Showing posts with label interview. Show all posts
Showing posts with label interview. Show all posts

Thursday, November 5, 2020

FM Bagan အင္တာဗ်ဴး

စောဝေ
(ရန်ကုန်ဆယ်ဖီနှင့်ကဗျာအာခံတွင်းထဲငုံထားရတဲ့မြို့များ) ကဗျာစာအုပ် နှင့် အောင်ဝေး
(မြတ်ခိုင်မေးသည်)

##

စောဝေ
(မြတ်ခိုင်မေးသည်)



Wednesday, June 4, 2008

အောင်ဝေးနဲ့ စကားလက်ဆုံ

အောင်ဝေးနဲ့ စကားလက်ဆုံ
မောင်ရစ်
မတ် ၂၃၊ ၂၀၀၈

မိတ်ဆွေများ
သူ အခုတော့ အမေရိကား၊ မီချီဂန်က လန်ဇင်းဆိုတဲ့အရပ်ကို ရောက်နေပါပြီ။ သူနေတဲ့ နေရာက နွေဦးရိပ်သာပါ တဲ့။ သို့သော် နှင်းတွေက ၃ ပေလောက် ထူထပ်တယ်လို့ ဆိုပါတယ်။ ဖုန်း အဆက်အသွယ် ရရချင်း ကဗျာတပုဒ် လက်တမ်း ရွတ်ပေးနေပါတယ်။ မိုးမခမှာ အင်္ဂလိပ်လို တင်ရမတဲ့။ ဘာသာပြန်ပြီး တွဲမတင်ပါနဲ့တဲ့။ အေးဗျာ တင်ရတာပေါ့။


တယောက်တည်းလား
ဟုတ်တယ်။ လာတုန်းကတော့ အဖွဲ့နဲ့ပါပဲ။ အခုတော့ တယောက် တနေရာစီ။ မဲဆောက်၊ နယူးယောက်၊ ပြီးတော့ ဒီက မီချီဂန်က လန်ဇင်းကို ရောက်နေပြီ။ မတ်လ ၁၉ က ထွက်လာတာ။ နယူးယောက်မှာတုန်းက တယောက်တည်း လမ်းလျှောက်ပြီး လိုက်ကြည့် ငေးမောနေမိသေးတယ်။အခု ကွန်ပျူတာ မရှိဘူး။ နေရာချထားရေးဌာနရဲ့ ရုံးဖွင့်တဲ့နေ့တွေကျရင်တော့ အင်တာနက်နဲ့ တွေ့ရမယ် ထင်တယ်။

အဖော်တွေကကော
အဖော် ၄ ယောက်နဲ့လာတာ။ အရင်အဖွဲ့က ဘုန်းကြီး ၃ ပါး။ အခုအဖွဲ့က လူငယ် ၃ ဦး ပြီးတော့ အောင်ဝေး။ ၂ ဦးက နယူးယောက် ကျွဲဆည်ကန်၊ တဦးက နယူးဂျာဆီတို့ဆီမှာ ပြောင်းရွှေ့အခြေကျကြမယ် ဆိုတယ်။ အခုအဖွဲ့နဲ့အတူ ဦးပညာဝံသဆိုတဲ့ ကိုယ်တော်လည်း ပါတယ်လို့ ဆိုပါတယ်။

မိုးမခနဲ့ ရေစက်က ဘာတွေလို့ ပြောမလဲ
စက်တင်ဘာ အရေးအခင်းတုန်းက 3 F ကဗျာ။ အဲဒီ နံမည်နဲ့ ကဗျာကို အမြဲတမ်း ဂူးဂဲပေါ်ကရှာတိုင်း တွေ့နေတယ်။ ပြီးတော့ မိုးမခက လုပ်ပေးတဲ့ အောင်ဝေး ဘလောက်။ စုဝေးပြီး တင်ပေးထားလို့ ကဗျာတွေ စာတွေကို တစုတစည်းတည်း တွေ့ရတယ်။ ၃၃ လမ်းမှ ဒေါင်းရင်ပြင်သို့ ဆိုတဲ့စာရယ်၊ အောင်ဝေး စစ်တမ်းကို အင်္ဂလိပ်လို ရေးထားတာရယ်ကို ဆက်ပြီး တင်ပေးပါဦး။

