Monday, July 26, 2010

Letters from Michigan - 15

မစ်ရှီဂန်မှပေးသောစာ(၁၅)


ဆန်ဖရန်စစ္စကို Alcatraz အကျဉ်းထောင်ဟောင်း နောက်ခံဖြင့် တွေ့ရသော ကဗျာဆရာ အောင်ဝေး (ဓာတ်ပုံ-မိုးမခ)

- - - နအဖ စစ်အုပ်စုနဲ့ ပူးပေါင်းသွားတဲ့ သစ္စာဖောက်တွေ တွေ့နိုင်သလို၊ နအဖ တပ်မတော်ထဲကနေ ပြတ်ပြတ် သားသား ရုန်းထွက်ပြီး ပြည်သူ လူထုနဲ့ပူးပေါင်း တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေလည်း တွေ့နိုင်တာပဲ - - -

မိတ်ဆွေကြီး ကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ဧရာဝတီ မြစ်ကြီးလည်း အေးမြညင်သာ စီးပါစ။ ဒီမှာတော့ မစ္စစ္စပီမြစ်ကြီးက တငြိမ့်ငြိမ့် စီးလျက်ပါ။ မြစ်တစ်မြစ်မှာ၊ နှစ်ခါရေမိုး၊ မချိုးနိုင်ဘူး- ဆိုတဲ့ ခေါမ အဘိဓမ္မာ ဆရာကြီး ဟီရာကလိတပ်စ်ရဲ့စကား၊ ကိုဒေါင်းလည်း ကြားဖူးပါတယ်။ ဒီစကားကို ပြန်သတိရလိုက်တော့ ကျနော်လည်း အခုလိုအတွေးပေါက်သွားမိတယ် ကိုဒေါင်းရေ။

ခေတ်တစ်ခေတ်တည်းမှာ ကျနော်တို့လည်း နှစ်ခါ ကျွန်ဖြစ်မခံနိုင်ဘူး။ ဟုတ်တယ်၊ ဒီအတွေးပဲ ကိုဒေါင်း။ ဖက်ဆစ်စနစ်ဆိုး၊ စစ်အာဏာရှင် ခေတ်မျိုးထဲမှာ ကျနော်တို့ပြည်သူတွေ စစ်ကျွန်ဘ၀ ရောက်နေရတယ်။ ဘယ်သူမှ ဒုက္ခနွံနစ်၊ စစ်ကျွန်ခေတ်မှာ လူရာဝင်ချင်ကြတာ မဟုတ်ပါဘူး။

လူဆိုတာ ဘ၀မှာ တစ်ခါပဲ သေရတယ်။ နှစ်ခါ မသေဘူး။ ငှက်ဆိုတာ ပျံရင်း သေတယ်။ လူက ကြံရင်း သေရမယ်။ ကျနော်တို့ ပြည်သူတွေဟာ စစ်သံဖနောင့်အောက်က လွတ်မြောက်ဖို့ ကြံစည် ကြိုးစားရင်း၊ ရုန်းကန်ရင်း သေကြတယ်။ ကျနော်တို့ ငိုရင်း မသေဘူး။ တိုက်ရင်း သေမယ်။ ခေတ်တစ်ခေတ်တည်းမှာ ကျနော်တို့ နှစ်ခါ ကျွန်ဖြစ် မခံနိုင်ဘူးကိုဒေါင်း။

ဒီတော့ အခုလို သေရေး ရှင်ရေးတမျှ အရေးကြီးလာတဲ့ အချိန်မျိုးမှာ ကျနော်တို့ ပြတ်သားဖို့ လိုပြီ။ ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ပြတ်သားတဲ့ သဘောထား၊ ပြတ်သားတဲ့ မျှော်မှန်းချက်တွေကပဲ တိုက်ပွဲကို ရဲရဲ ခေါ်နိုင်တာပါ ကိုဒေါင်း။ ဒါကြောင့် အဓိက အကျဆုံး အနေနဲ့ ကျနော်တို့ရန်-

ရွှေဝါရောင် တော်လှန်ရေး အတွေ့အကြုံအရ ပြောရရင် ရန်-ငါ မပြတ်လို့၊ သံဃာ အသတ်ခံရတာပဲ မဟုတ်လား။ ကိုယ့်ရှေ့မှာ ဘုံရန်သူက မားမားကြီး ရှိနေတာကို မမြင်တဲ့ လူတွေကလည်း မမြင်ကြဘူး။ ဘုံရန်သူကို မမြင်နိုင် ဖြစ်နေတော့ ဘုံရန်သူရဲ့ ထောင်ချောက်ကိုလည်း မမြင်မိကြတော့ဘူးပေါ့။

ကိုဒေါင်းကြီး၊ နအဖ စစ်အစိုးရရဲ့၂၀၁၀ ထောင်ချောက်ကိုတော့ ကျနော်တို့ ပြည်သူတွေ သေနင်္ဂ ဗျူဟာမြောက် ဖောက်ထွက်ကြရတော့မယ်။ ကျနော်တို့ အဆုံးသတ် တိုက်ပွဲခေါ်ရတော့မယ်။ တိုက်ပွဲဆိုတာ ရှိတယ်။ ရန်သူ ဆိုတာ ရှိမယ်။ ရန်သူရှိရင် မိတ်ဆွေလည်း ရှိမှာပဲ။

အခြေခံ အကျဆုံး သဘောတရား အနေနဲ့ပြောရရင် ရန်-ငါစည်း၊ မိတ်-ရန်စည်း ဆိုတာနဲ့ ပတ်သက်လို့ ပထမသဘောထားက- ကိုယ့်ရန်သူရဲ့ ရန်သူဟာ ကိုယ့်ရဲ့ မိတ်ဆွေပဲ ဆိုတဲ့ အချက်။

ဒါဟာ ဘာကိုပြောချင်တာလဲ ဆိုတော့ ဘုံရန်သူကို ဆန့်ကျင်ဖို့၊ ဘုံရန်သူကို တိုက်ခိုက်ဖို့ ကျနော်တို့ဟာ ဘုံရန်သူကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အင်အားစုတွေ အချင်းချင်း ကျယ်ပြန့်စွာ မဟာမိတ်ပြုရမယ် ဆိုတဲ့ သဘောပါပဲ။

ဘုံရန်သူ၊ ဆိုပါတော့ နအဖကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အင်အားစု တစ်ခုနဲ့တစ်ခု၊ ကျနော်တို့တစ်ဦးနဲ့တစ်ဦး အယူအဆ၊ အတွေးအမြင် တူချင်မှ တူမယ်။ သဘောထား ထပ်တူထပ်မျှ ကျချင်မှ ကျမယ်။ ဒါ အရေးမကြီးပါဘူး။ ကျနော်တို့ဟာ ကိုယ်နဲ့မတူတာကို လက်ခံပေးနိုင်တဲ့၊ နားလည် အသိအမှတ်ပြုနိုင်တဲ့ စိတ်ထား ရှိဖို့ပဲ လိုတယ်။ ဒါကို ဒီမိုကရက်တစ်ဖြစ်တယ် လို့ ဆိုတာပဲ မဟုတ်လား။

ကျနော်တို့ဟာ တိုက်ပွဲကို ဘယ်လိုနေရာမှာ၊ ဘယ်လို ပုံသဏ္ဌာန်နဲ့ ဘယ်အချိန်မှာပဲ တိုက်တိုက်၊ ဘုံရန်သူကို ဦးတည် တိုက်ခိုက်နေတယ် ဆိုရင် ကျနော်တို့ အချင်းချင်းဟာ ရဲဘော်ရဲဘက်တွေပဲ၊ မဟာမိတ်တွေပဲ။ ဒီတော့ ကျနော်တို့ ဘုံရန်သူကို မျက်ခြည်မပြတ်နဲ့။ ဘုံရန်သူရဲ ၂၀၁၀ ထောင်ချောက်ကို မျက်ခြည်မပြတ်နဲ့။ ကိုယ့်ရန်သူရဲ့ရန်သူဟာ ကိုယ့်ရဲ မိတ်ဆွေပဲ ဆိုတဲ့ သဘောထားကို လက်တွေ့ နယ်ပယ်မှာ ကျနော်တို့ ကျယ်ကျယ် ပြန့်ပြန့်အသုံးချနိုင်ဖို့လိုပြီ ကိုဒေါင်း။

နောက်တစ်ချက်၊ ရန်-ငါစည်း၊ မိတ်-ရန်စည်းနဲ့ ပတ်သက်လို့ ဒုတိယ သဘောထားက- ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရ ရန်သူ မရှိ၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ် ဆိုတဲ့ အချက်။ ဒါကတော့ ရှင်းပါတယ်။ ထာဝရ အကျိုးစီးပွား ဆိုတာက လူထု အကျိုးစီးပွား၊ ပြည်သူ့ အကျိုးစီးပွားကို ဆိုလိုတာပါပဲ။ အဲဒီ ပြည်သူလူထု အကျိုးစီးပွား ပေတံနဲ့ တိုင်းတာလိုက်တဲ့ အခါကျတော့၊ NLD က ခွဲထွက်ပြီး နအဖ စစ်အုပ်စုနဲ့ သွားပူးပေါင်းတဲ့ သစ္စာဖောက်တွေ၊ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား အမည်ခံပြီး နအဖ စစ်အုပ်စုနဲ့ ပူးပေါင်းသွားတဲ့ သစ္စာဖောက်တွေ တွေ့နိုင်သလို၊ နအဖ တပ်မတော်ထဲကနေ ပြတ်ပြတ် သားသား ရုန်းထွက်ပြီး ပြည်သူ လူထုနဲ့ပူးပေါင်း တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေလည်း တွေ့နိုင်တာပဲ မဟုတ်လား။

