Wednesday, July 27, 2016

အ တိ တ် ၀ို င် (နှမငယ်ထွေး ဖြူနှင်းဖွေး သို့)

————————————-
ကျနော့်ကို၊ ကျနော်တစ်ဦးချင်းကို စော်ကားချင်သလို စော်ကားလို့ ရပါသည်။ စော်ကားခွင့်ရှိသည်ဟု ယူဆလျှင် လွတ်လပ်စွာ စော်ကားပါ။ သို့သော် … ။ ကျနော်ယုံကြည်ရာ ကဗျာလောကကြီးတစ်ခုလုံး ကိုတော့၊ ဓားနှောင့်ချေးသုတ်ကြိမ်းတာမျိုးကိုတော့ ကျနော်လက်မခံပါ။ ကျနော် လက်ပိုက်ကြည့်မနေနိုင်ပါ။

ဖြူနှင်းဖွေး ဘာလဲ၊ ဘယ်လဲ
———————————–
ဖြူနှင်းဖွေး ဘယ်သူလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘာလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘယ်တုန်းက စာစရေးတယ်ဆိုတာကိုလည်း ကျနော်မသိပါ။ ဖြူနှင်းဖွေး၏ စာပေလက်ရာ တချို့တလေကိုတော့ ကျနော် ဟိုနားဒီနားမှာ ဖတ်ဖူးသည်ဟုထင်ပါသည်။ ဖြူနှင်းဖွေးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအလွန်တွင် အုံနှင့်ကျင်းနှင့် ဖြစ်ထွန်းပေါ်ထွက်လာသည့် ONLINE စာပေ အင်အားစုတွေထဲက ဖြစ်မည်လား။
ဒါက အရေးမကြီးပါ။ အရေးကြီးသည်မှာ များမကြာသေးမီက FACEBOOK စာမျက်နှာပေါ်တွင် ဖြူနှင်းဖွေးရေးတင်လိုက်သော POST တစ်ခုသာဖြစ်သည်။ အကျဉ်းရုံး ပြန်ပြောရလျှင်၊ ထို POST တွင် ဖြူနှင်းဖွေးက မြန်မာကဗျာလောကကြီးတစ်ခုလုံးနှင့်ချီပြီး၊ ကဗျာဆရာအများစုမှာ အရက်နံ့ မွှန်နေသောကဗျာများထဲ ကျဆုံးနေကြကြောင်း ဝေဖန်ရေးသားထားပါသည်။ (အတိအကျ မူရင်း POST ကိုဖတ်ချင်သူများ၊ ဖြူနှင်းဖွေး FACEBOOK တွင်ဝင်ကြည့်နိုင်ပါမည်)

မောင်သင်းခိုင်စကား ငှားပြောရရင်
—————————————-
ကဗျာဆရာလည်း လူပဲ။ အရက်ဆိုတာလည်း လူသောက်ဖို့ စီမံထားတဲ့ အရာတစ်ခုပဲ။ ကဗျာဆရာ သောက်ချင်သောက်မှာပေါ့ ။ မသောက်တဲ့လူလည်း ရှိတာပေါ့ ။ ဘာဖြစ်သလဲ။ ဆရာမောင်သင်းခိုင်ကတော့ ဟောဒီလို ပြောခဲ့ ဆိုခဲ့ဖူးလေရဲ့ နှမငယ်။
“သောက်တာလည်း အပြစ်မဟုတ်
မသောက်တာလည်း အပြစ်မဟုတ်” ပါတဲ့လေ။
လူအများထင်နေတာက၊ စာရေးဆရာ၊ ကဗျာဆရာမှန်ရင် အရက်တော့သောက်ကြတာပဲ တဲ့။
တကယ်တော့ ဒါ မမှန်ပါ။ စာရေးဆရာတိုင်း၊ ကဗျာဆရာတိုင်းတော့ သောက်နေကြတာ မဟုတ်ပါ။ သောက်တဲ့လူ၊ မသောက်တဲ့လူဆိုတာရှိပါတယ်။ သောက်တဲ့သူကလည်း ကြိုက်လို့ သောက်တယ်။ မသောက်တဲ့သူကလည်း မကြိုက်လို့  မသောက်ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူနိုင်ဘူး မဟုတ်လား။
ဟိုးအရင် မ ဆ လ စစ်အာဏာရှင်ခေတ်တုန်းက အကြိုက်တရားအကြောင်းပြောတဲ့အခါ
“ဆိုရှယ်လစ်ကြိုက်နှစ်သက်မှု” ဆိုတဲ့ ဝေါဟာရတစ်လုံး ဖြစ်ထွန်း တွင်ကျယ်ခဲ့ဖူးတယ်။ အခုခေတ်လိုဆိုရင် “ဒီမိုကရေစီကြိုက်နှစ်သက်မှု” ပေါ့ ။ ကဗျာဆရာတွေအတွက် “ကဗျာဆရာကြိုက်နှစ်သက်မှု”
ဆိုပါတော့။