မဲဆောက်မှာ အမှတ်ရနေမယ့် အနုပညာတင်ဆက်မှုတခု ရှိသလား
"ကမ္ဘာ့ကဗျာနေ့"မှာ အချိန်တိုတို ရက်တိုတိုအတွင်း စီစဉ်ခဲ့ရတဲ့ မြန်မာကဗျာနဲ့ ကဗျာဆရာတွေရဲ့ တင်ဆက်မှု ဖြစ်မယ်ထင်ပါတယ်။ ဒီဗွီဘီက မူပိုင်တင်ဆက်မှာဖြစ်ပါတယ်။ အဲဒါကို ၃ ပိုင်းခွဲပြီး လွှင့်မယ်ပြောတယ်။ အင်တာနက်ပေါ်က ကြည့်ခွင့်ရရင် ကြည့်ပြီး ခံစားကြည့်ပါဦး။
"အဖြူရောင်သက်တံ" ကဗျာရွတ်ဆိုပွဲတုန်းက ၀ိုင်းဝန်း စီစဉ်ခဲ့ရတာထက် အချိန်တိုတိုနဲ့ အမြန်တင်ဆက်ရတာ ဖြစ်ပါတယ်။ "ဒေါင်းရင်ပြင်မှ ပဲ့တင်သံများ"လို၊ "အောင်ဆန်းနှင်းဆီ"လိုမျိုး ကဗျာပြပွဲ ခေါင်းစဉ် သီးသန့်နဲ့ လုပ်ချင်တာတွေလည်း ရင်ထဲမှာ အများကြီးပဲ။
မဲဆောက်ရောက်တော့ "ပရိုပိုဇယ် နိုင်ငံရေး"ဆိုပြီး ဝေဖန်ခဲ့ပေမယ့် အဲဒီ "ကမ္ဘာ့ကဗျာနေ့" တင်ဆက်မှုလည်းကျရော ကိုယ်တိုင် ပရောဂျက်ပရိုပိုဇယ် ရေးတင်ခဲ့ရတာလည်း အမှတ်တရပဲ ဖြစ်မယ်ထင်တယ်။ အဲလိုမျိုး ကုန်ကျစရိတ်ကို မတင်ပြနိုင်ရင် ဒါမျိုးကို လုပ်ဖို့ မလွယ်ဘူးဆိုတော့လည်း အောင်ဝေးလည်း ပရိုပိုဇယ် ရေးဖူးသွားတာပါပဲ။

အစက ပြည်တွင်းမှာ၊ နောက်တော့ လွတ်မြောက်နယ်မြေ၊ အခုတော့ အမေရိကန်မဲဇာ မှာပေါ့ဗျာ။ ဘာထူးခြားတဲ့ ခံစားချက် ဖြစ်ခဲ့တာ ရှိလဲ။
မဲဆောက်ကနေ အမေရိကန်ကို စပြီးထွက်ခွာတဲ့နေ့မှာပဲ ပြည်တွင်းက ကျော်ကိုကိုတို့ အဖမ်းခံရတဲ့သတင်းက လမ်းခရီးမတ်တတ်မှာ ၀င်ချလာတယ်။ ကိုယ်တို့က အဝေးတနေရာကို သွားနေတဲ့အချိန်မှာ၊ ဟိုက တသုတ်ပြီး တသုတ် အဖမ်းခံနေရပြီ။ ပါလာတဲ့ တယောက်ကဆိုရင် ကြေကွဲလွန်းလို့ ငိုတယ်။ မျက်ရည်ကျတယ်။ ကိုယ်ကတော့ ကဗျာရေးတယ်။ ဒေါက်တာလွဏ်းဆွေဆီ ဖုန်းနဲ့ ကဗျာကို ပို့တယ်။ ရှေ့က စာလုံးတွေကို ဖြတ်ဖတ်ရင် “ဗ က သ” လို့ ပေါ်နေတဲ့ ကဗျာကို ရေးပို့ဖြစ်တယ်။

