခဲ့
သက်ဝင်းအောင် စွန့်ခဲ့
... ... ...
ဥပမာ
ဥပမာ။
မမခင်ဦးစံပယ်
ဒီလိုစွန့်ခဲ့တဲ့ လွမ်းစရာတွေ
ကျနော်လွမ်းပရစေ။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
စစ်အာဏာသိမ်းတာနဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်တာနဲ့။
ဘဝဟာ
ထာဝရတိုက်ပွဲပါပဲ
စစ်အာရှင်တွေကို အမြဲတိုက်နေရတယ်လေ။
ဘဝဟာ
ထာဝရအရေးတော်ပုံပါပဲ
အမေကမွေး၊ ထောင်ကကျွေး
ကျနော်တို့ဟာ
ထောင်ထဲမှာကြီးလို့
ထောင်နဲ့ သွေးသားတော်စပ်တယ်လေ။
လွမ်းပ
မမခင်ဦးစံပယ်
လွမ်းပ။
လွမ်းတော့
မမခင်ဦးစံပယ်
လွမ်းတော့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
အလုပ်သမားအရေးအခင်းနဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
ဦးသန့်အရေးအခင်းနဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
ရွှေတိဂုံအထွေထွေသပိတ်နဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
မှိုင်းရာပြည့်အရေးအခင်းနဲ့။
လွမ်းတယ်
မမခင်ဦးစံပယ်ရယ်။
မမခင်ဦးစံပယ်ရော
မလွမ်းဘူးလား။
ထောင်နံရံ၊ ကြိုးုစင်နဲ့
အုတ်ဂူတွေပေါ်
လူထုရဲ့ရာဇဝင်ရေးထွင်း
ကျနော်တို့ ၇၄-၇၅-၇၆ မျိုးဆက်ဟာ
မျိုးဆက်ဟောင်းကိုလည်း တမ်းခဲ့ပါရဲ့။
ကတ္တရာလမ်းတွေပေါ်
နေဝင်း-စန်းယုဖြုတ်ချရေး
သံပြိုင်တေးကြော်ခဲ့ကြ
ကျနော်တို့မျိုးဆက် အိပ်မက်ဟာ
မျိုးဆက်သစ်ကိုလည်း ထမ်းခဲ့ပါရဲ့။
မမခင်ဦးစံပယ်ရယ်
ကျနော်တို့ဆိုနေတဲ့
အလွမ်းတေး အတောပိုဒ်ကလေးမှ မဆုံးခင်
အုန်းခနဲ၊ ဘုန်းခနဲ
ဝုန်းဒိုင်းကြဲ ဝင်လာတဲ့
မုန်တိုင်း၊ မုန်တိုင်း။
မမခင်ဦးစံပယ်ရေ
တိုင်းပြည်က ရိုင်းတော့
စိန်ပန်းတွေတောင်
မုန်တိုင်းနဲ့မှ ပွင့်ရသတဲ့။
စိန်ပန်းနီနီ
ခွပ်ဒေါင်းအလံနီနီ
ပြည်သူထဲမှာ
သူရဲကောင်းတွေ ချီလာပေါ့။
နေရာင်ရဲရဲ
မိုးထဲ လေထဲ
ယမ်းငွေ့တွေထဲ
အသည်းနှလုံးတွေ နီလိုက်ကြပုံက
အရုဏ်ဦးနီနီ
နွေဦးနီနီ။
မမခင်ဦးစံပယ်ရယ်
မစ်ရှီဂန်မဲဇာမှာ
အဝေးရောက်နှလုံးသားဟာ
ဟိုတုန်းက
