Wednesday, June 27, 2012

သူငယ်ချင်း မြတ်ခိုင်






ငါ မသေဘူး
ရေကူးတတ်တဲ့ မြတ်ခိုင်။

အခု
မြတ်ခိုင်မှာ
ဂျာနယ် မရှိ။

ခက်တာက
လယ်သမားတွေမှာ
လယ် မရှိတာပဲ။

မြတ်ခိုင်က
ဂျာနယ် အသိမ်းခံရ။

လယ်သမားတွေက
လယ် အသိမ်းခံရ။

မြတ်ခိုင်မှာ
ဂျာနယ်လိုအပ်သလို
လယ်သမားတွေလည်း
လယ်မြေလိုအပ်သပေါ့။

လွတ်လပ်မှုဆိုတာ
လိုအပ်မှုကို သဘောပေါက်နားလည်ခြင်းတဲ့ မြတ်ခိုင်။

မြတ်ခိုင်ရော
လယ်သမားတွေပါ
လွတ်လပ်မှု အသိမ်းခံရပါပကော။

ထွန်တုံးပေါ်က လာတဲ့လူ
ပြန်ကျတော့လည်း
ထွန်တုံးပေါ်ပဲကျမယ် မြတ်ခိုင်။

လယ်သမားတွေလို
ထွန်တုံးတိုက်ပွဲ ဆင်ပါ။

လွတ်လပ်မှုအတွက်
လွတ်လပ်မှုကို စတေးပါ။

ဓားတွေ လှံတွေ ကြားမှာ
“တရား” နဲ့ နေပါ။

တစ်နေ့ -
လယ်သမားတွေက
မြတ်ခိုင်ကို လိုအပ်လာမယ့်နေ့
အဲဒီနေ့ .... .... .... ။ ။

အောင်ဝေး
ဇွန် ၂၇၊ ၂၀၁၂

Wednesday, June 20, 2012

ေ သ ကြဲ




တက္ကသိုလ်ရိပ်သာလမ်းက
ကြမ်းတယ်။

သိမ်းမြစ်ကမ်းက
လွမ်းတယ်။

အောက်စဖို့ ဒ်ညချမ်း
အိမ်ပြန်လမ်းမှာ
လွမ်းသူ့ပန်းတွေ ဝေခဲ့တယ်။ ။

(ဒေါ်အောင်ဆန်းစုကြည်နှင့်
ဒေါက်တာမိုက်ကယ်အဲရစ် သို့ )

အောင်ဝေး
ဇွန် ၂၀-၂၀၁၂။

Monday, April 2, 2012

ဧ ပြီ စ စ် တ မ်း




စစ်အစိုးရက
အင်န်အယ်လ်ဒီကို မဲထည့်ခဲ့တယ်။

ပြည်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ခဲ့တယ်။

အနာဂတ်က
အနာဂတ်ကို မဲထည့်ခဲ့တယ်။

ကျနော်ကတော့
မဲပုံးထဲ
ဒီကဗျာပဲ ထည့်နိုင်ခဲ့တယ်။ ။

(ဧပြီ ၂-၂၀၁၂)

Tuesday, March 20, 2012

အိမ်မပြန်နိုင်သေးသူများ သမဂ္ဂ






လူမရောက်ပေမဲ့

စိတ်ကတော့ရောက်တာပဲ။
လူမရောက်ပေမဲ့
ကဗျာကတော့ရောက်တာပဲ။
နေ့မရောက်လည်း
ညတော့ရောက်တာပဲ။
လူမစွမ်းပေမဲ့
ကဗျာကစွမ်းတယ်။
လူကမပြန်နိုင်သေးပေတဲ့
ကဗျာက ခဏခဏအိမ်ပြန်တယ်။
ငါ့သူငယ်ချင်းကြီး မောင်ဒေါင်း
သူက တွံတေးသိန်းတန်ကြိုက်တော့
“ပြန်လမ်းမကြုံတဲ့ ယမုန်နာဦးဝယ်” တဲ့
တွံတေးသီချင်းအမြဲဆိုတယ်။

ဖွဟဲ့
လွဲပါစေ၊ ဖယ်ပါစေ။
ငါ့ကျတော့ မွန်ရိုးကြိုက်တယ်
မွန်ရိုးရဲ့ရုပ်ရှင်
River Of No Return ကြိုက်တယ်။

ဖွဟဲ့
လွဲပါစေ၊ ဖယ်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်
မာပါစေ၊ သာပါစေ။
လမ်းတလျှောက်
လရောင်လင်းပါစေ
နှင်းဆီသင်းပါစေ။
တံတားအောက်
တေးအမြဲစီးစေ။
ကျောင်းသားတွေလည်း
သမဂ္ဂ။
အလုပ်သမားတွေလည်း
သမဂ္ဂ။
လယ်သမားတွေလည်း
သမဂ္ဂ။
ကဗျာဆရာတွေလည်း
သမဂ္ဂ။
စာနယ်ဇင်းသမားတွေလည်း
သမဂ္ဂ။
အိမ်ပြန်ချင်သူတွေလည်း
သမဂ္ဂဖွဲ ရမယ်။
တိမ်ယံထက်မှာ
အိမ်ပြန်ငှက်ရှာရ။
ယုဇနပင်မှာ
ဖဲကြိုးဝါရှာရ။
မိတ်ဆွေထဲမှာ
ဘ၀။
ရန်သူကြားမှာ
ဘ၀။
ဘ၀က
အသိကိုပြဋ္ဌာန်းတယ်။
ငါ့ဘ၀က
ငါ့ကိုသင်ကြားတယ်။
“အရာရာဟာ
နိုင်ငံရေးရဲ့လက်အောက်ခံ” တဲ့။
ကဗျာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
ငါလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
အိမ်ပြန်ချင်တာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
အိမ်မပြန်နိုင်သေးတာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
နိုင်ငံရေးအထက်မှာ
ဘာမှမရှိ။
နိုင်ငံရေးတဖက်မှာတော့
စိမ်းစိုတဲ့လမ်းကလေးရှိလေရဲ့။ ။