အခု ဘယ်လို ဆက်သွားကြမလဲ။
စာတွေ၊ ကဗျာတွေ ရေးနေမှာပဲ။ မိုးမခမှာလည်း ရေးမှာပဲ။ ဆရာဦးစောထွန်းတို့၊ ဆရာမောင်စွမ်းရည်တို့နဲ့ တိုင်ပင်ပြီး လုပ်စရာရှိတာတွေလည်း လုပ်နေမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတုန်းကတော့ ဘောလုံးပွဲမှာ ၀င်ကန်နေလို့ရတယ်။ အခုတော့ ဘောလုံးပွဲထဲ ၀င်ကန်တဲ့လူ မဟုတ်နိုင်တော့ အရန်နေရာက အားပေးတာမျိုး၊ လိုအပ်တဲ့ နေရာလေးတွေမှာ ၀င်လုပ်ပေးနေတာမျိုး၊ ဆူပူ ကန့်ကွက် အပြစ်ပြောနေတဲ့ နေရာထက် အားပါးတရ အော်ဟစ်အားပေး အသံပြုပေးနေရတဲ့ နေရာကနေ မပျက်မကွက် ဆက်ပြီး ထမ်းဆောင်နေရမယ်လို့ ထင်ပါတယ်။
မဲဆောက်မှာ "ခရမ်းပြာမြင်းရိုင်း" စာအုပ်လုပ်လက်စ တန်းလန်းနဲ့ ထားခဲ့ရတယ်။ အဲဒါကို မိတ်ဆွေတွေနဲ့ ဆက်ပြီး လုပ်ဖြစ်မယ်ထင်တယ်။ အဆက်အသွယ်တွေ ပြန်ရကြလို့ရှိရင်ပေါ့လေ။

ပြည်တွင်းကနေ လွတ်မြောက်နယ်မြေ ရောက်လာရချိန်မှာ ခင်ဗျားကို ကြိုဆိုမှုတွေထဲက အမှတ်တရ တခု ပြောပြပါ
ပြည်တွင်းကနေ နယ်စပ်ဒေသမှာ ကိုယ်ဖျောက်ပြီး နေနေရတော့ ဘယ်သူနဲ့မှလည်း ဆက်သွယ်လို့မရဘူး။ စကားပြောလို့လည်း မရဘူး။ သီးခြားနေနေရတယ်။ လုံခြုံရေးအရ။ သိတဲ့လူတွေ အဖွဲ့တွေကလည်း သိုသိုသိပ်သိပ်နဲ့ ထိန်းထားကြရတယ်။ အဲဒီမှာ နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ သိလာကြတဲ့အချိန်မှာ ပဒိုမန်းရှာက အောင်ဝေးကို တွေ့သွားတယ်။ သူ့အိမ်မှာ ထမင်းဖိတ်ကျွေးပြီး စကားလက်ဆုံတွေ ပြောဖြစ်ကြတယ်။
အောင်ဝေး စစ်တမ်းကိုလည်း အပြုသဘော ဝေဖန်ပါတယ်။ တိုင်းရင်းသားကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း အသေးစိတ် အချိန်ယူပြီး လေ့လာပြီးရေးဖို့ သူက အကြံပေးပါတယ်။ တွေ့ဆုံစကားပြောဖြစ်တာ အများကြီးပါပဲ။ ဥပမာ ဟန်ညောင်ဝေက အင်တာဗျုးတခုမှာ ရှမ်းပြည်ဟာ ဘယ်တုန်းကမှ မြန်မာပြည်လို ကိုလိုနီ မဖြစ်ခဲ့ဘူး၊ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့တာကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ထားပြီး လက်မှတ်ထိုးပေးခဲ့တာ ဖြစ်တယ်လို့ ပြောလာတာမျိုးတွေကို ဆွေးနွေးဖြစ်ကြတာတွေ ရှိပါတယ်။
ပြီးတော့ မိုးမခက အင်တာဗျူးတော့ ခေါင်းစဉ်မှာ ပေးထားတဲ့ "တော်လှန်ရေးသမား ကဗျာဆရာ" ဆိုတဲ့ခေါင်းစဉ်ကို သူ သဘောကျတယ်လို့ ပြောဖူးပါတယ်။ အဲဒါကို ကျနော် အမြဲအမှတ်တရ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။