ကျဆုံးလေပြီးသောပန်းပွင့်များ
လွမ်းအားပိုတယ်။
လွမ်းအားပိုပို
မစ်ရှီဂန်ရိပ်သာလမ်းမကြီးပေါ်မှာ
ကျနော် လွမ်းနေတုန်း။
တက္ကသိုလ်ရိပ်သာလမ်းမှာ
လီလီပန်းများ ပွင့်နေတုန်းလား။
တက္ကသိုလ်ရိပ်သာလမ်းမှာ
လီလီပန်းများ ပွင့်မဆုံးတော့ဘူးလား။
လွမ်းနေတုန်း
မစ်ရှီဂန်ရိပ်သာလမ်းမကြီးပေါ်မှာ
ကျနော် လွမ်းနေတုန်း။
"ဆန်တစ်ပြည် ၁၅ ကျပ်
စိန်လွင့်ခေါင်းကိုဖြတ်"
"သစ်ပုပ်ပင် သံတိုင်ခတ်
ခင်ညွန့်ခေါင်းကိုဖြတ်"
မမခင်ဦးစံပယ်ရေ
အိမ်မပြန်နိုင်သေးပေမဲ့
ကျနော့်နားတွေ ပြန်ခဲ့ကြပါပြီ။
လွမ်းတယ်ဆိုတာလည်း
နာကြည်းစရာရှိမှ
ကောင်းတာ မဟုတ်လား မမခင်ဦးစံပယ်ရေ။ ။

အောင်ဝေး
(ဖေဖော်ဝါရီ ၈၊ ၂၀၂၀)
* Sir Walter Scott's "Ivanhoe" (1819)

##

ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း
-------------------------------------------
(ေအာင္ေ၀း)
( ၅ )
ေသသူ ကို၊ ရွင္သူ မနာလို
အိုင္ဗင္ဟို * ၀တၳဳထဲမွာ ဆိုတယ္
မမခင္ဦးစံပယ္။
"People envy those who died,
under the tyrant kings." တဲ့
မမခင္ဦးစံပယ္ရယ္
မင္းဆိုးမင္းညစ္ေတြ လက္ေအာက္မွာတဲ့။
မမခင္ဦးစံပယ္ရယ္
မင္းဆိုးမင္းညစ္ေတြ လက္ေအာက္မွာေပါ ့
ေသသူအေပၚ၊ ရွင္သူ ၀န္တို
ဒီလို အျဖစ္မ်ိဳး ႀကံဳခဲ့ရိုးရွိမယ္
ဟုတ္တယ္မဟုတ္လား မမခင္ဦးစံပယ္။
ဟုတ္တယ္မဟုတ္လား
က်ေနာ္တို့ အျဖစ္က
၀တၳဳထဲ မဟုတ္
ဘ၀ထဲမွာ တကယ္ပါ။
က်ေနာ္တို့က
မင္းဆိုးမင္းညစ္
ဖက္ဆစ္သံဖေနာင့္ စစ္ဖိနပ္ေအာက္မွာပါ
မမခင္ဦးစံပယ္။
ေသသူကို၊ ရွင္သူ တ သတဲ့
တကယ္က
ေသသူကို ရွင္သူက တ ၿပီး
ငိုတာပါ။
ဒီလို အျဖစ္မ်ိဳး
ေခတ္ဆိုးႀကီးထဲ
မီးေလာင္ေနတဲ့ အသည္းႏွလုံးဟာ
ဒီလို အျဖစ္ဆိုး
ေခတ္မ်ိဳးႀကီးကို
ခါးစည္းခံရ
ရင္စည္းခံရ။
ငိုလို့ မဆုံးတဲ့
ဘ၀ေတြ ဘ၀ေတြ
က်ကြဲ ေၾကမြ ရတဲ့အခါ။
ဖက္ဆစ္သံဖေနာင့္ စစ္ဖိနပ္ေအာက္က
အသက္မပါဘဲ လြတ္ေျမာက္
ေျမႀကီးေအာက္မွာ
ထာ၀ရ လဲေလွာင္း အိပ္စက္
အသက္မဲ့၊ ပူပန္မဲ့ ေပါ ့။
ပူပန္ၿပီး က်န္ရစ္
