Showing posts with label other writings. Show all posts
Showing posts with label other writings. Show all posts

Thursday, October 27, 2016

အ ရွ က် ေ ၾကြ ေ တ ာ့ ၊ အ ျမ စ် ရှိ ရာ ပြ န် လာ ရ စ မြဲ


တိုးနှောင်မိုးကဗျာစာအုပ်အတွက် အမှာစာ



၂၀ ရာစုနှောင်း မြန်မာကဗျာတွေကို တန်းစီချရေးကြည့်လိုက်လျှင်၊ ၂၀ ရာစုနှောင်း မြန်မာကဗျာလမ်းကြောင်းကို အကြမ်းဖျင်းပြောနိုင်လိမ့်မည်ဟု ယူဆပါသည်။

မောင်ယဉ်မွန်တို့၊ မောင်လေးအောင်တို့ကပဲ စကြည့်လိုက်ကြပါစို့။

သူငယ်ချင်းတို့၏အသည်းနှလုံးများ
မပြန်ရဲဘူး၊ ဆည်းဆာကြူးရင်

အမူးသမား၊ စုဝေးနားနေ

အရိပ်ပွေသည့်၊ စိတ်လေသူချင်း

ရင်းနှီးကြရာ၊ ဓာတ်တိုင်ပြာအောက်

ရောက်သွားမိပြန်။

တစ်ရံရောများ၊ ကြိမ်ဖန်များစွာ

ညည်းတွားလာကြ၊ ရင်နာရ၏

ညဟောင်းများကို၊ အလိုပြည့်နိုး

စိတ်နဲ့ကိုးကွယ်၊ ရယ်လည်းရယ်ချင်

အလည်လွန်ကျူး၊ အချစ်မူးတို့

ကူးစက်ရှည်လျား၊ ရှိုက်သံများက

တံခါးမရှိပါတကား။ ။

မောင်ယဉ်မွန်(၁၉၃၉- ၁၉၇၀)

မောင်ယဉ်မွန်တို့၊ မောင်လေးအောင်တို့ခေတ်က အကျယ်ကြီးဖြစ်သည်။ ထင်ရှားသည့်စာအုပ်တချို့ကို ပြပါဆိုလျှင် … မောင်ယဉ်မွန်၊ မောင်လေးအောင်- လကွယ်ည(၁၉၆၂)၊ မောင်သင်းခိုင်(ပါ) ကဗျာဆရာ(၁၀)ဦး - တော်လှန်ကဗျာ(၁၉၆၉)၊ အောင်ပြည့်- နေရစ်တော့မြသီလာ(၁၉၇၀) စသည်ဖြင့်။ တော်လှန်ကဗျာ (၁၉၆၉)ကို တုန့်ပြန်တိုက်ခိုက်သည့် ငြိမ်းကျော်၊အညာတမာ၊ ငသိုင်းချောင်းဝံသာတို့အုပ်စု၏ ကဗျာအနုပဋိလောမ ဆိုသည့်စာအုပ်လည်း ဂယက်ထခဲ့သည်။

မိုးဝေကဗျာလှုပ်ရှားမှုထွန်းကားခဲ့သည့်အချိန်ဖြစ်သည်။”မြန်မာကဗျာမှာ မော်ဒန်ဆိုလို့ မူးလို့မှ ရှူစရာ မရှိဘူး” လို့ မောင်သာနိုးက ထင်းရှူးပင်ရိပ်(၁၉၆၉) ကနေ တပ်လှန့်လိုက်သည့်အချိန်လည်းဖြစ်သည်။ ထို
ခေတ်မှာ ဖြစ်ဖဲတွေများသည်။ မောင်သင်းခိုင်၊ မောင်ခိုင်မာ၊ ဇော်(ပျဉ်းမနား)၊ သစ္စာနီ၊ မောင်သွေးသစ်၊ အောင်ဇင်မင်း၊ မောင်အောင်ပွင့်၊ မောင်စိမ်းနီ၊ မောင်လူမှိန်၊ မောင်သင်းပန်၊ နီမောင်၊ မစိမ်းပင် စသည် … ။

အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်။ သုခမိန်လှိုင်၏ ဂျွန်လ၏မိုးရေများ ထိုစဉ်ကရွာသွန်းခဲ့သည်။ ထိုနောက် မင်းသိုက်မွန်၊ အောင်သက်ထွေး၊ ညိုသစ်၊ ငခါး(ကွမ်းခြံကုန်း)၊ ကောက်နွယ်ကနောင်၊ မောင်နီမွန်၊ ကေတုဘုန်းမော်၊ သခွပ်နီ စသည် စသည် … ။

ထိုမှလွန်သော် … ၊ ကြယ်များလွန်သော် … ။


အနာဂတ်၏ ထိုနေရာ

(၁)

ထိုနေရာ
ဝေးကွာသည်လား
မြူငွေ့များလို၊ လေအိုဝဲနောက်
လွင့်ပျောက်တတ်မည့်
တိကျမဲ့ကင်း နေရာလား။

ထိုနေရာ
သွားရာလမ်းစ၊ ခဲခက်လှသလား
စကားတီးတိုး၊ ချောက်ချားစိုးရိမ်သံ
လွင့်ပျံလှုပ်ခတ် နေမည်လား။

(၂)

ရောက်လွယ်မဟုတ်
ခက်ခဲဟုတ်၏၊ သို့သော် …
သရုပ်သဏ္ဍာန်၊ မှန်ကန်ပီသ
မွှေးမြ ထိုနေရာ။

တိမ်အရုပ်လား
လားလားမဟုတ်၊ ကျောက်တိုင်ရုပ်လို
ငုတ်ငုတ်ခိုင်ခိုင် ထိုနေရာ။

(၃)

မညည်းမညူ၊ ခရီးတူများ
မသွား မရောက်၊ သွားမှ ရောက်လိမ့်
မကြောက်တရား၊ ဝေစည်ပွားသစ်
လာ … သွားကြစို့
ငါတို့အတူ
ဆူးငြှောင့်ယူနုတ်၊ ခလုတ်ကျော်နင်း
မီးပြင်းလျှံငွေ့၊ ချောက်ကမ်းတွေ့ ဖြတ်
တစ်နေ့ရောက်မည်၊ ရောက်ရမည်။

(၄)

သာသည့်မြေသို့၊ ကူးတို့မရှိ
တို့၏စုအား၊ ယာဉ်ရထားတည့်
သံမဏိခြေလှမ်း၊ ဖြတ်သန်းခိုင်ကျည်
“လာလေ … ချီကြစို့
ငါတို့ရှေ့မှာ … “
အနာဂတ်၏ ထိုနေရာ။ ။

မင်းညိုစင်
(ရှုမ၀၊ ၁၉၇၇)



ထို့နောက် ၁၉၈၀ ခုနှစ်များကိုရောက်တော့ ရှုမ၀တွင် မအိ တစ်ခေတ်ဖြစ်ခဲ့သည်။ မအိ ရဲ့ “အသံအက်သွားတဲ့ခေါင်းလောင်းလေး” က ခေတ်ကိုရော၊ ကဗျာလောကကိုပါ အသံအကျယ်ကြီး လှုပ်နှိုးနိုင်ခဲ့သည်။ ထို ၈၀ ခုနှစ်များအတွင်းမှာ ကျနော်တို့မျိုးဆက် အုပ်လိုက်ကြီး ကဗျာရေစီးကြောင်းထဲ ရောက်လာခဲ့ကြ တာဖြစ်သည်။

လှသန်း၊ ကွန်စစ်ကောင်း၊ မောင်ကြည်သာ၊ မောင်ခင်သာ၊ ခင်ဝင်းသစ်၊ မြင့်ဦးဦးမြင့်၊ မောင်သာချို၊ ယမုံ၊ နေစိမ့်၊ ခင်လွန်း၊ မြမြင့်မိုရ်၊ ဇောင်းထက်၊ စောဒေဝေါ၊ မြေနု၊ အောင်ဝေး၊ စိုးအိမ်၊ မင်းထက်မောင်၊ မြတ်လှိုင်း၊ စည်သူငြိမ်း၊ မောင်ကောက်၊ မွန်၊ မနီတာ၊ မောင်လွမ်းဏီ၊ဗဟိန်းအောင်၊ စောဝေ၊ မောင်စမ်းအေး(သဲကုန်း)၊ ထွန်းဝေမြင့်၊ စန်းဦး၊ သစ်ငြိမ်း စသူ စသူတို့ ။


သင်္ကြန်ည
ခူးလိုက်ကြဟေ့
လမ်းမကိုထွက်၊ ပိတောက်တစ်ခက်။

ပွင့်ချင်ဦးလေ
မိုးလုံးအ၀ါ၊ ဒဏ်ရာကြေမွ
လမ်းမကတ္တရာ၊ ရေထဲပါပြီ။

အေး
ဧပရယ်နွေလ၊ သင်္ကြန်ညမှာ
ကောင်မလေးတွေ
ပိတောက်တစ္ဆေ ခြောက်ပါစေ။ ။

သခွပ်နီ
(လုံမလေး၊ ၁၉၈၇ ဧပြီ)

မဂ္ဂဇင်းများသည် မြန်မာကဗျာလမ်းကြောင်းကို အများကြီးမောင်းနှင်ပေးနိုင်ခဲ့သည်။ ထိုစဉ်က မဂ္ဂဇင်းတွေ အမြောက်အမြားမထွက်ရှိသေးသော်လည်း၊ အားလုံးလိုလိုက ကဗျာကို နေရာပေးဖော်ပြခဲ့ကြပါသည်။ သွေးသောက်၊ ရှုမ၀၊ မိုးဝေတို့ပြီးလျှင်၊ ပေဖူးလွှာ၊ ချယ်ရီ၊ မဟေသီ၊ စံပယ်ဖြူ၊ လုံမလေး၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ စစ်ပြန်၊ ဂီတပဒေသာ၊ သပြေ စသဖြင့်။

ထိုစဉ်က ကဗျာက များစွာ မရှုပ်ထွေးလှသေးပါ။ အစဉ်အလာကာရန်စနစ်နဲ့ရေးသည့်ကဗျာနှင့် ခေတ်ပေါ်ကဗျာ (လွတ်လပ်ကာရန်) ဟူ၍ နှစ်မျိုးသာရှိသည်။ မဂ္ဂဇင်းတွေက သူ့အကြိုက်နှင့်သူ ရွေးချယ်ဖော်ပြကြသည်။ တချို့အယ်ဒီတာတွေက နှစ်မျိုးစလုံးကို ယှဉ်တွဲဖော်ပြပေးခဲ့ကြသည်။

မြန်မာကဗျာသမိုင်း(မဂ္ဂဇင်းကဗျာသမိုင်း)သည် ၁၉၇၀ တစ်ဝိုက်က နိုင်ငံတကာဝါဒ၊ တတိယကမ္ဘာစစ် တားဆီးရေး၊ ဗီယက်နမ်စစ်ဆန့်ကျင်ရေး တိမ်းညွှတ်မှုနှင့် လှိုင်းရိုက်ကာ မြန်မာကဗျာအရွေ့တစ်ခုဖြစ်ပေါ်ခဲ့သည်။ ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက်၊ မြန်မာကဗျာသည် နောက်ထပ်တစ်ဖန် အရွေ့ကြီးကြီးတစ်ခု အရှိန်ပြင်းပြင်းနှင့်ရွေ့ခဲ့ပါသည်။ ထိုအရွေ့မှာ ခေတ်ပေါ်ကဗျာသည် မြန်မာကဗျာလမ်းသစ်၏ ပင်မရေစီးနေရာရောက်လာသည်အထိ ရွေ့ခဲ့ခြင်းဖြစ်သည်။

မြန်မာခေတ်ပေါ်ကဗျာသည် ၁၉၇၀ လောက်ကစ၍၊ မြေစမ်းဘိန်းစိုက် လုပ်ခဲ့သည်ဟုဆိုလျှင်၊ ၁၉၈၈ အလွန်၊ ၉၀ ခုနှစ်များတွင်မူ တံခွန်စိုက်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ တစ်ပါတီ စစ်အာဏာရှင်စနစ်တစ်ခုတည်း အောက်တွင် ခါးစီးခံဖြတ်သန်းလာခဲ့ရသော အနှီ မြန်မာကဗျာခေတ်နှစ်ခေတ်(၇၀ ခုနှစ်ကာလများ နှင့် ၉၀ ခုနှစ် ကာလများ)သည် တိမ်းညွှတ်ပုံ၊ ရင်ခုန်ပုံ၊ သွန်းခတ်ပုံ မတူကြပေ။ ၇၀ ခုနှစ်ကာလများတွင် ကဗျာအတတ် ပညာကို ကျွှဲကူးရေပါပဲ သဘောထားခဲ့သည်။ အဘိဓမ္မာပြဿနာက ဦးစားပေးဖြစ်ခဲ့သည်။ ၉၀ ခုနှစ်ကာလများ တွင်မူ ကဗျာအတတ်ပညာ နည်းနာပြဿနာကို၊ အဘိဓမ္မာရေးနှင့်တန်းတူထား၍ အလေးပေးမြှင့်တင်လာခဲ့ကြပါသည်။

၉၀ ခုနှစ်ကာလများမှာ ကဗျာတွေ ဘယ်လိုစီးဆင်းခဲ့ကြပါသလဲ။ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုမိုးကောင်းကင်၊ ဘယ်လိုရာသီဥတုမှာ ဒီကဗျာတွေ စီးဆင်းခဲ့ကြတာလဲဆိုတာကတော့ မေးဖို့ပင် မလိုအပ်တော့ပါ။ ခါးသီးတူးအန်လှသည့် တစ်ပါတီ စစ်အာဏာရှင်စနစ်၏ပြဋ္ဌာန်းမှုကြောင့်သာ၊ တစ်နည်း စာပေအနုပညာလွတ်လပ်ခွင့်ဆိတ်သုဉ်းမှုကြောင့်သာ၊ အဲဒီကဗျာများဟာ အနုပညာလည်းမြောက်၊ အဘိဓမ္မာလည်း ရောက်၊ ထိုးဖောက် ထွန်းတောက်ခဲ့တာဖြစ်သည်ဟု ဆိုချင်ပါသည်။ မတရားဖိနှိပ်မှုကြောင့်သာလျှင်၊ မြန်မာ ကဗျာတွေ လွတ်လပ်ပြီး လှပနေခြင်းဖြစ်သည်ပဲ မဟုတ်လား။

ဖိနှိပ်မှုရှိလျှင်၊ ခုခံမှု ရှိစမြဲ။ မြန်မာကဗျာ၏ခုခံမှုက ကဗျာကို ရန်သူမမြင်အောင်ဝှက်ခြင်းဖြစ်သည်။ ရန်သူမမြင်အောင်လုပ်ရသည့်အခါ ပရိယာယ်ကကြွယ်ဝထွန်းကားလာသည်။ တစ်နည်း အနုပညာအားကောင်းလာသည် မဟုတ်လား။

၉၀ ခုနှစ်ကာလများရဲ့ခေတ်ပေါ်ကဗျာတွေဟာ၊ ပါတီစုံ စစ်အာဏာရှင်စနစ်အောက်မှာ နာကျင်ကြေကွဲ ထိခိုက်ပြိုလဲနေရတဲ့ပြည်သူတွေ(ကဗျာဖတ်သူတွေ)ကို တစ်စုံတစ်ရာ အတိုင်းအတာတစ်ခုအထိတော့၊ ဒဏ်ရာ အနာတရတွေက သက်သာအောင် ဖြေသိမ့်ဖေးမပေးနိုင်ခဲ့တယ်လို့ ယူဆချင်ပါသည်။