နိုင်ငံရေးမှာ မိတ်ဆွေကနေ ရန်သူဖြစ်သွားတာမျိုး၊ ရန်သူကေ နမိတ်ဆွေ ဖြစ်လာတာမျိုးဟာ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါပေမဲ့ အခုလို သေရေး ရှင်ရေးတမျှ အရေးကြီးနေတဲ့ အချိန်မျိုးမှာ ကျနော်တို့ဟာ ရန်သူကို မိတ်ဆွေဖြစ်အောင် မလုပ်နိုင်ရင်တောင်မှ၊ကိုယ့်ရဲ့မိတ်ဆွေဖြစ်သူကိုတော့ ရန်သူဘက် ပါမသွားအောင် ဂရုစိုက်သင့်တယ် မဟုတ်လား။

ကျနော်တို့မှာ ပြည်သူလူထု အကျိုးစီးပွားပဲ ရှိပါတယ်။ မည်းမည်းမြင် ရန်သူထင်တာက နအဖပါ။ ကျနော်တို့ မဟုတ်ပါဘူး။ NLD အပါအ၀င် ကျနော်တို့ အားလုံးဟာ ဒီအချိန်မှာ ဘုံရန်သူကို ရင်ဆိုင်ဖို့ ကျယ်ပြန့်စွာ မဟာမိတ် ပြုထားတဲ့ ဒီမိုကရေစီ တပ်ပေါင်းစုကြီး ဖြစ်နေရမယ် မဟုတ်လား ကိုဒေါင်း။

အားလုံးကို သတိရလျက်-
အောင်ဝေး

(၄-၂၈-၁၀)

(ဤအသံလွှင့်ဆောင်းပါးကို ကဗျာဆရာ စောဝေ မလွတ်မီက လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

Sunday, July 18, 2010

Letters from Michigan - 14

မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ပြီးခဲ့တဲ့မတ်လ ကမ္ဘာ့ကဗျာနေ့တုန်းက ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာ လှုပ်ရှားမှု သတင်းတွေ ကြားရ ဖတ်ရတော့ ကျနော်တို့ ဒီမှာ အတော့်ကို ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြရပါတယ် ကိုဒေါင်း။ ဒီမှာရှိတဲ့ ဘာလော့ဂါ ကဗျာဆရာတွေကလည်း အဲဒီသတင်းကို ဓာတ်ပုံတွေနဲ့ သူတို့ ကိုယ်ပိုင်ဘလော့ဂ်တွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတယ်လေ။ ဒီမှာကတော့ ဆရာမောင်စွမ်းရည်ကို အကြီးအမှူး၊ ဦးစီး ဦးဆောင်ထားပြီး ကဗျာ လှုပ်ရှားနေကြတာပါ။

မောင်စွမ်းရည်က နယူးယောက်စီးတီးမှာ။ သစ်ကောင်းအိမ်က အင်ဒီယားနား၊ထက်ရာဇာက အော်ရီဂွန်၊ ကျော်သူမိုးမြင့်က ယူတ၊ ခိုင်မာကျော်ဇောက ပင်ဆယ်ဗေးနီးယား၊ ကျနော်က မစ်ရှီဂန်ပဲ ဆိုပါတော့။ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာတော့ ကဗျာဆရာငြိမ်းဝေ၊ မောင်လွမ်းဏီ၊ စိုးနေလင်း၊ နှင်းခါးမိုးတို့ ရှိတာပေါ့လေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ABSDF ကျောင်းသားတပ်မတော်ကနေ ပေါ်ထွက်လာတဲ့ ကဗျာဆရာတွေလည်း မနည်းပါဘူး၊၊

သူတို့အထဲကဆိုရင် နယ်စပ်မှာ ကဗျာဆရာကမာပုလဲ၊ ကယ်လီဖိုးနီးယားရောက်နေတဲ့ အောင်သာငယ်၊ အင်ဒီယားနား ဖိုတ့်ဝိန်းက ဆောင်းယွန်းလ၊ ဒါ ကျနော် လက်လှမ်းမီသလောက် ဆိုပါတော့၊ သူတို့ကို လက်နက်ကိုင် ကဗျာဆရာတွေလို့ ခေါ်ရမလားပဲ။ အခုလက်ရှိ ABSDF ကျောင်းသား တပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲ ကိုယ်တိုင်လည်း ကဗျာရေးသူတစ်ယောက်ပါ။

ပြည်ပ ရောက်လာပြီး ၊ကိုယ်ပိုင်ဘလော့ဂ်နဲ့ ကဗျာတွေ အဆက်မပြတ်ရေးတင်နေကြသူတွေထဲမှာ နယ်စပ်က ဒုက္ခသည်စခန်း တစ်ခုမှာ ရောက်နေတဲ့ခင်လွန်း၊ မယ်တော်ဆေးခန်းက ဒေါက်တာလွဏ်းဆွေ၊ ဗန်ကောက် တက္ကသိုလ်တစ်ခုက ကောင်းကင်ကို၊ အမေရိကားက ဟာဝိုင်ယီမှာ နေတဲ့ မသဒ္ဒါတို့ ဆိုရင်လည်း မြန်မာကဗျာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးပမ်းနေကြသူတွေပါ။

ကဗျာဟာ ဒီမိုကရေစီတိုက်ပွဲလက်နက်တစ်ခုအဖြစ်နဲ့ အဝေးရောက်မြန်မာ ကဗျာဆရာတွေက ယုံယုံ ကြည်ကြည် ကိုင်စွဲထားကြတာပါ။ ပြည်တွင်းမှာကတော့ ကဗျာဟာ အထူးသဖြင့် လူငယ်တွေ ရေးနေတဲ့ ခေတ်ပြိုင် ကဗျာတွေဟာ စစ်အစိုးရရဲ့ အထူး ပိတ်ပင် ကန့်သတ် ချုပ်ချယ်ခြင်း ခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းဟာ ကဗျာနဲ့ မကင်းကွာဘူး။ ကဗျာဆရာနဲ့ မကင်းကွာဘူး။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာတော့ ပြည်သူတွေနဲ့ အတူပဲ ကဗျာဆရာတွေလည်း ဖိနှိပ်ခံ၊ စော်ကားခံနေရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ ဆိတ်သုဉ်းနေတဲ့ ဖက်ဆစ် သံဖနောင့် အောက်မှာ စာပေနဲ့ အနုပညာလွတ်လပ်ခွင့်ဟာ ဇီးရိုး နတ္ထိပါပဲ။

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံေ ရးသမိုင်းကို ပြန်ကြည့်လိုက်စမ်းပါ ကိုဒေါင်း။ အုပ်ချုပ်သူ၊ ဖိနှိပ်သူ၊ အာဏာရှင်တွေဟာ ကဗျာဆရာကို စိုးရွံ့ ကြောက်လန့်ခဲ့ကြတာချည်းပါပဲ။ လွတ်လပ်ရေး မရခင် ဗြိတိသျှ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရရဲ့ Black List ဆိုတဲ့ ရန်သူတော်စာရင်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို နံပါတ်တစ်အဖြစ် သတ်မှတ်ခဲ့တာပါ။

(ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံပါတ်- ၅ ပါ)

တိုင်းပြည် လွတ်လပ်ရေး ရပြီးတဲ့ ဒီဘက်ခေတ်မှာ ကျတော့ရော။ ၁၉၇၆ ခုနှစ် ဆရာကြီး သခင် ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ပွဲကို မဆလ စစ်အစိုးရက ပိတ်ပင် တားဆီးခဲ့တာပဲ မဟုတ်လား။ မှိုင်းရာပြည့် အရေးအခင်းမှာ ကျောင်းသားတွေ ထောင်ချီပြီး အဖမ်းခံခဲ့ရတာပဲ မဟုတ်လား။

န၀တ/နအဖခေတ်ကို ရောက်လာတော့ ပိုဆိုးသွားပြီ ကိုဒေါင်း။ န၀တခေတ်မှာ ပထမဦးဆုံး အဖမ်းခံရတဲ့ ကဗျာဆရာက ဆရာတင်မိုးပါ။ နောက်တော့ NLD က ကဗျာဆရာတွေ ဖြစ်ကြတဲ့ ဆရာ ဖျာပုံနီလုံဦးနဲ့ ဆရာ မုံရွာအောင်ရှင် တို့လည်း အဖမ်းခံခဲ့ကြရပါတယ်။ ကဗျာဆရာမ မစိမ်းပင် ဆိုရင် အကျဉ်းထောင်ထဲမှာ လူစဉ် မမီတော့အောင် နှိပ်စက် ညှဉ်းပန်းခံခဲ့ရတာပါ။

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊မြန်မာပြည်မှာပဲ ရှိတဲ့ စာပေစိစစ်ရေးဌာန ဆိုတာ ဂျပန်ခေတ်က ကင်ပေတိုင် အဖွဲ့ သာသာပါ။ ၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ခင်ကလေးက အဲဒီ စာပေစိစစ်ရေးကို ရောက်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ၊ ဗဟို ဌာနချုပ်၊သုတေသန ဌာနကြီးက ပြုစုတဲ့ လျှို့ ဝှက် အစီရင်ခံစာတစ်စောင် ကျနော်တို့ တစ်နည်းတစ်ဖုံနဲ့ ရခဲ့ဖူးပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ လက်ရှိ မြန်မာကဗျာဆရာတွေကို အစိုးရ ဆန့်ကျင်ရေးသမားတွေ အဖြစ် အုပ်စုတွေ ခွဲပြီး ဖော်ပြထားတာပါ။ ဥပမာဆိုပါတော့ ဆရာစွမ်းတို့၊ ဆရာကြည်အောင်တို့၊ ကျနော်တို့ကို ဗကပ တမ်းချင်း ရေးသူ တောမျှော် ကဗျာဆရာများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်ထားတာမျိုး။ ပြီးတော့ တစ်ခါ ကာရန်မဲ့ကဗျာရေးလို့ ဆိုပြီး ကျနော်တို့ လူငယ်တွေကို အမေကျော်ဒွေးတော်လွမ်း ကဗျာဆရာများ ဆိုတဲ့ တံဆိပ် တပ်တာမျိုး။ န၀တ ခေတ်မှာလည်း ဒီလို လျှို့ဝှက် အစီရင်ခံစာမျိုး ရှိတယ်လို့ ဆရာမြသန်းတင့် မကွယ်လွန်ခင်က ကျနော်တို့ကို သတိပေးခဲ့ဖူးတာ ရှိပါတယ်။

စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာတော့ ကဗျာဆရာတွေလည်း တောထဲရောက်၊ ထောင်ထဲရောက်၊ ရေဝေးရောက် ဖြစ်ကုန်ကြပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကနေ ၀င်ရောက်အရွေးခံပြီး အနိုင်ရခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်တို့၊ ဆရာ ဗန်းမော်ညိုနွဲ့ တို့ကို စစ်အစိုးရက အငြှိုး အတေး ကြီးကြီး ထားခဲ့ပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ ဆိုရင် ကွယ်လွန်သွားတဲ့အထိ စာရေးခွင့် မရခဲ့တော့ပါဘူး။

NLD ကို ထောက်ခံ အားပေးတဲ့ အတွက် ဆရာ ကြည်အောင် နဲ့ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်) တို့ကို စစ်အစိုးရက စာရေးခွင့် ထာဝရ ပိတ်ပင်ခဲ့ပါတယ်။အခု ဆရာကြည်အောင် ကွယ်လွန်ခဲ့ပါပြီ။ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ကဗျာရေးလို့ ထောင်ချခံနေရတဲ့ ကဗျာဆရာ စောဝေနဲ့ ဘလော့ဂါ နေဘုန်းလတ်တို့ အကျဉ်းထောင်က ပြန် မလွတ်သေးပါဘူး။

ဘာနဲ့တူနေသလဲ ဆိုတော့ နအဖ စစ်အစိုးရဟာ ကဗျာဆရာကို အာဏာလုဘက် ထင်ပြီး မတရား ဖမ်းဆီး နှိပ်စက်နေတာမျိုးပါ ကိုဒေါင်း။

အားလုံးကိုသတိရလျက်-

အောင်ဝေး

၎ - ၁၉ - ၁၀

(ဤအသံလွှင့်ဆောင်းပါးကို ကဗျာဆရာ စောဝေ မလွတ်မီက ရေးသား ထုတ်လွှင့်ခဲ့သည်။ မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၁၄ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

Saturday, July 10, 2010

Letters from Michigan - 13

မစ်ရှီဂန်မှပေးသောစာ(၁၃)

မိတ်ဆွေကြီးကိုဒေါင်း

ကျန်းခံ့သာလို့ မာပါစ။ ဒီမှာတော့ နွေဦးရောက်ပြီ ကိုဒေါင်းကြီး။ ဘာပဲဖြစ်ဖြစ် နွေဦးပေါက်ရင် ကျနော်တော့ ရင်ခုန်မိတာ အမှန်ပါပဲ။ အခုလည်း ဆရာဒဂုန်တာရာရဲ့’’နှင်းယွန်းဟေမန်’’ ကဗျာကနေ ငခါး (ကွမ်းခြံကုန်း) ရဲ့’’မတ်လ ရင်ခုန်သံ’’ ကဗျာတွေ အထိ ကျနော် သတိရနေတာပါ။

အဝေးရောက် မြန်မာနိုင်ငံသားတွေရဲ့ဘဝဟာ အမိနိုင်ငံ၊ အမိမြေရဲ့ ကောင်းမှု ဆိုးမှုတွေနဲ့ ကင်းကွာမနေဘူး။ အမိနိုင်ငံ၊ အမိမြေရဲ့ နာကြည်းမှု၊ ခံပြင်းမှုတွေဟာ အဝေးရောက် မြန်မာနိုင်သားတွေရဲ့ ဘဝကို ရိုက်ခတ်နေတာပါပဲ။ ပြောရရင် ကိုဒေါင်းရေ၊ ဒီက အဝေးရောက် မြန်မာနိုင်ငံသားတွေရဲ့ စိတ်အတက်အကျဟာ အမိနိုင်ငံ၊ အမိမြေက ပင်မတိုက်ပွဲရေစီးပေါ်မှာ မူတည်နေတာပါပဲဗျာ။ တိုက်ပွဲဟာ မပြီးသေးဘူး။ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးဟာ ရေရှည်ပဲ။

ကျနော်တို့ တိုင်းပြည် မလွတ်မြောက်သေးဘူး။ ကျနော်တို့ သူ့ကျွန်ဘဝ ရောက်နေတာ မဟုတ်ဘူး။ ကျနော်တို့ကို ဘယ်တိုင်းတစ်ပါး လူမျိုးခြားကမှ လာရောက် ကျွန်ပြု အုပ်ချုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ စစ်ကျွန်ဘဝ ရောက်နေရတာ။ ကိုယ့်အမျိုးသားချင်း လက်နက်အားကိုးနဲ့ မတရားကျွန်ပြု အဓမ္မ ဖိနှိပ်ခံနေရတဲ့ ဘဝကို ကျနော်တို့ ကျရောက်နေတာပါ ကိုဒေါင်း။

ကျနော်တို့ သိုးကလေးတွေလို ခေါင်းငုံ့ခံပြီး လည်စင်းပေးနေတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အားမတန် မာန်လျှော့ပြီး ဒူးထောက် အရှုံးပေးနေတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုက်ပွဲ ဝင်နေကြတာပါ။ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဟာ အတိုင်းအဆမရှိ ကြမ်းတမ်း ပင်ပန်းလှပါတယ်။ တိုက်ပွဲစဉ်ကြီး တစ်လျှောက် ပေးဆပ်ရတာတွေ၊ ဆုံးရှုံးရတာတွေလည်း များပြားလွန်းလှပါတယ်။ ခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးတော်ပုံတွေမှာ အသက် ပေးလှူသွားခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားတွေ မနည်းလှပါဘူး။ ခေတ် အဆက်ဆက် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဝေးလံ စွန်ဖျားလှတဲ့ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင် ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မနည်းတော့ပါဘူး။

တိုက်ပွဲဟာ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုအချိန်ဟာ NLD အတွက်သာမက ပြည်သူ တစ်ရပ်လုံး အတွက်ပါ အဆုံးသတ်တိုက်ပွဲ ဆင်ဖို့ အဆုံးအဖြတ် ပြုရမယ့် ကာလကို ရောက်နေတဲ့ အချိန်ပါ။ တော်လှန်ရေး ဒီရေ အမြင့်ဆုံးကို ပြန်ရောက်လာတဲ့ အခြေအနေပါ။ ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တိုင်ရင်းသား ပြည်သူ တစ်ရပ်လုံး နိုးကြားတက်ကြွတဲ့ အနေ အထား ရောက်နေပါပြီ။ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုက်ပွဲဟာ အဝေးက ကျနော်တို့ ဆီကိုလည်း ရောက်လာပါပြီ။ အားလုံးဟာ အကောင်းဆုံးကို မျှော်လင့်ရင်း တစ်ပြိုင်နက်တည်းမှာ အဆိုးဆုံး အတွက် အသင့် ပြင်ထားကြပါပြီ။

ဒါဖြင့်ရင် ကျနော်တို့ ဘာလိုသေးလဲ၊ ဒီလို မေးစရာ ရှိလာတယ်။ ဟုတ်တယ် ကိုဒေါင်း။ ကျနော်တို့ အမှန်လိုသေးတယ်။ အဲဒါကတော့ တကယ့် ညီညွတ်ရေးပဲ။ စစ်မှန်တဲ့ ညီညွတ်ရေးပဲ။

ဒီ/ချုပ် လို့ အတိုကောက် ခေါ်တဲ့ NLD အတွက်ပဲ ဖြစ်ဖြစ်၊ ဒီ/လှုပ်လို့ အတိုကောက်ဆိုကြတဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ ဘယ်စစ်အာဏာရှင် စနစ်ဆန့်် ကျင် တိုက်ဖျက်ရေး အင်အားစုတွေ အတွက်ပဲ ဖြစ်ဖြစ်၊ သေရေး ရှင်ရေး တမျှ အရေးတကြီး လိုအပ်နေတဲ့ အချက်က ညီညွတ်ရေးပါ ကိုဒေါင်း။ ကျနော် ဆိုလိုတဲ့ ညီညွတ်ရေးက ကော်နဲ့ကပ်တဲ့ ညီညွတ်ရေး မဟုတ်ပါဘူး။ တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး ကျနော် ပြောချင်တာ မဟုတ်ပါဘူး။

ကျနော်တို့ရဲ့အနီးကပ်ဆုံးအနစ်နှစ်ဆယ်သမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့ဟာ ညီညွတ်သင့်တဲ့ အချိန်မှာ အပြည့်အဝ ညီညွတ်ခဲ့ကြလို့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဆင်နွဲပြီး မဆလ စစ်အစိုးရ သမ္မတ သုံးဆက်ကို ဆက်တိုက် ဖြုတ်ချနိုင်ခဲ့ကြတယ်။ တစ်ဆက်တည်းမှာပဲ ကျနော်တို့ဟာ ညီညွတ်ရမယ့် အချိန်မှာ (ခေါင်းဆောင်တွေရော၊ နောက်လိုက်တွေပါ) အပြည့်အဝ ညီညွတ်မှု မရှိခဲ့လို့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြိုခွဲခံရပြီး စစ်တပ်က ထပ်မံ အာဏာသိမ်းတာကို ခံခဲ့ကြရတာပဲ မဟုတ်လား ကိုဒေါင်းရဲ့။