မေသမရွင္ စစ္စစ္ႀကီးေတြက
ဟစ္ဟစ္ၿပီး ငို
မနာလို ၀န္တိုတဲ့ အျဖစ္။
ဒါဟာ
တကယ္ျဖစ္ခဲ့။
ဒါေတြ
ျမန္မာျပည္မွာ
တကယ္ျဖစ္ခဲ့ပါတယ္ မမခင္ဦးစံပယ္။
က်ေနာ္တို့ဟာ
မေသမရွင္ေတြပါ မမခင္ဦးစံပယ္။
ေသရင္ ေရေ၀း
ရွင္ရင္ ေရၾကည္အိုင္။
ေသရင္ ေရေ၀း
ရွင္ရင္ ေရၾကည္အိုင္ပါ
မမခင္ဦးစံပယ္။
ဒီလို ႏိုင္ငံမွာ
က်ေနာ္တို့ဟာ
ေခတ္ကိုၿပိဳင္ခဲ့သူေတြပါ
မမခင္ဦးစံပယ္။
ရိုင္းရိုင္းစိုင္းစိုင္း မုန္တိုင္းထဲ
တဘိုင္းဘိုင္း လဲၿပိဳရတဲ့
သစ္ပင္ေတြလို။
က်ေနာ္တို့ ဘ၀ေတြ
အပိုင္းပိုင္း လဲၿပိဳခဲ့ရ။
ေတာရိုင္းမုဆိုးလက္ထဲ
ခ်ိဳးလင္းျပာငွက္
အိပ္မက္စြန့္ရသလို။
က်ေနာ္တို့ဟာ
ဘ၀နဲ့ အနာဂတ္ကို စြန့္ရ။
အဲဒီလို စြန့္ရတဲ့ညေတြ
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
ဥပမာ
သမဂၢအေဆာက္အအုံေပၚမွာ
ေျမာင္းျမသားႀကီး ကိုေက်ာ္၀င္း စြန့္ခဲ့။
ဥပမာ
က်ံဳေပ်ာ္ ပန္းေတာႀကီးတိုက္ပြဲမွာ
ကိုဗေဆြေလး စြန့္ခဲ့။
ဥပမာ
စက္မွဳတကၠသိုလ္ရင္ျပင္နီမွာ
ဘုန္းေမာ္ စြန့္ခဲ့။
ဥပမာ
ဥပမာ
... ... ...
၀င္းေမာ္ဦး စြန့္ခဲ့
ဦးတင္ေမာင္၀င္း(ခရမ္း) စြန့္ခဲ့
ဦးခင္ေမာင္ျမင့္ စြန့္ခဲ့
ဦးညိဳ၀င္း စြန့္ခဲ့
ဦးေမာင္ကို စြန့္ခဲ့
သက္၀င္းေအာင္ စြန့္ခဲ့
... ... ...
ဥပမာ
ဥပမာ။
မမခင္ဦးစံပယ္
ဒီလိုစြန့္ခဲ့တဲ့ လြမ္းစရာေတြ
က်ေနာ္လြမ္းပရေစ။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
စစ္အာဏာသိမ္းတာနဲ့။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
စစ္အာဏာရွင္စနစ္ဆန့္က်င္တာနဲ့။
ဘ၀ဟာ
ထာ၀ရတိုက္ပြဲပါပဲ
စစ္အာရွင္ေတြကို အၿမဲတိုက္ေနရတယ္ေလ။
ဘ၀ဟာ
ထာ၀ရအေရးေတာ္ပုံပါပဲ
အေမကေမြး၊ ေထာင္ကေကၽြး
က်ေနာ္တို့ဟာ
ေထာင္ထဲမွာႀကီးလို့
ေထာင္နဲ့ ေသြးသားေတာ္စပ္တယ္ေလ။
လြမ္းပ
မမခင္ဦးစံပယ္
လြမ္းပ။
လြမ္းေတာ့
မမခင္ဦးစံပယ္
လြမ္းေတာ့။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
အလုပ္သမားအေရးအခင္းနဲ့။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