ခင်ဗျား ပြည်တွင်းကထွက်ခွာခဲ့ပြီးနောက် စိတ်ထိခိုက်စရာတချို့ကို ပြောပြပါဦး။
ကိုစောဝေကို ဖမ်းချုပ်လိုက်ကြတယ်။ သူ့ရဲ့ကဗျာတပုဒ်အတွက်နဲ့ သူ့ကို ထောင်ထဲ ထည့်လိုက်တယ်။ ပြီးတော့ စိုင်းထီးဆိုင် ဆုံးသွားတယ်။ သူဟာ ၈၈ အရေးအခင်းမှာ ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနရှေ့မှာ ဟောပြောပွဲတွေလုပ်စဉ်က ပထမဦးဆုံး လာရောက်ဟောပြောတဲ့ ဂီတအနုပညာရှင်တယောက်အနေနဲ့ မှတ်မိနေခဲ့တယ်။ သူက ပြောဖူးတယ်၊ ငှက်ကြီး (ထူးအိမ်သင်)ဟာ သေသွားသည်အထိ ပေါ်လစီသီချင်းတပုဒ်မှာ ဆိုမသွားခဲ့ဘူးတဲ့။ ကျနော်တို့တွေ သူတို့အကြောင်းတွေ အများကြီး ရေးရအုံးမယ်။ ကိုထီးဟာ အင်န်အယ်လ်ဒီ တတ်သိပညာရှင်တဦးအဖြစ်လည်း ရပ်တည်ပေးခဲ့ပါတယ်။

မဲဆောက်၊ လွတ်မြောက်နယ်မြေမှာ ဘာတွေ လုပ်ဖြစ်သလဲ။ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ။
ကျနော် ယုံကြည်တာတွေ ပြောတယ်၊ ရေးတယ်၊ လုပ်ခဲ့တယ်။ သား ၃ သား ညီညွတ်ရေးကိုလည်း ဆက်လက် ဟစ်ကြွေးနေရမှာပဲ။ စစ်သား ၄ သိန်း၊ ၀န်ထမ်း ၄ သိန်း ရှိတယ်ထားဦး၊ ပြည်သူတွေရဲ့ အင်အားက သန်းနဲ့ချီပြီး မြန်မာပြည်မှာ ရှိနေတယ်။
အခု ပြည်သူ့ဆန္ဒခံယူပွဲကို ကန့်ကွက်တာပဲဖြစ်ဖြစ်၊ ကန့်ကွက်မဲပဲ ဖြစ်ဖြစ် ၀ိုင်းပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျနော် အင်န်စီယူဘီရဲ့ မီဒီယာအဖွဲ့မှာ ကိုစိုးနေလင်းတို့၊ ကိုလွမ်းဏီတို့နဲ့ တွဲပြီး ၀ိုင်းဝန်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ပီနန်ဆရာတော်တို့၊ အင်္ဂလန်က ဦးဥတ္တရတို့နဲ့လည်း သာသနာ့ဥသျှောင်အဖွဲ့ကိုယ်စား ဆွေးနွေးခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ မဲဆောက်က အင်အားစုတွေက အခုအချိန်မှာ အတက်ကြွဆုံးအချိန်တွေပါပဲ။ ဒီအချိန်မှာ အားလုံးက ပြည်တွင်းက အင်အားစုတွေနဲ့ တစုတစည်းတည်း တပြိုင်နက်တည်း ၀ိုင်းဝန်းဆောင်ရွက် အားပေးကြရမယ့် အချိန်တွေ ဖြစ်နေပါတယ်။
အယင်ကတော့ မဲဆောက်ဟာ ဖရိုးဇင်းလိတ်ခ်လို့ ပြောချင်တယ်။ ပရိုပိုဇယ်နိုင်ငံရေးနဲ့ ပြီးနေတော့မှာလားလို့ ဝေဖန်ရမလို ဖြစ်နေတယ်။ ဒေးဝမ်းကို မပြင်ဆင်ကြသေးဘဲ ဒေးတူးတွေ၊ ဒေးသရီးတွေအတွက် လုပ်နေကြ၊ ပြင်ဆင်နေကြသလိုပါပဲ။ ဒါက ကျနော် မြင်သလို ပြောတာပါ။ စစ်အစိုးရကို အပြုတ်တိုက်နိုင်ရေးကို အရင်ဆုံး လုပ်ကြရမယ့်အစား ဒီမိုကရေစီရပြီးမှ ပြောရ လုပ်ရမယ့် ကိစ္စတွေ လုပ်နေ၊ ပြောနေ၊ ပြင်နေကြတာတွေလည်း ရှိနေသလိုပဲလို့ ပြောချင်ပါတယ်။
တခါတလေတော့လည်း ပြည်တွင်းကလာတဲ့ မြန်မာတယောက်အနေနဲ့ ကသိကအောင့် ဖြစ်ရတာတွေလည်း မြင်ရတာပေါ့လေ။ ဥပမာ - အမျိုးသမီးများ အထိမ်းအမှတ်နေ့မှာ "ပြည့်တန်ဆာအခွင့်အရေး လူ့အခွင့်အရေး" လို့ ဆိုင်းဘုတ်ချိတ်ထားတော့ ကျနော့်သဘောသာဆိုရင် "အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေး"လို့ ပြောချလိုက်တာက ပိုကောင်းနေမလားလို့ စိတ်ထဲမှာ ဖြစ်မိတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

အခု ခင်ဗျား အခြေအနေကို ပြောပါအုံး။
ကွန်ပျူတာနဲ့ အီးမေးနဲ့ အဆက်အသွယ်တွေ ပြန်ရရင် စာပိုရေးဖြစ်မယ်။ အခုတော့ လက်နဲ့ရေးပြီး စာတိုက်ကနေ မိုးမခဆီ စာမူတွေ ပို့ရတော့မှာပဲ။ ခင်ဗျားတို့က ကျနော့်ကို နှစ်ရှည် စီမံကိန်းတခုနဲ့ လက်ပ်တော့ကွန်ပျူတာလေးသာ ရောင်းချပေးမယ်ဆိုရင် ကျနော် စာမူ ဘယ် နှစ်ရာ ဘယ် နှစ်ထောင် ရေးပြီး ပြန်ဆပ်ပေးရမလဲ ဆိုတာ ပြောပါဗျာ။
ဒီနေ့ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၂ ပြည့် မွေးနေ့ ဖြစ်တယ်။ ကျနော် အခု မိုးမခဆီကို ခုနင်က ကဗျာကို ရေးပို့လိုက်တယ်။
မိတ်ဆွေတွေကို ပြောလိုက်ပါ။ ကျနော် နှုတ်ဆက်ပါတယ်လို့။ မိုးမခ ၀ိုင်းတော်သားတွေကိုလည်း နှုတ်ဆက်လိုက်ပါ။ ကျနော် အောင်ဝေး ပါလို့။
(မူရင်း-မိုးမခ)

တော်လှန်ရေးသမား ကဗျာဆရာ အောင်ဝေးနှင့် တွေ့ဆုံမေးမြန်းခြင်း
မိုးကုပ်စက်ဝိုင်း
ဒီဇင်ဘာ ၂၃၊ ၂ဝဝ၇

ကဗျာဆရာအောင်ဝေးသည် စက်တင်ဘာလ လူထုလှုပ်ရှားမှုတွင် ထင်ထင်ရှားရှား ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ မကြာသေးမီက ထိုင်းမြန်မာနယ်စပ် လုံခြုံသည့် အရပ်ဒေသ တစ်ခုတွင် ရောက်ရှိနေသော ကဗျာဆရာအောင်ဝေးအား မိုးမခက တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။

တော်လှန်ရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကဗျာဆရာအောင်ဝေးသည် ကဗျာ၊ ဆောင်းပါးများ ဆက်လက်ရေးသားနေဆဲဖြစ်ပြီး၊ ယခုအခါ စာပေမြတ်နိုးရေးဖွဲ့သူ မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်များနှင့် အတူတကွ နေထိုင်လျက်ရှိသည်။

အမေးအဖြေအချို့ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြလိုက်ပါသည်။




စက်တင်ဘာလှုပ်ရှားမှုမှာ အနုပညာသည်တွေ အများကြီး ပါဝင်လာတာ မတွေ့ရဘူး။ သူတို့ရဲ့နိုင်ငံရေးနိုးကြားမှုက ဘယ်လောက်အထိရှိသလဲ။
ကျနော်ကတော့ အပြစ် မတင်ဘူး၊ အခုကတော့ စည်းရုံးရေးအချိန်လည်း မရလိုက်ဘူး၊ တချို့လည်း လေ့လာတုန်း စူးစမ်းတုန်း။ အထတော့ နှေးတာပေါ့။ ၁၉၈၈ လူထုလှုပ်ရှားမှုတုန်းကဆို တစုတဝေးပဲလေ။ အနုပညာရှင်တွေ ပါတာပဲ။ ၁၉၈၈ နှစ်ဦးပိုင်းကတည်း ကျောင်းသားလှုပ်ရှားမှုတွေ ရှိခဲ့ သွေးမြေကျခဲ့တာ အနုပညာရှင်တွေလည်း မခံနိုင်တော့ဘူး။
ဒီနှစ်တော့ သံဃာတွေ ထွက်လာတော့ ကြောက်နေတဲ့သူတွေလည်း နည်းနည်းရဲလာတယ်။ အနုပညာသမားတိုင်းကတော့ နိုင်ငံရေးကို စနစ်တကျ လေ့လာတာလည်းမဟုတ်ဘူး၊ သို့သော်လည်း ပြည်သူလူထုအတွက် ဖြေဖျော်နေတယ်၊ လူထုရဲ့လက်ခုပ်သံကို သူလည်း လိုချင်တာပဲ၊ လူထုအားမပေးရင် သူ မအောင်မြင်ဘူးလေ၊ လူထုနဲ့ဆက်စပ်နေတာပဲ။
ဒါပေမယ့် အခုလိုအခြေအနေမှာကျတော့ လုပ်ငန်းကိုင်ငန်း အကျိုးစီးပွားတွေ ရှိတယ်။ သူတို့ကို အရမ်းကာရော အပြစ်မတင်ဘူး။ တချို့ ကျနော်တို့ကို ကမ်းလှမ်းတယ်။ ဖုန်းဆက်တယ်၊ လက်ခံတယ်၊ နာမည်တွေ အများကြီး ပေးကြတယ်။ တပြိုင်နက်တည်းမှာပဲ ရုပ်ရှင်အစည်းအရုံးက ကြပ်ပြီ၊ ဂီတအစည်းအရုံးက ကြပ်ပြီ။ အစည်းအရုံးတွေနဲ့က ကင်းလို့မရဘူးလေ။ အဲဒီမှာ အနုပညာရှင် တော်တော်များများက ပိတ်မိတယ်။
ကျနော်တို့လုပ်နေတာကို ထောက်ခံပါတယ်။ တကယ် သပိတ်မှောက်တော့လည်း လာတယ်၊ ရွှေတိဂုံကို အဆိုတော်တွေ လာတယ်၊ သူတို့မှာလည်း အကန့်အသတ်ရှိတော့ ချီတက်တဲ့အခါ မလိုက်နိုင်ဘူး။ လာပြီး မျက်နှာပြ အားပေးတယ်။ သီချင်းရေးဆရာ ကိုရဲလွင်၊ ရိုက်တာနှက်တာကို ထွက်မပြေးဘဲနဲ့ ကြံ့ကြံ့ခံရပ်ပြီး အဖမ်းခံတယ်၊ ထောင်ထဲရောက်တယ်၊ ပြန်ထွက်လာတဲ့အချိန်မှာလည်း ဘဝကိုစွန့်လွတ်ဖို့ ဆုံးဖြတ်ပြီးပြီလို့ သူ ပြောရဲတယ်။
ရုပ်ရှင်၊ ဂီတ၊ မော်ဒယ်လ်တို့ အထွက်နည်းသော်လည်းပဲ စာပေအသိုင်းအဝိုင်းက အင်နဲ့အားနဲ့ထွက်တယ်၊ ဒါကြောင့်လည်း ပြေးနေပုန်းနေရတာတွေ အများကြီးပဲ။ စာရေးခွင့်ပိတ်တာ ၂၂ယောက် စသဖြင့် ကြားမှာပါ။