ညီညွတိရေးနဲ့ ပတ်သက်လို့ ကျနော်တို့ မဆလခေတ် ကျောင်းသား တိုက်ပွဲတွေမှာ ကျင့်သုံးခဲ့ကြတဲ့ ညီညွတ်ရေးမူ (၄) ချက်ကို ပြန်ပြောပြပရစေ။ အဲဒါတွေကတော့ (၁) စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး နိုင်ငံရေးလမ်းကြောင်းကို မဆန့်ကျင်ဖို့။ (၂)

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ အင်အားစုများကြား သပ် မလျှိုဖို့။ (၃) ဒီမိုကရေစီ အင်အားစု အချင်းချင်း ဗြောင် ဝေဖန် တိုက်ခိုက်တာမျိုးမလုပ်ဖို့ (ဆိုလိုတာက ညီညွတ်ရေး -ဝေဖန်ရေး - ညီညွတ်ရေး ပေတံကို ကိုင်စွဲဖို့ )

နောက်ဆုံးအချက် အနေနဲ့ (၄) ပုဂလိက အကျိုးစီးပွား အတွက်၊ အဖွဲ့ အစည်း အကျိုး စီးပွား အတွက် စစ်အာဏာရှင်တွေနဲ့ ဘယ်လို အပေး အယူမှ မလုပ်ဖို့။ ဒါပါပဲ ကိုဒေါင်း၊ ဒီညီညွတ်ရေးမူ (၄) ချက်ဟာ ဒီိနေ့ လက်ငင်း တိုက်ပွဲအတွက်လည်း ကိုက်ညီ အကျုံးဝင်နေတာပဲ မဟုတ်လား ကိုဒေါင်း။

အရေးကြီးတာကတော့ တိုက်ပွဲပါပဲ။ တိုက်ပွဲ မရှိရင် မညီညွတ်ချင်ကြဘူး။ တိုက်ပွဲရှိမှ ကျနော်တို့ဟာ တစ်ဦးနဲ့ တစ်ဦး ကျောချင်းကပ် ရင်ချင်းအပ်ပြီး ညီညွတ်ကြတာမဟုတ်လား။ ဒါကြောင့် ကိုဒေါင်းရေ၊ ဆရာဦးဝင်းတင် ပြောသလို ရန်သူနဲ့ သူသေ ကိုယ်ရှင် တိုက်ပွဲဝင်ဖို့ ကျနော်တို့ အစွမ်းကုန် ညီညွတ်ကြပါစို့။

အားလုံးကို သတိရလျက်-

အောင်ဝေး
၎-၁၂-၁၀


Sunday, July 4, 2010

Letters from Michigan - 12

မစ်ရှီဂန်မှ ပေးသောစာ (၁၂)


မိတ်ဆွေကြီး ကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ဒီရက်ထဲတော့ ရုန်းကန် လှုပ်ရှားရတာတွေက များ၊ လူမအား စိတ်မအားနဲ့မို့ စာကိုတောင်မှ ဖြောင့်ဖြောင့်တန်းတန်း မဖတ်နိုင်ခဲ့ပါဘူးဗျာ။

စာရေးဆရာ စာမဖတ်လို့ မရဘူး။ ကဗျာဆရာ စာမဖတ်လို့ မရဘူး။ သတင်းစာဆရာ စာမဖတ်လို့ မရဘူး။ စာနယ်ဇင်း လောကသား စာမဖတ်လို့ မရဘူး။

စာရေးဆရာ တယောက် ကဗျာဆရာ တယောက်ဟာ ဘဝကို ၂ နေရာ ၂ ဌာနမှာ အမြဲ ဖြတ်သန်း ကျင်လည်နေရမယ် တဲ့။ ဆရာ မြသန်းတင့် ပြောခဲ့တဲ့စကားပါ။ စာရေးနေတဲ့ သူတွေဟာ ဘဝကို ပထမ တနေရာ ဖြစ်တဲ့ လူမှုလက်တွေ့လောကထဲမှာ လေ့လာရမယ်။ ဒုတိယ တနေရာ အနေနဲ့ စာအုပ်စာပေတွေထဲမှာ လေ့လာရမှာပဲ လို့ ဆရာမြသန်းတင့် ဆိုလိုတာပါ။

စာရေးဆရာ စာမဖတ်ရင် စာရေးလို့ ဘယ်ရမလဲ။ ကဗျာဆရာ စာမဖတ်ရင် ကဗျာရေးလို့ ဘယ်ရမလဲ။ ကျနော်တို့ အားလုံးရဲ့ စာပေဘဝ ဖြတ်သန်းမှုထဲမှာ စာဖတ်တာဟာလည်း အဓိက လိုအပ်လျက်ကြီး တရပ် အနေနဲ့ အရေးပါခဲ့တာပဲ မဟုတ်လား ကိုဒေါင်း။

ပြည်တွင်းမှာတုန်းက စာဖတ်ခဲ့တဲ့ အတွေ့အကြုံ အလေ့အထုံတွေကို ပြည်ပ ရောက်လာတဲ့ အခုနေခါမှာ ပြန်စဉ်းစား ပြန်သုံးသပ် မိတာ မျိုးတော့ ရှိပါတယ်။ ပြည်ပ ရောက်လာတော့လည်း စာက မပြတ် ဖတ်နေရတုန်းပါ။ မဖတ်လို့မှာ မရတာဘဲဟာကိုး။

ပြည်တွင်းမှာတုန်းက စာဖတ်တာနဲ့ စာရေးတာကို နှိုင်းယှဉ် အချိုးချကြည့်မယ် ဆိုရင် ကျနော့် တဦးချင်း ကိုယ်တွေ့အရ ပြောရရင်တော့ စာဖတ်တာက ဆိုလိုတာက ရေးချိန်ထက် ဖတ်ချိန်က အဆရာခိုင်နှုန်း ပိုများလိမ့်မယ် ထင်တာပဲ။

ကိုဒေါင်းရေ ကိုယ့်ရဲ့ စာပေရေ အလျဉ်ကလေး ပြတ်တောက် မသွားအောင် လောကထဲမှာ ပြည်သူတွေနဲ့ အတူ ကျင်လည်ရင်း စာအုပ် စာပေတွေထဲကိုလည်း မပြတ် လေ့လာ စူးစမ်း နေခဲ့ရတာပဲ မဟုတ်လား။

ဒီလောက် စာတွေ ဖတ်နေ မှတ်နေတာတောင်မှ တခါတခါ ကိုယ်ရေးလိုက်တဲ့ စာကို စာပေဝမ်းစာ မပြည့်ဘူးလို ဝေဖန်ခံရတဲ့ အခါမျိုးလည်း ကြုံဖူး ကြမှာပါ။ စာပေ၀မ်းစာ ဆိုတာ စာရေးဆရာ ကဗျာဆရာတွေရဲ့ ကိုယ်ခံအားပဲ မဟုတ်လား။ အဲဒီ ကိုယ်ခံအား ကောင်းနေဖို့ စာပေဝမ်းစာဆိုတာ တသက်လုံး ဖြည့်ဖြည့်ပေးနေရတဲ့ စရာပဲ မဟုတ်လား။

ပြည်တွင်းမှာတုန်းကတော့ ကိုယ့်စာပေနယ်၊ ကိုယ့်စာနယ်ဇင်း လောကက ကျယ်ကျယ်ပြန့်ပြန့် ရှိသလောက် တဦးချင်း စာပေဝမ်းစာ ဆိုတာကလည်း ကိုယ့်ရင်ဘတ်နဲ့ ကိုယ့်ဦးနှောက်နဲ့ ဆံ့သလောက် ကိုယ် ခြေဆန့်နိုင်ရင် ဆန့်နိုင်သလောက် စုနိုင်၊ ဆောင်းနိုင်၊ ဖြည့်ဆည်း နိုင်တာပေါ့။

ဒီမှာတော့ ဒီလို မဟုတ်ဘူး ကိုဒေါင်းရေ။ ပြည်ပမှာတော့ ဘယ် ဒီလိုဟုတ်ပါ့မလဲ ကိုဒေါင်းရေ။

ဒီမှာတော့ ကိုယ့်စာဖတ်ပရိသတ်ကလည်း လက်တဆုပ်စာလောက် နည်းနည်းကလေးပဲ ရှိတာ။ ကိုယ့်စာပေနယ်၊ ကိုယ့်အနုပညာကလည်း ကွက်ကွက် ကျဉ်းကျဉ်းကလေးပဲ ရှိတာ။ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား ကိုယ့်ယဉ်ကျေးမှု အနုပညာဆိုတာ ဒီလို သူများ နိုင်ငံလိုမျိုးမှာ မမေ့ပျောက်အောင်၊ မတိမ်ကောအောင် အသိရှိသူတွေက သတိနဲ့ ကတုတ်ကျင်း နက်နက် တူးပြီး ကာကွယ်စောင့်ရှောက်ထားရတာပဲ ကိုဒေါင်း။

အထူးသဖြင့်၊ အမေရိကလို လူမျိုး တရာ့တပါး ရောနှောနေထိုင်ကြတဲ့ ဒေသမျိုးမှာ စာပေချင်း၊ သာသာအဏာချင်း၊ ယဉ်ကျေးမှုချင်း တိုးမိ၊ တိုက်မိ တာတွေလည်း ရှိတတ်တာ မဟုတ်လား။ အခန့်မသင့်ရင် ပွန်းပဲ့၊ ထိခိုက် ဒဏ်ရာရသွား တာမျိုးလည်း ဖြစ်နိုင်တာပေါ့ဗျာ။

ပြည်ပမှာတော့ ကျနော်တို့ ဒုက္ခက မြန်မာစာအုပ်ကောင်းကောင်း မဖတ်ရတဲ့ ဒုက္ခပါပဲ။ စာမဖတ်ရရင် မနေနိုင်လို့၊ စာမဖတ်ရင် မဖြစ်လို့ ဟိုက ဒီက တကူးတက ရှာပြီး ဖွေပြီး ရလာတဲ့ စာအုပ်ကလေး မဂ္ဂဇင်းကလေး အချိန်လုပြီး အရသာခံ ဖတ်ကြရတာကလား ကိုဒေါင်းရဲ့။

ဒီမှာက လူတိုင်း တဖက်မှာ ဘဝရပ်တည်ရေး အတွက် ကိုယ်နဲ့ အဆင်ပြေရာ ပြေရာ အလုပ်အကိုင် တခုခုကလည်း ဒီက စီပွားပျက်ကပ် ထဲမှာ ပြုတ်မသွားအောာင် ကြိုးစားပြီး ကုတ်ကတ် လုပ်နေရသေးတာ ကိုဒေါင်းရေ။ မလုပ်လို့ မရဘူး။ ဒါ အကြီးဆုံး စိန်ခေါ်မှုပဲ။

ပြောရရင်တော့ ဒီမှာ ကျနော်တို့ စာရေးသူတွေ အဖို့ ပြည်တွင်းမှာ တုန်းကလို တွေးချိန် ရေးချိန် စိမ်ပြေနပြေ မရဘူးဗျ။ စာဆိုတာကလည်း သိတဲ့အတိုင်း အကြည်ဓာတ်ကလေး ရှိမှ ရေးလို့ရတာ။ စာမရေးခင် စိတ်ကို အရင် ကြည်လင်အောင် မွေးပြီးမှ ရေးယူကြရတာ။ ဒီမှာက စာဖတ်ဖို့တို့၊ စာရေးဖို့တို့ ဆိုတာက အိမ်နဲ့ အလုပ်၊ အလုပ်နဲ့ အိမ် ပြေးလွှား လွန်းထိုးနေတဲ့ ကြားက သီးသန့် အချိန်ပေးပြီး ဖတ်ကြရ၊ ရေးကြရတာပါ ကိုဒေါင်းရေ။

ပြောချင်တာကတော့ သူများ စာပေ ယဉ်ကျေးမှု ရေစီးကြောင်း ပြီးထဲမှာ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား ရေးအလျဉ်ငယ်ကလေးကို တသွင်သွင် စီးယူရတာ မလွယ်ဘူးဆိုတဲ့ အကြောင်းပါပဲဗျာ။

ကျနော်တို့ ကြိုးစားပြီးတော့ ဖတ်နေ၊ ရေးနေကြပါတယ်။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် ကျနော်တို့ လုပ်နိုင်တာက ဒါပဲ ရှိတာကိုး။

ကျနော်တို့ ရေးတဲ့၊ ပြောတဲ့ စာတွေ၊ အသံတွေ၊ အင်တာနက် အွန်လိုင်းပေါ်ကနေ တဆင့်၊ ရေဒီယိုတွေ ကနေတဆင့်၊ ကိုယ့်ပြည်တွင်းက ပရိသတ်တွေဆီ ရောက်နေဖို့ ကတော့ ကျနော်တို့ရဲ့ တာဝန်ပါပဲ။

ဒီနေ့ မြန်မာစာပေဟာ စစ်အာဏာရှင် စနစ်အောက်က မလွတ်မြောက်သေးတဲ့ ပြည်သူတွေအတွက် ဆက်လက် ရှင်သန်နေဆဲလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ပြည်တွင်းမှာ ပင်မရေစီးကြောင်းကြီး စီးဆင်းနေသလို၊ ပြည်ပမှာလည်း မြန်မာစာပေ ရေစီးကြောင်းငယ် တခု ရှိနေတယ်ဆိုတာ ကိုဒေါင်းတို့ ယုံကြည်စေချင်ပါတယ်။

အားလုံးကို သတိရလျက်

အောင်ဝေး

Sunday, June 27, 2010

Letters from Michigan - 11


မစ်ရှီဂန်မှ ပေးသောစာ (၁၁)
အောင်ဝေး


စာပေဟောပြောပွဲတခုတွင် တွေ့ရသော အောင်ဝေး (ဓာတ်ပုံ-မိုးမခ)

မိတ်ဆွေကြီး ကိုဒေါင်း-


ကျန်းခံ့သာလို့ မာပါစ။ “ရာစုတစ်နှစ်မှာ မျိုးဆက် လေးဆက် ရှိတယ်။ ၁၈၈၅-၁၉၈၅။ အဖိုးတွေ အဖွားတွေက နယ်ချဲ့ကို တော်လှန်ခဲ့ကြတယ်။ အဖေတို့ လက်ထက်ကျတော့ ဖက်ဆစ် ဂျပန်တွေကို မောင်းထုတ်ခဲ့ကြပြန်တယ်။ သားတို့ဟာ ဒီရာစုနှစ်ရဲ့ နောက်ဆုံးမျိုးဆက်တွေပဲ ဆိုတဲ့ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခါနီး ရန်ကုန် ဆေးရုံကြီး ပေါ်မှာ သားနှစ်ယောက် ဖြစ်တဲ့ ကိုဗဟိန်းအောင်နဲ့ ကိုကျော်ဇောအောင် တို့ကို ပြောခဲ့တဲ့ စကားတွေ ပြန်အမှတ်ရမိရာကနေ မျိုးဆက်တွေ အကြောင်း အတွေး ရောက်သွားမိတယ် ကိုဒေါင်းရေ။

မျိုးဆက်တစ်ဆက်ဟာ အနှစ် နှစ်ဆယ်၊ အစိတ် ကြာတယ်လို့ သမိုင်းဆရာတွေက ပိုင်းခြားကြတယ်။ ဗီယက်နမ်စစ်ပွဲဟာ မျိုးဆက်တစ်ဆက် ရှည်ကြာခဲ့တယ်။

ကျနော်တို့ နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဟာ ဘယ်လောက်တောင် သက်ဆိုးရှည်ခဲ့ပြီလဲ။ စစ်ရေးဗျူရိုကရက်၊ စစ်ပဒေသရာဇ်၊ စစ်တပ် အရင်းရှင်၊ စစ်အာဏာရှင်၊ တပ်မတော် အစိုးရ၊ အဲဒီလို စစ်ဗိုလ်ချုပ် တစ်စုက မတရား ဖိနှိပ် အုပ်ချုပ်၊ အဓမ္မ စိုးမိုး ချယ်လှယ်နေတဲ့ စစ်ကျွန် ဘဝက လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူ လူထု ထကြွ ရုန်းကန်လာခဲ့တဲ့ ဒီမိုကရေစီ တော်လှန်ရေးဟာ ၁၉၆၂ ကနေ စပြီး ရေတွက်လို့လာရင် ဒီကနေ့ဆို နှစ်ပေါင်း (၄၈)နှစ် တိုင်ခဲ့ပြီ မဟုတ်လား။

ဒီအနှစ် ငါးဆယ် နီးပါး တော်လှန်ရေး ခရီးရှည်ကြီးဟာ မျိုးဆက် ဘယ်နှဆက်ကို လက်ဆင့်ကမ်းခဲ့ပြီလဲ။ ၁၉၆၂ ဆဲဗင်းဂျူလိုင် အရေးတော်ပုံက ဘိုကလေး ဦးလှရွှေတို့ မျိုးဆက်ကနေ စလိုက်ရင်၊ ၁၉၇၄-၇၅-၇၆ ဦသန့် အရေးအခင်း၊ အလုပ်သမား သပိတ်၊ မှိုင်းရာပြည့် တွေမှာ ဖြတ်သန်းခဲ့တဲ့ ကျနော်တို့ မျိုးဆက်၊ အဲဒါပြီးတော့ ၁၉၈၈၊ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့ကြတဲ့ ကိုမင်းကိုနိုင်တို့ မျိုးဆက်၊ အဲဒီကနေ အခုနောက်ဆုံး ဗကသ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကိုတို့ မျိုးဆက်။

ဒီလူထု တိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲ အနှစ်ငါးဆယ်နီးပါး ခရီးရှည်ကြီး ထဲမှာ အနှစ် (၂ဝ) လုံးလုံး အကျဉ်းထောင်မှာ နေခဲ့ရတဲ့ ဆရာဦးဝင်းတင် တို့လို ပုဂ္ဂိုလ်ကြီးတွေ အကြောင်းကို ဒီရက်ပိုင်းတွေမှာ အထူးသဖြင့် နိုင်ငံရေး အကျပ်အတည်း တစ်ခုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျနော် မတွေးဘဲ မနေနိုင်ပြန်ဘူး ကိုဒေါင်းရေ။

ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အချုပ်အနှောင်၊ နေအိမ်အကျယ်ချုပ်နဲ့ နေနေရတဲ့ သက်တမ်းဟာ ၁၄-၅နှစ် မကတော့ဘူး မဟုတ်လား။

ကိုဒေါင်းရေ၊ ပြီးခဲ့တဲ့လတွေတုန်းက တောင်အာဖရိက နိုင်ငံမှာ သမ္မတဟောင်း နယ်ဆင်မင်ဒဲလားရဲ့ အကျဉ်းထောင်က လွတ်မြောက်ခြင်း အနှစ် (၂ဝ)ပြည့် အခမ်းအနား အကြီးအကျယ် ကျင်းခဲ့ကာ ခင်ဗျားလည်း ကြားခဲ့မိမှာပါ။

အသားအရောင်ခွဲခြားမှုကို တိုက်ဖျက်ရေး၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ရရှိရေး၊ တောင်အာဖရိက နိုင်ငံ လွတ်မြောက်ရေးအတွက် အကျဉ်းထောင်တွေထဲမှာ (၂၇)နှစ် တိုင်တိုင် မင်ဒဲလား နေခဲ့ရတယ်။ ၁၉၉ဝ ပြည့်နှစ်မှာ ရော်ဘင်ကျွန်း အကျဉ်းထောင် ကနေ သူ့ကို ဖမ်းထားတဲ့ အုပ်ချုပ်သူ လူဖြူအစိုးရ ဝန်ကြီးချုပ် ဒီကလပ်က သူ့ကို လွှတ်ပေးလိုက်တာပါ။

အခု ၂ဝ၁ဝ ပြည့်နှစ်ဟာ မင်ဒဲလား နိုင်ငံရေး အကျဉ်သား ဘဝ လွတ်မြောက်တဲ့ အနှစ် (၂ဝ) ပဲ။ ထောင်ထဲက အနှစ် (၂ဝ) တိုက်ပွဲဟာ နောက်ဆုံးတော့ လူဖြူစိုးရ၊ ဒီကလပ်အစိုးရက သူ့ကို လွှတ်ပေးလိုက်ရတာပါပဲ။

ပြီးတော့ ဒီကလပ်အစိုးရနဲ့ မင်ဒဲလား ပြိုင်ရတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မင်ဒဲလား အနိုင်ရပြီး တောင်အာဖရိက နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့တာပဲ။ ဒီကလပ်ကလည်း သူ့ရဲ့ အရှုံးကို ကျေကျေနပ်နပ် လက်ခံခဲ့တာပဲ။

အနှစ် (၂ဝ)နော် ကိုဒေါင်း။ အနှစ် (၂ဝ) လုံးလုံး အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ဖြတ်သန်းမှု၊ ရပ်တည်မှု၊ ယုံကြည်ချက်နဲ့ ခိုင်မာတဲ့ အတွေးအခေါ်တွေဟာ အံ့မခန်း အတုယူလောက်စရာပဲ မဟုတ်လားဗျာ။

၁၉၉၅ ဇူလိုင်၊ ဒေါ်အောင်ဆန်းစုကြည် မထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်လွတ်ချင်း ကျနော်တို့လင်မယား သွားရောက် ဂါရဝ ပြုတုန်းက ခေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကား တစ်ခွန်း ကျနော် အမှတ်ရနေပါသေးတယ်။

နယ်ဆင်မင်ဒဲလားတို့ရဲ့ အေအင်စီ ပါတီ၊ တောင်အာဖရိက တော်လှန်ရေး အောင်မြင်တာဟာ ဒီကလပ် တော်လို့ပါပဲ တဲ့။ ဒီတိုက်ပွဲမှာ ဒီကလပ်ရော၊ မင်ဒဲလားပါ တတိယ လမ်းကို ရွေးချယ်ခဲ့ကြလို့ပါပဲ တဲ့။ ဆိုလိုတာကတော့ ဒီကလပ်ဟာ သဘောထားကြီးတဲ့ ရန်သူ တစ်ယောက် ဖြစ်နေခဲ့လို့ပါပဲ ကိုဒေါင်း။

ခက်တာက နအဖ စစ်အုပ်စုပဲ ကိုဒေါင်း။ သူတို့ဟာ ဒီကလပ်တွေ မဟုတ်ကြလို့ပဲ ကိုဒေါင်း။ ဒီကလပ်ဟာ ရန်သူတော့ ရန်သူပါပဲ။ ဒါပေမဲ့ ဒီကလပ်ဟာ သဘောထားကြီးတဲ့ ရန်သူ၊ လေးစားလောက်တဲ့ ရန်သူပါ။

ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ တွေ့ဆုံ ဆွေးနွေးရေးကို တလျှောက်လုံး ပြောဆိုနေခဲ့တာပါပဲ။

မစ္စတာ ဂမ်ဘာရီနဲ့ ပါးလိုက်တဲ့ စင်ကာပူ ကြေညာချက်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဒါကိုပဲ အလေးအနက်ထား ပြောခဲ့တယ်။ မနေ့တနေ့က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ပေးတဲ့စာမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဒါကိုပဲ တစိုက်မတ်မတ် တင်ပြထားတာပဲ။

ခက်တာက နအဖ စစ်အာဏာရှင်တွေပဲ ကိုဒေါင်း။ သူတို့က လေးစားလောက်တဲ့ ရန်သူတွေ မဟုတ်ဘူးဗျာ။

ကျနော်တို့ မြန်မာ့သမိုင်းမှာ အင်းဝနဲ့ ဟံသာဝတီ အနှစ် လေးဆယ်စစ်ပွဲ အတွင်းမှာ အင်းဝဘုရင်မင်းခေါင် ကွယ်လွန်သွားတဲ့ အခါ ဟံသာဝတီဘုရင် ဖြစ်တဲ့ ရာဇာဓိရာဇ် ပြောခဲ့တဲ့ စကား လွှတ်လှတယ် ကိုဒေါင်း။

“လေးစားလောက်တဲ့ ငါ့နောင်တော် ကွယ်လွန်ရှာပြီ” တဲ့။ အဲဒါကို အင်္ဂလိပ် သမိုင်းဆရာ တစ်ယောက်က အင်္ဂလိပ်လို ဘာသာပြန်လိုက်တဲ့ အခါ ပိုတောင် လှသွားတယ် ကိုဒေါင်းရေ။ “My Sweet enemy was dead.” တဲ့။

ကျနော်တို့လည်း နောင်အနှစ် (၂ဝ)လောက် ကြာရင် ဆရာဦးဝင်းတင် အကျဉ်းထောင်က လွတ်တဲ့ အနှစ် (၂ဝ) အခမ်းအနား၊ ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ ကျင်းပနိုင်ကောင်းပါရဲ့ဗျာ။

အားလုံးကို သတိရလျက်
အောင်ဝေး
၃၊ ၂၂၊ ၂ဝ၁ဝ

(မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၉ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

Monday, June 21, 2010

Letters from Michigan - 10

မစ်ရှီဂန်မှ ပေးသောစာ - ၁ဝ
အောင်ဝေး


မိတ်ဆွေကြီး ကိုဒေါင်း -

ကျန်းခံ့သာလို့ မာပါစ။ မကြာသေးခင် လပိုင်းတုန်းက ကြားခဲ့ရ ဖတ်ခဲ့ရတဲ့ ကိစ္စ တစ်ခု အပေါ် အခြေခံပြီး ကျွန်တော် တွေးမိတာလေး တချို့ ပြောကြည့်ချင်တယ်ဗျာ။

ကိစ္စက ဟေတီငလျင် ကယ်ဆယ်ရေးအတွက် နာမည်ကျော် We are the world သီချင်းကို ဒုတိယအကြိမ် မူသစ် အသံသစ်နဲ့ ပြန်ဆို ပြန် အသံသွင်းပြီး ရန်ပုံငွေ ရှာကြတယ် ဆိုတဲ့ ကိစ္စပါ။

We are the world သီချင်းဟာ ၁၉၈၅ ခုနှစ်တုန်းက အာဖရိက အငတ်ဘေး ကယ်ဆယ်ရေး ရန်ပုံငွေ အတွက် ကယ်ဆယ်ရေး ရန်ပုံငွေ အတွက် မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ် ရစ်ချီတို့ နှစ်ယောက် ပူးတွဲ ရေးစပ်ပြီး မိုက်ကယ်ဂျက်ဆင်နဲ့ အခြား နာမည်ကြီး အဆိုတော်ပေါင်း မြောက်မြားစွာ ပါဝင် သီဆိုပေးခဲ့ကြတဲ့ ကမ္ဘာကျော် ပရဟိတ သီချင်း တစ်ပုဒ်ပဲ မဟုတ်လား ကိုဒေါင်း။

အခု ၂၅ နှစ် အကြာမှာ ဒီသီချင်းကို ဒုတိယအကြိမ် ပြန်ဆိုကြတာပါပဲ။ ဒီတစ်ခါတော့ မိုက်ကယ်ဂျက်ဆင် မပါနိုင်ရှာတော့ပါဘူး။ သူ ကွယ်လွန်သွားခဲ့ပါပြီ။ မူလက မိုက်ကယ်ဂျက်ဆင် သီဆိုခဲ့တဲ့ သီချင်း အပိုဒ် နေရာတွေ အခု သူ့ညီမ ဂျက်နက်ဂျက်ဆင်က ဝင်ပြီး ကူညီ သီဆိုပေးခဲ့တယ်လေ။

ဒီသီချင်းနဲ့ ဒီသတင်းကို ကြားတော့ ကျနော်က ၂ဝဝ၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်က မန္တလေးမှာ HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေ အတွက် ရန်ပုံငွေ ရှာဖို့ ကျွန်တော်တို့ ကဗျာရွတ်ဆိုပွဲ လုပ်ခဲ့တာကို ပြန် သတိရမိပါတယ်။

ကဗျာရွတ်ဆိုပွဲတော့ ကဗျာရွတ်ဆိုပွဲပါပဲ။ ဒါပေမဲ့ ကဗျာ မရွတ်လိုက်ရ၊ မဆိုလိုက်ရတဲ့ပွဲ ဖြစ်ခဲ့ရတာကိုတော့ ကိုဒေါင်းတို့လည်း အသိပါ။ မန္တလေးတိုင်း စစ်အာဏာပိုင်းက ပွဲမိန့် ထုတ်ပေးတော့ ကဗျာဆရာတွေ စင်ပေါ် တက်ပြီး ကဗျာ မရွတ်ရဘူး ဆိုတဲ့ ပိတ်ပင် ကန့်သတ်မှုကြီးက ပါလာပါတယ်။

ဒီတော့ ကျနော်တို့ ဘာလုပ်ခဲ့ရသလဲ ဆိုတော့ မန္တလေးမှာ ငါးမရလည်း ရေချိုး ပြန်မယ် ဆိုပြီး ရန်ကုန်က ကူညီဖို့ လိုက်လာတဲ့ ရုပ်ရှင် ဂီတ အနုပညာရှင် လူငယ် မောင်မယ်တွေ ညတွင်းချင်း သီချင်း တိုက်ပြီး ပွဲကျင်းပတဲ့ နေ့မှာ သီချင်းတွေချည်း ဆိုပြီးတော့ပဲ အလှူခံခဲ့ရတာပေါ့ဗျာ။