ခင်မောင်ရင် +++ ပြောကြားမယ် +++
———————————————–
ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာ (ဦး)ခင်မောင်ရင် ပြောဖူးတဲ့စကားတစ်ခွန်းကလည်း၊ နှမ ငယ်ထွေး ဖြူနှင်းဖွေး ကြားဖူးသင့်တယ်။
အရက်ဖြူ(ဘီအီး)ကို ပလာတာနဲ့မြည်းနေတုန်း၊ တပည့်ကျော်တစ်ယောက်က “ဟာ – မကောင်းပါဘူးဆရာရယ်” လို့ ၀င်ပြောတော့၊ ဆရာဦးခင်မောင်ရင်က “မကောင်းဘူးလို့ မပြောနဲ့။ မင်းအတွက် မကောင်းပေမဲ့၊ ငါ့ အတွက်တော့ ကောင်းချင်ကောင်းနေမယ်။  မကောင်းဘူးလို့ မင်းပြောလို့မရဘူး။ မင်း မကြိုက်ဘူးလို့ ပဲ ပြောခွင့်ရှိတယ်” တဲ့။
ကဗျာဆရာအများစုကို သိမ်းကြုံးပြီး၊ ကဗျာဆရာတွေ မကောင်းဘူး၊ ကဗျာတွေ မကောင်းဘူးလို့ လက်လွတ်စပယ် မပြောပါနှင့်။ အဲဒီကဗျာ(တွေ)ကို မကြိုက်ဘူ၊ အဲဒီ ကဗျာဆရာ(တွေ)ကို မကြိုက်ဘူး၊ ဒီလိုပဲ ပြောသင့်ဆိုသင့်တာပေါ့ ။
မြန်မာကဗျာလောကကြီးတစ်ခုလုံးကို ရစရာမရှိအောင် ပုတ်ခတ်ရဲတဲ့သူ၊ အခု မေးခွန်းတွေကို ဖြေကြည့်ပါ။
သင် သစ်ပင်တစ်ပင်ချင်းကို သိပါသလား။
သင် သစ်တောကြီးတစ်ခုလုံးကို မြင်ပါသလား။
တစ်တောလုံးကိုလည်း သင်မမြင်ဘူး၊ တစ်ပင်ချင်းကိုလည်း သင်မသိဘူးဆိုရင်၊သင်ဟာ တက္ကဗေဒအကန်း။

ရေတွင်းထဲကဖား
———————-
ဖားတစ်ကောင် မနေတတ်မထိုင်တတ် ဟိုခုန်သည်ခုန်လုပ်ရင်း၊ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွား တယ်။ ရေထဲမှာ ငြိမ်ငြိမ်မနေဘူး။ ရေတွင်းဝကို မော့ကြည့်တယ်။ ပြီးတော့ အာချောင်လိုက်တယ်။
“ဟား- ငှက်တွေ ပြောပြောနေတဲ့ ကျယ်ဝန်းလှချည်ရဲ့ ဆိုတဲ့ မိုးကောင်းကင်ကြီးကလည်း၊ လက်စသတ်တော့ ငါ့ ရေတွင်းဝလောက်ပဲရှိတာပါလား” တဲ့။
အဲဒီအချိန်။ လေထဲဖြတ်ပျံသန်းသွားတဲ့ ငှက်တစ်ကောင်က အာချောင်လိုက်တဲ့ ဖားရဲ့ စကားကို ကြားတော့-
“ဟဲ့- သုံးစားမရတဲ့ ငတုံးဖားရဲ့ ၊စာလေးဘာလေးလည်းဖတ်ဦး။ နင့်အမြင်မှားနေတယ်။ ကောင်းကင်၏ အစိတ်အပိုင်းကလေးတစ်ရပ်သည် ရေတွင်းဝလောက်ရှိသည်။ အဲဒီလိုပြော။ နင်ဟာ ငတုံးဖားပီပီ အနုပဋိလောမအမြင်လည်း မသိ၊ အနုပဋိလောအတွေးအခေါ်လည်းမရှိ၊ မိုက်မဲပါဘိ တက္ကဗေဒ အကန်းရယ်” တဲ့။ အဲဒီလို ပြန်ပြောလိုက်တယ်။
ပုံပြင်လေးကတော့ ဒါပါပဲ ဖြူနှင်းဖွေးရယ်။

အတိတ်၊ အစဉ်အလာနှင့် သြဇာ
—————————————
ခေတ်သစ်မြန်မာကဗျာလမ်းကြောင်း (၂၀ ရာစု)မှာ ကြီး လေးကြီး ရှိတယ်။
(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း
(၂) ဇော်ဂျီ
(၃) မင်းသုဝဏ်
(၄) ဒဂုန်တာရာ။

ဒါ ကျနော်တို့ ရိုသေမြတ်နိုး တန်ဖိုးထား လေးစားရတဲ့ အစဉ်အလာကြီးသူ၊ သြဇာကြီးသူတွေပါ။

ဒီလို ဆရာသမားကြီးတွေက ခေတ်အဆက်ဆက်၊ မျိုးဆက်အဆက်ဆက် ကျနော်တို့ ကဗျာဆရာတွေ အပေါ် ဝေဖန်ခဲ့တာမျိုး၊ ချီးမွမ်းခြေကျောက်လုပ်ခဲ့တာမျိုး မရှိမဟုတ်၊ ရှိခဲ့ပါသည်။ ကျနော်တို့ က သူတို့  ချစ်လို့ ပြောတာပဲလို့ယူဆခဲ့ကြပါသည်။
ဆရာမင်းသုဝဏ်က “ကာရန်မပါရင် ကဗျာမဟုတ်” ဆိုတဲ့အယူအဆကို သေတဲ့အထိဆုပ်ကိုင် သွားခဲ့ပါသည်။ ဆရာဒဂုန်တာရာက “ကာရန်မရှိရင် ကဗျာကိုဘာနဲ့ရေးမလဲ။ ကဗျာမှာ ကာရန်ပါရမယ်” အဲဒီလို မေးခွန်းထုတ်ခဲ့ဖူးတယ်။
ကျနော်တို့ က ကာရန်ကို လက်လွှတ်ခဲ့ကြပြီ။ ကာရန်ကိုစွန့်ခဲ့ကြတယ်ပေါ့ ။ လိုအပ်လို့စွန့်တာပါ။ ကြာပါပြီ။ ဆရာမင်းသုဝဏ်ရဲ့ ကာရန်အယူအဆကို ကျနော်တို့ ပြန်လည်မချေပခဲ့ကြပါဘူး။ ဆရာ ဒဂုန်တာရာရဲ့ ကာရန်အယူအဆကိုလည်းကျနော်တို့ တုန့်ပြန်မဖြေရှင်းခဲ့ကြပါဘူး။ ကျနော်တို့ က ကဗျာကို ကာရန်(စနစ်)မသုံးတော့ဘဲ၊ စကားပြောနရီ (SPEECH RHYTHM) နဲ့တစ်လျှောက်လုံး ရေးလာခဲ့ကြတာပါ။

ဆရာမင်းသုဝဏ်က ကျနော်တို့ထက် အများကြီး တတ်ကျွမ်းနားလည်တဲ့၊ ထိုးထွင်းသိမြင်တဲ့ ကဗျာက၀ိကြီးတစ်ဦးပါ။ ဆရာမင်းသုဝဏ်က “ရွာလိုရွာလော့ မိုးနတ်သား” ဆိုတဲ့ကဗျာတစ်ပုဒ် ရေးပြသွားတယ်။ (အင်းလျားကန်သို့ အို ကူးတို့ ကဗျာစာအုပ်တွင်ရှုပါ)
ကဗျာမှာ ကာရန်ကိုအားမပြုဘူးဆိုရင်၊ ဘယ်ဟာကိုအားပြုရမလဲ။ ဆရာမင်းသုဝဏ်က ကဗျာ့နရီသဘော(စကားပြောနရီ)ကို “လုပ်” ပြသွားတာပါပဲ။ ရွာလိုရွာလော့ မိုးနတ်သား ကဗျာ မှာ အစဉ်အလာကာရန်စနစ် မပါပါဘူး။

ပြီးတော့ ဆရာဒဂုန်တာရာ။ ဆရာကတော့ အစဉ်အလာ မြန်မာကဗျာစပ်ထုံးစပ်နည်းအရ ကာရန်(ကာရန်စနစ်)ကို သူပြောလိုရင်းဖြစ်သည်။ သူ့ အမြင်က ကာရန်လောက်နှင့် ရပ်တန့်သွားသည် မဟုတ်ပေ။ ဆရာဒဂုန်တာရာက “ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့စေနဲ့” လို့ သင်ကြားခဲ့တာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့ ဟာ ဆရာမင်းသုဝဏ်ဆီက နရီ(စကားပြောနရီ)နည်းပညာကို ရခဲ့တယ်။ ဆရာဒဂုန်တာရာဆီက အဘိဓမ္မာ(လောကအမြင်)ကိုရခဲ့တယ်။ ဒါပဲ မဟုတ်လား။
ဒီ ဆရာသမားကြီး၊ မဟာက၀ိကြီးနှစ်ဦးစလုံးဟာ၊ ကျနော်တို့ ကဗျာဆရာတွေကိုရော ကျနော်တို့ ကဗျာလောကကြီးတစ်ခုလုံးကိုပါ အဆိုးမြင်နဲ့ တစ်ခါဘူးမျှ မဝေဖန်ခဲ့ကြဖူးပါ။

ဒေါင်းနွယ်ဆွေ၊ အောင်သင်း
——————————-
တစ်ခါတုန်းက(၁၉၈၅) ဆရာဒေါင်းနွယ်ဆွေက ကာရန်မဲ့ကဗျာ ဆိုတာနဲ့ပတ်သက်လို့ ပေဖူးလွှာ မဂ္ဂဇင်း အင်တာဗျူးမှာ ကာရန်မဲ့ကဗျာ(စစ်စစ်)ဆိုတာ ဟောဒီလိုရေးရတယ်ဆိုပြီး ရေးပြသွားပါသည်။
တချို့ လူငယ်တွေရေးနေကြတာက ကာရန်မဲ့ မဟုတ်ဘဲ၊ ကာရန်ပျက်တွေပဲလို့ ပြောဆိုထုနှက် လိုက်တုန်းက ကျနော်(တို့)ပြန်တုန့်ပြန်ခဲ့ကြဖူးပါသည်။

ဒါက ကဗျာအတတ်ပညာပြဿနာတစ်ခုပဲ ဖြစ်ပါသည်။ ကျနော်တို့ ပြန်တုန့်ပြန်ရာမှာ ဆရာဒေါင်းနွယ်ဆွေ၏ အစဉ်အလာနှင့်သြဇာကို ကျနော်တို့ မထိပါး၊ မစော်ကားခဲ့ကြပါ။ ဆရာဒေါင်းကလည်း မင်းရို့ကဗျာဆရာတွေ အသုံးကိုမကျဘူး၊ မင်းတို့ ကဗျာတွေလည်း အလကားပဲရယ်လို့ တစ်ခါဘူးမျှ မပြောခဲ့ဖူးပါ။
နောက်တစ်ခါ၊ ဆရာဦးအောင်သင်း။ ၁၉၈၆ မှာ ပေဖူးလွှာအင်တာဗျူးမှာပါပဲ။ ဆရာဦးအောင်သင်းက “လူထုကိုစည်းရုံးလှုံ့ဆော်နိုင်စွမ်း နိမ့်မြင့် တန်းစီကြည့်လိုက်မယ်ဆိုရင်၊ ကဗျာက ဟိုး နောက်ဆုံးတန်းလောက်မှာ ရောက်နေပါလိမ့်မယ်” ဆိုပြီး ထိုးနှက်လိုက်တုန်းကလည်း၊ ကျနော်(တို့) အသည်းအသန် ပြန်ချေပခဲ့ကြဖူးပါသည်။

ဒါက ပျံ့နှံ့မှုပြဿနာပဲဖြစ်သည်။ ဥပမာ- ကဗျာထက်စာလျှင်၊ ကာတွန်းက လူထုကြား (စာဖတ်ပရိသတ်ကြား) ပိုမိုပျံ့နှံ့ရောက်ရှိတယ်လို့ ယူဆသလိုမျိုးပါ။ ကျနော်တို့က ကဗျာဆရာမာန်၊ ကဗျာဆရာမာနနဲ့ နောက်ဆုံးတန်းရောက်နေတယ်အပြောခံရတာကို နာကျင်ခံခက်ဖြစ်ပြီး ပြန်လည် ချေပခဲ့ကြတာပါ။ ဆရာဦးအောင်သင်းလက်က သင်းတို့ကဗျာတွေ ဘယ်လောက်များအသုံးကျလို့ လဲ ဆိုပြီး တစ်ခါဘူးမျှ မရေးခဲ့ဖူးပါ။

မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်
—————————————
ဆရာမြသန်းတင့်ဆိုတာ အင်မတန်ကြီးကျယ်ထင်ရှားတဲ့စာရေးဆရာကြီးပါ။ ကဗျာလောကကို ထဲထဲဝင်ဝင် စောင့်ရှောက်ပါတယ်။ ကိုယ်တိုင်လည်း “စက္ကူမြင်း၊ တောင်တွင်းရထား” လိုပင်ကိုရေး ကဗျာတွေ ရေးခဲ့သလို၊ မောင်သစ်တည်နာမည်နဲ့ “ဇီမာလမ်းဆုံ” လိုနိုင်ငံရပ်ခြားကဗျာတွေကိုလည်း မြန်မာပြန်ခဲ့သူ။ နှမငယ်ဖြူနှင်းဖွေးလည်းသိပါတယ်။
ဒီလိုဆရာသမားကြီးတစ်ဦးကတောင်၊ ကျနော်တို့ ကဗျာဆရာ၊ ကဗျာလောကကို အရက်နံ့ မွှန်ထွန်နေတာပဲဆိုပြီး၊ သိမ်းကြုံးပြီး ဗုံးမခွဲခဲ့ပါဘူးဗျာ။

နှမငယ်ရယ်၊ ဒီဘက်ခေတ်မှာ လူကြီးတွေနဲ့ လူငယ်တွေ ကဗျာနဲ့ပတ်သက်လို့ အချေအတင်ရှိ ကြ၊ အငြင်းအခုံဖြစ်ကြဆိုရင်လည်း၊ အလွန်ဆုံးက “မင်းတို့ခေတ်ပေါ်ကဗျာတွေကို စာဖတ်ပရိသတ်က နားလည်ပါ့ မလား” ဆိုတာမျိုး အမေးခံရရုံလောက်ပါ။
ဆရာဒဂုန်တာရာက ဆရာတက္ကသိုလ်ဘုန်းနိုင်ကိုမေးတယ်။ “ဒီနေ့လူငယ်တွေရေးနေတဲ့ ခေတ်ပေါ်ကဗျာတွေကို နားလည်သလား”
ဆရာတက္ကသိုလ်ဘုန်းနိုင် ပြန်ဖြေတယ်။ “ခံစားမှုနဲ့နားလည်ယူပါတယ်” တဲ့။

ဆရာဒဂုန်တရာက “ခံစားမှုနဲ့နားလည်တယ်ဆိုရင် လက်ခံပါတယ်” လို့မှတ်ချက်ချခဲ့ဖူးပါတယ်။ (အကျယ်ကို- အုပ်ဖွဲ့ပျံသန်းလာသော ၉၅ ကဗျာငှက်များ စာအုပ်၊ မန်းချောင်းလရောင် စာအုပ်တိုက်က ထုတ်ခဲ့တာ၊ အဲဒီမှာကြည့်ပါ)
နှမငယ်ထွေး ဖြူနှင်းဖွေးရေ။

လူကြီးတွေက ကျနော်တို့ ငယ်သူတွေကို ဝေဖန်ခဲ့၊ ထောက်ပြခဲ့၊ သုံးသပ်ခဲ့၊ (အပြစ်တင်ခဲ့) တယ်ဆိုရင်လည်း၊ အဲဒီလောက်ပါပဲ။
ညည်းကျခါမှ၊ ကဗျာတစ်လောကလုံးကို အရက်နဲ့ကိုင်ပြီး၊ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက် လိုက်တော့၊ စိတ်မခိုင်တဲ့ကဗျာဆရာတွေကလည်း၊ မခိုင်တဲ့အလျောက် အပြိုင်သောက်လိုသောက်၊ အသောက်ပြိုင်လိုပြိုင် ဖြစ်ကရော။ စိတ်မယိုင်တဲ့ ကဗျာဆရာတွေကျတော့လည်း။ အတိုင်အဖောက်ညီညီနဲ့ ညည်းအပေါ် အပြိုင်ဟောက်လိုဟောက်၊ အဟောက်ပြိုင်လိုပြိုင် ဖြစ်ပြန်ရော။
ဒီလိုနဲ့၊ကိုယ့်မှာလည်း စိတ်မနိုင်လို့၊ အတိတ်ဝိုင်ခွက်ကို၊ ပိတ်ကိုင်မိလျက်သားပေါ့ နှမငယ်ထွေး ငယ်ပါသေးရေ။

နောက်နောင်တော့ ကဗျာဆရာတွေနဲ့ ကဗျာလောကထဲကို ကျွဲပြဲစီးပြီး ၀င်မလာပါလေနဲ့။ ။

ေ အ ာ င္ ေ ၀ း

ဇူလိုင် ၂၇- ၂၀၁၆ 

Saturday, July 23, 2016

အ ေ ရ း ေ တာ် ပုံ … ပြ ည်ေ ပြး

အမေက မွေး
ထောင်က ကျွေး
အရေးတော်ပုံ ….ပြည်ပြေး

မွေး တစ်နေ့
သေ တစ်နေ့

လာမယ့် ဘေး
ပြေး တွေ့ 

မသေခင်
ပြေ(ပြည်)၀င်သွားချင်တယ်။ ။

    ေ အ ာ င္ ေ ၀ း
    ၇- ၂၃- ၂၀၁၆။
 
    (၆၂ နှစ်ပြည့် မွေးနေ့အတွက် ရေးတဲ့ကဗျာ)

Monday, July 11, 2016

ပ င် လုံ ( ၂ )