အောင်ဝေး
မတ်လ ၂၀၊ ၂၀၁၂

Tuesday, January 31, 2012

ချိုးကူသံ လမ်းကလေး (၄)






“ခမ်းကို ချစ်ရင်

ပဲပုပ်ကိုလည်း ချစ်ရမယ်”

လွမ်းစရာ့ ရုပ်ရှင်
လွမ်းစရာ့ ပုံပြင်
ငယ်ငယ်တုန်းက
ချစ်ရေစင်။

ချယ်ရီတွေလည်း
ယမ်းနံ့ စွဲသလို
ပိတောက်တွေလည်း
ယမ်းနံ့ စွဲခဲ့တာပါပဲ နန်းရယ်။

လမ်းတိုင်းမှာ
ပန်းတိုင်ရှိတယ်။

ဒီလမ်းကလေးမှာ
သွေးနဲ့ ရေးတဲ့
ဇာတ်ဝင်ခန်းရှိတယ်။

ဗိုလ်ချုပ်ကသေဆိုရင်
ကျနော်တို့က သေတယ်။

ဗိုလ်ချုပ်က ရှင်ဆိုရင်
ကျနော်တို့က ရှင်တယ်။

ဒီနေ့ခေတ်က
ဗမာ တစ်ကျပ်
ကရင် တစ်ကျပ် မဟုတ်တော့ဘူး။

ဒီနေ့ခေတ်က
ကရင် တစ်ဒေါ်လာ
ဗမာ တစ်ဒေါ်လာခေတ်။

ဖြစ်နိုင်ရင်
မြစ်ဆုံမှာ
အချစ်လှုံချင်ပါရဲ့ ။

ယုံကြည်ရင်
ဒေါင်းတစ်ကောင်
ပျားရည်တစ်အိုး
လမ်းရိုးမှာ
ပန်းမိုးရွာမယ်။

ခမ်းကိုလည်း ချစ်ပါတယ်
ပဲပုပ်ကိုလည်း ချစ်ပါတယ်
ပြည်ထောင်စုကိုလည်း ချစ်ကြမယ်လေ။ ။

( ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားရဲဘော်များသို့)

အောင်ဝေး
ဇန်န၀ါရီ ၃၁၊ ၂၀၁၂

Monday, January 23, 2012

ချိုးကူသံ လမ်းကလေး (၃)




ကလေးရေ

တွေးနေခဲ့သလား။

လမင်းကြီးဟာ
အဝေးကြီး ... လို့ ။

ကလေးရေ
ဆွေးနေခဲ့သလား။

သက်တံကြီးဟာ
အဝေးကြီး ... လို့ ။

တွေးမနေနဲ့ တော့
ကလေးရယ်။

ကလေးရဲ့ အနားမှာ
ငှက်ကလေးတွေ
တေးဆိုနေရင်
အဲဒါ ... မဝေးလို့ ပေါ့ ။

ဆွေးမနေနဲ့ တော့
ကလေးရယ်။

ကလေးရဲ့ အနားမှာ
လေညင်းကလေးတွေ
ပြေးဆော့နေရင်
အဲဒါ ... မဝေးလို့ ပေါ့ ။

ကဲ ... မျက်လုံးဖွင့်ကြည့်လိုက်စမ်း
ကလေးရဲ့ နဖူးကို
ဘယ်သူနမ်းနေတာလဲ။

ကဲ ... မျက်လုံးဖွင့်ကြည့်လိုက်စမ်း
ကလေးရဲ့ ပါးလေးတွေ
ဘယ်သူနမ်းနေတာလဲ။

အဲဒီနေ့ က
တလမ်းလုံး
အပြုံးပန်းတွေပွင့်ခဲ့ပုံ။

လတ်လတ်ဆတ်ဆတ်
မျက်ရည်ထဲ
အနာဂတ်ဟာ
ဖျတ်ခနဲ ... ဖျတ်ခနဲ ... ။ ။

(ဘုံဘုံနဲ့ ဝှိုက်တီတို့သို့)


အောင်ဝေး
ဇန်န၀ါရီ ၂၃၊ ၂၀၁၂

Saturday, January 21, 2012

ချိုးကူသံ လမ်းကလေး (၂)






ဒီလမ်းမှာ

ကံ့ကော်ပွင့်တယ်
ငုဝါပွင့်တယ်
စိန်ပန်းပွင့်တယ်။

ဒီလမ်းမှာ
သေပန်းလည်း ပွင့်ခဲ့တယ်။

ဒီလမ်းကို ခွာကြည့်ရင်
သွေးစီးသံ
ကြားမယ်။

သင်တို့ 
သစ္စာကြီးရင်
မြေကြီးအောက်က ကြယ်တွေ
တောက်ပ ရှင်ပြန်မယ်။

ဒီနေ့ 
“ငါနဲ့ မတူ၊ ငါ့ရန်သူ” ခေတ်
ကုန်ပြီ။

သို့သော်
လေစုန်တော့ မစီးနဲ့ ။

အမြဲဆန်တက်နေမှ
တို့ အလံ။ ။

(ကျော်ကိုကိုနှင့် ၂၀၀၇ ရဲဘော်များသို့ )

အောင်ဝေး
ဇန်န၀ါရီ ၂၁၊ ၂၀၁၂