မန္တလေး ပရိသတ်က ရုံပြည့်ရုံလျှံ တစ်ခဲနက် အားပေးခဲ့တာပါ။ ရန်ကုန်မှာ ကျင်းပတဲ့ ပထမပွဲမှာတောင် မရခဲ့တဲ့ အလှူငွေ ၁ဝ၂ သိန်း မန္တလေးမှာ ကျွန်တော်တို့ ရခဲ့တာပါ။ ကဗျာဆရာတွေ ကဗျာမရွတ်ခဲ့ရ၊ ကဗျာရွတ်ပေးမယ့် ရုပ်ရှင်မင်းသား မင်းသမီးတွေ အဆိုတော်တွေ ကဗျာမရွတ်ခဲ့ရပေမယ့် မန္တလေး လူထုဟာ ကျွန်တော်တို့ဘက်မှာ ရပ်တည် အားပေးခဲ့ကြတာပါ။

ပွဲအသိမ်းမှာ ကျွန်တော်တို့ အားလုံး မန္တလေးက စာပေ အနုပညာရှင်တွေပါ အကုန် စင်ပေါ် တက်ပြီး ‘တို့ချစ်တဲ့ကမ္ဘာ’ သီချင်းကို စုပေါင်း သီဆိုခဲ့ကြတာ အခုထိ ကျွန်တော့ နားထဲမှာ ပြန်ကြားယောင်နေတုန်းပဲ ကိုဒေါင်း။ ဒီသီချင်းက We are the world သီချင်းကို ကိုမင်းချစ်သူ ပြန်ရေးထားတဲ့ သီချင်းပဲလေ။

နာဂစ်မုန်တိုင်းဘေးတုန်းကလည်း ပြည်တွင်းက ဂီတ အနုပညာရှင် လူငယ်တွေ သီချင်း တစ်ပုဒ် ရေးစပ်ပြီး တက်ညီလက်ညီ စုပေါင်း သီဆို ရန်ပုံငွေ ရှာခဲ့ကြတာကိုလည်း အဝေးကနေ ကြားရတဲ့ ကျွန်တော်တို့ သာဓုခေါ်ခဲ့ကြတာပါ။

ခက်တာက စစ်အစိုးရပဲ ကိုဒေါင်း။ ကျွန်တော်တို့ HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေ အတွက် ရန်ပုံငွေ ရှာဖွေပွဲ လုပ်တာ လူမှုရေး လုပ်ငန်းကို လုပ်တာပါ။ စာပေ အနုပညာရှင်တွေ နာဂစ် ကူညီရေး လုပ်တာလည်း လူမှုရေး လုပ်ငန်း လုပ်တာပါပဲ။ နာရေး ကူညီမှု အသင်းတွေ ဆိုရင် လူမှုရေး လုပ်ငန်း၊ ပရဟိတ လုပ်ငန်းတွေရဲ့ အကောင်းဆုံး သာဓကတွေပေါ့။

ခက်တာက စစ်အစိုးရပဲ ကိုဒေါင်း။ စစ်အစိုးရက လူမှုရေး လုပ်ငန်းတွေကို ပိတ်ပင်တယ်။ တားဆီးတယ်။ လူမှုရေး လုပ်ငန်း လုပ်နေတဲ့သူတွေကို ချုပ်ချယ်တယ်။ ကန့်သတ်တယ်။ ပြည်သူ့အကျိုးပြု ပရိဟိတအလုပ် လုပ်ပြီ ဆိုရင် စစ်အစိုးရက နည်းအမျိုးမျိုး အနှောင့်အယှက် အဟန့်အတားတွေ ပေးတော့တာပဲ။ စစ်အစိုးရဟာ နိုင်ငံရေး လုပ်နေတဲ့ သူတွေကို ဖမ်းဆီး ထောင်ချသလို လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း လုပ်နေတဲ့ သူတွေကိုလည်း ဖမ်းဆီး ထောင်ချနေတာ လူတိုင်း အသိပဲ မဟုတ်လား ကိုဒေါင်း။

ဒီလို ယုတ်ညံ့တဲ့ အလုပ်မျိုးကို လိပ်ပြာမလုံတဲ့သူတွေကပဲ လုတ်တတ်ကြတာပါ။ လိပ်ပြာမလုံတဲ့သူတွေဟာ အမှန်တရားကို မျက်နှာချင်းဆိုင်ရမှာ သေမလောက် ကြောက်ကြပါတယ်။ တကယ်ကတော့ လိပ်ပြာ မလုံတဲ့သူတွေဟာ အမှန်တရားကို ဆုပ်ကိုင်ထားသူတွေ၊ အမှန်တရားဘက်က ရပ်တည်နေတဲ့သူတွေကို ရင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့နေကြတဲ့ လူကြောက်တွေပါ။

ဒါဟာ လိပ်ပြာ မလုံတဲ့ အစိုးရပဲ။ ဟုတ်တယ် ကိုဒေါင်း။ လိပ်ပြာ မလုံတဲ့ အစိုးရ ဆိုတာ လိပ်ပြာလည်း မသန့်၊ လိပ်ပြာလည်း မလှတဲ့ အစိုးရပဲ။

မိတ်ဆွေကြီး ကိုဒေါင်း၊ ပြောလက်စနဲ့ ဆက်ပြီး ပြောရရင်တော့ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ ‘မိန်းမရှာအစိုးရ’ ဆိုတဲ့ စကားလုံးကို အခု ကျွန်တော် ပြန် သတိရမိတယ်ဗျာ။

ဒီစကားလုံးကတော့ နဝတ/နအဖခေတ် စကားလုံး မဟုတ်ပါဘူးဗျာ။ မဆလ အစိုးရခေတ် ၁၉၆ဝ-၇ဝ ဒုတိယအခေါက် ကိုကိုးကျွန်း အကျဉ်းစခန်းကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။ ပြောခဲ့တဲ့သူကိုလည်း ကြည့်ဦး၊ တခြားလူ မဟုတ်ဘူး၊ ကျနော်တို့ ဆရာ ဗန်းမော်တင်အောင်ပါပဲ။

အဲဒီကျွန်းမှာတုန်းကပေါ့ဗျာ။ ဗန်းမော်တင်အောင်ရဲ့ စာဖတ်ပရိသတ် တစ်ဦး ဖြစ်နေတဲ့ ထောင်အာဏာပိုင်ကြီးကြီး တစ်ယောက်က ဆရာ ဗန်းမော်တင်အောင်ကို ပုဂ္ဂိုလ်ရေးအရ အကူအညီ လိုရင် ပြောပါ တဲ့။ အဲဒီ အခါ ဆရာ ဗန်းမောင်တင်အောင်က ဘာပြန်ပြောလိုက်သလဲ ဆိုတော့ -

‘ကျနော် ပုဂ္ဂိုလ်ရေးကိစ္စ ဘာမှ ပြောစရာ မရှိပါဘူး။ ခင်ဗျားတို့ အစိုးရနဲ့ ပတ်သက်လို့တော့ ပြောချင်တယ်၊ ခင်ဗျားတို့ အစိုးရဟာ တော်တော် တရားမဲ့တဲ့ အစိုးရပဲ။ အပြစ်မဲ့တဲ့လူတွေကို ဖမ်းပြီး ကျွန်းပေါ်မှာ ကိုယ်ထူကိုယ်ထ အကျဉ်းချထားတယ်။ ၁၆၊ ၁၇ နှစ် အရွယ် ကျောင်းသားလေးတွေတောင် ပါတယ်။ အပြစ်ရှိတယ် လို့ ယူဆရင် တိုင်းသိပြည်သိ ကြေညာပြီး ရုံးတင် တရားစွဲပေါ့။ အခုတော့ လူသိမခံဝံ့ဘဲ ဒီကျွန်းလေးပေါ်မျာ ခိုးပြီး နှိပ်စက်နေတယ်။ ထောင်အခွင့်အရေးလည်း အပြည့်အဝ မပေးဘူး။ ပြောရရင် သတ္တိမရှိတဲ့ မိန်းမရှာအစိုးရပဲ’

အဲဒီလို ဗန်းမော်တင်အောင် ပြန်တုံ့ပြန်ပြောခဲ့တာ ကျွန်းပြန်ရဲဘော်ကြီးတွေ ပြန်ပြောပြလို့ ကျွန်တော်တို့ ကြားခဲ့ရဖူးတယ်လေ။

အားလုံးကို သတိရလျက်-
အောင်ဝေး
၃-၁၅-၁ဝ

(မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၉ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

Sunday, June 13, 2010

Letters from Michigan - 9

မစ်ရှီဂန်မှ ပေးသောစာ - ၉

မိတ်ဆွေကြီး ကိုဒေါင်း -

ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ကန့်လန့်ကာ နောက်ကွယ်က ပုဂ္ဂိုလ်တွေအကြောင်း တွေးမိတာလေး ပြောကြည့်ချင်တယ်။ သမိုင်းမှာ လူထုတိုက်ပွဲမှာ အရေးတော်ပုံတွေမှာ အလွန် အရေးပါတဲ့ တာဝန်တွေကို ကန့်လန့်ကာ နောက်ကနေ လူမသိ၊ သူမသိ ထမ်းဆောင်သွားခဲ့ကြသူတွေ အကြောင်း ကျနော် ပြောချင်တာပါ။

ဆရာကြီး မင်းသုဝဏ်ရဲ့ ‘ဖိုးမောင်လာပြီ’ နဲ့ ‘သူ့မှာတမ်း’ ကဗျာ နှစ်ပုဒ်မှာ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသွားတဲ့ အညတရတွေ အကြောင်းကို ဆရာကြီး မင်းသုဝဏ်က ဂုဏ်ပြု ရေးဖွဲ့ထားခဲ့တာ အားလုံး ဖတ်ဖူးကြမှာပါ။

အခု ကျနော် တွေးမိ သတိရမိတဲ့ သူတွေကတော့ အညတရတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ နိုင်ငံသိ ကမ္ဘာသိ ပုဂ္ဂိုလ်ကြီးတွေပါ။ ပြီးတော့ သူတို့ဟာ စာရေးဆရာ သတင်းစာဆရာကြီးတွေပါ။

သူတို့ဟာ စာရေးဆရာအဖြစ် သတင်းစာဆရာအဖြစ် သူတို့ ဘ၀ ဖြတ်သန်းမှုထဲမှာ ထင်ရှားပြီးသားပါ။ ကျနော်က သူတို့ကို ကန့်လန့်ကာနောက်က လူတွေ လို့ ဘာကြောင့် ပြောရတာလဲ ဆိုရင်တော့ ဒီလိုပါ ကိုဒေါင်း။ သူတို့ရဲ့ နိုင်ငံရေးဘ၀ကို သူတို့ကိုယ်တိုင်က ဘယ်တုန်းကမှ ဟိတ်ဟန်လုပ် ဂုဏ်ဖော်ပြီး ထုတ်ပြောခဲ့တာမျိုး မရှိခဲ့လို့ပါပဲ။

သူတို့ကတော့ တခြားသူတွေ မဟုတ်ကြပါဘူး။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ လူထုဦးလှ နဲ့ ဂျာနယ်ကျော် ဦးချစ်မောင်တို့ပါပဲ။ ဒီ စာရေးဆရာ၊ သတင်းစာရာကြီးတွေဟာ မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြတယ် ဆိုတာ နှောင်းလူငယ်တွေ သိမှ ဖြစ်မယ် ကိုဒေါင်း။

ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ စာပေ ဘ၀ကိုတော့ လူအများ သိပြီးသားပါ။ ဒါပေမဲ့ သူတို့ရဲ့ နိုင်ငံရေးဘ၀ကိုကျတော့ သိသူ နည်းပါလိမ့်မယ်။ ဒါကလည်း ကာယကံရှင်တွေ ကိုယ်နှိုက်က မလိုအပ်ဘဲ ထုတ်မပြောခဲ့လို့က တစ်ကြောင်း ဖြစ်မယ်။

ဥပမာ ဆိုပါတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်။ ဒေါ်ခင်မျိုးချစ် ဆိုရင် လွတ်လပ်ရေး မော်ကွန်းဝင် ပုဂ္ဂိုလ်ပါ။ သူ မော်ကွန်းဝင်တစ်ဦး ဆိုတာ သိသူ နည်းပါတယ်။ ဒေါ်ခင်မျိုးချစ်၊ လူထု ဒေါ်အမာ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ၁၉၁၅ တစ်နှစ်တည်းဖွားတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းက အာဇာနည်။ လူထုဒေါ်အမာက ၁၉၃၆ တက္ကသိုလ်သပိတ်မှောက် ကျောင်းသူ၊ ဗကသ အမေ။ ဒေါ်ခင်မျိုးချစ်ကျတော့ကော။

ဂျပန်ခေတ် မရမ်းခြံ စစ်ဝန်ကြီးရုံးမှာ ဒေါ်ခင်မျိုးချစ်က ဟန်ဆောင် စာရေးမ ၀င်လုပ်တယ်။ သူက တစ်ဦးတည်းသော စစ်သမီး ဆိုကြပါစို့ရဲ့။ အဲဒီအချိန်က ရွှေတောင်ကြားမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်နု၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း စတဲ့ ခေါင်းဆောင်တွေ နေကြပါတယ်။

ဒေါ်ခင်မျိုးချစ်က စစ်ရုံးမှာ လူလစ်ပြီ ဆိုရင် ရုံးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မီးဖိုချောင်လို နေရာကလေးကို သွားသွားပြီး ရေဒီယို ခိုးခိုး နားထောင်ရတယ်။ ရေဒီယိုက လာတဲ့ ကမ္ဘာ့သတင်း အထူးသဖြင့် စစ်ရေးသတင်းတွေကို လိုက်ပြီး ကူးရတယ်။ ဒီ လျှို့ဝှက်သတင်းတွေကို ဆွဲခြင်းကလေးထဲ ဖုံးဖိထည့် သိုသိုသိပ်သိပ် လက်က ဆွဲပြီး ရွှေတောင်ကြားက သခင်နုတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆီကို သွားသွားပို့ရတယ်။ အင်မတန် လျှို့ဝှက် လုပ်ခဲ့ရတဲ့ အလုပ်ပေါ့။ ပြီးတော့ အင်မတန်လည်း အန္တရာယ်များတဲ့ အလုပ်ပဲ ကိုဒေါင်း။

အဲဒီတုန်းက ဂျပန်က ရေဒီယိုနားမထောင်ရ လို့ အမိန့် ထုတ်ထားတာ။ နားထောင်တဲ့သူ သေဒဏ် လို့ ကြေညာထားတာကလား။ အဲဒီလို အသက်နဲ့ ရင်းပြီး လုပ်ခဲ့ရတဲ့ သမိုင်း ရှိခဲ့ဖူးတယ်။ ဒီအကြောင်း ဒေါ်ခင်မျိုးချစ်ကိုယ်တိုင်တော့ ရေးခဲ့တာ မရှိပါဘူး။ သက်ကြီးစကား သက်ငယ်ကြား၊ ငယ်သူတွေက တစ်ဆင့် ပြန်ရေးတာကိုတော့ ဦးနေ၀င်းအကြောင်းတွေ ပါနေလို့ ဆိုပြီး စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ခြံထဲက လွတ်လပ်တဲ့ ဟောပြောပွဲလို နေရာမှာတောင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် မလုပ်ခဲ့ပါဘူး။ ဒါ ကန့်လန့်ကာ နောက်ကွယ်က လှပတဲ့ ဇာတ်ကွက်ကလေး တစ်ကွက်ပဲမဟုတ်လား ကိုဒေါင်း။

ပြီးတော့ လူထုဦးလှ။ လူထုဦးလှ ဆိုရင်လည်း သတင်းစာ ဆရာကြီး၊ စာရေးဆရာကြီး၊ ပုံပြင်ဆရာကြီး အဖြစ် လူတွေက ပိုသိကြတာပါ။ ကန့်လန့်ကာ နောက်က လူထုဦးလှရဲ့ နိုင်ငံရေး ဘ၀ကို သိသူ နည်းမယ်။ အထက်မြန်မာပြည် ဖဆပလ အဖွဲ့ကြီးအတွက် လူထုဦးလှ နောက်ကွယ်က ယူခဲ့တဲ့ တာဝန်တွေက အများကြီးမဟုတ်လား။ ဆရာကြီးဦးရာဇတ်ရဲ့ လျှို့ဝှက် လက်ရုံးတစ်ဖက်ပဲ မဟုတ်လား။ ဖက်ဆစ် တော်လှန်ရေး လုပ်ကြတော့ လူထုဦးလှဟာ ဗိုလ်မှူးကြီး ဗထူးအတွက် နောက်ကွယ်အတွက် နောက်ကွယ်ကနေ လက်နက် လူသူ ရိက္ခာ ရှာဖွေ ထောက်ပံ့ပေးခဲ့ပြန်တာပါ။ ဦးလှ သူ့ရဲ့ လူထု သတင်းစာကို ဗိုလ်ချုပ်အောင်ဆန်းအာဘော် သတင်းစာအဖြစ် ထုတ်ခဲ့တယ် ဆိုတာ ခုခေတ် နှောင်းလူငယ်တွေ သိချင်မှ သိကြမယ်။

ဒါပါပဲ ကိုဒေါင်း။ လူထုဦးလှဟာ အများအမြင်မှာတော့ မြန်မာပြည်ရဲ့ အန်ဒါဆင်းပဲပေါ့။ ကန့်လန့်ကာနောက်ကွယ်မှာတော့ အရေးတော်ပုံ တပ်သားကြီး တစ်ယောက်ပဲ မဟုတ်လား။

ဒေါ်ခင်မျိုးချစ်၊ လူထုဦးလှတို့လိုပဲ ဂျာနယ်ကျော် ဦးချစ်မောင် ဆိုရင်လည်း ကန့်လန့်ကာ နောက်ကွယ်က လူသား တစ်ဦးပါပဲ။

ဂျာနယ်ကျော် ဦးချစ်မောင်ဟာ ဖဆပလ အဖွဲ့ကြီးရဲ့ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ယောက်ပါ။ ဂျပန်ခေတ် တစ်လျှောက်လုံး ဂျာနယ်ကျော် ဦးချစ်မောင် ဂျပန် ခုခံ ဆန့်ကျင်ရေး လုပ်ငန်းတွေ လျှို့ဝှက် လုပ်ကိုင်နေတာ ဗိုလ်ချုပ်အောင်ဆန်းတို့ကလွဲရင် တခြားသူတွေ ဘယ်သူမှ မသိခဲ့ကြပါဘူး။

လွတ်လပ်ရေး ခရီး လမ်းခုလတ်မှာ ဦချစ်မောင် ကွယ်လွန်ရှာတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သင်္ဂြိုဟ်ခဲ့တဲ့ အဖြစ်ဟာ ဦးချစ်မောင်ရဲ့ ကန့်လန့်ကာ နောက်ကွယ်က သမိုင်း တန်ဖိုးပဲ မဟုတ်လား။

တစ်ခေတ် တစ်ခါတုန်းက အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာပဲ ဖြစ်ဖြစ် ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီ တိုက်ပွဲထဲမှာပဲ ဖြစ်ဖြစ် ကန့်လန့်ကာ နောက်ကနေ တိုင်းပြည်အကျိုး လူထုအကျိုး သယ်ပိုး ထမ်းဆောင်ခဲ့ကြတဲ့ ထမ်းဆောင်နေကြဆဲ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ အားလုံးက လေးစား အသိအမှတ်ပြုရမယ် မဟုတ်လား ကိုဒေါင်းရေ။

အားလုံးကို သတိရလျက်-
အောင်ဝေး