ပင်လုံ ...
အပင်လုံမှ အပွင့်လုံမယ်
ပင်လုံ ... ။
ပင်လုံ ...
အပင်လုံမှ အသီးလုံမယ်
ပင်လုံ ... ။
ပင်လုံ ...
အပင်လုံမှ အရိပ်လုံမယ်
ပင်လုံ ... ။
ပင်လုံ ...
အပင်လုံမှ အသိုက်လုံမယ်
ပင်လုံ ... ။
....................
......................
.......................
အို ...ပင်လုံ
အသင်လုံလျှင်
ကျွန်ုပ်တို့အားလုံး
လိပ်ပြာလုံ၍
အိပ်မက်လုံပါလိမ့်မည်။ ။

ေ အ ာ င္ ေ ၀ း
(ဇူလိုင် ၁၁၊ ၂၀၁၆)

Sunday, May 22, 2016

ကဗျာဆရာမ မစိမ်းပင်ပုံရိပ်ပါတဲ့ အောင်ဝေးရဲ့ မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)

ကဗျာဆရာမ မစိမ်းပင်ပုံရိပ်ပါတဲ့ အောင်ဝေးရဲ့ မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)

(သစ်ခက်သံလွင်၊ မိုးမခ) မေ ၂၃၊ ၂၀၁၆

ကြယ်နီကြွေပွင့် ကဗျာဆရာမ မစိမ်းပင်အမှတ်တရအဖြစ် ကဗျာဆရာအောင်ဝေး RFA မှာ တင်ဆက်ခဲ့ဖူးတဲ့ "မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)" ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။
ဒီဆောင်းပါးထဲမှာ ဆရာမ မစိမ်းပင်ရဲ့နရသိန်အကျဉ်းစံပုံရိပ်တစွန်းတစကိုတွေ့မြင်နိုင်ပြီး ကဗျာဆရာတွေ ဟာ ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေကို ဘယ်လိုတုံ့ပြန် ရင်ဆိုင်ခဲ့သလဲဆိုတာနဲ့ အာဏာရှင်တွေရဲ့အငြိုးတကြီး ဘယ်လိုဖိနှိပ်ဖြိုခွင်း ချိုးခြေခဲ့သလဲဆိုတာတွေကိုလည်း တစေ့တစောင်းမြင်တွေ့နိုင်မှာဖြစ်တဲ့အတွက် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
သစ်ခက်သံလွင်
...................

အောင်ဝေး - မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)

ကဗျာဆရာမ မရီဝေ FB မှ ကူးယူပါသည်။
ဇူလိုင် ၁၉၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ပြီးခဲ့တဲ့မတ်လ ကမ္ဘာ့ကဗျာနေ့တုန်းက ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာ လှုပ်ရှားမှုသတင်းတွေ ကြားရဖတ်ရတော့ ကျနော်တို့ ဒီမှာ အတော့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ် ကိုဒေါင်း။ ဒီမှာရှိတဲ့ ဘာလော့ဂါကဗျာဆရာတွေကလည်း အဲဒီသတင်းကို ဓာတ်ပုံတွေနဲ့ သူတို့ ကိုယ်ပိုင် ဘလော့ဂ်တွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတယ်လေ။ ဒီမှာကတော့ ဆရာမောင်စွမ်းရည်ကို အကြီးအမှူး၊ ဦးစီး ဦးဆောင်ထားပြီး ကဗျာလှုပ်ရှားနေကြတာပါ။

မောင်စွမ်းရည်က နယူးယောက်စီးတီးမှာ။ သစ်ကောင်းအိမ်က အင်ဒီယားနား၊ ထက်ရာဇာက အော်ရီဂွန်။ ကျော်သူမိုးမြင့်က ယူတ၊ ခိုင်မာကျော်ဇောက ပင်ဆယ်ဗေးနီးယား၊ ကျနော်က မစ်ရှီဂန်ပဲ ဆိုပါတော့။ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာတော့ ကဗျာဆရာငြိမ်းဝေ၊ မောင်လွမ်းဏီ၊ စိုးနေလင်း၊ နှင်းခါးမိုးတို့ ရှိတာပေါ့လေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ABSDF ကျောင်းသားတပ်မတော် ကနေပေါ်ထွက်လာတဲ့ ကဗျာဆရာတွေလည်း မနည်းပါဘူး၊၊

သူတို့အထဲကဆိုရင် နယ်စပ်မှာ ကဗျာဆရာ ကမာပုလဲ၊ ကယ်လီဖိုးနီးယားရောက်နေတဲ့ အောင်သာငယ်၊ အင်ဒီယားနား ဖိုတ့်ဝိန်းက ဆောင်းယွန်းလ၊ ဒါ ကျနော် လက်လှမ်းမီသလောက်ဆိုပါတော့၊ သူတို့ကို လက်နက်ကိုင် ကဗျာဆရာတွေလို့ ခေါ်ရမလားပဲ။ အခုလက်ရှိ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲကိုယ်တိုင်လည်း ကဗျာရေးသူတယောက်ပါ။

ပြည်ပရောက်လာပြီး ၊ကိုယ်ပိုင်ဘလော့ဂ်နဲ့ ကဗျာတွေအဆက်မပြတ်ရေးတင်နေကြသူတွေထဲမှာ နယ်စပ် က ဒုက္ခသည်စခန်းတခုမှာ ရောက်နေတဲ့ ခင်လွန်း၊ မယ်တော်ဆေးခန်းက ဒေါက်တာလွဏ်းဆွေ၊ ဗန်ကောက်တက္ကသိုလ်တခုက ကောင်းကင်ကို၊ အမေရိကားက ဟာဝိုင်ယီမှာနေတဲ့ မသဒ္ဒါတို့ ဆိုရင်လည်း မြန်မာကဗျာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းကနေ ကြိုးပမ်းနေ ကြသူတွေပါ။

ကဗျာဟာ ဒီမိုကရေစီတိုက်ပွဲလက်နက်တခုအဖြစ်နဲ့ အဝေးရောက်မြန်မာ ကဗျာဆရာတွေက ယုံယုံ ကြည်ကြည် ကိုင်စွဲထားကြတာပါ။ ပြည်တွင်းမှာကတော့ ကဗျာဟာ အထူးသဖြင့် လူငယ်တွေရေးနေ တဲ့ ခေတ်ပြိုင်ကဗျာတွေဟာ စစ်အစိုးရရဲ့ အထူးပိတ်ပင်ကန့်သတ်ချုပ်ချယ်ခြင်းခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းဟာ ကဗျာနဲ့မကင်းကွာဘူး။ ကဗျာဆရာနဲ့မကင်းကွာဘူး။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာတော့ ပြည်သူတွေနဲ့အတူပဲ ကဗျာဆရာတွေလည်း ဖိနှိပ်ခံ၊ စော်ကားခံ နေရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ ဆိတ်သုဉ်းနေတဲ့ ဖက်ဆစ်သံဖနောင့်အောက်မှာ စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်ဟာ ဇီးရိုးနတ္ထိပါပဲ။

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်စမ်းပါ ကိုဒေါင်း။ အုပ်ချုပ်သူ၊ ဖိနှိပ်သူ၊ အာဏာရှင်တွေဟာ ကဗျာဆရာကို စိုးရွံ့ကြောက်လန့်ခဲ့ကြတာချည်းပါပဲ။ လွတ်လပ်ရေးမရခင် ဗြိတိသျှကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရရဲ့ Black List ဆိုတဲ့ ရန်သူတော်စာရင်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို နံပါတ်တစ်အဖြစ် သတ်မှတ်ခဲ့တာပါ။

(ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံပါတ်- ၅ ပါ)
တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်ခေတ်မှာ ကျတော့ရော။ ၁၉၇၆ ခုနှစ် ဆရာကြီးသခင် ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ပွဲကို မဆလစစ်အစိုးရက ပိတ်ပင်တားဆီးခဲ့တာပဲ မဟုတ်လား။ မှိုင်းရာပြည့်အရေးအခင်းမှာ ကျောင်းသားတွေထောင်ချီပြီး အဖမ်းခံခဲ့ရတာပဲမဟုတ်လား။
န၀တ/နအဖခေတ်ကိုရောက်လာတော့ ပိုဆိုးသွားပြီကိုဒေါင်း။ န၀တခေတ်မှာ ပထမဦးဆုံး အဖမ်းခံ ရတဲ့ ကဗျာဆရာက ဆရာတင်မိုးပါ။ နောက်တော့ NLD က ကဗျာဆရာတွေဖြစ်ကြတဲ့ ဆရာ ဖျာပုံနီလုံဦးနဲ့ ဆရာမုံရွာအောင်ရှင်တို့လည်း အဖမ်းခံခဲ့ကြရပါတယ်။ ကဗျာဆရာမ မစိမ်းပင်ဆိုရင် အကျဉ်းထောင်ထဲမှာ လူစဉ်မမီတော့အောင် နှိပ်စက် ညှဉ်းပန်းခံခဲ့ရတာပါ။
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာပဲရှိတဲ့ စာပေစိစစ်ရေးဌာနဆိုတာ ဂျပန်ခေတ်က ကင်ပေတိုင်အဖွဲ့သာသာပါ။ ၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီးမဖြစ်ခင်ကလေးက အဲဒီ စာပေ စိစစ်ရေးကိုရောက်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဗဟိုဌာနချုပ်၊ သုတေသနဌာနကြီးက ပြုစုတဲ့ လျှို့ ဝှက်အစီရင်ခံစာတစောင် ကျနော်တို့ တနည်းတဖုံနဲ့ ရခဲ့ဖူးပါတယ်။
အဲဒီ အစီရင်ခံစာထဲမှာ လက်ရှိမြန်မာကဗျာဆရာတွေကို အစိုးရဆန့်ကျင်ရေးသမားတွေအဖြစ် အုပ်စုတွေခွဲပြီး ဖော်ပြထားတာပါ။ ဥပမာဆိုပါတော့ ဆရာစွမ်းတို့၊ ဆရာကြည်အောင်တို့၊ ကျနော်တို့ကို ဗကပတမ်းချင်းရေးသူ တောမျှော်ကဗျာဆရာများဆိုတဲ့ခေါင်းစဉ်အောက်မှာ ထည့်ထားတာမျိုး။ ပြီးတော့ တခါ ကာရန်မဲ့ကဗျာရေးလို့ဆိုပြီး ကျနော်တို့လူငယ်တွေကို အမေကျော်ဒွေးတော်လွမ်း ကဗျာဆရာများဆိုတဲ့ တံဆိပ်တပ်တာမျိုး။ န၀တ ခေတ်မှာလည်း ဒီလိုလျှို့ဝှက်အစီရင်ခံစာမျိုး ရှိတယ်လို့ ဆရာမြသန်းတင့်မကွယ်လွန်ခင်က ကျနော်တို့ကိုသတိပေးခဲ့ဖူးတာ ရှိပါတယ်။
စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာတော့ ကဗျာဆရာတွေ လည်း တောထဲရောက်၊ ထောင် ထဲ ရောက်၊ ရေဝေးရောက်ဖြစ်ကုန်ကြပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကနေ ၀င်ရောက်အရွေးခံပြီး အနိုင်ရခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်တို့၊ ဆရာ ဗန်းမော်ညိုနွဲ့တို့ကို စစ်အစိုးရက အငြိုးအတေးကြီးကြီး ထားခဲ့ပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ဆိုရင် ကွယ်လွန်သွားတဲ့အထိ စာရေးခွင့်မရခဲ့တော့ပါဘူး။
NLD ကို ထောက်ခံအားပေးတဲ့အတွက် ဆရာကြည်အောင်နဲ့ ဆရာကိုလေး(အင်းဝဂုဏ်ရည်) တို့ကို စစ်အစိုးရက စာရေးခွင့် ထာဝရပိတ်ပင်ခဲ့ပါတယ်။ အခု ဆရာကြည်အောင် ကွယ်လွန်ခဲ့ပါပြီ။ စစ်အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်တဲ့ ကဗျာရေးလို့ ထောင်ချခံနေရတဲ့ ကဗျာဆရာစောဝေနဲ့ ဘလော့ဂါနေဘုန်းလတ်တို့ အကျဉ်းထောင်က ပြန်မလွတ်သေးပါဘူး။
ဘာနဲ့တူနေသလဲဆိုတော့ နအဖ စစ်အစိုးရဟာ ကဗျာဆရာကို အာဏာလုဘက်ထင်ပြီး မတရား ဖမ်းဆီးနှိပ်စက်နေတာမျိုးပါ ကိုဒေါင်း။
အားလုံးကိုသတိရလျက်-
အောင်ဝေး
၎ - ၁၉ - ၁၀

(ဤအသံလွှင့်ဆောင်းပါးကို ကဗျာဆရာစောဝေ မလွတ်မီက ရေးသားထုတ်လွှင့်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည့်ကဗျာဆရာအောင်ဝေး၏ မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၁၄ ကို လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

သ က် တံ ဆွဲ သူ များ

ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။

ဟိံ - တံငါသည်
ဇာလေ - ပိုက်ကွန်ကို
ဟေဟေးယျုံ - ဆွဲဘိသကဲ့သို့ ။

ငါတို့ သည်
သက်တံကို
ကွေးကြကုန်၏။

သို့ တည်းမဟုတ် … ။

ငါတို့ သည်
သက်တံကို
ဖြောင့်ကြကုန်၏။

ယုံကြည်သူလည်းရှိ
သံသယ၀င်သူလည်းရှိ။

ချစ်ခင်သူလည်းရှိ
ငြိုငြင်သူလည်းရှိ။

ပသို့ ရှိစေ
သက်တံကွေးလည်း
ကွေးသည့်ခဏ
တေးတစ်ပုဒ်နဲ့ 
ဘေးဒုက္ခဒဏ် ကင်းခဲ့ပြီ။

ပသို့ ရှိစေ
သက်တံဖြောင့်လည်း
ဖြောင့်သည့်ခဏ
မြားတစ်တောင့်နဲ့ 
ကျားနှောင့်ယှက်ရန် ရှင်းခဲ့ပြီ။

သြော် … သီချင်းတစ်ပုဒ်
မြားတစ်ဆုပ်နှင့်
ကျွန်ုပ်တို့ သည် …။

ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။
တံငါသည်
ပိုက်ကွန်ကို
ဆွဲဘိသကဲ့သို့ ။

ငါတို့ သည်
သက်တံကို
ဖြူအောင်ဆွဲခဲ့ကြသည်တကား။ ။

(အဖြူရောင်သက်တံလှုပ်ရှားမှု ဆယ်နှစ်ပြည့်သို့ )
ေ အ ာ င္ ေ ၀ း
မေ ၂၀- ၂၀၁၆
ခေတ္တ- မစ်ရှီဂန်။

Sunday, April 10, 2016

ေ တာ် လှ န်ေ ရး နှ င့် ပ တ် သ က် ၍

(၁) အကျဉ်းထောင်က လွတ်မြောက်စ ကျောင်းသားလူငယ် တစ်ဦးစ၊ နှစ်ဦးစ၏ ယခင်ဦးသိန်းစိန်ကြံ့ဖွတ်အစိုးရဟောင်းအပေါ် နာကြည်းခံပြင်းစိတ်အရင်းခံဖြင့် ပြောဆိုလိုက်သောစကားရပ်တချို့ ကို၊ အများက မကြိုက်နှစ်သက်နိုင်ဖြစ်ကြပါသည်။
(၂) ထိုအခါ ကာတွန်းဆရာတချို့ က "တော်လှန်ရေး" ဟူသောဝေါဟာရကို သရော်စော်ကားရာရောက်သည့် ကာတွန်းများရေးဆွဲလာကြပါသည်။
(၃) တချို့ သော ဖေ့စ်ဘုတ်စာမျက်နှာများကလည်း။ ကျောင်းသားတချို့ ကိုဝေဖန်ရင်း "တော်လှန်ရေး" ဝေါဟာရကို အောက်တန်းကျစေသည့် အရေးအသားများရေးသားလာကြပါသည်။
(၄) ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားများကြားတွင် ၀င်၍ခလောက်ဆန်ကြသော။ ယခင်ကြံ့ ဖွတ်အစိုးရဟောင်း သစ္စာရှိသူများနှင့် NLD ထဲက ခြေစုံကန်ထွက်ခဲ့သည့် သစ္စာဖောက်များပေါင်းမိပြီး၊ "တော်လှန်ရေး" ဝေါဟာရကို သေးသိမ်အောင်လုပ်ဇာတ်ခင်းကြပြန်သည်။
(၅) ဝေါဟာရသည် ဝေါဟာရသက်သက်မဟုတ်။ ဝေါဟာရနောက်တွင် အဘိဓမ္မာရှိသည်။ တော်လှန်ရေး သည် အဘိဓမ္မာမဆိုထားနှင့်၊ ဝေါဟာရအရပင် ပျက်ရယ်ပြုစရာမဟုတ်ပါ။ လုံးဝမဟုတ်ပါ။
(၆) လောကတွင် တရားမျှတမှုမရှိလျှင်၊ မလွတ်လပ်လျှင်၊ မငြိမ်းချမ်းလျှင်၊ တော်လှန်ရေးက ရှိပါမည်။ (မတော်လှန်ရဲလျှင် အသာဘေးထွက်ထိုင်နေပါ။ တော်လှန်ရဲသူကို မစော်ကားရ)
(၇) တရးမျှတ၊ လွတ်လပ်၊ ငြိမ်းချမ်းနေသည့်အခါ တော်လှန်ရေးသည် မရှိတော့ပါ။ (တော်လှန်ရေးသည် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ကူးပြောင်းရေးအတွက် မောင်းနှင်ရေး ဖြစ်သွားတာပါ)
(၈) တရားမျှတ လွတ်လပ်ပြီး ငြိမ်းချမ်းအောင် အမှန်တကယ်ဆောင်ရွက်နေသည့် အစိုးရမျိုးကို မည်သူက တော်လှန်ပါဦးမည်နည်း။ မည်သူကမှ တော်လှန်မည် မဟုတ်။
(၉) စစ်အာဏာရှင်စနစ်အောက်တွင် မိမိတို့ သည် ဒီမိုကရေစီရရှိရေးကို တိုက်ယူခဲ့ရသည်။ စစ်အာဏာရှင်ထံမှာ တောင်းယူ၍မရပါ။
(၁၀) ယခုအချိန်သည် (စစ်အာဏာရှင်စနစ် အရိပ်ဆိုး၊ အတိတ်ဆိုးတချို့ ကြွင်းကျန်နေသေးသော်လည်း) လူထုကတင်မြှောက်သည့်  ဒီမိုကရေစီအစိုးရ စတင်သည့် တိုင်းပြည်သစ်တည်ထောင်ချိန်ဖြစ်ပါသည်။
မိမိတို့ ၏လိုလားချက်များ၊ မပြည့် ဝသေးသည့်ဆန္ဒများကို၊ ယခင်စစ်အာဏာရှင်အစိုးရအဆက်ဆက်အောက်မှာလို တိုက်ယူစရာမလိုတော့ပါ။ တောင်းယူရမည့်အချိန်ဖြစ်ပါသည်။
(၁၁) အထူးသဖြင့် ကျောင်းသားများ မိမိတို့ ၏ပညာရေးလိုလားချက်များ၊ ဆန္ဒများကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးထင်ကျော်အစိုးသစ်ထံ အေးချမ်းစွာ တင်ပြတောင်းဆိုပြီး၊ ရိုးသားစွာဆွေးနွေးညှိနှိုင်းယူရမည့်အချိန်ရောက်ပြီဟု အပြည့်အ၀ယုံကြည်ပါကြောင်း။

 ေ အ ာ င္ ေ ၀ း
ဧၿပီ ၉- ၂၀၁၆။
--------------------------------------------------
ရာဟုတို့ ၊ ငဂျိမ်းတို့ ၊ မိဖြိုးတို့ ၊ သားတို့ သမီးတို့ ။
ဦးတို့ ငယ်ငယ် တက္ကသိုလ်ကျောင်းသားဘ၀က အစိုးရဆန့် ကျင်ရေးလုပ်နေတဲ့ ကျောင်းသားတွေကြားမှာ
တွင်ကျယ်ခဲ့တဲ့ စကားတစ်ခွန်းရှိခဲ့ဖူးတယ်။
"ငါတို့ ကျောင်းသားတွေရဲ့ တာဝန်က တက်လာသမျှအစိုးရ ဆန့် ကျင်ဖြုတ်ချဖို့ ပဲ" တဲ့။ (စာရေးဆရာ အောင်ကျော်စည် ရဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာသားပါ။ ၀တ္ထုမမှတ်မိတော့။ ခင်ဗျားတို့ ကိုစိန်ခေါ်တယ် ထဲကလား။ အားလုံးညာနေကြသည် ထဲကလား။ တစ်ခုထဲကပဲ)
အဲဒီစကားက အဲဒီ ဦးတို့ ခေတ်တုန်းကတော့မှန်တယ်။ တက်လာသမျှအစိုးရဟာ ဘောင်းဘီဝတ်စစ်အစိုးရ၊ ဘောင်းဘီချွတ်စစ်အစိုးရ၊ တိုက်ပုံဝတ်စစ်အစိုးရ၊ ခေါင်းပေါင်းပေါင်းစစ်အစိုးရ၊ စစ်အာဏာရှင်အစိုးရတွေချည်းဖြစ်နေလို့ ပဲ။ အဲဒီတော့ ဒီစကားမှန်ခဲ့တယ်ပေါ့ ။
ဒါပေမဲ့၊ အခု အဲဒီစကားမျိုး အခုလို ပြည်သူကရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရခေတ်မှာ၊ ဒီစကားပြောလာရင် မှန်ပါ့ မလား။ ဘယ့်နှယ်လဲ။ မှန်နိုင်ပါဦးမလား။ မမှန်နိုင်ဘူး။ လုံးဝမမှန်နိုင်ပါဘူး သားတို့ သမီးတို့ ရေ။

ကျောင်းသားနိုင်ငံရေးဟာ တည်ကြည်ရိုးသားရဲရင့်ပြီး အတွေးအခေါ်ခေတ်မီဖို့ လိုတယ်။
မင်းတို့  ဗ က သ များ အ ဖွဲ့  ချု ပ် က ထုတ်တဲ့ကြေညာချက်ကိုလက်ခံတယ်။ ကြိုဆိုတယ်။
ကျန်းမာအောင်နေပါ။
ခုလောလောဆယ် ကျောင်းသားထုညီညွတ်ရေးတည်ဆောက်ဖို့ အရေးကြီးတယ်။ အချင်းချင်းလည်း အပြုသဘောဝေဖန်ပါ။ ညီညွတ်ရေး- ဝေဖန်ရေး- ညီညွတ်ရေး မူကိုကိုင်စွဲပါ။
အခုနေ ပြောစရာရှိတာ နားနားပြီးပြော။ လုပ်စရာရှိတာ နားနားပြီးလုပ်။
(ဦးအောင်ဝေး)