ကျနော်ကတော့ လွမ်းတိုင်းပြန်ဖတ်၍။ ဖတ်တိုင်းလည်း ပြန်ပြန်လွမ်းနေမိပါသည်။

ရှုမျှော်ခင်း
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့
အမှားထဲ
တိမ်တွေကလှလိုက်တာ
ကိုယ့်မှာ တရားနဲ့ဖြေနေရတယ်။ ။

မောင်သိန်းဇော်
(၁၉၉၁)

+++

မိုး
ဒီလိုပါပဲ
ပီပါလှိမ့်ရတာ မောလို့ဆိုပြီး
ယပ်ကလေးပြင်းပြင်းခတ်ကာ
ဆေးလိပ်ကို အားပါးတရဖွာရှိုက်လိုက်တယ်

ပြီးတော့
ဂဟေဆော်လိုက်ပါလား
မလုံတဲ့နေရာက ဖိတ်ကျကုန်တော့တာပဲ။ ။

အောင်ဘညို
(၁၉၉၃)

+++

သစ်စက်

သစ်လုံးတွေ
တဂျီးဂျီးအော်ငိုသံ
သူ မခံစားနိုင်။

များများခွဲ
များများရက်စက်မယ့်
ဝိုင်းဆရာရဲ့
သောကလွှဝိုင်းက
ရင်ထဲမှာလည်နေပြီ။

တို့အသွေးအသား
လွှစာသက်သေတွေက
တောင်ပုံရာပုံ။ ။

မိုးကျော်အောင်
(ရုပ်ရှင်တေးကဗျာ၊ ၁၉၉၄ မတ်)

+++

နွားကျောင်းသား
တစ်မျှော်တခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံပြန်မကြားရဘူး
သီချင်းမသီဖြစ်ပါ
အရွက်မဲ့သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကျောင်းထားပေမဲ့
မိုးမကျသေးတာမို့။ ။

အိုအောင်
(ရုပ်ရှင်တေးကဗျာ၊ ၁၉၉၅ ဇန်န၀ါရီ)

+++

စံပယ်ပွင့်ချိန်


ငါ့ ဦးခေါင်းပေါ်က မြက်ခင်းစိမ်းလေးပေါ်
ကျောက်တုံးတွေပြိုလာသလို
မိုးတွေရွာလာတယ်။

ကောင်မလေးရေ-
တို့မြို့က
စံပယ်တွေပွင့်ရဲ့မဟုတ်လား
ပြောလိုက်ပါ
စံပယ်ရေ-
ကြယ်တွေကြွေအောင် မပြုစားပါနဲ့လို့။

ငါကတော့
ခေါင်းကပတ်တီးဖြေရင်း
လွမ်းလွမ်းဆွတ်ဆွတ်သတိရနေမိတယ်။ ။

ဝင်းမြင့်
(ပိတောက်ပွင့်သစ်၊ ၁၉၉၆)

+++

ဂြိုဟ်သား


သဘာဝတရားကိုသစ္စာဖောက်ဖို့
ပဉ္စမမြောက်ဒြပ်စင်တို့လာချေပြီ
ကောင်းကင်မှာမီးရောင်တ၀င်းဝင်းနဲ့
သူတို့ဆင်းလာခဲ့တာ
ကျနော့်ဂျုံခင်းထဲပေါ့ 

ဒီလိုနဲ့
ကျနော့်ဘ၀ဂျုံခင်းလည်း
မီးလောင်ပျက်စီးခဲ့။

သြော် … ဂျုံတွေဟာ မမှည့်ခင်ပဲ
စိမ်းကြတာ မဟုတ်လား။ ။

ပိုင်သ
(၁၉၉၇ ?)

+++

နံရံဂစ်တာ
ခုံတန်းပြာတွေ မပြာတဲ့အထဲ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။

မာနနဲ့ချိတ်တွယ်နေတဲ့မိုးတွေ
ရည်ရွယ်ချက်မဲ့လေတွေဆီ
ရောက်လာပေမဲ့ မလာတော့ဘူး။

ကြည့်ရင်မြင်နိုင်ပေမဲ့
ကြည့်လို့မှ မမြင်နိုင်အောင်
နှင်းတွေကျနေတာပါ နှင်း

ခံစားချက်ပြင်းထန်တဲ့ရင်ခွင်တစ်လုံးဟာ
လွမ်းလို့သေတောင် မလွမ်းတော့ဘူး။ ။

ဝိုင်ချို
(ရုပ်ရှင်တေးကဗျာ၊ ၂၀၀၀ သြဂုတ်)

+++

ရှင်ကွဲ
ညတွေထဲ
လွမ်းလိုက်တာ နှင်း
မြစ်က ခိုးနားထောင်မှာစိုးလို့
အိပ်မက်တွေ မော့မော့သောက်ရင်း
ရင်ခုန်ဖို့ထိတ်လန့်နေရသူပါ

မျက်လုံးတွေမှိတ်မရတဲ့အခါ
အမြဲတမ်း လွမ်းစိတ်နဲ့လောင်
ညစဉ်ညတိုင်း ကုတင်နဲ့ကျောနဲ့ကပ်
ဒီလိုနဲ့ဝေးရတော့မှာလား

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ချစ်ခြင်းတွေ
ကွင်းပြင်ထဲ ဟစ်အော်ပြေးနေရပြီ

တကယ်ဆို
ချစ်ကံခေသူရဲ့နိဂုံးဟာ ဒီလိုပဲ

ခွဲခွာခြင်းကို ဆေးထည့်လို့မရဘူးလားကွယ်။ ။

တိုးနှောင်မိုး
(ရနံ့သစ်၊ ၂၀၀၀ မေ)

မြန်မာကဗျာတွေကိုလွမ်းသည်။ အမေရိကမဲဇာမှာတော့ နွေက နှောင်းလုပြီ။ မကြာမီ ဆောင်းဦး ၀င်
တော့မည်။ ကျနော်က ၂၀ ရာစုနှောင်း မြန်မာကဗျာတွေအကြောင်းကို ပြန်စဉ်းစားတွေးတောနေမိသည်။

လွမ်းမြိုင်ကျေးရဲ့အဝေးမှာတော့၊ ကျနော် ၈၈ အရေးတော်ပုံကြီးအလွန်၊ ၉၀ ခုနှစ်တွေမှာ အပြိုင်း အရိုင်း ဖူးပွင့်ဝေဆာလာခဲ့ကြသည့် ကဗျာဆရာမျိုးဆက်ကို ပြန်အမှတ်ရလာသည်။

မန္တလေးက၊ တောင်ငူက၊ ပျဉ်းမနားက၊ မုံရွာက၊ တောင်တွင်းက၊ မြစ်ဝကျွန်းပေါ်က၊ သာမိုင်းခမ်းက၊ မြန်မာပြည်မြောက်ပိုင်းက စသည်နဲ့။ လေပြေသုန်၊ နိုင်သစ်နီ၊ မောင်မော်ကွန်း၊ စံညီမ်းဦး၊ ဝေးခေါင်၊ မိုးဝေး၊ စိုင်းဝင်းမြင့်၊ ကိုရွေး၊ အေးမင်းစော၊ ခင်ဇော်မြင့်၊ K မြနွယ်၊မြတ် စသည်နဲ့။ သူတို့နှင့်မရှေးမနှောင်းသော်လည်းကောင်း၊ ရှေ့ဆင့်နောက်ဆင့်သော်လည်းကောင်း၊ ၀ိုင်ချို၊ မျိုးမင်းညိန်း၊ တိုးနှောင်မိုး၊ အောင်ရင်ငြိမ်း၊ ကြည်ဇော်အေး၊ အောင်လွန်းမြိုင်၊ အောင်ခိုင်မြတ်၊ ရာမျိုး၊ သားဦး၊ နေပန်ဦး၊ လွင်ထက်လှိုင်၊ အောင်နှင်းသစ်၊ ပိုင်၊ ငွေယံဦး စသည်နဲ့။ တောအုပ်ကြီးတစ်ခု ဆိုင်းဆိုင်းရိပ်ရိပ် ဖြစ်ထွန်းလာခဲ့ပုံ၊ ညို့ညို့သိပ်သိပ် စည်ဝေနေခဲ့ပုံ။

မကြာသေးခင်ရက်များက၊ ကဗျာဆရာမောင်သိန်းဇော် အမေရိက လာသွားသည်။ သူနှင့်တွေ့ပြီး အိမ်လွမ်းစိတ်ကို ဖြေရသည်။ သူနှင့်တွေ့တော့ မြန်မာကဗျာလွမ်းစိတ်လည်း ပြေရပါသည်။ သူရောက်တုန်း ရောက်ခိုက် အမှတ်တရ ကဗျာရွတ်ဆိုပွဲကလေးတစ်ပွဲလုပ်ကြသည်။ ကျနော်က ထိုကဗျာရွတ်ဆိုပွဲကို “နွေအစိမ်း” လို့နာမည်ပေးသည်။ အင်္ဂလိပ်လိုက “THE SUMMER GREEN” ပေါ့ ။ ကျနော်က  မောင်သိန်းဇော်ကို ရှင်းပြရသည်။

“ဒီ အမေရိကမဲဇာမှာတော့၊ သစ်ပင်တွေဟာ၊ နွေမှာပဲ စိမ်းခွင့်ရကြတာပါ” လို့။

ဟုတ်ပါသည်။ ဆောင်းရောက်လျှင် သစ်ပင်တွေအားလုံး အ၀တ်ချွတ်ကြရတော့မည်။သစ်တော အုပ်အုပ်တွေအားလုံး ၀စ်လစ်စလစ်ဖြစ်ကြရတော့မည်။ ရေခဲလေညှဉ်းဆဲသော၊ နှင်းခဲလွလွဖုံးလွှမ်းသော ရိုးတံပြိုင်းပြိုင်း ရွက်ကြွေတောကို ကျနော်ဖြတ်သန်းရပါဦးမည်။ သစ်ရွက်တွေကြွေလျှင် ကျနော်လွမ်းချင်နေဦးမည်။ ပြီးတော့ တိန်ရှောက်ပိန်ရဲ့စကားတစ်ခွန်းကိုလည်း သတိရချင်ရနေဦးမည်။ တိန်ရှောက်ပိန်က ပြောခဲ့ဖူးသည်။

“အပင် မြင့်ချင်သလောက်မြင့်၊ အရွက်ကြွေတဲ့အခါမှာတော့၊ အမြစ်ရှိရာ ပြန်လာရစမြဲပဲ” တဲ့။

သြော် … ကျနော်လည်း လွင့်ချင်သလောက်လွင့်ပြီးရင်တော့၊ ကိုယ့်အမြစ်ရှိရာ၊ ချစ်သူတို့ရှိရာ၊ ကိုယ့်ကဗျာလောကကို ပြန်ရောက်ရမှာပဲ မဟုတ်လား။

တိုးနှောင်မိုးအတွက် ရေးတဲ့အမှာ၊ မြန်မာကဗျာလွမ်းစိတ်နဲ့ နိဂုံးချုပ်ပါတယ်။ ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၃- ၂၀၁၆)

Monday, March 2, 2015

ဓ ာ း မ ေ န ာ က် ပိ တ် ေ ခြ း မ် ာ း ဖ တ် ဖို့  စာ

FROM SAFFRON REVOLUTION TO STUDENTS PROTEST MARCH



မှန်ကန်ရင် တန်မပြန်ဘူးဟဲ့၊ ဓားမနောက်ပိတ်ခွေးတွေရဲ့။

ပထမဦးဆုံး အရငိပြောထားချင်တာက၊ အခု ကျောင်းသားတွေဆင်နွှဲနေတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်းကို၊ကျနော် အပြည့်အ၀ ထောက်ခံအားပေးနေတယ်ဆိုတဲ့အချက်ပဲ။ ခြွင်းချက်မျှမရှိ။ ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်း တွေ (ပင်မ၊ အရန်၊ ယာယီ၊ အမြဲ) အားလုံးကို ထောက်ခံအားပေးလိုက်တဲ့အတွက်၊ ကျောင်းသားသပိတ်ကို ကရော်ကမယ် တန်ပြန်ဆန္ဒပြနေကြတဲ့၊ လူမလေး ခွေးမခန့် ၊ ခပ်ညံ့ညံ့အတွေးအခေါ်ချောက်တီးချောက်ချက်၊ လူကလေး ၄-၅-၆ ယောက်နဲ့ (ခွေးတောင် အဆစ်ပါလိုက်သေး) တန်ပြန်သပိတ်လုပ်နေတဲ့ အစိုးရလက်ပါးစေ အလိုတော်ရိ နောက်လိုက်ခွေးတစ်အုပ်ကို ပွင့်ပွင့်လင်းလင်း ရှုတ်ချပြီးသားဖြစ်သွားပါပြီ။

နောက်ကြောင်းကလေး နည်းနည်းပြန်ပရစေ။

၂၀၀၇ စက်တင်ဘာ၊ ရွှေဝါရောင်တော်လှန်ရေးကြီးတုန်းကပါ။ ၂၀၀၇ စက်တာင်ဘာ (၅) ရက်၊ ပခုက္ကူမြို့မှာ နအဖ စစ်အစိုး ရနဲ့ အစိုးရနောက်မြီးဆွဲ ကြံ့ဖွတ်အသင်း (အဲဒီအချိန်တုန်းက ပါတီမဖြစ်သေးဘူး၊ အသင်းအနေနဲ့ပဲ ရှိသေးတယ်) လူမိုက်စွမ်းအားရှင်တွေက၊ သံဃာကို ဓာတ်တိုင်ကပ် ကြိုးချည်ရိုက်တာကနေစပြီး၊ တောမီးဟာ တစ်ပြည်လုံး အကြီးအကျယ် ထလောင်ခဲ့တော့တာပဲ။

၂၀၀၇ စက်တင်ဘာ (၁၈) ရက်နေ့။ ၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းသွားတဲ့နေ့ကို အထူးတလည် သွေးကြွေး ပြန်ဆပ်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့တွေ ရွာတွေက သံဃာတွေ ကံဆောင်သပိတ်မှောက်၊ လမ်းပေါ်တက် ဆု တောင်းမေတ္တာပို့၊ ဆန္ဒပြချီတက်ခဲ့ကြတယ်။

၂၀၀၇ စက်တင်ဘာ (၂၄) မှာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအရှေ့မုခ်၊ ကြေးသွန်းဘုရားမှာ သပိတ်စခန်းယာယီဖွင့်ပြီး၊ တစ်နိုင် ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးခေါ်လိုက်ကြပါတယ်။ GENERAL STRIKE ( G S ) ကြီး စပြီပေါ့။ G S ကော်မတီထဲမှာ ကျနော်တို့အသိုက်လည်း ပါတယ်ပေါ့။

စက်တင်ဘာ ၂၄ (၂၀၀၇) အထွေထွေသပိတ်ကြီး ပထမနေ့။ သံဃာ- ကျောင်းသား- ပြည်သူတွေဟာ လူထုအင်အား သောင်းနဲ့ သိန်းနဲ့ ချီပြီး ရွှေတိဂုံကနေ ကမ္ဘာအေးဘုရားအထိ လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ မိုးထဲလေထဲမှာ။ ရွှေတိဂုံ- မြေနီကုန်း- စမ်းချောင်း- ကြည့်မြင်တိုင်- ဆင်မလိုက် – ကမာရွတ် – လှည်းတန်း – ပြည်လမ်းအတိုင်း – အင်းလျားကန်- ရှစ်မိုင်လမ်းဆုံ – န၀ဒေးရုပ်ရှင်ရုံ- ကမ္ဘာအေးလမ်း။ လမ်းတစ်လျှောက်ကြိုဆို အားပေးဝန်းရံနေတဲ့ လူအုပ်ကြီးက တိုးမပေါက် ပါဘူး။ ကြံ့ဖွတ်လူမိုက်စွမ်းအားရှင် ပဉ္စမံတပ်သား၊ နအဖ စစ်အစိုးရ ခွေးတွေရဲ့အန္တရာယ်ကလည်း မအေးပါဘူး။ (အဲဒီ အချိန်ကတည်းက ကြံ့ဖွတ်စွမ်းအားရှင် လူစုစုကို ကျနော်တို့ပြည်သူတွေက ခွေးတွေလို့ပဲ ခေါ်ခဲ့ကြတာပါ)

စက်တင်ဘာ ၂၅ (၂၀၀၇) အထွေထွေသပိတ်ကြီး ဒုတိယနေ့။ (ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံနှစ်လက် စလွှင့်တဲ့နေ့) သံဃာ-ကျောင်းသား- ပြည်သူတွေဟာ လူထုအင်အား သိန်းနဲ့သန်းနဲ့ချီပြီး ရွှေတိဂုံဘုရားနေ မြို့လယ်က မြို့တော်ခန်းမ၊ ဆူးလေဘုရားအထိ လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ မိုးထဲ လေထဲ မုန်တိုင်းထဲမှာပါပဲ။ လမ်းဘေးဝဲယာ လူအုပ်ကြီး ကလည်း တစ်ခနဲနက် အားပေးဝန်းရံနေတာပါပဲ။ နအဖခွေးတွေကလည်း အလစ်ချောင်းလို့ပေါ့။

စက်တင်ဘာ ၂၆ (၂၀၀၇) အထွေထွေသပိတ်ကြီး တတိယနေ့။ ဒိနေ့မှာပဲ နအဖစစ်တပ်က မျက်ရည်ယိုဗုံးတွေ၊ သံဆူးကြိုး တွေ၊စက်သေနတ်တွေနဲ့၊ သံဃာတွေဦးဆောင်နေတဲ့ ကျောင်းသားပြည်သူတွေပါဝင်တဲ့ အထွေထွေသပိတ်စခန်းနဲ့သပိတ်အင်အားစုတွေကို၊ အကြမ်းဖက်ပစ်ခတ်နှိမ်နင်း အင်အားသုံးဖြိုခွင်းလိုက်တော့တာပါပဲ။

တိုတိုပြောရရင်၊ ဆက်တိုက်ဆိုသလို နောက်ရက်တွေမှာ ဘုန်းတော်ကြီးကျောင်းတွေကို၊ နအဖစစ်တပ်က သူပုန်စခန်း ၀င်စီးသလို သရဲမရဲ ၀င်စီးပြီး၊ သံဃာတွေအများအပြားကိုရိုက်နှက်ဖမ်းဆီးလို့ အင်းစိန် ဂျီတီအိုင်အကျဉ်းစခန်းနဲ့ အင်းစိန် အကျဉ်းထောင်တွေထဲကို ထည့်လိုက်ကြပါတယ်။

အဲဒီတုန်းက ကျနော် (တို့) အခန်းကဏ္ဍ ကိုယ်တွေ့ပါဝင်ခဲ့တာတချို့ကို ပြောပါမယ်။ ကိုဇာဂနာ၊ ကိုကျော်သူနဲ့ မရွှေဇီးကွက်၊ ကိုဇော်သက်ထွေး၊ ကိုစောဝေ၊ ဆရာမ သန်းမြင့်အောင်၊ ဆရာမ နှင်းပန်းအိမ်၊ ဆရာမောင်တင်သစ်၊ ကျနော်တို့စာပေနဲ့ အနုပညာသည်တွေဟာ သံဃသပိတ်ကို အနီးကပ်ကူညီဝန်းရံ အားဖြည့်ခဲ့ကြပါတယ်။ (အသေးစိတ်မြင်ကွင်းမြင်ကွက်၊ ဖြစ်ခင်းဖြစ်ကွက်တွေကို နောင်တော့ရေးပါဦးမည်။ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် (ကို) ကျော်ကိုကိုရဲ့ ရွှေ ၀ါရောင်မျိုးဆက်ကို မွေးဖွားခြင်း၊ ပထမအကြိမ် ၂၀၁၄ ဖေဖော်ဝါရီ၊ ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး- စာအုပ်အမှာ စာထဲမှာတော့ တစ်စွန်းတစ်စရေးခဲ့ဖူးပါသည်)

ကျနော်ပြောချင်တာက၊ အထွေထွေသပိတ်ကြီး ဒုတိယနေ့ (၂၅ စက်တင်ဘာ ၂၀၀၇) ဆူးလေဘုရားမှာ မိန့် ခွန်းပြောပြီးတော့၊
ကျနော် ကျော်သူကိုခေါ်ပြီး ပြေးရပါတယ်။ ပုန်းရပါတယ်။ နောက်နေ့မနက် (၂၆ စက်တင်ဘာ ၂၀၀၇) ကျော်သူနဲ့ လူချင်း ခွဲပြီး၊ ကျနော် ရွှေတိဂုံသပိတ်စခန်းကိုလာတော့ တိုင်းပြည်က ပျက်နေပါပြီ။ မီးလောင်နေပြီ။ စစ်ဖြစ်နေပြီ။ ကျနော်ဝင်လို့ မရတော့ဘူး။ အဲဒီကစတာပဲ။ ကျနော့်ရဲ့ပြည်ပြေးဘ၀ ပထမရဲ့ပထမတွေဟာ အဲဒီက စခဲ့တော့တာပါပဲ။

ကျနော် ရန်ကုန်မြို့ထဲမှာပဲ တစ်နေရာပြီးတစ်နေရာ ပြောင်းရ ရွှေ့ ရ၊ ပြေးရ လွှားရ ပုန်းရပါတယ်။ စွန့်စားခန်းပါပဲ။ ပြေးရင်း လွှားရင်း ရှောင်ရင်း တိမ်းရင်းနဲ့ ပုန်းခိုကျင်းကလေးတွေထဲကနေ (ရေဒီယိုကလေးတစ်လုံးနဲ့) သတင်းလည်း မပြတ်နားထောင် ရပါတယ်။ သတင်းစာ (ကြေးမုံ၊ မြန်မာ့အလင်း) လည်း မပြတ်ဖတ်ရပါတယ်။ နအဖစစ်အစိုးရရဲ့ မဟုတ်မမှန် လုပ်ကြံသ တင်းတွေကို နားထောင်ရ၊ ဖတ်ရပါတယ်။ ကိုယ်ကလည်း ရတဲ့တယ်လီဖုန်းကလေးနဲ့ ပြည်ပရေဒီယိုတွေကနေတစ်ဆင့် နအဖ စစ်အစိုးရကို တုံ့ပြန်ရ၊ တိုက်ခိုက်ရတာပေါ့။

ပြေးရင်းလွှားရင်း၊ ရှောင်ရင်းပုန်းရင်းနဲ့ ခွင်က ကျဉ်းသထက် ကျဉ်းကျဉ်းလာပါတော့တယ်။ တစ်နေရာရာမှာ အသေအချာ ၀ပ်နေရတော့မယ်ဆိုတာလည်း သဘောပေါက်လာပါတယ်။ ညည စစ်ကားတန်းကြီးတွေနဲ့ ရပ်ကွက်ထဲလှည့်ပြီး လက်နက်ချ ထွက်အဖမ်းခံဖို့၊ အသံချဲ့ စက်နဲ့အော်ဟစ်အမိန့်ပေးနေတဲ့အသံတွေကိုလည်း မပြတ်တမ်းကြားနေရပါတယ်။ စက်တင်ဘာ ၂၅ ရက်ည (၂၀၀၇) ကတည်းက ကျနော်ပြေးနေ ပုန်းနေရတာ။ ရက်က ကြာလာပြီ။ အောက်တိုဘာထဲတောင် ၀င်လာပြီ။ အောက်တိုဘာ မိုးရေစက်တွေကတော့ ကျနော့်ရဲ့အိပ်မက်တွေကို ၀ှက်ထားပေးကြဆဲပေါ့။

နောက်ဆုံးတော့ အရဲကိုးပြီး ရန်သူနဲ့အနီးဆုံးအရပ်ကို တိုးဝင်လိုက်ပါတယ်။ ရန်သူနဲ့ အနီးဆုံးနေရာဟာ ကိုယ့်အတွက် ပုန်း ဖို့အလုံခြုံဆုံးနေရာပဲ။ ပုန်းခိုကျင်းကလေးတစ်ခုထဲကို ကျနော်ရောက်သွားပါတယ်။ ပိုက်ဆံပေးနေရတဲ့ ၀ပ်ကျင်းကလေးပေါ့။ အဲဒီကိုရောက်တော့မှ စိမ်ပြေနပြေ မသိခဲ့ရတဲ့ နအဖစစ်အစိုးရရဲ့အရှက်မရှိ သရက်စိ (စေ့) ကလိမ်ကညစ် လုပ်ရပ်တွေကို နဖူးတွေ့ဒူးတွေ့ ကြုံရ ကြားရ မြင်ရ ဖတ်ရတော့တာပါပဲ။

ပထမတစ်ခုက၊ နေပူတော်ကျွဲကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ၊ သူ့ဘက်က အချက် (၄) ချက်ကို မရှက်မ ကြောက် ထုတ်ပြီးပြောလိုက်တာပါပဲ။ သူပြောတဲ့အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်နာမယ်ဆိုရင် သူ နေပူတော်ကျွဲကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါမယ်ပေါ့။ ဒီတုန်းက တွေ့ဆုံရေးပွဲစားက အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်ပါ။

ဘယ်ရမလဲ။ ဟိုကလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်စုက ဒေါ်စုပဲ။ ဒေါ်ပုမှမဟုတ်တာပဲ။ ဒီအချက်ဟာ ရွှေဝါရောင် တော်လှန်ရေးဂယက်ကြောင့်၊ ဖိအားကြောင့် မလွန်ဆန်သာလို့၊ သန်းရွှေ ခြေမကိုင်မိ လက်မကိုင်မိ သွေးရူးသွေးတန်းထ လုပ်ခဲ့ရတာ။ ထားတော့။

နောက်တစ်ခုက၊ ရွှေဝါရောင်တော်လှန်ရေးကိုဆန့်ကျင်တဲ့ တန်ပြန်ဆန္ဒပြပွဲတွေ၊ အောင်သောင်းနယ်မြေ မြင်းခြံတောင်သာ ကနေ စပေါ်ထွက်လာတာပါပဲ။ အရှက်နည်းလိုက်ကြတာဗျာ။ နအဖစစ်အစိုးရလက်ပါးစေ နောက်လိုက်ခွေး ကြံ့ဖွတ်အသင်းစွမ်းအားရှင်လူမိုက်တွေရဲ့ မမှန်ကန်တဲ့လုပ်ရပ်၊ တန်ပြန်ဆန္ဒပြတယ်ဆိုတဲ့ မိန်းမလျာလုပ်ဇာတ်ကို တစ်တိုင်းတစ်ပြည်လုံး၊ တစ်နိုင်ငံလုံး၊ အားလုံးကသိကြပါတယ်။

ရင်နာဖို့ တော့ကောင်းပါတယ်။ တစ်တိုင်း တစ်နိုင်ငံလုံး သိနေတဲ့ကြားက၊ ရင်မနာတတ်တဲ့ လူတချို့နဲ့ နအဖ စစ်အစိုးရခါး  ပိုက်ဆောင် လူမိုက်တစ်သင်းတို့ကြောင့်၊ အဲဒီတန်ပြန်ဆန္ဒပြပွဲတွေဟာ ဟိုမြို့ကြီး ဒီမြို့ကြီးတွေဆီကို အဓမ္မရောက်ရှိလာပါ တယ်။ ဘယ်လောက်နာကြည်းစရာ၊ ခံပြင်းစရာကောင်းလိုက်သလဲဆိုရင်၊ မြစ်ကြီးနားမြို့က တန်ပြန်ဆန္ဒပြပွဲစင်မြင့်ပေါ်မှာ၊ အဲဒီက တိုင်းရင်းသားခေါင်းဆောင်ဆိုသူုများဟာ၊ နအဖစစ်အစိုးရအလိုကျ၊ သူတို့က ရွှေဝါရောင်တော်လှန်ရေးကို မြိန်ရေ ယှက်ရေ အပုပ်ချထိုးနှက်ခဲ့ကြတာပါ။

ဟော- လားရှိုးမြို့ တန်ပြန်ဆန္ဒပြပွဲကျတော့ကော။ စကားကျန်ခဲ့လို့ ဒိနေရာမှာဖြတ်ပြီး ဖြည့်ပြောရမယ်ဆိုရင်၊ နအဖ စစ်တပ်က ရွှေဝါရောင်တော်လှန်ရေးအင်အားစုတွေကို ပစ်ခတ်ချေမှုန်းနေရဆဲဖြစ်တဲ့၊ (၂၀၀၇) စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းလောက်မှာ၊ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာဂမ်ဘာရီဟာ၊ နအဖစစ်အစိုးရခွင့်ပြုချက်နဲ့ မြန်မာ ပြည်ရောက်လာပါတယ်။ ရန်ကုန်မြို့ပေါ်က ကတ္တရာလမ်းတွေပေါ်မှာ ဆက်လက်ဆန္ဒပြတိုက်ပွဲဝင်နေတဲ့ သံဃာ- ကျောင်း သား- ပြည်သူတွေဟာ၊ အဲဒီကုလသံတမန်ကို အထင်ကြီးအားကိုးပြီး၊ မင်္ဂလာဒုံမှာ သွားပြီးစောင့်ကြိုပါသတဲ့။

နောက်ဆုံးတော့ ဂမ်ဘာရီကြီးက ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ပြီး၊ နေပူတော်က အသင့်လာစောင့်နေတဲ့ လေယာဉ်ပေါ်၊ ခြေထောက်တောင် မြေကြီးမနင်းလိုက်ရဘဲ အတင်းနသားပါယားနဲ့ ပါသွားပါလေရော မဟုတ်လား။ ရန်ကုန်က ဘွိုင်း ကောက်တားများခမျာတော့၊ ဂမ်ဘာရီရောက်မှပဲ၊ ကျည်ဆန်သုံးတောင့် ပိုအပစ်ခံရတဲ့ကိန်းဆိုက်ခဲ့တာပါ။

အဲဒီ ဂမ်ဘာရီကြီးကို နေပူတော်အရာရှိမင်းများက တစ်ခါတည်း၊ လားရှိုးက တန်ပြန်ဆန္ဒပြပွဲကို တန်းပြီးခေါ်သွားပါရောလား။ ဂမ်ဘာရီကြီးရှေ့ထားပြီး အဲဒီက တိုင်းရင်းသားခေါင်းဆောင်ဆိုသူများကလည်း နအဖစစ်အစိုးရခိုင်းတဲ့အတိုင်း တစ်သဝေ မတိမ်း၊ ရွှေဝါရောင်တော်လှန်ရေးကို နှစ်ပြားမတန်အောင် အပြစ်တင် ဝေဖန် ရှုတ်ချခဲ့ပြန်ပါရောလား။ တရားကျစရာပါ။ ရှက် ဖို့ကောင်းပါတယ်ဗျာ။ (တစ်ဆက်တည်း ပြောစရာရှိတာ စကားမကျန်အောင်ပြောရရင်၊ ဂမ်ဘာရီ မြန်မာပြည်ကအပြန်၊ စင် ကာပူလေဆိပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးထည့်ပေးလိုက်တဲ့ သ၀ဏ်လွှာ ကို ဖတ်ပြပါတယ်။ ဒီသ၀ဏ်လွှာထဲမှာ တိုင်းရင်းသားတွေအရေးနဲ့ပတ်သက်လို့ သူ့ မှာလည်းတာဝန်ရှိပါတယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ဖော်ပြထားပါတယ်။ ၀မ်းနည်းစရာပါ။ ပြည်တွင်းက တိုင်းရင်းသားခေါင်းဆောင်ဆိုသူများဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ပြောဆိုချက်ကို မျက်စေ့မှိတ်ပြီး နအဖစစ်အစိုးရရဲ့ ဓားမနောက်ပိတ်ခွေးတို့ထုံးစံအတိုင်း အသံကုန်ဟစ်ကန့်ကွက်ခဲ့ကြပါတယ်ခင်ဗျာ)

ဒါတွေဟာ ကျနော်လုပ်ကြံပြီး  ရမ်းသန်းမှန်းသန်းပြောနေတာမဟုတ်ပါဘူး။  ပုန်းခိုကျင်းကလေးထဲမှာ နေ့စဉ်မှန်မှန်ဖတ်နေရ တဲ့ အစိုးရသတင်းစာတွေမျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေ၊ နှစ်လိုင်းမည်းကြီးတွေ၊ အားရပါးရ လက်သီးလက်မောင်းတန်း အော်ဟစ်နေတဲ့ဓာတ်ပုံကြီးတွေနဲ့ ပါလာခဲ့တာပါ။ ငြင်းလို့မရ၊ ရှောင်လွှဲလို့မရတဲ့ သမိုင်းအမှန်ကို အသရေဖျက်မှုပါ။ လူထု ကဖျက်တာ မဟုတ်ပါဘူး။ အစိုးရကဖျက်တာ။ အစိုးရအသရေဖျက်မှုပါ။

ရွှေဝါရောင်တော်လှန်ရေးဟာ ကမ္ဘာသိတော်လှန်ရေး၊ နိုင်ငံတကာသိအမှန်တရားပါ။ ရင်နာဖို့ ကောင်းပါတယ်။ အဲဒီမြန်မာ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့တော်လှန်တဲ့အမှန်တရားဖြစ်ရပ်ကို၊ တစ်ကမ္ဘာလုံး၊ နေရာအ၀န်းကသိပါလျက်နဲ့၊ ကျနော်တို့ ဆီကတချို့ သူတောင်းစားတွေ၊ တချို့တိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့ ဖွတ်ကျား အစိုးရဖော်လံဖား လူ့ငနွားတွေက မသိဘူး ခင်ဗျ။ ဖက်ဆစ်မှိုင်းအတိုက်ခံထားရလို့  ဘ၀အမှောင်ဖုံးလူဖြစ်ရှုံးနေတဲ့သူတွေဗျ။ ဒီလူတွေ လူ့အသိတရားမရှိလို့တန်ပြန်ဆန္ဒပြပွဲတွေမှာ အစိုးရလုပ်ခိုင်းတဲ့အတိုင်း ပါကြတာပါပဲ။

အမှန်တရားမရှိလို့၊ မသိလို့ပဲ ပါပါ၊ နေ့တွက်ပိုက်ဆံရလို့ပဲ ပါပါ၊ မလွန်ဆန်နိုင်လို့ပဲ ပါပါ၊ ကန်တော့ပါရဲ့ဗျာ၊ သူ့ဟာသူ ဖင်ယားလို့ပဲပါပါ၊ တန်ပြန်ဆန္ဒပြပွဲမှာ ကံသုံးပါးနဲ့ ပါနေတဲ့သူတွေဟာ၊ အမှန်တရားကို မလိုလားတဲ့သူတွေပဲ။ ငတုံးတွေပဲ။ အဖျက်သမားတွေပဲ။ အန္တရာယ်တွေပဲ။ လူမဟုတ်ဘူး။ ဓားမနောက်ပိတ် ခွေးတွေပဲ။ ဒီလိုလူမျိုးတွေ၊ ဒီလိုမျိုးတိုင်းရင်းသား ခေါင်းဆောင်ဆိုတဲ့သူတွေကို ကျနော်တို့ ပြတ်ပြတ်သားသားရှုတ်ချရမယ်။ ပစ်ပယ်ရမယ်။ တောထုတ်ပစ်ရမယ်။

တစ်ခုတော့ ကျနော်ပြောပါမယ်။  မစ္စတာဂမ်ဘာရီ  လားရှိုးကနေပြန်လာပြီး၊ ရန်ကုန်ရောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့သွား တွေ့မယ့်နေ့က ကျနော် မစ္စတာဂမ်ဘာရီအတွက် အင်္ဂလိပ်လိုရေးထားတဲ့စာတစ်စောင်နဲ့၊ ကျော်သူအပ်နှံထားတဲ့ တိုက်ပွဲဝင် သာသန အလံတစ်လက်၊ ဂမ်ဘာရီလက်ထဲကို အသေအချာပေးအပ်ခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့ ပကတိအမှန် တရားစစ်စစ်ကို ဒီသံတမန်ကြီး ပြည့်ပြည့်၀၀ နားလည်သဘောပေါက်သွားစေဖို့ပါပဲ။ နောက်တော့ သူလည်း နအဖမှိုင်းမိ သွားလို့ ၊ ခြံနံပါတ် (၅၄) မှာ သံတံခါး တ၀ုန်းဝုန်းထု အရှက်ကွဲတဲ့အဖြစ် ရောက်ခဲ့တော့တာပါပဲ။

ကျနော် အဲဒီတုန်းက ပိုက်ဆံပေးနေရတဲ့ဝပ်ကျင်းကလေး၊ ပုန်းခိုကျင်းကလေးထဲကနေ တစ်နေ့တစ်နေ့၊ အဲဒီလို နအဖ စစ်အစိုးရ သူခိုးဓားပြတွေရဲ့ မဟုတ်မမှန် လုပ်ကြံပြီး ရွှေဝါရောင်တော်လှန်ရေးကို အသရေဖျက်နေတာတွေ၊ သံဃာတွေကို မိုက်ရိုင်းစော်ကားအသရေဖျက်နေတာတွေ၊ ဒါတွေကို ကြားနေရ၊ ဖတ်နေရတော့၊ နေ့စဉ်ပဲ နာကြည်းခံပြင်း ဒေါသထွက် မိပါတယ်။ လူကတော့ အပြင်ထွက်လို့ မရပါဘူး။ ပြေးပေါက်ပိတ်နေတဲ့အချိန်မှာ ကျနော်ငြိမ်နေခဲ့ရပေမဲ့၊ စိတ်ထဲကတော့ အကြီးအကျယ် ပြန်ပြီးခုခံတိုက်ခိုက်နေခဲ့ပါတယ်။ ကျနော့်တိုက်ခိုက်နည်းကတော့ ကျနော် ကဗျာတွေရေးတာပါပဲ။ မြန်မာလို ရော၊ အင်္ဂလိပ်လိုကော ကျနော်ကဗျာတွေရေးတာပါပဲ။ ဒါဟာ ကျနော့် တိုက်ခိုက်နည်းပါပဲ။ (လွတ်မြောက်နယ်မြေကိုရောက် တော့ ဒါတွေဟာ ခရမ်းပြာမြင်းရိုင်းဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ဖြစ်လာပါတယ်) အောက်တိုဘာ ဒုတိယအပတ် (၂၀၀၇) ထဲမှာ ကျနော် အဲဒီ အခပေးဝပ်ကျင်းကလေးကို အပြီးအပိုင်စွန့်ခွာခဲ့ရပါတော့တယ်။ သာ၍ ဝေးရာဆီကိုပါ။ အခိုက်အတန့် တော့ အစိုးရသတင်းစာတွေကိုလည်း မဖတ်ရတော့ပါဘူး။ ရေဒီယိုကလေးကနေတော့ အစိုးရရဲ့ မဟုတ်တမ်းတရမ်း သတင်းတွေကို မကြားရတစ်ချက်၊ ကြားရတစ်ချက်။

နအဖစစ်အုပ်စုဟာ ရွှေဝါရောင်တော်လှန်ရေးကို သေလောက်အောင် ကြောက်ရွံ့ဒူးတုန်ခဲ့တာလည်း အမှန်တကယ်ပါပဲ။ နာဂစ်အလွန်မှာ ရွေးကောက်ပွဲမြန်မြန်လုပ်ပြီး၊ နေပူတော်ကျွဲကြီး နန်းစွန့်သွားတာလည်း ရွှေဝါရောင်တော်လှန်ရေးက   ကောင်းကောင်းသင်ခန်းစာပေးလိုက်လို့ပါပဲ။ ရွှေဝါရောင်တော်လှန်ရေးကြောင့် နိုင်ငံရေးအပြောင်းအလဲတွေဟာ ပိုပြီးမြန် ဆန်လာခဲ့ပါတယ်လို့  ကိုမင်းကိုနိုင်ပြောခဲ့ပါတယ်။

မမှန်မကန် တန်ပြန်တဲ့ ကြံ့ဖွတ်ပါတီဝင် အာဏာရစွမ်းအားရှင် လူဆိုးဂိုဏ်းတွေရဲ့လုပ်ရပ်တွေကတော့ ပျောက်ကွယ်မသွား ပါဘူး။ မရဲဘဲ ကျွဲပြဲစီးထွက်လာတဲ့ ဒီလူမိုက်တွေရဲ့ အစိုးရအလိုကျလုပ်ရပ်တွေက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှစ် ဆယ့်ရှစ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဒီအတိုက်အခံအင်အားစုကြီးနှစ်ခုက ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွေ စတင်လုပ်လာတဲ့အချိန်မှာ၊ သင်းတို့အာဏာရအစိုးရနောက်လိုက်ခွေးတွေရဲ့ တန်ပြန် ဟောပြောပွဲတွေ ပေါ်ထွက်လာတာပါပဲ။ (၂၀၁၀ မှာ ကြံ့ဖွတ်အသင်းဟာ ကြံ့ဖွတ်ပါတီဖြစ်လာပါတယ်။ ပါတီဖြစ်လာတော့ လူဆိုး လူမိုက် လူရမ်းကားတွေလည်း ပိုများလာပါတယ်) ကြံ့ဖွတ် လူမိုက်ဂိုဏ်းအပြင်၊ ရွံစရာ စက်ဆုပ်စရာကောင်းလှတဲ့ နေမျိုး ဝေတို့လို၊ ခင်ဝိုင်းကြည်တို့လို၊ ၀ီရသူတို့လို။ အဲဒီလိုလောက်ကိုင် (လောက်ကောင်မဟုတ်) သူတို့မှ လောက်ကိုင် အစစ်။ အခုအရပ်သားစစ်အစိုးရ၊ သိန်းစိန်အစိုးရယိုတဲ့ချေးပုံထဲက၊ တဖွားဖွားတက်နေတဲ့လောက်တွေကို ပယ်ပယ်နယ်နယ် ကိုင်ပြီး၊ သူတို့ဟာ လူထုကိုစော်ကားဝံ့နေကြတာပဲ မဟုတ်လား။ အများပြည်သူလူထုက လက်မခံလို့၊ သံပုံးတီးမောင်း ထုတ်တော့လည်း၊ အမြီးကလေးတွေကုပ်ပြီး၊ ရွှေမန်းသဘင်နားရစ်သီရစ်သီလုပ်နေတာလည်း သင်းတို့လောက်ကိုင်တွေပဲ မဟုတ်လား။ အခု ဒီလောက်ကိုင်တွေ တစ်ခါပေါ်လာပြန်ပြီ။ (ကိုးကန့် လောက်ကိုင်အရေးနဲ့ အပြိုင်)

၂၀၁၅ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားစစ်ကြောင်း ရန်ကုန်ကိုဝင်ချလာမှာ စိုးရမ်ထိတ်လန့် တုန်လှုပ် ချောက်ချားဖြစ်ပြီး၊ အာဏာရကြံ့ဖွတ်ပါတီကြီးရော၊ အရပ်သားစစ်အစိုးရကြီးရော၊ အပေါ်လွှတ်တော်၊ အောက်လွှတ်တော၊် ပြည်နယ်လွှတ်တော်၊ တိုင်းလွှတ်တော်၊လွှတ်တော်အားလုံးရော၊ သံဃမဟာနာကယရော၊ မဘသ ရော၊ ကောင်းမြင့်ထွဋ်တို့၊ အေးလွင်တို့လို မြောင်းထဲက ဖားခုံညင်းတွေရော၊ ငြိမ်းချမ်းရေးပွဲစား၊ သပိတ်ပွဲစားတွေရော၊ မင်းဆရာလုပ်ချင်တဲ့ဘုန်းကြီးအကြီးကြီးကနေ၊ ဘာမှဉာဏ်ပညာအမြော်အမြင်မရှိတဲ့ ဘုန်းကြီးသေးသေးကလေးအထိရော၊ ကလေကချေ ပညာတတ် အစိုးရဖော်လံဖားတက္ကသိုလ်အာဏာပိုင်တွေရော၊ တချို့အပျော်တမ်းနိုင်ငံရေးပါတီတွေရော၊ တချို့စာပေနဲ့ အနုပညာသည်တွေကောဟာ၊ မရိုးမသားနဲ့ သူခိုးကျင့် ကြမ်းပိုးကြံကြံပြီး၊ ကျောင်းသားတွေရဲ့ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမှာ ခဏရပ်နားထားတဲ့အချိန်မှာ၊ ဒီ ကြောက်ဒူးတုန် သုညတ သုံးစားမရတဲ့ အစိုးရဖော်လံဖား နောက်လိုက်ခွေး တစ်သိုက်က၊ ဟိုကထဟောင် ဒီကထဟောင်နဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို မျက်နှာပြောင်တိုက်ပြီး၊ တန်ပြန်ဆန္ဒပြပွဲတွေလုပ်လာနေတာကို၊ ကျနော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေကြရတော့မှာလား။

ဒီလို မမှန်မကန်နဲ့တန်ပြန်တဲ့လုပ်ရပ်မှန်သမျှ အရပ်သားစစ်အစိုးရနဲ့ အာဏာရကြံ့ဖွတ်ပါတီကစေခိုင်းလို့ လုပ်ရတာချည်း အမှန်ဖြစ်ကြောင်း ကလေးကအစ၊ ခွေးကအစ၊ အားလုံးကသိကြပါတယ်။     မမှန်ကန်တဲ့သူတွေသာ ဒီလိုသူရဲဘောကြောင် တဲ့တန်ပြန်အလုပ်မျိုးလုပ်ကြတာပါ။ မှန်ကန်တဲ့သူတွေအဖို့ကတော့ တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်လိုက်ကြတာပါပဲ။  ။

ေ အ ာ င္ ေ ၀ း
မတ် ၁ – ၂၀၁၅။

Saturday, February 6, 2010

book review

လွမ်းသူရဲ့တေး

ပြည်ပကိုရောက်နေတဲ့ စာရေးဆရာ ကဗျာဆရာတွေထဲမှာ ဆရာမောင်သာရတို့ ဆရာ မောင်စွမ်းရည်တို့ ဆိုတာ ကျန်တဲ့ငယ်သူတွေက ဦးထိပ်ထားရ ရိုသေလေးစားရတဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့နှစ်ဦးစလုံး (၇၀) ကျော်တန်းတွေပါ။ ဆရာမောင်သာရက လာ့စ်ဗေးဂတ်မြို့မှာ နေပါတယ်။ ဆရာမောင်စွမ်းရည်က နယူးယောက်မြို့မှာ နေတာပါ။

နှစ်ဦးစလုံး အာရ်အက်ဖ်အေတို့ ဘီဘီစီတိုလို ရေဒီယိုတွေမှာ အသံလွှင့်ဆောင်းပါးတွေ လွှင့်နေကြပါတယ်။ ဆန်ဖရန်စစ္စကို အခြေစိုက် “မိုးမခ” မီဒီယာဝက်ဆိုက်တို့ လော့အိန်ဂျယ်လိစ် အခြေစိုက် “မန္တလေးဂေဇက်” ရတနာပုံနေပြည်တော် သတင်းစာတို့မှာလည်း စာရေးကြတဲ့အခါ ရေးကြသပေါ့။

ပြည်တွင်းမှာတုန်းကတော့ ဆရာမောင်သာရက လုံးချင်းဝထ္ထုတိုရေးသူပီပီ စာအုပ်အထွက်ကြမ်းခဲ့တဲ့ စာရေးဆရာပါ။ ခုပြည်ပမှာတော့ ကျနော်လက်လှမ်းမီသလောက် ဆရာမောင်သာရရဲ့ “ကျဉ်တုပ်ခံဝံ့ မခံဝံ့” ၀ထ္ထုကောင်းတအုပ်ပဲ ဘန်ကောက်အခြေစိုက် “ခေတ်ပြိုင်” သတင်းနဲ့ စာအုပ်တိုက်က ပြန်ထုတ်တာတွေ့ရပါရဲ့။
ဆရာမောင်စွမ်းရည်ကတော့ ပြည်တွင်းမှာ ကဗျာ၊ ၀ထ္ထုတို၊ စာပေဝေဖန်ရေး၊ စာစီစာကုံး စတဲ့ စာအုပ် ဆယ်အုပ် ကျော်ကျော်တော့ ထွက်ခဲ့ပါတယ်။ ပြည်ပရောက်မှတော့ ဆရာ မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့ မောင်စွမ်းရည်” ဆိုတဲ့ ဆောင်းပါးပေါင်းချူပ် တအုပ်လဲ အရင်ကတွေ့ခဲ့ဖူးတာပါ။ ၂၀၀၇ တုန်းက ထွက်ခဲ့တာဖြစ်ပါတယ်။

အခု ၂၀၀၉ မကုန်ခင်မှာတော့ ပြည်ပရောက် မြန်မာ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ စာပေလက်ရာ တခုအနေနဲ့ ဆရာမောင်စွမ်းရည်ရဲ့ “မှိုင်းမှသည် မိုးထိအောင်” လို့ အမည်ပေးထားတဲ့ ကဗျာပေါင်းချူပ် စာအုပ်ထွက်ပေါ်လာခဲ့ပါပြီ။ ထုတ်ဝေသူက ၀ါရှင်တန်ဒီစီအခြေစိုက် “ဓူဝံ” စာပေပဲ ဖြစ်ပါတယ်။

ပြည်တွင်း ဖြတ်သန်းခဲ့ဖူးတဲ့ ထုတ်ဝေရေးလောက အတွေ့အကြုံအရဆိုရင်တော့ဖြင့် ပြည်တွင်းမှာက ကဗျာစာအုပ်တအုပ် ထုတ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒုလ္လဘပါပဲ စာဖတ်ပရိသတ် သိပ်မရှိတဲ့ အမြတ်အစွန်းမပြောနဲ့ ထုတ်လိုက်ရင် အရှုံးပြတဲ့ ပြောရရင်ဈေးကွက် သိပ်မ၀င်တဲ့ ကဗျာလုံးချင်း စာအုပ်တွေကို ဘယ်ထုတ်ဝေသူကမှ မထုတ်ချင်ကြပါဘူး။ လက်ရှောင်ကြပါတယ်။

(စောင်ရေ သိန်းချီပြီး ဆယ်ကြိမ်မက ပြန်ပြန်ရိုက်ရတဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုံး) ရဲ့ “သောကခြေရာ ရတနာ” ကဗျာစာအုပ်လိုမျိုးကတော့ ခြွင်းချက်ပေါ့။ မြန်မာပြည်မှာ စောင်ရေ သန်းချီပြီး ရိုက်ရတဲ့ ကဗျာစာအုပ်ကတော့ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ရဲ့ “သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ” ကဗျာများ ပါပဲခင်ဗျာ)
ဆရာမောင်စွမ်းရည်အနေနဲ့ကတော့ ပြည်တွင်းမှာ ကဗျာ လုံးချင်းစာအုပ်က (၁) စိတြ (ဆရာကြည်အောင်နဲ့တွဲ၍) ၁၉၆၀။ (၂) အနီနှင့် အပြာ (အမျိုးသားစာပေဆုရရှိ) ၁၉၆၄။ (၃) ဟိုချီမင်း၏ အကျဉ်းထောင်ကပုလွေသံ (ဘာသာပြန်) ၁၉၆၄။ (၄) မန္တလေးမြို့ရဲ့ မနက်ခင်း ၁၉၇၁။ (၅) ဖိုးဝ နှင့် ဖိုးလှ(ကလေးကဗျာစု) ၁၉၉၉ - ဒါလောက်ပဲ ထွက်နိုင်ခဲ့တာပါ။

ဆရာမောင်စွမ်းရည် ပြည်ပကို ထွက်မလာခင် ပြည်တွင်းစာနယ်ဇင်းတွေမှာ ရေးခဲ့တဲ့ ကဗျာတွေက မနည်းပါဘူး။ နောက်ပိုင်းမှာ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ် ထွက်မလာခဲ့ တော့ပါဘူး။ အခုပြည်ပကို ရောက်လာပြီး အချိန်နည်းနည်းရလာတော့မှ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ်အသစ်ကို ကျနော်တို့ ဖတ်ခွင့်ကြုံရတာပါ၊ ဒါလည်းဒုလ္လဘပါပဲ။ ပြည်တွင်းမှာထုတ်ဝေခွင့် မရနိုင်တဲ့ ကဗျာတွေ အများဆုံးပါတဲ့ စာအုပ်ကို ပြည်ပမှ ထုတ်ရတယ်ဆိုတာကတော့ ထူးပြီး မဆန်းတော့ပေဘူးနော်။

ပြည်တွင်းမှာပဲ ထုတ်ထုတ်၊ပြည်ပမှာပဲထုတ်ထုတ် မြန်မာဘာသာစကားနဲ့ ရေးသားထုတ်ဝေလာတဲ့ စာအုပ်ဟာ မြန်မာစာပေဘဏ္ဍာသိုက်အတွက် ထည့်ဝင်မှု။ ယနေ့ မြန်မာစာပေသမိုင်းအတွက် စိုက်ထည့်မှု့ တခုပဲ မဟုတ်လား။ ဒီအတွက် ဆရာမောင်စွမ်းရည်ရဲ့ စာအုပ် (မှိုင်းမှသည် မိုးထိအောင်)ကို ကျနော်တို့စာဖတ်သူတွေ စာရေးသူတွေက လှိုက်လှိုက်လှဲလှဲကြို ဆိုကြရမယ်။

ဆရာမောင်စွမ်းရည်ရဲ အခုစာအုပ်သစ်မှာ ထူးခြားချက်ကတော့ “ကြည်ညိုဂုဏ်ပြု ကဗျာစု” လို့ ရည်ညွှန်းဖေါ်ပြထားတာပါပဲ။ ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုကဗျာ ဖွဲ့ထားတာမို့ ဒီစာအုပ်ထဲမှာ ရုပ်ပုံလွှာအဖွဲ့အနွဲ့ဆန်တဲ့ ကဗျာတွေချည်းပဲ ရွေးဖတ်ကြရမှာပါ။ ဒါကြောင့် ဒီစာအုပ်ထဲမယ်တော့ ဆရာမောင်စွမ်းရည်ရဲ့ ရကန်အရေးအသားဆန်တဲ့ သရော်တဲ့ ဝေဖန်တဲ့ (ဥပမာ- အင်တာနက်သူရဲကောင်းများကဗျာတို့ နယူးယောက်ကျောက်ကပ်ဆေးနဲ့ ကဗျာတို့လို) သီးခြား ကဗျာကောင်း အများကြီးကိုတော့ ဖတ်ခွင့်မရှာဘူးပေါ့။ အဲ့ဒီသီးခြားကောင်းတာတွေကို သီးသန့်စုစည်းပြီး စာအုပ်ထုတ်ပါဦးလို့ ဓူဝံကိုအောင်ကျော်ဦးနဲ့ ဆရာစွမ်းတို့ကို တိုက်တွန်းချင်ပါတယ်)။

မြန်မာစာပေမှာ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဆိုတာကတော့ အထုပ္ပတ္တိစာပေ အမျိုးအစားထဲမယ် ပါပါတယ်။ ဆရာဒဂုန်တာရာရဲ့ “အောင်ဆန်း(သို့)အရိုင်း” တို့ “ဗဟိန်း(သို့)ကဗျာ” တို့စတဲ့ လူကိုလေ့လာခြင်း ဆောင်းပါးတွေဟာ ရုပ်ပုံလွှာအဖွဲ့အနွဲ့တွေပါ။ တနည်း အတ္ထုပ္ပတ္တိဟန် ရသစာတန်းတွေပါပဲ။

ဒီလိုပဲ အတ္ထုပ္ပတ္တိဟန် ၀ထ္ထုတို့ ဆိုတာလည်း တချို့ စာရေးဆရာတွေ ရေးကြတာရှိပါတယ်။ (ဥပမာ-ဆရာညီပုလေးရဲ့“ မြေးသူကြီး” ဆိုတဲ့ စာအုပ်က အတ္ထုပ္ပတ္တိဟန် ၀ထ္ထုပါ။ ၀ထ္ထုစာအုပ်ပါပဲ။ ဆရာကြီးရွှေဥဒေါင်းရဲ့ “တသက်တာအတွေးအခေါ်မှတ်တမ်း” ဆိုရင် ၀ထ္ထုဟန်အတ္ထုပ္ပတ္တိလို့ ရည်ညွှန်းနိုင်ပါတယ်။ ဆရာကြီးက သူ့အတ္ထုပ္ပတ္တိကို ရသနဲ့ဝထ္ထုလို ဇတ်လမ်းဖွဲ့ ရေးထားတာကလား)
ပြောရရင် ဆရာမောင်စွမ်းရည်ရဲ့ အခု“မှိုင်းမှသည် မိုးထိအောင်” ကဗျာစာအုပ်ထဲက ကဗျာအားလုံး( စုစုပေါင်း ၈၅ ပုဒ်)ဟာ ကဗျာအဖွဲ့ခံပုဂ္ဂိုလ်တွေရဲ့ ရုပ်ပုံလွှာပါပဲ။ တချို့ လျှပ်တပြက် ရုပ်ပုံလွှာ။ တချို့ ကန်လန့်ဖြတ်ဘေးတိုက် ရုပ်ပုံလွှာ။ တချို့ ခဲခြစ်ကောက်ကြောင်းရုပ်ပုံလွှာ။ တချို့ တကြောင်းဆွဲ။ တချို့ စုတ်ပြားခတ် ရုပ်ပုံလွှာ။ တချို့ ပန်းချီလိုဆိုရင်တော့ တချို့ကဗျာတွေက Portrait ဖြစ်မယ်။ တချို့ကဗျာတွေကိုတော့ sketch လိုပဲ ဆိုချင်တယ်။ တချို့ကဗျာတွေဟာ ဆေးရောင်စုံ တက်ခနီကာလာ၊ တချို့ကဗျာတွေကတော့ အဖြူအမည်း ဘက်လက်ခ်အင်ဝှိုက်၊ ရုပ်ရှင်လို ပြောပြန်ရင် - တချို့ကဗျာတွေကတော့ Long Shot။ တချို့ကဗျာတွေက Close up ဆိုပါတော့။ ကဗျာတွေကတော့ ရသအစုံစုံ ဒဿန အဖုံဖုံပါပဲ။ တချို့ အနံ့တသင်းသင်း တချို့အဆင်းတလှလှ။

ဒီစာအုပ်မှာ ဖွဲ့သူနဲ့ အဖွဲ့ခံသူ ပုဂ္ဂိုလ်နှစ်ဦးနှစ်ဖက်ရဲ့ အဆက်အစပ်က အင်မတန် အရေးကြီးပါတယ်။ ဖွဲ့သူမောင်စွမ်းရည် ဘာလဲ ဘယ်လဲ၊ အဖွဲခံပုဂ္ဂိုလ်တွေ ဘာလဲ ဘယ်လဲ၊ ဖွဲ့သူကတော့ အခုနေမှာ ပြောရရင် သူပုန်ကဗျာဆရာပါပဲ။ (အနုပညာသူပုန်စိတ် ဆိုတာကတော့ ပြည်တွင်းမှာကတည်းက ကျနော်တို့ ကဗျာဆရာတွေ ရှိပြီးသားပါ)။

နအဖ စစ်အာဏာရှင် စနစ်ကို ခြေဆုံးခေါင်းဖျား ပုန်ကန်နေတဲ့ ကဗျာဆရာ။ Exile Poet ။ ဒါဖွဲ့သူရဲ့ ရပ်တည်ချက်ပါ။ အစိုးရ ဆန့်ကျင်ရေးသမား ဒီမိုကရေစီ လှုပ်ရှားရေးသမားဖြစ်နေတာကလဲ ကဗျာဆရာရဲ ဂုဏ်ပုဒ်ဖြစ်နေပါပြီ။

ဆရာမောင်စွမ်းရည် ကဗျာဖွဲ့ ဂုဏ်ပြုတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ပြန်တော့ ယောမင်းကြီးဦးဖိုးလှိုင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးဖေမောင်တင်၊ ဇော်ဂျီ ၊ မင်းသုဝဏ်၊ ဗိုလ်ချူပ်အောင်ဆန်း၊ ဆရာမောင်ထင်၊ ဆရာတော်ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ လူထုဒေါ်အမာ၊ ဂျွန်တကာမီ (ဂျပန်)၊ ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ)၊ ဒေါက်တာသန်းထွန်း၊ တင်မိုး၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်)၊ လူထုစိန်ဝင်း၊ လေးမောင်(မြင်းခြံ)၊ နီမောင်၊ ဒဂုန်တာရာ၊ပါရဂူ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကြည်အေး၊ ဗိုလ်မှုးချူပ်ကျော်ဇော၊ ဒေါ်ခင်မျိုးချစ်၊ ဗိုလ်ချူပ်ကတော် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချူပ်ကြီး(ဟောင်း)သူရဦးတင်ဦး၊ (ဦး)၀င်းတင် (ဟံသာဝတီ)၊ ကြေးမှုံဦးသောင်း (အောင်ဗလ)၊ ကိုဖုန်းသစ်၊ မောင်အောင်ပွင့်၊ ငြိမ်းသစ်၊ မင်းကိုနိုင်၊ ထက်မိုး၊ ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင်ကျော်သူ၊ ရဲဘော်ဘိုဇံ၊ ဖဒိုမန်းရှာလဖန်း၊ မာမာအေးနဲ့ ကာယကံရှင်၊ ဆရာမောင်စွမ်းရည်ရဲ့ မိဘနှစ်ပါး (ဦးသိန်းဖေ၊ ဒေါ်တင်ကြည်)။

ကဗျာဖွဲ့ခံပုဂ္ဂိုလ်တွေဟာ မြန်မာ့နိုင်ငံရေး တလျှောက်မှာ မြန်မာစာပေရေစီးကြောင်း တလျှောက်မှာ၊ သူ့ခေတ် သူ့အနေနဲ့သူ ကြီးကျယ်မြင့်မြတ်ခဲ့ကြတဲ့သူတွေပါပဲ။ အဖွဲ့ခံပုဂ္ဂိုလ်တွေ ဘက်က သမိုင်းဝင်ပြီးသားပါပဲ။

ကျနော်တို့ ဒီစာအုပ်မှာ အကဲဖြတ်ကြရမှာက သမိုင်းဝင်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ကဗျာတွေဟာ သမိုင်း ၀င် မ၀င်ဆိုတဲ့ ကိစ္စပါပဲ။ တရုတ်ခေါင်းဆောင်ကြီးလဲဖြစ် ကဗျာဆရာလဲဖြစ်တဲ့ မော်စီတုန်းက သူ့အနေနဲ့ “တော်လှန်တဲ့သမိုင်းကို တော်လှန်တဲ့ ခံစားမှုနဲ့ ကဗျာရေးတာပါပဲ …” လို့ပြောဖူးပါတယ်။ ပထမအချက်အနေနဲ့က ဆရာမောင်စွမ်းရည်ရဲ့ ဒီကဗျာတွေမှာ တော်လှန်တဲ့ ခံစားမှုအမြင် အပြည့်အ၀ရှိနေတာပါပဲ။

ကျနော်တို့ဟာ စာပေ (ရသစာပေ)နဲ့ သမိုင်းကို မော်ကွန်းတင်ကြတယ်ဆိုရာမယ် အနုပညာမြောက် “တင်” နိုင်ဖို့ဆိုတာကလဲ သိပ်ကိုအရေးကြီးလှတဲ့ အချက်ပဲ။ ကျနော်တို့ ရေးဖွဲ့ မော်ကွန်းတင်တဲ့ သမိုင်း(လူထုသမိုင်း)ဟာ ရသမြောက် ပရိသတ်ရင်ထဲကို စွဲမြဲရောက်ရှိသွားရတယ်။ ဒီပေတံနဲ့ တိုင်းမယ်ဆိုရင်လဲ ဆရာမောင်စွမ်းရည်ရဲ့ အခုစာအုပ်ထဲက ကဗျာတွေမှာ အနုပညာမြောက်မှုကို တွေ့ရမယ်။ တော်လှန်တဲ့ အမြင်လဲရှိတယ်၊ အနုပညာမြောက်မှုကိုလဲ တွေ့ရတယ် ဆိုရင် ဒါပြည့်စုံနေပါပြီ၊ ဒါမျိုးကို တော်လှန်စာပေ၊ တော်လှန်အနုပညာလို့ခေါ်တာပါပဲ။

ကဗျာရေးဖွဲ့သူရဲ့ ခံစားမှုအတွေးအခေါ်က တနည်း ရင်ခုန်သံဒဿနက တော်လှန်ရေး ကျရမယ်၊ ပြည်သူ့ဖက်က ပြတ်ပြတ်သားသားရပ်တည်ရမည်၊ ဒီမိုကရက်တစ်ဖြစ်ရမယ်၊ ဒီနေရာ ပြောစရာရှိတာက ဒီလိုတော်လှန်ရေးကျ ပြည်သူ့ဘက်ကရပ် ဒီမိုကရက်တစ်တဲ့ အတွေးအခေါ် ဒဿနတွေ ရင်ခုန်သံ ခံစားမှုတွေနဲ့ ရေးဖွဲ့တိုင်း ကဗျာကောင်းဖြစ်လာမယ်ရယ်လို့တော့ မျှော်မှန်းလို့ မရဘူးဆိုတာပါပဲ။

ကဗျာဆရာရဲ့ ကဗျာဖွဲ့ပုံဖွဲနည်း အလင်္ကာအလုပ်ကလဲ အရေးတကြီး လိုအပ်နေသေးမင့်ပဲ ဟာကိုး။ ကဗျာဆရာက ပရိသတ်ရင်ထဲ အသည်းထဲရောက်အောင် ရသမြောက် ရေးနိုင် သီနိုင် ဖွဲ့နိုင်ဖို့ အတတ်ပညာ အားထုတ်မှုပြုဖို့ လိုပါသေးတယ်။

ဆရာမောင်စွမ်းရည်ဟာ ၀ါရင့် သမ္ဘာရင့် ကဗျာဆရာကြီးတဦးပါ၊ နိုင်ငံရေးခေတ်မျိုးစုံ၊ စာပေခေတ် မျိုးစုံကိုလည်း ဖြတ်သန်းလာခဲ့ပြီးပါပြီ။ အခုစာအုပ်ထဲက ကဗျာတွေကို အထူးတလည် ညွှန်းဆိုနေစရာ ချီးမွမ်းနေစရာ မလိုအပ်လှပါဘူး။ ပရိသတ်ကိုယ်တိုင်ကသာ စာအုပ်ရှာကြည့်ပြီး ခံစားကြည့်ကြပါတော့။

ဒီကဗျာစုဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း (မှိုင်း) ကနေပြီး ဆရာဦးတင်မိုး (မိုး) အထိ ဆရာမောင်စွမ်းရည် ဖြတ်သန်းခဲ့ရတဲ့ သမိုင်းခေတ်တွေထဲက ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ဖွဲ့ထားတာ ဆိုပေတဲ့ တကယ်က ဒီကဗျာတွေဟာ မြန်မာ့နိုင်ငံရေးသမိုင်း၊ အမျိုးသားဒီမိုကရေစီလှုပ်ရှားမှုသမိုင်း၊ လူထုတော်လှန်ရေးသမိုင်းကို ကောင်းကောင်း ထင်ဟပ်နေတယ်ဆိုတာပါပဲ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တခေတ်တခါတုန်းက သခင်စိုးနဲ့ သခင်သန်းထွန်းတို့ နှစ်ယောက်ကို ရည်ညွှန်းပြီး (ဂရုဏာဒေါသောနဲ့)၊
“ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့
စိုး နဲ့ သန်း” လို့ ရေးဖွဲ့ခဲ့တာကို ဆရာမောင်စွမ်းရည်က ဒီစာအုပ်ထဲမှာ
“ကိုယ်ကျိုးမငဲ့စတမ်း
နထိုးနဲ့ ဇဂျမ်းဆီက
မိုး နဲ့ စွမ်း” ဆိုပြီး ဖွဲ့ထားပါတယ်။ (တင်မိုးနဲ့ မောင်စွမ်းရည်ကို ရည်ညွှန်းတာပါ)
ဒီစာအုပ်ထဲမှာ အကျုံးဝင်ပေမဲ့ ဆရာမောင်စွမ်းရည်က သူ့ရဲ့အကျော်ကြားဆုံး အကောင်းဆုံး လက်ရာဖြစ်တဲ့ “အမေခေါ်သံ” ကဗျာကိုတော့ ပြန်ထည့်မထားပါဘူး။

ဆရာမောင်စွမ်းရည်ဟာ ခေတ်ကို မျက်ခြေမပြတ်ဘူး ၊ အမိမြေကို မမေ့လျော့ဘူး။ ဖိနှိပ်သူ အစိုးရ အကြောင်းလဲ သိတယ်။ အဖိနှိပ်ခံ ပြည်သူတွေ အကြောင်းလဲ သိတယ်။ ဝေးခရီးကပေမဲ့ အရေးကြီးရင် သွေးစည်းတယ်။ ဒီကဗျာကို ဖတ်ကြည့်လိုက်ပါ။

ဒီမိုဂါထာ
ငရဲလားချင်
စစ်ထဲဝင်။
ကုသိုလ်ယူချင်
ကျော်သူနဲ့တိုင်ပင်။
ကြောက်မွေးပါ
ဇာဂနာနဲ့ နှုတ်။
တနေ့ သုံးခါ
ရွတ်ဆိုပါ
ဂါထာ ဤ သုံးပုဒ်။ ။ ( ၂၀၀၇ အောက်တိုဘာ ၆)

ဒါဟာ ရွှေဝါရောင်တော်လှန်ရေးကြီးပြီးစမှာ ရေးလိုက်တဲ့ ကဗျာပါပဲ။ ဒီနေ့အထိ ဆရာမောင်စွမ်းရည်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကဗျာတွေ မပြတ် ရေးနေဆဲပါ။ အခုစာအုပ်ထဲက ကဗျာတွေအပြင် ဆရာမောင်စွမ်းရည် ရေးခဲ့တဲ့အခြားကဗျာတွေပါ အားလုံးဟာ ဘယ်အပေါ်မှာ အခြေခံတာလဲဆိုရင်တော့ အဖြေက တခွန်းတည်းပါပဲ။ အဲဒါ “အိမ်လွမ်းစိတ်” ပဲ။

နည်းနည်း ထပ်ပြီး ပြောမယ် ဆိုရင်တော့ “အိမ်လွမ်းစိတ် အမှန်တရား” ပါပဲ။
အင်္ဂလိပ်ကဗျာဆရာ ရှယ်လီရဲ့ “ငါတို့ရဲ့ အကောင်းဆုံးတေးတွေ ဆိုတာ၊ အဆွေးဆုံးအတွေးကို ပြောပြတဲ့ တေးတွေပေါ့” ဆိုတဲ့ စာသားကို ကိုးကားပြီး ပြောရမယ် ဆိုရင်တော့ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာတွေဟာ အလွမ်းဆုံးအတွေးကို ပြောပြတဲ့ တေးတွေပဲ မဟုတ်ပါလား။
လွမ်းသူရဲ့ တေး၊ လွမ်းတေး ပေါ့။
လွမ်းတေး မဆုံးပါစေနှင့် ဆရာစွမ်း ခင်ဗျား။ ။

(ဒီဇင်ဘာ ၂၈၊ ၂၀၀၉)

Wednesday, June 4, 2008

အောင်ဝေး စစ်တမ်း
(တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ်)
နိဒါန်း
ဤစစ်တမ်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် တိုက်ပွဲဝင် ကဗျာဆရာတဦး၏ အကြံပြုစစ်တမ်း ဖြစ်သည်။ ဤစာတမ်းတွင် ကာယကံရှင်က သူ၏ ပုဂ္ဂလိက အမြင်ကို ဓမ္မဓိဌာန်ကျကျ ကြိုးစားတင်ပြထားပါသည်။ ထို့ကြောင့် တဦးချင်း သဘောသက်ဝင်နေသဖြင့် ဤအကြံပြု စာတမ်းကို ကာယကံရှင်၏ အမည် နှင့် တွဲလျက် “အောင်ဝေး စစ်တမ်း” ဟု အမည်ပေးပါသည်။ ခေါင်းစဉ်ငယ်အဖြစ် “တ နှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်း ပိုက်ရေး လမ်းစဉ်” ဟု ဖော်ပြ ထားပါသည်။ ယင်းခေါင်းစဉ်ငယ်မှာ ဤစစ်တမ်း၏ ရည်ရွယ်ချက် အဓိပ္ပါယ်အချုပ် ဖြစ်သည်။

၁။ ဘာကြောင့် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလဲ။
ယနေ့ မြန်မာ့နိုင်ငံရေး သမိုင်းလက်တွေ့ အခြေအနေများအရ မြန်မာပြည်သူ လူထုကြီးသည် မဆလ စစ်အစိုးရ (၂၆)နှစ်တာ အုပ်စိုးမှုကို ဖြုတ်ချသည့် ပထမ ဒီမို ကရေစီ တော်လှန်ရေးကို ၁၉၈၈ ခုနှစ်တွင် ဆင်နွှဲခဲ့သည်။ ထိုစဉ်က Students-led ကျောင်းသားများ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ် တွင် အမြတ်ထုတ် အာဏာ သိမ်းသွားခဲ့သည့် စစ်တပ်အစိုးရ န၀တ/နအဖ၏ (၁၉)နှစ်တာ ဖိနှိပ်အုပ်ချုပ်မှုကို အန်တုပြီး မြန်မာပြည်သူ လူထုကြီးသည် ဒုတိယ ဒီမို ကရေစီ တော်လှန်ရေးကို ၂၀၀၇ခုနှစ် မကြာသေးခင် ရက်များက ဆင်နွှဲခဲ့သည်။ ယခု ထို Sanghas-led သံဃာတော်များ ဦးဆောင် အသေခံတိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် နအဖ စစ်အစိုးရက ထပ်မံ အမြတ်ထုတ် နေပြန်ပြီ ဖြစ်သည်။
ဘယ်လို အမြတ်ထုတ် နေသလဲ။

ရှင်းပါသည်။ ယခု ဒုတိယ လူထုတိုက်ပွဲကို မလွန်ဆန် မခုခံနိုင်တော့သော နအဖ စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို သွေးရူးသွေးတန်း အပူတပြင်း လုပ်ဆောင်လာပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ သံဃာ တော်များ၊ ကျောင်းသားများ၊ ပြည်သူများက လူထု တပ်ပေါင်းစု ကြီးဖွဲ့ပြီး တခဲနက် တောင်းဆို ဆန္ဒပြခဲ့ခြင်းပဲ မဟုတ်ပါသလော။ ဤကဲ့သို့ နအဖ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ မတက်မဖြစ် တက်ရတော့သည့် အခြေအနေသို့ ရောက်အောင် တိုက်ရိုက်ဖိအား ပေးနိုင်ခဲ့ခြင်းမှာ ယခု ၂၀၀၇ ဒုတိယ လူထုတိုက်ပွဲ၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်သည်။ သို့ရာတွင် နအဖ စစ်အစိုးရသည် ကောက်ကျစ်ယုတ်မာ လှည့်ဖြားတတ်သည့် ဖက်ဆစ်ညာဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးရေးကို ဗန်းပြပြီး အာဏာကို ရေရှည်ထိန်းချုပ်သွားနိုင်ရန် ကြိုးစားနေခြင်းသာဖြစ်သည်။ ဤအချက်မှာ မြန်မာ့ဒီမိုက ရေစီ တော်လှန်ရေး အောင်ပွဲခံရေးနှင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ် ချေမှုန်းနိုင်ရေးအတွက် အလွန်အရေးကြီး လက်ငင်းကျသော အချက်ဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်သူလူထုကြီး အနေဖြင့် စစ်အုပ်စု အလိုကျ “အတုအယောင် တွေ့ဆုံဆွေးနွေးရေး” ကို ငေးမောမျှော်လင့် ယုံစားမနေကြဘဲ မိမိတို့၏ တိုက်ပွဲ အရှိန်အဟုန်ကို အပြင်းအထန် မြှင့်တင် ကာ အချိန်အတို တောင်းဆုံးအတွင်း အမြန် ဆုံး အနိုင်တိုက်ပြီး အမြန်ဆုံး ပြည်သူ့အာဏာကို သိမ်းပိုက် ကြရတော့မည် ဖြစ်သည်။

၂။ ဘယ်လို အနိုင်တိုက်မလဲ၊ ဘယ်လို အာဏာသိမ်းပိုက်မလဲ။
မြန်မာပြည်သူ လူထုကြီးအဖို့ ယခုအခါ ပွဲသိမ်း ဆင်နွှဲကြရမည့် တနည်း “တတိယနှင့် နောက်ဆုံး” ဒီမိုကရေစီ တော်လှန်ရေး ဖြစ်သည့် ဤတိုက်ပွဲတွင် အဓိက အားဖြင့် ရှောင်ရန်နှင့် ဆောင်ရန်များကို ဦးစွာ သိထားရန် လိုပေသည်။
ရှောင်ရန် အချက်(၂)ရပ် ရှိသည်။

ပထမအချက်မှာ အကြမ်းမဖက်ရေး (Non-violence) မူကို အသေဆုပ်ကိုင်ထားခြင်းနှင့် ဒုတိယအချက်မှာ စေ့စပ်ကြေအေးရေး (Compromise) မူတို့ဖြစ် သည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ၏ ဆုတောင်းမေတ္တာပို့သည့် အကြမ်းမဖက်နည်းမှာ နအဖ စစ်အုပ်စု၏ အကြမ်းဖက် ချေမှုန်းမှုကို ခံခဲ့ရသည်မှာ လူတိုင်း အသိပင်ဖြစ်သည်။ ရှေ့ဆက် တိုက်ရမည့် တိုက်ပွဲ စဉ်များတွင် မြန်မာပြည် သူလူထုသည် အကြမ်းမဖက်ရေးမူကိုပဲ ဆက်လက် စွဲကိုင်နေဦးမည်၊ တနည်း မေတ္တာလက်နက်ဖြင့်သာ ရင်ဆိုင်နေဦး မည်ဆိုလျှင် လူသတ်သမား ရှေ့မှောက် မှာ လည်စင်းခံပေးသလို ဖြစ်နေပေတော့မည်။ ဤသို့ကား ဘယ်နည်းနှင့်မှ အဖြစ်မခံနိုင်တော့ပါ။ (ထိုသို့ မဟုတ်ဘဲ အကြမ်းမဖက်ရေး လမ်းစဉ်ကိုသာ အသေဆုပ်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျှင် ထိုသို့ ယုံကြည်သူများ ရှေ့ဆုံးမှ ဦးဆောင် ချီတက်ပြီး ပိုးစက်ပက်စက် အသေခံကြမှ ဖြစ်ပါလိမ့်မည်။)

ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမားတိုင်းတွင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ယူဆပါသည်။ အမှန်က ဥပဒေဘောင် အတွင်းတွင် ငြိမ်းချမ်း စွာ ဆန္ဒပြ တောင်းဆိုနေသော ပုဂ္ဂိုလ် တဦးတယောက်၏ အသက်အန္တရာယ်နှင့် လုံခြုံမှုအတွက် ဥပဒေက အကာအကွယ် ပေးရမည်ဖြစ်သည်။ သို့သော် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ မရှိသဖြင့် ထိုဥပဒေ မရှိပါ။
ထို့ကြောင့် ဆန္ဒပြသမားများသည် မိမိကိုယ်ကို မိမိသာ ခုခံကာကွယ် ရတော့မည် ဖြစ်သည်။ “သေ-နာ တ၀၊ မုဒိန်း စသည်၊ ရာဂ ပြေအောင်၊ လူသွေးဆောင်၊ သေ အောင် ခုခံခွင့်” ဟူ၍ ရာဇ၀တ် ဥပဒေမှာ အခိုင်အမာ ဖော်ပြထားပါသည်။ ထိုအခါ ဆန္ဒပြသမားတိုင်းသည် စစ်တပ်က အကြမ်းဖက်နှိမ်နင်း ဖြိုခွဲလာမှုအပေါ် ခုခံ ကာကွယ်ရန် လိုအပ်လာပါက တိုက်ပွဲ၏ ဦးတည်ချက်ကို မထိခိုက်စေသောနည်းဖြင့် ပြန်လည် အကြမ်းဖက် ရင်ဆိုင် တုံ့ပြန်နိုင်ရမည် ဖြစ်သည်။

ဒုတိယအချက်ဖြစ်သည့် စေ့စပ်ကြေအေးရေးမူမှာ ရန်သူကို ဒူးထောက် အရှုံးပေးသော မူဖြစ်သဖြင့် ဤသစ္စာဖောက်ရေးမူကို အထူးပင် ရှောင်ကြဉ်ရန် လိုအပ် ပေသည်။ ရန်သူက အတုအယောင် အခွင့်အ ရေး၊ အနည်းငယ် မဖြစ်စလောက်ကလေး ပေးလိုက်ရုံနှင့် အချို့နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများသည် ရန်သူနှင့် ပူးပေါင်းသွားပြီး ပြည်သူလူထုအပေါ် သစ္စာဖောက်ခဲ့သည့် အစဉ်အလာဆိုးများ မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးပါသည်။ ဥပဒေတွင်း မြေပေါ်တိုက်ပွဲတွင် ကျောရိုးပျော့သူများ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြစ်သည်။

သို့ဖြစ်ရာ ဤရှောင်ရန်ရှိသည့် အချက်နှစ်ချက်ကို ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမား မည်သူမဆို ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ အားလုံးက သတိကြီးကြီးထားပြီး ရှောင်ကြဉ်သွားရန် လိုပါသည်။

ယခု မြန်မာပြည်သူလူထုကြီး ဆင်နွှဲနေသော အရေးတော်ပုံမှာ သာမန် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲ အဆင့်မျိုး မဟုတ်တော့ပါ။ ယခု မိမိတို့ ဆင်နွှဲနေသည်မှာ (၄၅)နှစ်တာ ဖိနှိပ်အုပ်ချုပ်လာသည့် စစ် အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချဖို့ ကြိုးပမ်းသည့် တော်လှန်ရေး (Revolution-Resistance) တရပ်ဖြစ်ကြောင်း သဘောပေါက်ထားကြလျှင် တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင် တိုက်ပွဲဝင် သွားကြရမည် မဟုတ်ပါလော။

၃။ တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင်လုပ်
ယခုတိုက်ပွဲတွင် ဆောင်ရန်ရှိသည့် အချက်များမှာ …

(၁) သားသုံးသား’ ပေါင်းစည်းရေးကို မဖြစ်မနေ ကြိုးပမ်းရန်နှင့်

(၂) လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်သည့် အနေဖြင့် ဥပဒေတွင်း တိုက်ပွဲနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ပေးရန်တို့ ဖြစ်သည်။

၁၉၈၈ ပထမ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို ကျောင်းသားများ ဦးဆောင်ခဲ့ကြသည်။ (Students-led) ၂၀၀၇ ဒုတိယ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို သံဃာတော်များ ဦးဆောင်ခဲ့ကြသည်။ (Sanghas-led) ယခု ၂၀၀၈ တတိယနှင့် နောက်ဆုံး တိုက်ပွဲတွင် စစ်သား (တပ်မတော်သား) များ လူထုတိုက်ပွဲထဲ ပူး ပေါင်းပါဝင်လာပြီး သူတို့ကိုယ်တိုင်က စစ်အာဏာရှင် ခေါင်းဆောင်များကို အန်တု စိန်ခေါ်သည့် အခြေအနေမျိုး မလွဲမသွေ ဆိုက်ရောက်လာရန် ပြည်သူ လူထုကြီးက ဆွဲဆောင်စည်းရုံး သိမ်းသွင်း သွားရမည်ဖြစ်သည်။ ထိုအခါ စစ်သား+ဘုရားသား(သံဃာ)+ကျောင်းသား+“သားသုံးသား” ပေါင်းစည်း ညီညွတ်ပြီး စစ်သားများကပင် လိုအပ်ချက်နှင့်အညီ တိုက်ပွဲကို ဦးဆောင်သွားမည့် Soldiers-led အနေအထားကို မုချဆိုက်ရောက် လာရပေမည်။ ဤအချက်မှာ ဆန္ဒပြ သမားများက စိတ်ရှည် ရှည်နှင့် လိမ္မာပါးနပ်စွာ စည်းရုံးလုပ်ဆောင် သွားရမည့် ကိစ္စဖြစ် သည်။

ဒုတိယ ဆောင်ရန် အချက်ဖြစ်သည့် လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်တင်ရေးတွင် အောက်ပါကိစ္စများ လုပ်ဆောင်ရန် လိုပေသည်။
ပထမဦးစွာ ဥပဒေတွင်းတိုက်ပွဲတွင် မြေပေါ်/မြေအောက် အဖွဲ့အစည်းများ တော်လှန်ရေး ရေချိန်နှင့်အပြိုင် တပြေးညီ ဆက်စပ်ညီညွတ် ပေါင်းစည်းနေဖို့ဖြစ် သည်။

မြေပေါ်တွင် NLD ရှိသည်။ သံဃာတပ်ပေါင်းစုရှိသည်။ ၈၈ မျိုးဆက်၊ ဗကသ၊ တကသ ကျောင်းသားအဖွဲ့များ ရှိသည်။ သုံးရောင်ခြယ်၊ အကြမ်းမဖက်၊ CNG လူငယ်အဖွဲ့များရှိသည်။ နိုင်ငံရေး တက်ကြွလှုပ် ရှားသူများ ရှိသည်။ တတ်သိပညာရှင်များ ရှိသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှိသည်။ အလုပ်သမား လယ်သမား သမဂ္ဂများရှိသည်။ ဤမြေပေါ် အင်အားစုများ အားလုံး “လူထုဒီမို ကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy) အဖြစ် စုစည်းရပ် တည် ကြရမည်။

မြေပေါ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇)ဖွဲ့လည်း ရှိနေသည်။ ဥပဒေတွင်း တိုက်ပွဲ မြေအောက်တွင် ထွက်ပြေး တိမ်းရှောင်နေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့၊ ကျောင်းသား ခေါင်းဆောင်အချို့နှင့် သံဃာ့ ခေါင်းဆောင်အချို့ ရှိသည်။

ယင်းမြေပေါ် မြေအောက် ဥပဒေတွင်းတိုက်ပွဲကို ဥပဒေပတိုက်ပွဲနှင့် ဆက်စပ် ချိတ်တွယ်ပေးရမည်။
ဥပဒေပတိုက်ပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်းနှင့် လက်နက်မကိုင်သော အဖွဲ့အစည်းဟူ၍ ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းတွင် အဓိကအားဖြင့် KNU နှင့် သူ၏တပ် KNLA ရှိသည်။ ABSDF (ကျောင်းသားတပ်မတော်) အပါ အ၀င် KNPP က ဦးဆောင် ဖွဲ့စည်းထားသည့် တိုင်းရင်းသား စစ်ရေးမဟာမိတ်အဖွဲ့ ရှိသည်။ (ဤအဖွဲ့တွင် ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၆စု ပါ ၀င်သည်။)

လက်နက်မကိုင်သော ဥပဒေပ အဖွဲ့အစည်းများအဖြစ် NLD(LA)၊ လူ့ဘောင်သစ်ပါတီ၊ NCUB၊ NCGUB၊ DAB၊ FDB စသည့် ကမ္ဘာအနှံ့ နိုင်ငံရေး အဖွဲ့အစည်း များရှိသည်။

ဥပဒေတွင်း လူထုတိုက်ပွဲ အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ နယ်စပ်က၊ ပြည်ပက ဥပဒေပ နိုင်ငံရေး လှုပ်ရှားမှုများကလည်း နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်လာပြီး စစ်အစိုးရကို ဖိအားပေးလာ အောင် ကြိုးပမ်း ကြရပါမည်။ ထို့အတူ လက် နက်ကိုင် တိုက်ပွဲကလည်း စစ်ရေး အရှိန်အဟုန်မြင့်ပြီး၊ အကျပ်ရိုက် အရူးမီးဝိုင်း ဖြစ်နေသော ရန်သူကို ဖိအားပေး ချေမှုန်းနိုင် ဖို့ လိုပါသည်။

ဥပဒေတွင်းနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးတွင် အထူးသတိထား ကိုင်တွယ်ရမည့် ကိစ္စမှာ အစိုးရနှင့် အပစ်အခတ် ရပ် စဲပြီး ဥပဒေတွင်း ရပ်တည်နေသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်း ရေးအဖွဲ့ (၁၇)ဖွဲ့၏ ပြဿနာဖြစ်သည်။ ယင်းအဖွဲ့ အစည်းများသည် စစ်အစိုးရနှင့် Gentleman's agreement ရှိထားသဖြင့် သူတို့ အဖွဲ့အစည်းများ အနေနှင့် လမ်းမပေါ် ထွက်ပြီး လူထုနှင့်အတူ လိုက်ပါ ဆန္ဒပြ ၍လည်း မဖြစ်၊ တောထဲပြန်ဝင်ပြီး စစ်အစိုးရကို လက်နက်ကိုင် ပြန်တိုက်ခိုက်ဖို့လည်း မဖြစ်သည့် ဘေးကျပ်နံကျပ် အခြေအနေတွင် ရောက်ရှိနေပေသည်။ ဤပြဿနာကို ဒီမိုကရေစီ အင်အားစုများက ညင် သာ သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်း နိုင်ဖို့လိုသည်။ အရေးကြီးသည်မှာ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက လူထုတိုက်ပွဲအပေါ် သဘောထား တည့်မတ်မှန် ကန်နေဖို့ပင် ဖြစ်ပါသည်။

သို့ဖြစ်၍ တိုက်ပွဲတပွဲ တိုက်မည်ဆိုလျှင် တိုက်ပွဲ၏ သေနင်္ဂဗျူဟာ လိုသည်။ တိုက်ပွဲ၏ နည်းပရိယာယ် လိုသည်။ တနည်း တိုက်ပွဲ၏ ဦးတည်ချက်နှင့် တိုက်ပွဲ၏ ပုံသဏ္ဍာန် ဖြစ်သည်။

၎။ တိုက်ပွဲ ဦးတည်ချက်နှင့် ပုံသဏ္ဍာန်
ပထမဦးစွာ မိမိနှင့် ရန်သူတို့၏ တိုက်ပွဲ အနေအထားကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ လိုသည်။ တိုက်ပွဲတိုင်းတွင် ရန်သူနှင့် မိမိအကြား၌ အနေအထား (၃) ရပ်ရှိ သည်။

ပထမ - မိမိဘက်က သေနင်္ဂဗျူဟာ ခံစစ်အနေအထား

ဒုတိယ - မိမိနှင့် ရန်သူ သေနင်္ဂဗျူဟာ တန်းတူရည်တူ အနေအထား

တတိယ - မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေအထား

ယခု မြန်မာပြည်သူ လူထုကြီး ရောက်ရှိနေသည့် အနေအထားမှာ မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေ အထားဖြစ်သည်။ စစ်အုပ်စု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် အပူတပြင်း တွေ့ဆုံ ဆွေးနွေးဖို့ သွေးရူးသွေးတမ်း လုပ်နေရသည်မှာ နအဖဘက်က သေနင်္ဂဗျူဟာခံစစ်သို့ ကျရောက်သွားခြင်း မဟုတ်ပါလော။

ယခု မိမိတို့ သေနင်္ဂဗျူဟာ ထိုးစစ်အနေအထားမှာ ရောက်နေပြီ။ ဘယ်လို ပွဲသိမ်း သေနင်္ဂဗျူဟာကို ကျင့်သုံးမလဲ။ တနည်း ပွဲသိမ်းတိုက်ပွဲ၏ ဦးတည်ချက်က ဘာလဲ။

အောက်ပါ ကြွေးကြော်သံ (၃)ရပ်သည် တိုက်ပွဲ၏ ဦးတည်ချက် ဖြစ်ရမည်။

(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးရေး

(၂) ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအပါအ၀င် အတိုက်အခံ နိုင်ငံရေးပါတီ အင်အားစုများက တဖက်၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တဖက်၊ စစ်အစိုးရ ကိုယ်စားလှယ်များက တဖက် ပါဝင်သော သုံး ပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပရေး

(၃) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပါဝင်သော ကြားဖြတ်အစိုးရ အမြန်ဆုံး ဖွဲ့စည်းရေး (အတိုကောက် အားဖြင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး) ဤကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်း ပိုက်ရေး လမ်းစ၏ သေနင်္ဂဗျူဟာ ဖြစ်ရမည်။
သေနင်္ဂဗျူဟာကို နည်းပရိယာယ်များဖြင့် အကောင်အထည် ဖော်ရသည်။ ဘယ်လို နည်းပရိယာယ်လဲ။ တနည်း တိုက်ပွဲ၏ ပုံသဏ္ဍာန်က ဘယ်လိုလဲ။

လူထုတိုက်ပွဲ၏ ပုံသဏ္ဍာန်မှာ ရှင်းပေသည်။

“လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy)က ဦးဆောင်၍ ဥပမာ - ရွှေတိဂုံဘုရားတွင် သပိတ်စခန်းဖွင့်မည်။ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ သပိတ်မှောက် စီတန်းလှည့် လည်မည်။ နေပြည်တော် သိမ်းပိုက်ရေး ကြွေး ကြော်မည်။

စည်းကမ်းရှိခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။ အမှန်တရားနှင့် ကိုက်ညီခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။
ပြည်တွင်း ပြည်ပ ကွန်ပျူတာ အင်တာနက် ဘလော့ဂါများ၊ ပြည်ပ ရေဒီယို ရုပ်မြင်သံကြား မီဒီယာများသည် တိုက်ပွဲ၏ ပုံ သဏ္ဍာန်တခု ဖြစ်သည်။