ဦးသန့္အေရးအခင္းနဲ့။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
ေရႊတိဂံုအေထြေထြသပိတ္နဲ့။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
မိွဳင္းရာျပည့္အေရးအခင္းနဲ့။
လြမ္းတယ္
မမခင္ဦးစံပယ္ရယ္။
မမခင္ဦးစံပယ္ေရာ
မလြမ္းဘူးလား။
ေထာင္နံရံ၊ ႀကိဳးုစင္နဲ့
အုတ္ဂူေတြေပၚ
လူထုရဲ့ရာဇ၀င္ေရးထြင္း
က်ေနာ္တို့ ၇၄-၇၅-၇၆ မ်ိဳးဆက္ဟာ
မ်ိဳးဆက္ေဟာင္းကိုလည္း တမ္းခဲ့ပါရဲ့။
ကတၱရာလမ္းေတြေပၚ
ေန၀င္း-စန္းယုျဖဳတ္ခ်ေရး
သံၿပိဳင္ေတးေၾကာ္ခဲ့ၾက
က်ေနာ္တို့မ်ိဳးဆက္ အိပ္မက္ဟာ
မ်ိဳးဆက္သစ္ကိုလည္း ထမ္းခဲ့ပါရဲ့။
မမခင္ဦးစံပယ္ရယ္
က်ေနာ္တို့ဆိုေနတဲ့
အလြမ္းေတး အေတာပိုဒ္ကေလးမွ မဆုံးခင္
အုန္းခနဲ၊ ဘုန္းခနဲ
၀ုန္းဒိုင္းႀကဲ ၀င္လာတဲ့
မုန္တိုင္း၊ မုန္တိုင္း။
မမခင္ဦးစံပယ္ေရ
တိုင္းျပည္က ရိုင္းေတာ့
စိန္ပန္းေတြေတာင္
မုန္တိုင္းနဲ့မွ ပြင့္ရသတဲ့။
စိန္ပန္းနီနီ
ခြပ္ေဒါင္းအလံနီနီ
ျပည္သူထဲမွာ
သူရဲေကာင္းေတြ ခ်ီလာေပါ ့။
ေနရာင္ရဲရဲ
မိုးထဲ ေလထဲ
ယမ္းေငြ့ေတြထဲ
အသည္းႏွလုံးေတြ နီလိုက္ၾကပုံက
အရုဏ္ဦးနီနီ
ေႏြဦးနီနီ။
မမခင္ဦးစံပယ္ရယ္
မစ္ရွီဂန္မဲဇာမွာ
အေ၀းေရာက္ႏွလုံးသားဟာ
ဟိုတုန္းက
က်ဆုံးေလၿပီးေသာပန္းပြင့္မ်ား
လြမ္းအားပိုတယ္။
လြမ္းအားပိုပို
မစ္ရွီဂန္ရိပ္သာလမ္းမႀကီးေပၚမွာ
က်ေနာ္ လြမ္းေနတုန္း။
တကၠသိုလ္ရိပ္သာလမ္းမွာ
လီလီပန္းမ်ား ပြင့္ေနတုန္းလား။
တကၠသိုလ္ရိပ္သာလမ္းမွာ
လီလီပန္းမ်ား ပြင့္မဆုံးေတာ့ဘူးလား။
လြမ္းေနတုန္း
မစ္ရွီဂန္ရိပ္သာလမ္းမႀကီးေပၚမွာ
က်ေနာ္ လြမ္းေနတုန္း။
"ဆန္တစ္ျပည္ ၁၅ က်ပ္
စိန္လြင့္ေခါင္းကိုျဖတ္"
"သစ္ပုပ္ပင္ သံတိုင္ခတ္
ခင္ညြန့္ေခါင္းကိုျဖတ္"
မမခင္ဦးစံပယ္ေရ
အိမ္မျပန္ႏိုင္ေသးေပမဲ့
က်ေနာ့္နားေတြ ျပန္ခဲ့ၾကပါၿပီ။
လြမ္းတယ္ဆိုတာလည္း
နာၾကည္းစရာရွိမွ
ေကာင္းတာ မဟုတ္လား မမခင္ဦးစံပယ္ေရ။ ။
ေ အ ာ င္ ေ ၀ း
(ေဖေဖာ္၀ါရီ ၈၊ ၂၀၂၀)
* Sir Walter Scott's "Ivanhoe" (1819)

0 comments: