Saturday, May 1, 2010

Letters from Michigan - 3

မစ်ရှီဂန်မှ ပေးသောစာ -
အောင်ဝေး



မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီတပတ်မှာတော့ ပြည်ပရောက်နေတဲ့ စာရေးဆရာ ကဗျာဆရာတွေ ဘယ်လို စာရေးနေကြတယ် ဆိုတဲ့ အကြောင်း ပြောပြပါ့မယ်။

ကိုဒေါင်းလည်း သိပါတယ်။ ပြည်တွင်းမှာ တုန်းကတော့ ကျွန်တ်ာတို့က Professional Writers တွေလို့ ခေါ်ရမှာပေါ့၊ မိသားစု စားဝတ်နေရေး အတွက် စာရေးလို့ရတဲ့ စာမူခနဲ့ပဲ ရပ်တည်ခဲ့ကြတာကလား။

ခု ပြည်ပမှာတော့ ဒီလို မရတော့ဘူး ကိုဒေါင်းရဲ့။ ပြည်ပမှာ ကျွန်တော်တို့ စာရေးပြီး ရပ်တည်လို့ မရဘူး။ ဒီမှာ မြန်မာစာပေနဲ့ ရပ်တည်နိုင်တဲ့ မြန်မာစာပေ အသိုင်းအဝိုင်း မရှိဘူး။ ပြည်ပမှာကလည်း မြန်မာ စာရေးဆရာ၊ ကဗျာဆရာရယ်လို့ လက်ချိုးရေလို့ ရပါတယ်။ ဒီအထဲမှာ ဆရာဂျမ်း (ဦးတင်မိုး)က ကွယ်လွန်သွားပါပြီ။

ဒီမှာက အသက်ရှင် ရပ်တည်ဖို့အတွက် အခြား ကိုယ်နဲ့ သင့်တော်ရာ အလုပ်တွေ လုပ်ကြရတာပါ။ စားဝတ်နေရေး၊ အသက်ရှင် ရပ်တည်ရေး ဖူရုံ လုံရုံပဲ ဆိုပါတော့။ ဝမ်းရေးကတော့ မခက်ဘူးလို့ ပြောရမှာပေါ့။

ဥမ္မာဒန္တီ ပျို့ထဲမှာ “ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက် လွမ်းရေးခက်ခဲ့၏” လို့ ဦးရွှန်း ဖွဲ့ခဲ့သလို အခု ခက်နေတာက ပြည်ထဲရေးနဲ့လွမ်းရေး။ အမိမြေက ဒီမိုကရေစီ အရေးတော်ပုံ အပြီး မသတ်သေးဘူး။ အောင်ပွဲ မခံသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် တဖွဖွ တောင်းဆို တိုက်တွန်းနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး တွေ့ဆုံဆွေနွေးရေးဆိုတာ နအဖ စစ်အုပ်စုကြောင့် ခက်ခဲ ကြန့်ကြာနေရတုန်းပဲ။ ဒီအခက်အခဲက ပြည်ပ ရောက်နေတဲ့ စာပေသမားတွေကိုလည်း စေ့ဆော် ရိုက်ခတ်ပါတယ်။

မိတ်ဆွေကြီး ကိုဒေါင်း ပြည်ထဲရေး ခက်နေမှတော့ ကျွန်တော်တို့ရဲ့ အိမ်လွမ်း စိတ္တဇမှာလည်း အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတာပေါ့။ ဘယ်တော့များမှ ကျွန်တော်တို့ အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင် သီချင်းကို ဆိုနိုင်ကြပါမလဲ။ ဘယ်ခါများမှ ကျွန်တော်တို့ ဆရာ ဦးတင်မိုးရဲ့ 'အောင်စည်ဆော်လော့' ပြည်တော်ဝင်ခန်း ရောက်ချေပြီ ဆိုတဲ့ ကဗျာကို ရွတ်ဆိုရပါ့မလဲ။ အခက်အခဲ အတားအဆီးတွေ ရှိနေတယ်။

ဒီအခက်အခဲတွေကပဲ အဝေး ရောက်နေတဲ့ ကျွန်တော်တို့ကို စာတွေရေးဖြစ်ဖို့ အဓိက တွန်းအားပေး မောင်းနှင်နေတာပါ။ ပြည်ပမှာတော့ အများအားဖြင့် အင်တာနက် စာမျက်နှာဝက်ဘ်ဆိုက်တွေ ဘလော့တွေမှာ ကျွန်တော်တို့ စာရေးကြရတာပါ။ တချို့လည်း ရေဒီယိုတွေမှာ အသံလွှင့်ဆောင်းပါး ရေးသူဖတ်သူတွေ ရေးကြဖတ်ကြရတာပေါ့။

ပြည်ပရောက်လာတော့ လွတ်လွတ်လပ်လပ် ရေးခွင့် ပြောခွင့် ရလာတာကတော့ အမှန်ပဲကိုဒေါင်း။ ဒီမှာ စာပေစစစ်ရေး မရှိဘူးလေ။ ဒီမှာ နအဖ စစ်အုပ်စုရဲ့ အငြိအငြင်ကို အခံချင်တဲ့ မခံနိုင်တဲ့ ထုတ်ဝေသူတွေ အယ်ဒီတာတွေ မရှိပါဘူး။ ဒီမှာ ပြည်ပမှာ စာပေ အနုပညာ လွတ်လပ်ခွင့် အပြည့် ရှိတယ် ဆိုတာ ယုံလိုက်ပါ ကိုဒေါင်း။

ဒါပေမဲ့ လွတ်လပ်မှုရဲ့ နောက်မှာ တာဝန်ယူမှု ဆိုတာက ကပ်ပါလာတာကိုတော့ မေ့လျော့ထားလို့ မဖြစ်ဘူး။ လွတ်လပ်မှုနဲ့ တာဝန်ယူမှုဟာ အမြဲဒွန်တွဲ ဆက်စပ်နေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရေးတဲ့ စာတွေအတွက် တာဝန်ယူကြရပါမယ်။

တာဝန်မယူနိုင်ဘဲနဲ့ စာပေလွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်လို့ မရဘူး။ ဒီတော့ ကျွန်တော်တို့ အဝေးရောက် မင်းများမှာလည်း စာပေ လွတ်လပ်ခွင့်ကို စည်းထဲဘောင်ထဲကပဲ မှန်မှန်ကန်ကန် အသုံးချကြရတာပါပဲ။

လွတ်လပ်မှုဆိုတာလည်း ဘောင်ရှိတာပဲ။ အကန့်အသတ် ရှိတာပဲ။ ဘယ်နေရာမှာမှ ပကတိ လွတ်လပ်မှု Absolute Freedom ဆိုတာတော့ မရှိနိုင်ဘူး မဟုတ်လား။ လွတ်လပ်မှု ဆိုတာ လွတ်လပ်မှုအတွက် ရင်းနှီး ပေးဆပ်ရတာတွေ တာဝန်ယူရတာတွေ ရှိစမြဲပါ။

ဒီတော့ ပြည်ပရောက် ကျွန်တော်တို့ရဲ့ စာတွေကို အကြမ်းဖျင်း သုံးသပ်ရမယ် ဆိုရင်တော့ ကျွန်တော်တို့ အဝေးရောက် စာတွေဟာ စည်းလွတ်ဝါးလွတ်နဲ့ တာဝန်မဲ့ ပြောဆို ရေးသားနေတာတွေတော့ မဟုတ်ပါဘူး။ ဒီလို စည်းလွတ် ဝါးလွတ် တာဝန်မဲ့ ပြောခွင့်ရေးခွင့် လုံးဝမရှိပါဘူး။ ရေးသူဘက်က စေတနာမှန်၊ ခံစားမှုမှန်ပြီး ထက်သန်တဲ့ တိုင်ပြည်ချစ်စိတ် အိမ်လွမ်းစိတ်တွေနဲ့ အနုပညာရသမြောက်အောင် ဖန်တီးရေးဖွဲ့နိုင်မှပဲ ဒါကို စာပေ လက်ရာ တစ်ခုလို့ သတ်မှတ်ရမှာပဲ ကိုဒေါင်း။

တစ်ခုတော့ရှိတာပေါ့ဗျာ။ ပြည်တွင်းမှာတုန်းက ကျွန်တော်တို့ဟာ စာပေစိစစ်ရေးက ရှေ့က ပိတ်ခံနေတော့ လွတ်လွတ်လပ်လပ် ရေးခွင့်မရခဲ့ဘူး။ ပြည်သူ့ဘဝကို ပွင့်ပွင့် လင်းလင်း ဖော်ထုတ်လို့ မရခဲ့ဘူး။ ဒီတော့ ကျွန်တော်တို့ သွယ်ဝိုက် ရေးကြရတယ်။ လှည့်ပတ်ပြီး လျှို့လျှို့ ဝှက်ဝှက် ရေးကြရတယ်။ အဓိပ္ပာယ် ဝှက်ပြီး လွတ်အောင် ရေးကြရတယ်။ ကိုယ်ရေးတဲ့စာလေး စာဖတ်ပရိသတ်လက်ထဲ ရောက်အောင် စာပေစိစစ်ရေးဆိုတဲ့ တယ့် အတားအဆီးကြီးကို နည်းမျိုးစုံ သုံးပြီး ကျော်ဖြတ်ခဲ့ကြရတာပါပဲ။

အောင်မြင် လွန်မြောက်ခဲ့တာတွေလည်းရှိ ဆုံးရှံး ကျဆုံးခဲ့တာတွေလည်းရှိ ပြည်တွင်းက စာနယ်ဇင်းလောက ကတော့ နအဖ အစိုးရ အလိုကျ ဖြစ်နေရတာပေါ့။

ဒီမှာတော့ ဒီလိုမဟုတ်ဘူးပေါ့ဗျာ။ စာပေစိစစ်ရေးမှ မရှိဘဲဟာကိုး။

ဒီနေရာမှာ စကားကြုံလို့ မင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဝတ္တုစာအုပ်ထဲ ရေးထားတာလေး ပြောပြချင်တယ်။ ဝတ္တုထဲမှာ ရှစ်လေးလုံး အကြို ကျောင်းသားတွေ အစိုးရ ဆန့်ကျင်ရေး လျှိ့ဝှက်စာစောင် လုပ်ကြတော့ ဇာတ်ကောင် တဦးဖြစ်တဲ့ သူရ ဆိုတဲ့ ကျောင်းသားက ဇာတ်လိုက် ဖေသောင်းကို ပြောတဲ့စကား။

ကဗျာလည်း ရေးလေကွာ ဗြောင်ကျကျ ရေးကွာ၊ ရွှေကျောင်းက ဖေသောင်း ဆိုပြီး ကလောင်နာမည်တပ်” တဲ့။ ဒီစာကြောင်းလေး ကျွန်တော် မင်နီနဲ့ မျဉ်းတားထားတယ်။

ပြည်ပရောက် မြန်မာစာပေဟာ ဗြောင်ကျကျ ရေးရမယ် ဆိုတာ ကျွန်တော် ထောက်ခံတယ်။ ဒါပေမဲ့ အနုပညာတော့ မြောက်ရမယ်။ ဒါကိုမမေ့နဲ့။

အားလုံးကိုသတိရလျက်--
အောင်ဝေး
/၁၁/၁၀

(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)

Letters from Michigan - 2

မစ်ရှီဂန်မှ ပေးသောစာ - ၂
အောင်ဝေး


ဗိုလ်ကြီးဟောင်း ၀င်းထိန်(sketch: Heinn Htet, photo: Amnesty International)

မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ခုတလော တပ်မတော်သားတွေ အကြောင်း ကြားနေရ ဖတ်နေရတော့ ကျွန်တော့်စိတ်ထဲ ပေါ်လာတာလေး တချို့ ပြောပြချင်တယ်။ ဒီနှစ်သစ်ကိုတော့ နအဖ အစိုးရက မင်္ဂလာမရှိတဲ့ သတင်းနဲ့ စလိုက်တာပါပဲဗျာ။ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့ကို နအဖ တရားရုံးက သေဒဏ် စီရင်လိုက်တာကတော့ ဘယ်လိုမှ ကြားလို့ မကောင်းတဲ့ အမင်္ဂလာသတင်းပါပဲ မဟုတ်လား။

ဒီလုပ်ရပ်ကို ဒီလို ပြစ်ဒဏ် စီရင်တာကို ဘယ်ပြည်သူကမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ပြည်သူ့ဘက်က ရပ်တည် နေတဲ့ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေ ပိုပြီး လက်ခံနိုင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောရဲတယ် ကိုဒေါင်း။

ကျွန်တော်တို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ ပြည်သူတွေကတော့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့အတွက် နာကြဉ်း ဝမ်းနည်း နာသာခံခက် ဖြစ်ကြရပါတယ်။ ဒါပေမဲ့ သူတို့အတွက် ဂုဏ်ယူပါတယ်။

တပ်မတော်သားတွေဆိုတာ အခြားအဆင့်ပဲ ဖြစ်ဖြစ် အရာရှိ အရာခံအဆင့်ပဲ ဖြစ်ဖြစ် အားလုံးဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူရဲ့ သားသမီးတွေပဲ မဟုတ်လား။ ဟိုတုန်းက စစ်သားဟောင်းတွေ လက်ထက်က “ပြည်သူသာ အမိ ပြည်သူသာအဖ” လို့ ခံယူခဲ့ကြတာလေ။ တနည်းပြောရရင် တပ်မတော်သားတွေဟာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။

ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့တာလေး ကြားဖြတ်ပြော ပရစေ။ ကိုဒေါင်းတို့ အားလုံးလည်း သိပြီးသားပါ။ ကျွန်တော့်အဖေက စစ်တပ်ထဲက။ ကျွန်တော်က စစ်သား သားသမီး တယောက်။ ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း ကျွန်တော်အဖမ်းခံရတော့ စစ်ထောက်လှမ်းရေးတွေက စစ်တပ်ထဲက အိမ်မှာ လာဖမ်းတာပါ။

ကျွန်တော်တို့ အဖမ်းခံရပြီးတော့ တပ်ထဲမှာ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ ဦးနေဝင်းကို လုပ်ကြံတဲ့ ကိစ္စ ပေါ်လာတယ်။ လုပ်ကြံမှုမှာ ပါဝင်တဲ့ အရာရှိငယ်တွေ အားလုံး အဖမ်းခံလိုက်ရတယ်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ချက်ချင်းပဲ ကြိုးပေး ကွပ်မျက်ပစ်လိုက်တယ်။ ကျန်တဲ့သူတွေ တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်။

ဒီတုန်းက စစ်တပ်ထဲမှာ မကျေမချမ်းဖြစ်တာတွေ ဆန့်ကျင်ပေါက်ကွဲတာတွေ ကျွန်တော်တို့ ထောင်ထဲက ကြားခဲ့ကြရတာပေါ့။

မှိုင်းရာပြည့်နဲ့ ထောင်ထဲ ရောက်ရောက်ချင်း လုံးတီးထမင်း ပဲဟင်းရေကျဲ ဆီမပါတဲ့ ငါးပိကျော်နဲ့ တိုးတော့ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာကြီး ထီလာစစ်သူရဲ့ “စီးဆင်းရစ်လေဦး ဧရာဝတီ” ဝတ္တုထဲက အဖွင့်စာသားလေးကို ပြေးမြင် သတိရမိခဲ့ပါရဲ့။ ကိုဒေါင်းလည်း မှတ်မိဦးမှာပါ။

“ငါ့သားများ သူ့ကိုတွေ့ရင် ပြောလိုက်ကြပါ စစ်တပ်ဆိုတာ ယောက်ျားကောင်းတွေကို မွေးဖွားပေးတဲ့ နေရာပါလို့” ဆိုတဲ့ စာသားလေ။ ဟိုတုန်းကတော့ ဟုတ်တာပေါ့ဗျာ။ ပြည်သူ့ တပ်မတော်ကိုးဗျ။ ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော်သားတွေ ဖြစ်တာကိုး။

ခုတော့ ဒီလိုဘယ်ဟုတ်ပါတော့မလဲ။

ကျွန်တော် စစ်သား သားသမီး ဖြစ်ခဲ့ဖူးလေတော့ စစ်ဗိုလ်စစ်သားတွေရဲ့အကြောင်းကို အတန်အတင့် နားလည်နိုင်ပါတယ်။ သူတို့ရဲ့ စရိုက်သဘာဝကို ကျွန်တော် အကြမ်းဖျင်း အကဲခတ်နိုင်ပါတယ်။ ကျွန်တော် တပ်မတော်သားတွေကို ချစ်ရင်းစွဲ ခင်ရင်းစွဲစိတ်ရှိတယ်ဗျ။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ NLD စည်းရုံးရေး လုပ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရီးတွေ ထွက်ခဲ့တုန်းက စစ်ဗိုလ်စစ်သားတွေနဲ့ အချိန်အခါ မပြတ် နေရာမလပ် ဆက်ဆံ ပတ်သက်ခဲ့ရတာပါပဲ။ NLD မှာ လုပ်ကြတော့လည်း ဗိုလ်ကြီးအုန်းကျော်မြင့် အမှုတွဲတွေနဲ့ ကျွန်တော်တို့ တွဲခဲ့ရတာပဲ။

ဒီတော့ ကျွန်တော့်စိတ်ရင်း အမှန်က တပ်မတော်သားတွေနဲ့ ဆက်ဆံရတာ သူတို့နဲ့ ပတ်သက်ရတာ မစိမ်းဘူး မရွံ့ဘူး သူတို့ပေါ်မှာ ခင်ခင်မင်မင် ရှိရင်းစွဲ ညီအစ်ကိုစိတ်ပဲ ထားပါတယ်။

ကျွန်တော် ပြည်တွင်းမှာ စာပေခရီးတွေ သွားတဲ့အခါ တောကြိုတောင်ကြား စစ်သားတွေ၊ စစ်စခန်းတွေကိုလည်း ကြုံရဖြစ်ရတာပေါ့။ သူတို့ လုံခြုံရေးယူထားတဲ့ နယ်မြေထဲ ကိုယ်သွားတဲ့အခါ ကိုယ်က သူတို့တာဝန် သူတို့ဝတ္တရားကို လေးစားရတာပေါ့။

၂၀၀၇ တုန်းက အပစ်ရပ် နယ်စပ်တနေရာကို သတင်းဆောင်းပါးရေးဖို့ သတင်းယူဖို့ ကိစ္စ အနေနဲ့ ကျွန်တော်သွားတော့ လမ်းမှာ ဖြတ်ရတဲ့ နအဖ လုံခြုံရေးစခန်းတွေက စစ်ဗိုလ်တွေက ဆရာဇော်ဂျီ ရာပြည့် BBC နဲ့ RFA ရေဒီယိုတွေမှာ ကျွန်တော် ကဗျာရွတ်ခဲ့တာ သူတို့ နားထောင်ရကြောင်း ပြန်ပြောပြကြပါတယ်။ သူတို့ထဲမှာ ကျွန်တော့ကဗျာတွေကို ဖတ်ဖူးတဲ့လူတွေလည်း ပါတယ်။ အဲဒီ နယ်စပ်လမ်းမှာ အသွားအပြန် သူတို့နဲ့ မိတ်ဆွေဖြစ်ခဲ့တာပေါ့ဗျာ။
ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်

ခုနေမှာ အသွားဘက်က ရပ်တည်တဲ့ တပ်မတော်သားကောင်းတွေ ထွက်ပေါ်လာ ကျွန်တော် နှစ်ထောင်းအားရ ဖြစ်မိတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ အခု ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့ အဖမ်းမခံရခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်ရှေ့မှာ တကိုယ်တော် ဆန္ဒပြလို့ လေတပ်ဗိုလ်ကြီးဟောင်း ဇော်ညွန့် အဖမ်းခံရတုန်းကလည်း ကျွန်တော် စိတ်ထိခိုက်ရပါတယ်။ အခု သူဝေးလံစွန်ဖျားလှတဲ့ အကျဉ်းထောင် တခုမှာ ရောက်နေတယ်။

ဗိုလ်ကြီးဝင်းထိန်ကိုလည်း အခုထိ ထောင်က ပြန်လွှတ်မပေးသေးပါဘူး။

တခုပါပဲ ကိုဒေါင်းရယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီးတုန်းက လူဝီ (၁၆) အရှင်ရဲ့ အာဏာ ပါးကွက်သားတွေ လက်ချက်နဲ့ ဂီလိုတင်း ဓားစက်ကြီးအောက်မှာ ပြည်သူ့ ဘက်သားတွေရဲ့ အသက်ဇီဝိန်တွေ ကြွေခဲ့ရပေမဲ့ နိဂုံးချုပ်တော့ လူဝီ (၁၆) နဲ့ မိဖုရား မာရီအင်တွိုင်နက်တို့ ဒီစားစက်ကြီး အောက်မှာပဲ အသက် ပျောက်ခဲ့ရတာ မဟုတ်လား။

ဒီတနေ့ တပ်မတော်ထဲမှာ အမှုထမ်းနေတဲ့ ရဲဘော်အပေါင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်းသလို “ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတဲ့ထုံးနှလုံးမူနိုင်ကြပါစေ။

အားလုံးကို သတိရလျက် -
အောင်ဝေး (၁-၈-၂၀၁၀)

(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)

Letters from Michigan - 1

မစ်ရှီဂန်မှ ပေးသောစာ - ၁
အောင်ဝေး
ဧပြီ ၁၃၊ ၂၀၁၀
မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီရက်ထဲ ကွယ်လွန်သွားတဲ့ ဆရာသမားတွေကို အထူးပဲ သတိရနေမိတယ်ဗျာ။ အထူးသဖြင့် ဆရာဗန်းမော်တင်အောင်ကိုပဲပေါ့။ ဆရာဒဂုန်တာရာက သူ့ရဲ့ နာမည်ကျော် ရုပ်ပုံလွှာ ဆောင်းပါးတွေထဲမှာ ဆရာ ဗန်းမော်တင်အောင် အကြောင်း ရေးတော့ ‘ဗန်းမော်တင်အောင် (သို့မဟုတ်) နရသိန်အကျဉ်းထောင်တွင်းက သူပုန်အကျဉ်းသား’ ရယ်လို့ ခေါင်းစဉ် တပ်တာကို သတိရလိုက်တယ်။
ဆရာဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခုနှစ် အသက် ၅၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ရတာပါ။ လူ့ဘ၀မှာ သက်တမ်းစေ့ နေမသွားရတဲ့ ကျနော်တို့ ခင်ဗျားတို့ ဆရာဟာ နေရပြန်တော့လည်း အကျဉ်းထောင်နဲ့ ကျွန်းမှာ နေခဲ့ရတဲ့ အချိန်တွေက ပိုများနေခဲ့တယ်လေ။
နိုင်ငံရေးသမားပဲ ဖြစ်ဖြစ်၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူပဲ ဖြစ်ဖြစ်၊ ကျောင်းသားခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ စာရေးဆရာပဲ ဖြစ်ဖြစ် တစ်ယောက်ယောက် ထောင်ထဲ ရောက်ပြီ ဆိုရင် ကျန်ရစ်တဲ့ မိသားစုဝင်တွေ ဆွေမျိုး ညီအစ်ကို မောင်နှမတွေလည်း ထောင်ထဲ ရောက်သလို အပြင်မှာ ဘေးဒုက္ခ ကြုံကြရတော့တာပဲ မဟုတ်လား ကိုဒေါင်း။ ဒါ မြန်မာပြည်လေ။ မြန်မာပြည်မှာ ဒီလိုပဲ ဖြစ်နေတာလေ။
ဒီကြားထဲမှာ လူကြားကောင်းအောင် အကျဉ်းထောင်တွေကို စံပြထောင် ဆိုပြီး ဆိုင်းဘုတ် တင်လိုက်ကြသေးတယ်။ ရယ်စရာကြီးပေါ့ဗျာ။ သာယာဝတီ စံပြ အကျဉ်းထောင် တဲ့။ အဲဒီ ‘စံပြ’ ဆိုတဲ့ အဓိပ္ပာယ်က နှိပ်စက် ညှဉ်းပန်းတဲ့ နေရာမှာ စံပြဖြစ်တာကို ပြောတာပဲဗျ။
မိတ်ဆွေကြီးကိုဒေါင်း -
ခင်ဗျားလည်း သိပြီးသားပါ။ ကျနော်တို့ ဆရာ ဗန်းမော်တင်အောင် ထောင်ထဲ ရောက်နေတဲ့ အချိန်တွေမှာ ဇနီးဖြစ်သူ ဒေါ်ခင်ဦးက ဈေးဗန်း ခေါင်းရွက်ပြီး သားသမီး ဘုစုခရုလေးတွေကို ကျွေးမွေးစောင့်ရှောက် ကျောင်းထားပေးခဲ့ရတာပဲ မဟုတ်လား။ အမေ ဒေါ်ခင်ဦးနဲ့ သားသမီးတွေ ဘယ်လောက်တောင် ဆင်းရဲ ဒုက္ခ ကြုံခဲ့ရသလဲ။
မိသားစုကို ပစ်ပြီး သူယုံကြည်တဲ့ စာပေနဲ့ နိုင်ငံရေးအလုပ်ပဲ လုပ်ပြီး ထောင်ထဲ ၀င်နေတဲ့ ဆရာ ဗန်းမော်တင်အောင်အပေါ်မှာ အမေ ဒေါ်ခင်ဦး အထင်သေး၊ အထင်လွဲခဲ့မိတဲ့ အထိပဲလေ။ ဆရာ ဆုံးတော့မှ ဆရာ့ ဈာပနမှာ ဆရာ့ကို ချစ်တဲ့၊ လေးစား တန်ဖိုးထားတဲ့ လူထု ပရိသတ်ကြီးကို မြင်တော့မှ အမေ ဒေါ်ခင်ဦး သူ့အမှားကို ၀န်ခံခဲ့တယ်။
ဆရာ့သားကြီး ကိုဗဟိန်းအောင်က ကျနော်တို့နဲ့ ခေတ်ပြိုင်လည်းဖြစ်၊ ရဲဘော်ရဲဘက်လည်း ဖြစ်ခဲ့တော့ ကိုဗဟိန်းအောင် ပြောပြတဲ့ သူတို့မိသားစု၊ နိုင်ငံရေးအကျဉ်းသား မိသားစုရဲ့ ဆင်းရဲဒုက္ခကို ကျနော်တို့ စာနာ နားလည်ခဲ့ရတယ်။
တစ်ခါတုန်းကတော့ အမေ ဒေါ်ခင်ဦး ကိုယ်တိုင် ပြောခဲ့တာ ဆိုတဲ့ ဆရာ့အကြောင်း တချို့ကို ကျနော်တို့ ပုသိမ်ထောင်ထဲမှာ နေတုန်းက ဆရာနဲ့ နီးစပ်တဲ့ ရဲဘော်တချို့ဆီကနေ ပြန်ကြားခဲ့ရဖူးတယ်။
ဆရာ ဗန်းမော်တင်အောင်ကြောင့် မိသားစု ဒုက္ခရောက်ရတာတွေက ခုမှ၊ ဖဆပလခေတ်ကျမှ၊ မဆလခေတ်ကျမှ မဟုတ်ပါဘူး၊ ဟိုးအရင် ဂျပန်ခေတ် ကတည်းက သူတို့ မိသားစု ဒုက္ခ ရောက်ခဲ့ရပုံကလေးကို အမေ ဒေါ်ခင်ဦးက ဒေါသ မပါ၊ အာဃာတ မပါဘဲ ပုံပြောသလို ပြန်ပြောပြခဲ့တာပါပဲ တဲ့။ သက်ကြီးစကား သက်ငယ်ကြား ဆိုပါတော့ဗျာ။
၁၉၄၅ ခုနှစ် မတ်လ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေးတာဝန်ခံ၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေး ဆိုပြီး ဖက်ဆစ်တော်လှန်ရေး လုပ်ကြတော့ သခင်ဗဟိန်းက လူမျိုးစုငယ်များ စည်းရုံးရေး တာဝန် ယူပြီး ပဲခူးရိုးမက ကရင်တိုင်းရင်းသားတွေနဲ့ ပြောက်ကျားတပ် ဖွဲ့ပါတယ်။ သခင်ဗဟိန်းက တော်လှန်ရေးလုပ်ဖို့ အားကိုးတကြီး ခေါ်တာနဲ့ ဆရာဗန်းမော်တင်အောင် ရိုးမပေါ် တက်လိုက်သွားပါပြီ။ အဲဒီတုန်းက ဆရာ့မိသားစုက တောင်ငူမှာပါ တဲ့။ ဆရာ ဖက်ဆစ်တော်လှန်ရေးထဲ ပါသွားတော့ မိသားစုလည်း မျက်စိသူငယ်၊ နားသူငယ်နဲ့ အားကိုးရာမဲ့ ကျန်ရစ်ခဲ့တာပေါ့ဗျာ။
ဘယ်လောက်တောင် ဒုက္ခ ရောက်ကြရသလဲ ဆိုရင် စားစရာ မရှိ၊ နေစရာ မရှိလို့ ပုန်းခိုကျင်းထဲ တစ်နေကုန် ရေသောက်နေရတာ တဲ့။ ကံဆိုးချင်တော့ ဗုံးက ကျင်းထိပ်တည့်တည့် ကျလို့ ဆရာ့သမီး အလတ်မကလေး သေရာပါ နားပင်း ဆွံ့အ သွားခဲ့ပါရော တဲ့။
ဖက်ဆစ်တော်လှန်ရေးကြီး အောင်ပွဲခံလို့ ဂျပန်တွေလည်း ပြေးရော သားအမိတွေ ပုန်းခိုကျင်းထဲက ထွက်လာကြတဲ့အခါ လူတစ်ယောက် မြင်းဖြူကြီးကို အကျအန စီးလို့ သူတို့ရှေ့ ရောက်လာတယ် တဲ့။ သားအမိတွေက ပထမတော့ ဘယ်သူမှန်း မသိကြပါဘူး။ နောက်မှ အဲဒီလူက ပြုံးပြလိုက်တော့မှ ဆရာ့ရဲ့ အမှတ်အသား မျက်ခုံး ထူထူကြီးကို မြင်ပြီး ဆရာမှန်း သိသွားကြတာလေ။
မိသားစု ပြန်လည် ပေါင်းဆုံခန်းဟာ ပျော်စရာတော့ မကောင်းလှပါဘူး။ စားစရာ လုံးလုံး မရှိတော့ ဆရာ ဗန်းမော်တင်အောင်လည်း သူချစ်တဲ့ မြင်းဖြူကြီးကို ရောင်းစားလိုက်ရပါတယ် တဲ့။
နောက်ပိုင်းမှာတော့ ဆရာ့ရဲ့ ပဲခူးရိုးမ ပြောက်ကျားစစ် အတွေ့အကြုံကို ‘ရိုးမတိုက်ပွဲ’ ဆိုတဲ့ ၁၉၆၃ ခုနှစ်ထုတ် ၀တ္ထုထဲမှာ ကျနော်တို့ ဖတ်ခဲ့ကြရတာပဲ မဟုတ်လား။ အခုတော့ အမေ ဒေါ်ခင်ဦးလည်း ကွယ်လွန်ခဲ့ပါပြီ။ ဆရာ့အပေါ်မှာလည်း ခွင့်လွှတ် နားလည် ဂုဏ်ယူပေးခဲ့ပါပြီ။
မိတ်ဆွေကြီးကိုဒေါင်းရေ - ဆရာ ဗန်းမော်တင်အောင် ပြောခဲ့ဖူးတဲ့ ‘ကျနော့်ဘ၀မှာ အတ္တ ဆိုလို့ မခင်ဦးကို ချစ်ခဲ့မိတာ တစ်ခုပဲ ရှိပါတယ်ဗျာ’ ဆိုတဲ့ စကားကို နောင် မျိုးဆက်သစ် လူငယ်လေးတွေ နားလည်အောင် ဂုဏ်ယူတတ်အောင် ကျနော်တို့ ဆက်ပြီး ရေးကြ၊ ပြောကြဦးစို့ဗျာ။
အားလုံးကို သတိရလျက် -
အောင်ဝေး
၁-၈-၂၀၁၀
(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)

Sunday, March 21, 2010

poem day

ကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်
အောင်ဝေး

မောင်သင်းခိုင် အစရှိသဖြင့်
ရင်နင့်အောင်ဝေးရ
ငါ့ ကဗျာဆရာတွေ။

ပျဉ်းမနားက၊မန္တ​လေးက
တောင်ငူက၊ ရန်ကုန်က
မုံရွာက၊ မကွေးက
ပဲခူးက၊ စစ်ကိုင်းက
တောင်ပိုင်းက၊ မြောက်ပိုင်းက
အရှေ့ ဘက်က၊အနောက်ဘက်က
အစရှိသဖြင့်
ရင်နင့်အောင်လွမ်းရ
မငြိမ်းချမ်းသေးတဲ့
ငါ့ ရဲ့ ကဗျာဆရာတွေ။

ရမည်းသင်းထောင်ထဲက
(ကဗျာဆရာစောဝေ)
တောင်ကြီးထောင်ထဲက
(ကဗျာဆရာဇော်သက်ထွေး)
မြစ်ကြီးနားထောင်ထဲက
(ကဗျာဆရာဇာဂနာ)
ကျိုင်းတုံထောင်ထဲက
(ကဗျာဆရာမင်းကိုနိုင်)
အစရှိသဖြင့်
ရင်နင့်အောင်ချစ်ရ
ခေတ်ပြိုင်ထဲက
ငါ့ ရဲဘော်ကဗျာဆရာတွေ။

ဂျပန်က၊တောင်ကိုရီးယားက
ဥရောပက၊အမေရိကက
မဲဆောက်က၊ချင်းမိုင်က
နယ်စပ်က၊ဒုက္ခ သည်စခန်းက
တမ်းတရတဲ့
အဝေးရောက်မြန်မာ့ကဗျာဆရာတွေ။

အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့နေ့ 
(ကမ္ဘာ့ကဗျာနေ့ )
ဒီနေ့ မှာ
ရဲဘော်တို့ကိုအော်ခေါ်လိုက်တယ်
အီကွေတာအော်သံပေါ့ ။

ငမိုးရိပ်မှ မစ်ရှီဂန်သို့ 
ဧရာဝတီမှ မစ္စစ္စ​ပီသို့ 
ကျနော့်ရွက်လှေကလွှင့်ခဲ့သမို့ 
ရွက်လှေပေါ်ကပဲ
ရဲဘော်တို့ကိုအော်ခေါ်လိုက်တယ်
အီကွေတာခေါ်သံပေါ့ ။

မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲလေ။

ကျနော်တို့ ပင်မရေစီး
(ဒီမိုကရေစီခရီး)
မပြီးသေးဘူး။

ကျနော်တို့ လူထု
(စစ်ကျွန်ဘ၀က)
မလွတ်သေးဘူး။

ကျနော်တို့ ရှေ့ဆက်ရမယ်
မြန်မာ့ကဗျာဓားနဲ့ ။

ကျနော်တို့ ချီတက်ရမယ်
မြန်မာ့ကဗျာတရားနဲ့ ။

ကဗျာဆရာတို့ 
တအားခုတ်ပိုင်းလိုက်မယ်
အရိုင်းအစိုင်းခေတ်ရဲ့ 
စစ်သံဖနောင့်ကိုပေါ့ ။

ကဗျာဆရာတို့ 
တအားထိုးစိုက်လိုက်မယ်
အမှောင်တိုက်ထဲက
ရန်သူရဲ့ ရင်အုံကိုပေါ့ ။

အရေးတော်ပုံ ရင်မခုန်ဘူးလား
လေးသံမြားသံ မစဲတော့ဘူးလား
ထောင်တံခါးတွေ မပွင့်သေးဘူးလား
အနာဂတ်ရထား မထွက်နိုင်ဘူးလား။

ရန်သူက ရန်သူလိုကျင့်တယ်
အတိုက်အခံကအတိုက်အခံလိုကျင့်ရမယ်။

အာဏာရှင်ကသူ့ အလုပ်သူလုပ်တယ်
ကဗျာဆရာက ကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။

ကမ္ဘာ့ကဗျာနေ့ မှာ
မြန်မာ့ကဗျာဆရာတွေ
ရှေ့ ဆက်ချီတက်ကြ။

မဆုံးသေးတဲ့လမ်း
(မှိုင်းရဲ့ စခန်း)
ဆက်ပြီးလျှောက်လှမ်းကြ။

၂၀၁၀ ထောင်ချောက်
(၂၀၁၀ ထောင်ချောက်)
အနုပညာမြောက် ဖောက်ထွက်ကြ
(အနုပညာမြောက် ဖောက်ထွက်ကြ)

ကဗျာမှန်ရင်
ကြာပန်းရေစင်
ဘယ်တော့မှ နွံမနစ်။

ကဗျာဆရာမှန်ရင်
ပြည်သူ့ ရဲ့အသံ
ဘယ်တော့မှ အလံမလှဲ။

ကဗျာတပုဒ်
ထောင်အုတ်ရိုးကို ကျိုးစေနိုင်ရဲ့ ။

ကဗျာတစ်ပိုဒ်
အမှောင်တိုက်ကိုရိုက်ချိုးနိုင်ရဲ့ ။

ကဗျာတစ်ကြောင်း
လတပေါင်းကို
ဒေါင်းတွန်သံနဲ့ လှစေနိုင်သတဲ့။

ကဗျာဆရာတို့ 
ဖောင်ပျက်ကို ဖျက်လိုက်တော့
အရုဏ်မတက်ခင်
နောင်ရိုးတိုက်ပွဲဆင်နွဲလော့။

ကဗျာဆရာတို့ 
အဝေးက၊အနီးက
ပြည်တွင်းက၊ ပြည်ပက
ထောင်ထဲက၊ အပြင်က
အစရှိသဖြင့်
မြေကြီးကိုဖွင့်ကြ။

မြေကြီးအောက်က
တောက်ပတဲ့ကြယ်တွေ
နွေဦးမှာ ပြန်ဝေဖို့ 
အို ... ကဗျာဆရာတို့ 
ရာဇ၀င်ကိုဖြတ်သန်းကြ။

အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့
ဒီမတ်လဟာ
ဖက်ဆစ်တော်လှန်ရေးကို အမှတ်ရစေတယ်။ ။

မတ် ၁၉၊၂၀၁၀

Thursday, February 25, 2010

သမိုင်း ဂါရဝ
အောင်ဝေး
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀
ဆရာ အီကြာကွေး ဆုံးပါးကွယ်လွန်သွားရတော့ အားလုံးက သူ့ကို နှမြောတသ လွမ်းဆွတ်ပြီး ကျန်ရစ်ခဲ့ကြပါတယ်။
တိုက်ပွဲပျော်ကြီး
ဆရာအီကြာကွေးရေးခဲ့တဲ့ ဟာသတွေ၊ သရော်စာတွေဟာ ရယ်ရပြီးကွာ၊ ဆော်ရပြီးကွာဆိုပြီး ကလိထိုးရယ်ခိုင်းတဲ့ အသွားလွတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ စာတွေမဟုတ်။ သူ့ရဲ့စာတွေဟာ ပြည်သူတွေရဲ့ဘဝကို ထင်ဟပ်ဖော်ပြနေတယ်။ မတော်တာ၊ မတရားတာ၊ အမြင်မတော်တာတွေ့ရင် ဆရာကြီး ကွေး ကလောင်က မနေဘူး။
သူရှင်သန်ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးခေတ်အဆက်ဆက် စာပေသမိုင်းအဆက်ဆက် ဆရာအီကြာကွေးရေးခဲ့တဲ့ စာတွေ ပေတွေထဲမှာ ပြည်သူ့ကိုစော်ကားတဲ့၊ လူထုကိုဆန့်ကျင်ပြီး ဖိနှိပ်အုပ်ချုပ်သူကို ဖော်လံဖားတဲ့စာ တပုဒ်မှမပါ။ သူရေးခဲ့တဲ့ ဖိုက်တာ ဘောလုံးတို့၊ ခွပ်လိုက်ကြစို့ သူငယ်ချင်းတို့၊ ဘာအခုမှ ကြောက်ပါပြီလဲဆိုတာ အဖိနှိပ်ခံ၊ အောက်ခြေနင်းပြားတွေ ဘက်က ရှေ့နေလိုက်တဲ့ စာတွေ၊ ဖိနှိပ်သူကို မညှာတမ်း ဝေဖန်တိုက်ခိုက်တဲ့စာတွေပဲ။
ဆရာကွေးဟာ ‘အီကြာကွေး’ ဆိုပြီး ဟာသနဲ့ သရော်စာ စာရေးဆရာ မဖြစ်ခင် ဟိုအရင်တုန်းကတည်းက ‘ဓနုဖြူ ကျော်ထွန်း’ ဆိုတဲ့ ပြည်သူ့ဘက်က တိုက်ပွဲဝင်တဲ့ ကဗျာတွေရေးခဲ့သူပါ။ ၁၉၆၆ ခုနှစ်လောက်က ရှုမဝမဂ္ဂဇင်းမှာ ဓနုဖြူကျော်ထွန်း နာမည်နဲ့ရေးခဲ့တဲ့ သူ့ရဲ့ ‘တိုက်ပွဲပျော်’ ဆိုတဲ့ကဗျာဟာ ဒီကနေ့အထိ ထင်ရှားနေတုန်းပါပဲ။
‘ရှေ့ကဆီး၍
ခရီးလမ်းထဲ၊ သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား၊ ဆူးတွေထားမလား။
ယောက်ျားဟေ့နော်၊ တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ’
အစဉ်အလာကောင်း
ဆရာအီကြာကွေး ကွယ်လွန်တဲ့အခါကျတော့ အများတကာထက် ပိုကြေကွဲ၊ ပိုဝမ်းနည်း ဖြစ်ကြတာက ကာတွန်းဆရာ တွေပါ။ လူကြီး ကာတွန်းဆရာတွေကလည်း ဆရာကွေးကို ချစ်ကြ ခင်ကြတာပဲ။ လူငယ်ကာတွန်းဆရာတွေကလည်း ဆရာကွေးကို ရိုသေလေးစားကြတာပါပဲ။
အဲဒီကာတွန်းဆရာတွေက မကြာသေးခင်က နှစ်စဉ်ကျင်းပမြဲ ဆရာကန်တော့ပွဲ လုပ်ကြပါတယ်။ ကနဦးကတော့ ကာတွန်း ဦးဖေသိန်း၊ ကာတွန်းဦးအောင်ရှိန်၊ ကာတွန်းသော်ကတို့ကို ကန်တော့ကြတာပါ။ နောက်တော့ ဆရာသော်က (အရိုင်း) ငယ်တဲ့သူက အရင်ကွယ်လွန်သွားတော့ ဆရာရွှေမင်းသား ကန်တော့ခံပုဂ္ဂိုလ်ထဲ ပါလာပါတယ်။
ဒီတကြိမ်မှာတော့ ဆရာဦးဖေသိန်းလည်း ကွယ်လွန်သွားပြန်တာမို့ ဦးအောင်ရှိန်နဲ့ ဦးရွှေမင်းသားတို့ ၂ ဦးပဲ ကျန်ပါတယ်။ ကန်တော့ပွဲနေ့က ဆရာဦးအောင်ရှိန် ကျန်းမာရေးကြောင့် မလာရောက်နိုင်တဲ့အတွက် ဆရာရွှေမင်းသား တဦးတည်းကိုပဲ ကန်တော့ခဲ့ကြရပါတယ်။
ဆရာရွှေမင်းသားက ဆရာဦးအောင်ရှိန်နဲ့စာရင် အများကြီးငယ်ရွယ်သေးတယ်လို့ ပြောရမှာပါ။ ဆရာအီကြာကွေးတို့၊ ဆရာရွှေမင်းသားတို့ဟာ ၆၀ ကျော် ၇၀ တန်းတွေပါ။ အခု ဆရာရွှေမင်းသားကို ကန်တော့ကြတယ်ဆိုတာက မြန်မာ့ ကာတွန်း သမိုင်းအစဉ်အလာ၊ ဆရာရွှေမင်းသားရဲ့ဝါနဲ့ သမ္ဘာကို ရိုသေလေးစားလို့ပါ။ အသက်အရွယ်ကြီးလို့ပါဆိုတဲ့ သက်သက်နဲ့ ဝတ်ကျေတန်းကျေ ကန်တော့တာ မဟုတ်ပါဘူး။
ဆရာရွှေမင်းသားဟာ (ဆရာဦးဖေသိန်း၊ ဦးအောင်ရှိန်၊ ဆရာသောကတို့လိုပဲ) ခေတ် အဆက်ဆက် ပြည်သူဘက်က ရပ်တည်ခဲ့တဲ့သူ၊ သူ့တသက်မှာ ဖိနှိပ်သူတွေဘက်ကလိုက်တဲ့ ကာတွန်းတကွက်မှ မရေးခဲ့ဖူးဘူး။ ဒါကြောင့် လူငယ်တွေက ချစ်ကြတာပဲ။
သဲသဲကွဲကွဲ အဖြေ
ကာတွန်းဆရာတွေရဲ့ ဆရာကန်တော့ပွဲပြီးလို့ ဘာကြာလိုက်လို့လဲ။ အသက် ၉၀ ကျော် ကာတွန်းဆရာကြီးတဦးရဲ့ နာရေးသတင်း ကြားလိုက်ရပါတယ်။ ဒီပုဂ္ဂိုလ်ကြီးကလည်း ခေတ်အဆက်ဆက် ကာတွန်းတွေရေးလာတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ ဒါပေမယ့် နှစ်စဉ်ကျင်းပတဲ့ ကာတွန်းဆရာ ကန်တော့ပွဲမှာတော့ ကန်တော့ခံပုဂ္ဂိုလ်စာရင်းထဲ မပါပါဘူး။
အဖိနှိပ်ခံနဲ့ ဖိနှိပ်သူ တရားမှုနဲ့ မတရားမှု၊ ပြည်သူ့ဘက်နဲ့ အာဏာရှင်အစိုးရဘက်ဆိုတဲ့ ပဋိပက္ခတိုက်ပွဲ သဘောတရား ပေတံနဲ့ တိုင်းတာလိုက်ရင်တော့ ဘယ်သူက ကန်တော့ခံထိုက်တယ်၊ ဘယ်သူကတော့ အကန်တော့ မခံထိုက်ဘူးဆိုတဲ့ အဖြေက သဲသဲကွဲကွဲ ထွက်လာတာပါပဲ။
သမိုင်းက ဆုံးဖြတ်တာပါ။
(သရုပ်ဖော် - ကာတွန်းမောင်မောင်အောင်၊ ဘားမားတူဒေးဝက်ဆိုက်က တဆင့်ရယူပါတယ်)

Wednesday, February 24, 2010

Beyond Valentine's Day

ချစ်သူများနေ့  အလွန်
အောင်ဝေး

ကွေ့ရမယ့် မြစ် က မကွေ့ဘဲ
မကွေ့ရမယ့် တောင် က ကွေ့နေတယ်။
ကောက်ရမယ့် မိန်းမတွေက မကောက်ဘဲ
မကောက်ရမယ့် ယောက်ျားတွေက ကောက်နေတယ်။
လောကကြီး ဆန်းကြယ်။

ကမ်းပါးတစ်လျှောက်
သက်တံကို ဖြောင့်နေသူလည်း ရှိ။
တောင်ခြေမှာ
ကြောင်ရေချိုးသူလည်း ရှိ။
ပန်းခင်းကို
မြင်းစီး၍ နင်းသူလည်း ရှိ။
အချက်မသိ
ကြွက်ကို ခြူဆွဲပေးသူလည်း ရှိ။

နော်လီဇာဘင်ဆင်ကတော့
သေတဲ့အချိန်အထိ လှ သွားခဲ့တယ်။
မသေခင် ဘယ်သူတွေပုပ်နေသလဲ
ဧရာဝတီကသိတယ်။

မနေ့က ချစ်သူများနေ့ ။
ဒီကနေ့ မုန်းသူများနေ့လား။

ဖထီး (ပဒိုမန်းရှာ) က
ချစ်သူများနေ့မှာ လုပ်ကြံခံရတယ်။
လောကကြီး မတရား။

ကဗျာဆရာစောဝေက
ချစ်သူများနေ့ကဗျာ ရေးလို့ အကျဉ်းချခံရတယ်။
လောကကြီး မတရား။

ညီမလေး
အားမငယ်နဲ့
အနာဂတ်ကို အမှန်တရား စောင့်တယ်
မြားကိုသာ ဖြောင့်အောင်ပစ်ပါတော့။

တို့ အချစ်က
ဖက်ဆစ်ကို နိုင်မယ်။ ။

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၀

Saturday, February 6, 2010

book review

လွမ်းသူရဲ့တေး

ပြည်ပကိုရောက်နေတဲ့ စာရေးဆရာ ကဗျာဆရာတွေထဲမှာ ဆရာမောင်သာရတို့ ဆရာ မောင်စွမ်းရည်တို့ ဆိုတာ ကျန်တဲ့ငယ်သူတွေက ဦးထိပ်ထားရ ရိုသေလေးစားရတဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့နှစ်ဦးစလုံး (၇၀) ကျော်တန်းတွေပါ။ ဆရာမောင်သာရက လာ့စ်ဗေးဂတ်မြို့မှာ နေပါတယ်။ ဆရာမောင်စွမ်းရည်က နယူးယောက်မြို့မှာ နေတာပါ။

နှစ်ဦးစလုံး အာရ်အက်ဖ်အေတို့ ဘီဘီစီတိုလို ရေဒီယိုတွေမှာ အသံလွှင့်ဆောင်းပါးတွေ လွှင့်နေကြပါတယ်။ ဆန်ဖရန်စစ္စကို အခြေစိုက် “မိုးမခ” မီဒီယာဝက်ဆိုက်တို့ လော့အိန်ဂျယ်လိစ် အခြေစိုက် “မန္တလေးဂေဇက်” ရတနာပုံနေပြည်တော် သတင်းစာတို့မှာလည်း စာရေးကြတဲ့အခါ ရေးကြသပေါ့။

ပြည်တွင်းမှာတုန်းကတော့ ဆရာမောင်သာရက လုံးချင်းဝထ္ထုတိုရေးသူပီပီ စာအုပ်အထွက်ကြမ်းခဲ့တဲ့ စာရေးဆရာပါ။ ခုပြည်ပမှာတော့ ကျနော်လက်လှမ်းမီသလောက် ဆရာမောင်သာရရဲ့ “ကျဉ်တုပ်ခံဝံ့ မခံဝံ့” ၀ထ္ထုကောင်းတအုပ်ပဲ ဘန်ကောက်အခြေစိုက် “ခေတ်ပြိုင်” သတင်းနဲ့ စာအုပ်တိုက်က ပြန်ထုတ်တာတွေ့ရပါရဲ့။
ဆရာမောင်စွမ်းရည်ကတော့ ပြည်တွင်းမှာ ကဗျာ၊ ၀ထ္ထုတို၊ စာပေဝေဖန်ရေး၊ စာစီစာကုံး စတဲ့ စာအုပ် ဆယ်အုပ် ကျော်ကျော်တော့ ထွက်ခဲ့ပါတယ်။ ပြည်ပရောက်မှတော့ ဆရာ မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့ မောင်စွမ်းရည်” ဆိုတဲ့ ဆောင်းပါးပေါင်းချူပ် တအုပ်လဲ အရင်ကတွေ့ခဲ့ဖူးတာပါ။ ၂၀၀၇ တုန်းက ထွက်ခဲ့တာဖြစ်ပါတယ်။

အခု ၂၀၀၉ မကုန်ခင်မှာတော့ ပြည်ပရောက် မြန်မာ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ စာပေလက်ရာ တခုအနေနဲ့ ဆရာမောင်စွမ်းရည်ရဲ့ “မှိုင်းမှသည် မိုးထိအောင်” လို့ အမည်ပေးထားတဲ့ ကဗျာပေါင်းချူပ် စာအုပ်ထွက်ပေါ်လာခဲ့ပါပြီ။ ထုတ်ဝေသူက ၀ါရှင်တန်ဒီစီအခြေစိုက် “ဓူဝံ” စာပေပဲ ဖြစ်ပါတယ်။

ပြည်တွင်း ဖြတ်သန်းခဲ့ဖူးတဲ့ ထုတ်ဝေရေးလောက အတွေ့အကြုံအရဆိုရင်တော့ဖြင့် ပြည်တွင်းမှာက ကဗျာစာအုပ်တအုပ် ထုတ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒုလ္လဘပါပဲ စာဖတ်ပရိသတ် သိပ်မရှိတဲ့ အမြတ်အစွန်းမပြောနဲ့ ထုတ်လိုက်ရင် အရှုံးပြတဲ့ ပြောရရင်ဈေးကွက် သိပ်မ၀င်တဲ့ ကဗျာလုံးချင်း စာအုပ်တွေကို ဘယ်ထုတ်ဝေသူကမှ မထုတ်ချင်ကြပါဘူး။ လက်ရှောင်ကြပါတယ်။

(စောင်ရေ သိန်းချီပြီး ဆယ်ကြိမ်မက ပြန်ပြန်ရိုက်ရတဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုံး) ရဲ့ “သောကခြေရာ ရတနာ” ကဗျာစာအုပ်လိုမျိုးကတော့ ခြွင်းချက်ပေါ့။ မြန်မာပြည်မှာ စောင်ရေ သန်းချီပြီး ရိုက်ရတဲ့ ကဗျာစာအုပ်ကတော့ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ရဲ့ “သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ” ကဗျာများ ပါပဲခင်ဗျာ)
ဆရာမောင်စွမ်းရည်အနေနဲ့ကတော့ ပြည်တွင်းမှာ ကဗျာ လုံးချင်းစာအုပ်က (၁) စိတြ (ဆရာကြည်အောင်နဲ့တွဲ၍) ၁၉၆၀။ (၂) အနီနှင့် အပြာ (အမျိုးသားစာပေဆုရရှိ) ၁၉၆၄။ (၃) ဟိုချီမင်း၏ အကျဉ်းထောင်ကပုလွေသံ (ဘာသာပြန်) ၁၉၆၄။ (၄) မန္တလေးမြို့ရဲ့ မနက်ခင်း ၁၉၇၁။ (၅) ဖိုးဝ နှင့် ဖိုးလှ(ကလေးကဗျာစု) ၁၉၉၉ - ဒါလောက်ပဲ ထွက်နိုင်ခဲ့တာပါ။

ဆရာမောင်စွမ်းရည် ပြည်ပကို ထွက်မလာခင် ပြည်တွင်းစာနယ်ဇင်းတွေမှာ ရေးခဲ့တဲ့ ကဗျာတွေက မနည်းပါဘူး။ နောက်ပိုင်းမှာ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ် ထွက်မလာခဲ့ တော့ပါဘူး။ အခုပြည်ပကို ရောက်လာပြီး အချိန်နည်းနည်းရလာတော့မှ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ်အသစ်ကို ကျနော်တို့ ဖတ်ခွင့်ကြုံရတာပါ၊ ဒါလည်းဒုလ္လဘပါပဲ။ ပြည်တွင်းမှာထုတ်ဝေခွင့် မရနိုင်တဲ့ ကဗျာတွေ အများဆုံးပါတဲ့ စာအုပ်ကို ပြည်ပမှ ထုတ်ရတယ်ဆိုတာကတော့ ထူးပြီး မဆန်းတော့ပေဘူးနော်။

ပြည်တွင်းမှာပဲ ထုတ်ထုတ်၊ပြည်ပမှာပဲထုတ်ထုတ် မြန်မာဘာသာစကားနဲ့ ရေးသားထုတ်ဝေလာတဲ့ စာအုပ်ဟာ မြန်မာစာပေဘဏ္ဍာသိုက်အတွက် ထည့်ဝင်မှု။ ယနေ့ မြန်မာစာပေသမိုင်းအတွက် စိုက်ထည့်မှု့ တခုပဲ မဟုတ်လား။ ဒီအတွက် ဆရာမောင်စွမ်းရည်ရဲ့ စာအုပ် (မှိုင်းမှသည် မိုးထိအောင်)ကို ကျနော်တို့စာဖတ်သူတွေ စာရေးသူတွေက လှိုက်လှိုက်လှဲလှဲကြို ဆိုကြရမယ်။

ဆရာမောင်စွမ်းရည်ရဲ အခုစာအုပ်သစ်မှာ ထူးခြားချက်ကတော့ “ကြည်ညိုဂုဏ်ပြု ကဗျာစု” လို့ ရည်ညွှန်းဖေါ်ပြထားတာပါပဲ။ ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုကဗျာ ဖွဲ့ထားတာမို့ ဒီစာအုပ်ထဲမှာ ရုပ်ပုံလွှာအဖွဲ့အနွဲ့ဆန်တဲ့ ကဗျာတွေချည်းပဲ ရွေးဖတ်ကြရမှာပါ။ ဒါကြောင့် ဒီစာအုပ်ထဲမယ်တော့ ဆရာမောင်စွမ်းရည်ရဲ့ ရကန်အရေးအသားဆန်တဲ့ သရော်တဲ့ ဝေဖန်တဲ့ (ဥပမာ- အင်တာနက်သူရဲကောင်းများကဗျာတို့ နယူးယောက်ကျောက်ကပ်ဆေးနဲ့ ကဗျာတို့လို) သီးခြား ကဗျာကောင်း အများကြီးကိုတော့ ဖတ်ခွင့်မရှာဘူးပေါ့။ အဲ့ဒီသီးခြားကောင်းတာတွေကို သီးသန့်စုစည်းပြီး စာအုပ်ထုတ်ပါဦးလို့ ဓူဝံကိုအောင်ကျော်ဦးနဲ့ ဆရာစွမ်းတို့ကို တိုက်တွန်းချင်ပါတယ်)။

မြန်မာစာပေမှာ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဆိုတာကတော့ အထုပ္ပတ္တိစာပေ အမျိုးအစားထဲမယ် ပါပါတယ်။ ဆရာဒဂုန်တာရာရဲ့ “အောင်ဆန်း(သို့)အရိုင်း” တို့ “ဗဟိန်း(သို့)ကဗျာ” တို့စတဲ့ လူကိုလေ့လာခြင်း ဆောင်းပါးတွေဟာ ရုပ်ပုံလွှာအဖွဲ့အနွဲ့တွေပါ။ တနည်း အတ္ထုပ္ပတ္တိဟန် ရသစာတန်းတွေပါပဲ။

ဒီလိုပဲ အတ္ထုပ္ပတ္တိဟန် ၀ထ္ထုတို့ ဆိုတာလည်း တချို့ စာရေးဆရာတွေ ရေးကြတာရှိပါတယ်။ (ဥပမာ-ဆရာညီပုလေးရဲ့“ မြေးသူကြီး” ဆိုတဲ့ စာအုပ်က အတ္ထုပ္ပတ္တိဟန် ၀ထ္ထုပါ။ ၀ထ္ထုစာအုပ်ပါပဲ။ ဆရာကြီးရွှေဥဒေါင်းရဲ့ “တသက်တာအတွေးအခေါ်မှတ်တမ်း” ဆိုရင် ၀ထ္ထုဟန်အတ္ထုပ္ပတ္တိလို့ ရည်ညွှန်းနိုင်ပါတယ်။ ဆရာကြီးက သူ့အတ္ထုပ္ပတ္တိကို ရသနဲ့ဝထ္ထုလို ဇတ်လမ်းဖွဲ့ ရေးထားတာကလား)
ပြောရရင် ဆရာမောင်စွမ်းရည်ရဲ့ အခု“မှိုင်းမှသည် မိုးထိအောင်” ကဗျာစာအုပ်ထဲက ကဗျာအားလုံး( စုစုပေါင်း ၈၅ ပုဒ်)ဟာ ကဗျာအဖွဲ့ခံပုဂ္ဂိုလ်တွေရဲ့ ရုပ်ပုံလွှာပါပဲ။ တချို့ လျှပ်တပြက် ရုပ်ပုံလွှာ။ တချို့ ကန်လန့်ဖြတ်ဘေးတိုက် ရုပ်ပုံလွှာ။ တချို့ ခဲခြစ်ကောက်ကြောင်းရုပ်ပုံလွှာ။ တချို့ တကြောင်းဆွဲ။ တချို့ စုတ်ပြားခတ် ရုပ်ပုံလွှာ။ တချို့ ပန်းချီလိုဆိုရင်တော့ တချို့ကဗျာတွေက Portrait ဖြစ်မယ်။ တချို့ကဗျာတွေကိုတော့ sketch လိုပဲ ဆိုချင်တယ်။ တချို့ကဗျာတွေဟာ ဆေးရောင်စုံ တက်ခနီကာလာ၊ တချို့ကဗျာတွေကတော့ အဖြူအမည်း ဘက်လက်ခ်အင်ဝှိုက်၊ ရုပ်ရှင်လို ပြောပြန်ရင် - တချို့ကဗျာတွေကတော့ Long Shot။ တချို့ကဗျာတွေက Close up ဆိုပါတော့။ ကဗျာတွေကတော့ ရသအစုံစုံ ဒဿန အဖုံဖုံပါပဲ။ တချို့ အနံ့တသင်းသင်း တချို့အဆင်းတလှလှ။

ဒီစာအုပ်မှာ ဖွဲ့သူနဲ့ အဖွဲ့ခံသူ ပုဂ္ဂိုလ်နှစ်ဦးနှစ်ဖက်ရဲ့ အဆက်အစပ်က အင်မတန် အရေးကြီးပါတယ်။ ဖွဲ့သူမောင်စွမ်းရည် ဘာလဲ ဘယ်လဲ၊ အဖွဲခံပုဂ္ဂိုလ်တွေ ဘာလဲ ဘယ်လဲ၊ ဖွဲ့သူကတော့ အခုနေမှာ ပြောရရင် သူပုန်ကဗျာဆရာပါပဲ။ (အနုပညာသူပုန်စိတ် ဆိုတာကတော့ ပြည်တွင်းမှာကတည်းက ကျနော်တို့ ကဗျာဆရာတွေ ရှိပြီးသားပါ)။

နအဖ စစ်အာဏာရှင် စနစ်ကို ခြေဆုံးခေါင်းဖျား ပုန်ကန်နေတဲ့ ကဗျာဆရာ။ Exile Poet ။ ဒါဖွဲ့သူရဲ့ ရပ်တည်ချက်ပါ။ အစိုးရ ဆန့်ကျင်ရေးသမား ဒီမိုကရေစီ လှုပ်ရှားရေးသမားဖြစ်နေတာကလဲ ကဗျာဆရာရဲ ဂုဏ်ပုဒ်ဖြစ်နေပါပြီ။

ဆရာမောင်စွမ်းရည် ကဗျာဖွဲ့ ဂုဏ်ပြုတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ပြန်တော့ ယောမင်းကြီးဦးဖိုးလှိုင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးဖေမောင်တင်၊ ဇော်ဂျီ ၊ မင်းသုဝဏ်၊ ဗိုလ်ချူပ်အောင်ဆန်း၊ ဆရာမောင်ထင်၊ ဆရာတော်ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ လူထုဒေါ်အမာ၊ ဂျွန်တကာမီ (ဂျပန်)၊ ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ)၊ ဒေါက်တာသန်းထွန်း၊ တင်မိုး၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်)၊ လူထုစိန်ဝင်း၊ လေးမောင်(မြင်းခြံ)၊ နီမောင်၊ ဒဂုန်တာရာ၊ပါရဂူ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကြည်အေး၊ ဗိုလ်မှုးချူပ်ကျော်ဇော၊ ဒေါ်ခင်မျိုးချစ်၊ ဗိုလ်ချူပ်ကတော် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချူပ်ကြီး(ဟောင်း)သူရဦးတင်ဦး၊ (ဦး)၀င်းတင် (ဟံသာဝတီ)၊ ကြေးမှုံဦးသောင်း (အောင်ဗလ)၊ ကိုဖုန်းသစ်၊ မောင်အောင်ပွင့်၊ ငြိမ်းသစ်၊ မင်းကိုနိုင်၊ ထက်မိုး၊ ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင်ကျော်သူ၊ ရဲဘော်ဘိုဇံ၊ ဖဒိုမန်းရှာလဖန်း၊ မာမာအေးနဲ့ ကာယကံရှင်၊ ဆရာမောင်စွမ်းရည်ရဲ့ မိဘနှစ်ပါး (ဦးသိန်းဖေ၊ ဒေါ်တင်ကြည်)။

ကဗျာဖွဲ့ခံပုဂ္ဂိုလ်တွေဟာ မြန်မာ့နိုင်ငံရေး တလျှောက်မှာ မြန်မာစာပေရေစီးကြောင်း တလျှောက်မှာ၊ သူ့ခေတ် သူ့အနေနဲ့သူ ကြီးကျယ်မြင့်မြတ်ခဲ့ကြတဲ့သူတွေပါပဲ။ အဖွဲ့ခံပုဂ္ဂိုလ်တွေ ဘက်က သမိုင်းဝင်ပြီးသားပါပဲ။

ကျနော်တို့ ဒီစာအုပ်မှာ အကဲဖြတ်ကြရမှာက သမိုင်းဝင်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ကဗျာတွေဟာ သမိုင်း ၀င် မ၀င်ဆိုတဲ့ ကိစ္စပါပဲ။ တရုတ်ခေါင်းဆောင်ကြီးလဲဖြစ် ကဗျာဆရာလဲဖြစ်တဲ့ မော်စီတုန်းက သူ့အနေနဲ့ “တော်လှန်တဲ့သမိုင်းကို တော်လှန်တဲ့ ခံစားမှုနဲ့ ကဗျာရေးတာပါပဲ …” လို့ပြောဖူးပါတယ်။ ပထမအချက်အနေနဲ့က ဆရာမောင်စွမ်းရည်ရဲ့ ဒီကဗျာတွေမှာ တော်လှန်တဲ့ ခံစားမှုအမြင် အပြည့်အ၀ရှိနေတာပါပဲ။

ကျနော်တို့ဟာ စာပေ (ရသစာပေ)နဲ့ သမိုင်းကို မော်ကွန်းတင်ကြတယ်ဆိုရာမယ် အနုပညာမြောက် “တင်” နိုင်ဖို့ဆိုတာကလဲ သိပ်ကိုအရေးကြီးလှတဲ့ အချက်ပဲ။ ကျနော်တို့ ရေးဖွဲ့ မော်ကွန်းတင်တဲ့ သမိုင်း(လူထုသမိုင်း)ဟာ ရသမြောက် ပရိသတ်ရင်ထဲကို စွဲမြဲရောက်ရှိသွားရတယ်။ ဒီပေတံနဲ့ တိုင်းမယ်ဆိုရင်လဲ ဆရာမောင်စွမ်းရည်ရဲ့ အခုစာအုပ်ထဲက ကဗျာတွေမှာ အနုပညာမြောက်မှုကို တွေ့ရမယ်။ တော်လှန်တဲ့ အမြင်လဲရှိတယ်၊ အနုပညာမြောက်မှုကိုလဲ တွေ့ရတယ် ဆိုရင် ဒါပြည့်စုံနေပါပြီ၊ ဒါမျိုးကို တော်လှန်စာပေ၊ တော်လှန်အနုပညာလို့ခေါ်တာပါပဲ။

ကဗျာရေးဖွဲ့သူရဲ့ ခံစားမှုအတွေးအခေါ်က တနည်း ရင်ခုန်သံဒဿနက တော်လှန်ရေး ကျရမယ်၊ ပြည်သူ့ဖက်က ပြတ်ပြတ်သားသားရပ်တည်ရမည်၊ ဒီမိုကရက်တစ်ဖြစ်ရမယ်၊ ဒီနေရာ ပြောစရာရှိတာက ဒီလိုတော်လှန်ရေးကျ ပြည်သူ့ဘက်ကရပ် ဒီမိုကရက်တစ်တဲ့ အတွေးအခေါ် ဒဿနတွေ ရင်ခုန်သံ ခံစားမှုတွေနဲ့ ရေးဖွဲ့တိုင်း ကဗျာကောင်းဖြစ်လာမယ်ရယ်လို့တော့ မျှော်မှန်းလို့ မရဘူးဆိုတာပါပဲ။

ကဗျာဆရာရဲ့ ကဗျာဖွဲ့ပုံဖွဲနည်း အလင်္ကာအလုပ်ကလဲ အရေးတကြီး လိုအပ်နေသေးမင့်ပဲ ဟာကိုး။ ကဗျာဆရာက ပရိသတ်ရင်ထဲ အသည်းထဲရောက်အောင် ရသမြောက် ရေးနိုင် သီနိုင် ဖွဲ့နိုင်ဖို့ အတတ်ပညာ အားထုတ်မှုပြုဖို့ လိုပါသေးတယ်။

ဆရာမောင်စွမ်းရည်ဟာ ၀ါရင့် သမ္ဘာရင့် ကဗျာဆရာကြီးတဦးပါ၊ နိုင်ငံရေးခေတ်မျိုးစုံ၊ စာပေခေတ် မျိုးစုံကိုလည်း ဖြတ်သန်းလာခဲ့ပြီးပါပြီ။ အခုစာအုပ်ထဲက ကဗျာတွေကို အထူးတလည် ညွှန်းဆိုနေစရာ ချီးမွမ်းနေစရာ မလိုအပ်လှပါဘူး။ ပရိသတ်ကိုယ်တိုင်ကသာ စာအုပ်ရှာကြည့်ပြီး ခံစားကြည့်ကြပါတော့။

ဒီကဗျာစုဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း (မှိုင်း) ကနေပြီး ဆရာဦးတင်မိုး (မိုး) အထိ ဆရာမောင်စွမ်းရည် ဖြတ်သန်းခဲ့ရတဲ့ သမိုင်းခေတ်တွေထဲက ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ဖွဲ့ထားတာ ဆိုပေတဲ့ တကယ်က ဒီကဗျာတွေဟာ မြန်မာ့နိုင်ငံရေးသမိုင်း၊ အမျိုးသားဒီမိုကရေစီလှုပ်ရှားမှုသမိုင်း၊ လူထုတော်လှန်ရေးသမိုင်းကို ကောင်းကောင်း ထင်ဟပ်နေတယ်ဆိုတာပါပဲ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တခေတ်တခါတုန်းက သခင်စိုးနဲ့ သခင်သန်းထွန်းတို့ နှစ်ယောက်ကို ရည်ညွှန်းပြီး (ဂရုဏာဒေါသောနဲ့)၊
“ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့
စိုး နဲ့ သန်း” လို့ ရေးဖွဲ့ခဲ့တာကို ဆရာမောင်စွမ်းရည်က ဒီစာအုပ်ထဲမှာ
“ကိုယ်ကျိုးမငဲ့စတမ်း
နထိုးနဲ့ ဇဂျမ်းဆီက
မိုး နဲ့ စွမ်း” ဆိုပြီး ဖွဲ့ထားပါတယ်။ (တင်မိုးနဲ့ မောင်စွမ်းရည်ကို ရည်ညွှန်းတာပါ)
ဒီစာအုပ်ထဲမှာ အကျုံးဝင်ပေမဲ့ ဆရာမောင်စွမ်းရည်က သူ့ရဲ့အကျော်ကြားဆုံး အကောင်းဆုံး လက်ရာဖြစ်တဲ့ “အမေခေါ်သံ” ကဗျာကိုတော့ ပြန်ထည့်မထားပါဘူး။

ဆရာမောင်စွမ်းရည်ဟာ ခေတ်ကို မျက်ခြေမပြတ်ဘူး ၊ အမိမြေကို မမေ့လျော့ဘူး။ ဖိနှိပ်သူ အစိုးရ အကြောင်းလဲ သိတယ်။ အဖိနှိပ်ခံ ပြည်သူတွေ အကြောင်းလဲ သိတယ်။ ဝေးခရီးကပေမဲ့ အရေးကြီးရင် သွေးစည်းတယ်။ ဒီကဗျာကို ဖတ်ကြည့်လိုက်ပါ။

ဒီမိုဂါထာ
ငရဲလားချင်
စစ်ထဲဝင်။
ကုသိုလ်ယူချင်
ကျော်သူနဲ့တိုင်ပင်။
ကြောက်မွေးပါ
ဇာဂနာနဲ့ နှုတ်။
တနေ့ သုံးခါ
ရွတ်ဆိုပါ
ဂါထာ ဤ သုံးပုဒ်။ ။ ( ၂၀၀၇ အောက်တိုဘာ ၆)

ဒါဟာ ရွှေဝါရောင်တော်လှန်ရေးကြီးပြီးစမှာ ရေးလိုက်တဲ့ ကဗျာပါပဲ။ ဒီနေ့အထိ ဆရာမောင်စွမ်းရည်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကဗျာတွေ မပြတ် ရေးနေဆဲပါ။ အခုစာအုပ်ထဲက ကဗျာတွေအပြင် ဆရာမောင်စွမ်းရည် ရေးခဲ့တဲ့အခြားကဗျာတွေပါ အားလုံးဟာ ဘယ်အပေါ်မှာ အခြေခံတာလဲဆိုရင်တော့ အဖြေက တခွန်းတည်းပါပဲ။ အဲဒါ “အိမ်လွမ်းစိတ်” ပဲ။

နည်းနည်း ထပ်ပြီး ပြောမယ် ဆိုရင်တော့ “အိမ်လွမ်းစိတ် အမှန်တရား” ပါပဲ။
အင်္ဂလိပ်ကဗျာဆရာ ရှယ်လီရဲ့ “ငါတို့ရဲ့ အကောင်းဆုံးတေးတွေ ဆိုတာ၊ အဆွေးဆုံးအတွေးကို ပြောပြတဲ့ တေးတွေပေါ့” ဆိုတဲ့ စာသားကို ကိုးကားပြီး ပြောရမယ် ဆိုရင်တော့ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာတွေဟာ အလွမ်းဆုံးအတွေးကို ပြောပြတဲ့ တေးတွေပဲ မဟုတ်ပါလား။
လွမ်းသူရဲ့ တေး၊ လွမ်းတေး ပေါ့။
လွမ်းတေး မဆုံးပါစေနှင့် ဆရာစွမ်း ခင်ဗျား။ ။

(ဒီဇင်ဘာ ၂၈၊ ၂၀၀၉)