သံဃာ့ဦးသျှောင်အဖွဲ့ အပါအ၀င် ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။

အခြားပုံသဏ္ဍာန်များ - လူထုက လူထုရန်သူ နအဖအစိုးရ၏ လက်ကိုင်တုတ်များဖြစ်သည့် ကြံ့ဖွတ်၊ စွမ်းအားရှင်နှင့် သတင်းပေးများကို ဥပမာ - ရပ်ကွက်လူထုက မြို့ပြ ပြောက်ကျားပုံစံ လက်သည်မပေါ်အောင် ဟန့်တား ဖြိုခွင်းသည့် နည်းမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ထိုလက်တဆုပ်စာ လက်ကိုင်တုတ်များ ရပ်ကွက်ထဲ တွင် မနေရဲတော့ဘဲ စိတ်ချောက်ချား တုန်လှုပ်ပြီး ထွက်ပြေးသွားအောင် ရပ်ကွက်လူ ထုက ခြိမ်းခြောက်နေရမည်။

အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်နေသော ဆန္ဒပြသမား တဦးချင်းသည် တိုက်ပွဲ၏ ဦးတည်ချက်နှင့် မလွဲချော်လျှင် မိမိစိတ် ကူးရှိသလို မိမိနည်း မိမိဟန်ဖြင့် ထိုကြံ့ဖွံ့၊ စွမ်းအားရှင်၊ သတင်းပေးများကို အမျိုးမျိုး နှောက်ယှက် ဒုက္ခပေးနိုင်သည်။
တိုက်ပွဲ၏ အရေးကြီးဆုံး ပုံသဏ္ဍာန်မှာ ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန်ညီညွတ်နေဖို့ပင် ဖြစ်သည်။

နိဂုံး

တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ထို့အတူ တော်လှန်သော တပ်ဦး (ခေါင်းဆောင်မှု) တရပ် မရှိဘဲနှင့်လည်း တော်လှန်ရေး အောင်ပွဲမခံနိုင်ပါ။
အထက်တွင် ဖော်ပြခဲ့သော ကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တိုက်ပွဲ၏ အတွေးအခေါ်ဖြစ်ရမည်။ လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (Mass's Alliances for Democracy) သည် ဦးဆောင်တပ်ဦး ဖြစ်ရမည်။
အထူးထပ်မံ၍ ပြောလိုသည်မှာ …

အကြမ်းမဖက်ရေးမူကို အသေဆုပ်ကိုင် မထားစတမ်း … ။

ရန်သူနှင့် မစေ့စပ် မကြေအေး စတမ်း။

စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနှင့် ကိုက်ညီသော အင်အားမျိုးကို ထူထောင်စတမ်း။

ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးအပေါ် သစ္စာမဖောက်စတမ်း။

တနှစ်အတွင်း အနိုင်တိုက်စတမ်း။ အာဏာသိမ်းပိုက် စတမ်း။

အောင်ဝေး (မြန်မာနိုင်ငံ ကဗျာဆရာ) (ခေတ္တ - ပုန်းခိုကျင်း တနေရာ) ၁၂-၁၀- ၂၀၀၇

နောက်ဆက်တွဲ

စာတမ်းတွင် ဖော်ပြခဲ့သော
(၁) နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး (၂) သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေး (၃) ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး
ဤကြွေးကြော်သံ သုံးရပ်မှာ လူထုတိုက်ပွဲ အရှိန်အဟုန်အတိုင်း မမှိတ်မသုန် တဆင့်ချင်း တထစ်ချင်း အကောင်အထည် ပေါ်လာရမည်မှာ မုချဖြစ်သည်။

ပထမအဆင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်။ ဒုတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလာမည်။ တတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင် သော ကြားဖြတ်အစိုးရ ဖြစ်ပေါ်လာမည်။ ဤအချိန်တွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးအကြီးဆုံး အခြေအနေ သို့ ရောက်လာပြီ ဖြစ်သည်။

ကြားဖြတ်အစိုးရ ပေါ်ပေါက်လာလျင် နအဖအစိုးရနှင့် အတူတကွ နအဖအစိုးရ၏ လမ်းပြမြေပုံ (၇)ချက်၊ အမျိုးသားညီလာခံ နှင့် သူတို့ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည့် အားလုံးလိုလို ပယ်ဖျက်ပြီးသား ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ကြားဖြတ်အစိုးရ ပေါ်ပေါက်လာဖို့ အထူးအရေးကြီး လိုအပ်သည်။ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာမှသာ ထိုကြားဖြတ်အစိုးရက အောက်ပါ အရေးကြီး ကိစ္စများကို အလျင်အမြန် ဆောင်ရွက်နိုင် မည်။

ပထမ - ကြားဖြတ်အစိုးရက ၁၉၉၀ပြည့် ရွေးကောက်ပွဲ ရလဒ်များကို အတည်ပြု ကြေညာပေးရမည်။

ဒုတိယ - ကြားဖြတ်အစိုးရက ပြည်သူ့လွှတ်တော် ခေါ်ယူပေးရမည်။ ထိုလွှတ်တော်ကမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ အတည် ပြု ပြဌာန်းပြီး ဥပဒေနှင့်အညီ ကြားဖြတ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူရမည် ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီ အကျဆုံး နှင့် သိက္ခာအရှိဆုံး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် ဖြစ် သည်။ (တရားမ၀င် စစ်အစိုးရအတွက် အကောင်းဆုံး ထွက်ပေါက် လည်း ဖြစ်သည်။)

ဒီမိုကရေစီအစိုးရ မပေါ်ပေါက်သေးခင်၊ တနည်း အာဏာလွှဲပြောင်း မယူရသေးခင် ကြားဖြတ်အစိုးရ တာဝန်ယူထားသော ကြားကာလတွင် အောက်ပါ အချက် များကို နားလည်လိုက်နာဖို့ လိုသည်။

ပထမအချက် - ကေအန်ယူ အပါအ၀င် တောတွင်း လက်နက်ကိုင် အဖွဲ့များ၏ ထိုးစစ်များကို ရပ်နားထား ရမည်။

ဒုတိယအချက် - တပ်မတော်အပေါ် နားလည်မှု ပေးရမည်။

တတိယအချက် - ပြည်ထောင်စုကြီး တစည်းတလုံးတည်းရှိရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး တို့ကို ဦးထိပ်ထားရမည်။
ကြားဖြတ်အစိုးရက လွှတ်တော်ခေါ်ပေးပြီး လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလတွင် တောတွင်းလက် နက်ကိုင် အဖွဲ့များသည် ကြားဖြတ် အစိုးရနှင့် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မည်။ ဤအဆင့်တွင် လက်နက် ကိုင် အင်အားစုများအနေနှင့် ‘စစ်ရေးချို - နိုင်ငံရေးပို’ မူကို ကျင့်သုံးရ မည်။

တပ်မတော်နှင့် ပတ်သက်၍ မြန်မာလူထုကြီးက အောက်ပါအတိုင်း နားလည်လက်ခံ ပေးရမည်။
(၁) တပ်မတော်သည် ဒီမိုကရေစီ အစိုးရတည်ဆောက်ရေးတွင် ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။

(၂) တပ်မတော်သည် တိုင်းပြည်အပေါ် သစ္စာခံသည်။ အစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားသော ပြည်သူ လူထုကိုယ်စားပြု အဖွဲ့အစည်း ဖြစ် သည်။ တပ်မတော်သည် အစိုးရလက်အောက်မှာ ရှိရမည်။

(၃) နိုင်ငံတော် အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်စေရမည်။ တပ်မတော်သည် ပြည်သူလူထုကို ကာကွယ် စောင့် ရှောက်ပေးရန် တာဝန်ရှိသည်။

ကြားဖြတ်အစိုးရ တာဝန်ယူထားသည့် ကြားကာလ သို့တည်းမဟုတ် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းစကာလတွင် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် ပြည် တွင်း အခြေစိုက် နိုင်ငံရေးအင်အားစုများနှင့် “ပြည်တော်ဝင် လာမည့်” ပြည်ပအခြေစိုက် နိုင်ငံရေး အင်အားစုများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်မ လာဖို့ အထူး အရေးကြီးသည်။ စစ်မှန်သော ပြည်ထောင်စုစနစ် ပေါ်ပေါက်နိုင်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံကြားတွင် ချစ်ကြည်ရင်းနှီးမှု အထူးအရေးကြီးသည်။
ပြည်ထောင်စုကြီး တစည်းတလုံးတည်း ရှိရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးတွင် ပြင်းပြသော တာဝန်ယူလို စိတ်ရှိရန် အထူးအရေးကြီးသည်။
ဤကဲ့သို့ တနှစ်အတွင်း အနိုင်တိုက်ပြီးပြီ။ အာဏာသိမ်းပိုက်ပြီးပြီဆိုလျှင် မြန်မာပြည်သူ လူထုကြီး၏ သမိုင်းစာ မျက်နှာသစ်၊ ဘ၀သစ်ကို စတင်နိုင်ပြီ ဖြစ်ပါ သည်။

နောက်ဆုံး ပြောလိုသည်မှာ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနေစဉ်မှာရော၊ ဒီမိုကရေစီ အစိုးရကို ထူထောင်နေ စဉ်မှာပါ တိုက်ပွဲစဉ်တလျှောက်လုံး “ဒေါ်အောင်ဆန်းစုကြည်” နှင့် တသားတည်း ရှိနေဖို့ပင် ဖြစ်ပါကြောင်း။

ဤတွင် အောင်ဝေးစစ်တမ်း ပြီးပါပြီ။ ။

(မူရင်း-ငုရင်ပြင်စာမျက်နှာ)

appeal to the burmese people

ပြည်သူသို့ ပန်ကြားချက်
၁။ ကျနော်သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ သြဂုတ်- စက်တင်ဘာ မြန်မာ့ဒီမိုကရေစီ တောင်းဆိုမှု ရွှေဝါရောင် တော်လှန်ရေးကြီးတွင် သံဃာလှုပ်ရှားမှု ဦးစီးကော်မတီနှင့် အနီးကပ် ပူးတွဲ၍ ဦးဆောင် ပါဝင်ခဲ့ပါသည်။
၂။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့မှစ၍ စစ်တပ်က ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းဖြိုခွင်း လာသည့်အခါ ကျနော် ရန်ကုန်မြို့ထဲတွင် တနေရာပြီး တနေရာ ပြောင်းရွှေ့၍ တိမ်းရှောင် ပုန်းအောင်း နေခဲ့ရ ပါသည်။
၃။ အစိုးရအကြမ်းဖက်ဝါဒ (State Terrorrism) အောက်တွင် ကြာရှည် ပုန်းအောင်၍ မရနိုင်တော့သည့်အ တွက် ၂၀၀၇ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ကျနော် ရန်ကုန်မြို့မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ ပါသည်။
၎။ ထိုင်းနိုင်ငံအတွင်းသို့ ကျနော် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။
၅။ ကျနော်သည် တက္ကသိုလ်ကျောင်းသားဘ၀တွင် ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း၌ တကြိမ်၊ ကဗျာဆရာ ဘ၀တွင် ၁၉၈၉ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း ခရီးစဉ်၌ တကြိမ်၊ ၁၉၈၉ အာဇာနည်နေ့ အရေးအ ခင်း၌ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရစဉ်၌ တကြိမ် စုစုပေါင်း (၃)ကြိမ် နိုင်ငံရေး ပုဒ်မ(၅)ဖြင့် ထောင်ကျခံခဲ့ရပါသည်။၆။ ယခု ကျနော် တိုင်းပြည်ကို စွန့်ခွာလာခဲ့ခြင်းမှာ (လွတ်လပ်မှု ဆုံးရှုံးနေသော) တိုင်းပြည်ကို ပြန်လည် ရလို သောကြောင့် ဖြစ်ပါသည်။
၇။ ပြည်ပတွင် ရောက်ရှိနေထိုင်စဉ် ကျနော်သည် မပြီးဆုံးသေးသော အမိမြေ ဒီမိုကရေစီတော်လှန်ရေးအ တွက် ...
(က) ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများနှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် …
(ခ) ပြည်တွင်းပြည်ပ ဥပဒေပညာရှင်များနှင့် တိုင်ပင်၍ စစ်အစိုးရနှင့် အပေါင်းအပါများအား လူထုခုံရုံးတင် ပြစ်ဒဏ်စီရင်နိုင်ရေးတို့ကို ဆက်လက်၍ အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဟု ကတိပြုပါသည်။
၈။ ယခုအချိန်တွင် ကျနော်တို့နိုင်ငံ၏ သေရေးရှင်ရေး အဓိကပြဿနာမှာ ဘုံရန်သူ (နအဖ စစ်အစိုးရ)ကို အမြစ်ပြတ် ချေမှုန်းရေး ဖြစ်ပါသည်။
၉။ ယနေ့လူထုတိုက်ပွဲတွင် ‘ဘက်’ နှစ်ဖက်သာ ရှိပါသည်။ တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ဖြစ်၍ ကျန်တဖက်မှာ နအဖစစ်အုပ်စုဘက် ဖြစ်ပါသည်။ ကြားမရှိပါ။
၁၀။ အထူးသဖြင့် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်အတွင်းမှ ဒီမိုကရေစီ လိုလားသော တပ်မှူးတပ်သားများ၊ ပြည်သူ့အခွန်စား ၀န်ထမ်းများ၊ ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဘယ်ဘက်က ရပ်မလဲ။ ကြားနေ၍ မရတော့ပါ။ ပြတ်သားဖို့ လိုပါပြီ။
၁၁။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကပင် အသိအမှတ် ပြုထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဖြစ်ပါသည်။ နအဖ စစ်အစိုးရသည် သံဃာသတ်သော သာသနာဖျက် ဖက်ဆစ်များ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်သူများသည် နအဖ ဖက်ဆစ်များနှင့်အတူ မြန်မာ့လူထု၊ ကမ္ဘာ့လူထုများ၏ မြေမြှုပ်သင်္ဂြိုဟ်ခြင်းကို မလွဲမသွေ ခံရပါလိမ့်မည်။
၁၂။ ယနေ့ မြန်မာ့တော်လှန်ရေးသည် အဆင့်နှစ်ဆင့်ကို စနစ်တကျ ကူးပြောင်းသွားရပါမည်။ ပထမအဆင့်မှာ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရ တည်ဆောက်ရန်နှင့် ဒုတိယအဆင့်မှာ တိုင်းပြည် ပြန်လည်ထူထောင်ရန် ဖြစ်ပါသည်။ ထို ဒုတိယအဆင့်သို့ ရောက်မှ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရန် ဖြစ်ပါသည်။ ယခုအချိန်တွင် ဒီမိုကရေစီ ရရှိရေးသည် ပထမဖြစ်ပါသည်။
၁၃။ လွတ်လပ်မှုရှိလျှင် တရားမျှတမှုသည်လည်း သူ့အလိုလို ရှိလာပါလိမ့်မည်။ လွတ်လပ်ပြီး တရားမျှတလျှင် ငြိမ်းချမ်းရေးသည် အာမခံချက် ရှိလာပေမည်။ သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူလူထုအပေါင်းသည် လွတ်လပ်မှုအတွက် မဆုတ်မနစ် ညီညီညွတ်ညွတ် ဆက်လက် တိုက်ပွဲဝင်သွားကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
- စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
- ဒီမိုကရေစီအရေးတော်ပုံ မုချအောင်မြင်ရမည်။
အောင်ဝေး (မြန်မာနိုင်ငံ ကဗျာဆရာ)
၁၉-၃-၀၈