၁၉၉၅-၉၆ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုဟောပြောပွဲတွေတုန်းကလည်း အနုပညာအသိုင်းအဝိုင်းက သွားပြီး လေ့လာတာ၊ အားပေးတာ သိပ်မတွေ့ရဘူး။
ကျနော်တို့ သွားပါတယ်။ ရုပ်ရှင်၊ ဂီတတို့ကျတော့လည်း နဂိုကတည်းက သူတို့က လူထုကြားထဲ သိပ်မသွားဘူး။ ခေတ်အဆက်ဆက်မှာ အစည်းအရုံးက ချုပ်နှောင်ထားတာတွေကိုလည်း ခံနေရတာ။

စက်တင်ဘာလ ဆန္ဒပြပွဲတွေမှာ နာမည်ကြီးလာတဲ့ စွမ်းအားရှင် ဆိုတဲ့အဖွဲ့တွေကို ဘယ်လိုထင်သလဲ။
စွမ်းအားရှင် ဆိုတာတွေကို ကြားတော့ ကြားနေတာပေါ့နော်၊ ၂ဝဝ၃ ဒီပဲယင်းမှာလည်း ပါခဲ့တယ်။ နောက်ပိုင်းမှာ ကျောင်းသားတွေရဲ့ အဖြူရောင်လှုပ်ရှားမှုကို ကြံ့ဖွံ့နဲ့စွမ်းအားရှင်တို့က ဟန့်တားတယ်၊ အဖွဲ့ချုပ် လူငယ်တွေရဲ့လှုပ်ရှားမှုတွေမှာ စွမ်းအားရှင်တွေက ရာနဲ့ချီပြီး စောင့်နေတယ်။ စစ်တပ်နဲ့ရဲကို မသုံးချင်လို့ စွမ်းအားရှင်ကို သုံးတယ်၊ အကြမ်းဖက်ရမယ့်နေရာမျိုးမှာ သူတို့နဲ့ မလုံလောက်လို့ဖြစ်မှာပေါ့။
ကျနော်တို့ စိတ်မကောင်းတာက လူမှုရေးလုပ်ငန်းလုပ်နေတဲ့ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်တွေ စွမ်းအားရှင်ထဲ ပါနေတယ်။
တော်လှန်ရေးတိုင်းမှာ အဲဒီလို အတွေးအခေါ်မရှိ၊ ပစ္စည်းဥစ္စာ၊ ပိုက်ဆံနဲ့မြူဆွယ်လိုက်ရင် လူထုကို ပြန်ရက်စက်တဲ့ ကလေကချေ လူတန်းစားရဲ့ အန္တရာယ်က အရမ်းကြီးတယ်။
လူထုက ရွံမုန်းတယ်၊ အော့နှလုံးနာတယ်၊ အနုနည်းနဲ့ပေါ့နော် အတတ်နိုင်ဆုံး ဆန့်ကျင်တာပေါ့။ ဖော့ကန်က စွမ်းအားရှင်တစ်ယောက်ရဲ့နာရေးမှာ သရဏဂုံတင်ဖို့ဘုန်းကြီးပင့်တာ ဘယ်ဘုန်းကြီးကမှ လက်မခံဘူးဆိုတာ သတင်းကြားလိုက်တယ်။ အဲဒီလိုနည်းနဲ့ ဆန့်ကျင်တယ်။ မဆက်ဆံဘူး။

စက်တင်ဘာလ ဆန္ဒပြပွဲတွေဖြစ်လာတဲ့အခါ ရဲတွေ၊ လုံထိန်းတွေ ရှိနေလျက်နဲ့ စွမ်းအားရှင် ဆိုတဲ့ အဖွဲ့တွေကို အာဏာပိုင်တွေက ဘာကြောင့် သုံးလာတာလဲ။
လူသားဒိုင်းကာ အဖြစ် ကာချင်ပုံရတယ်။ ပြည်သူတွေထဲမှာ အချင်းချင်း မသင့်မြတ်တာတွေ ဖြစ်နေပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ တော်လှန်ရေးကို သူတို့က အသရေဖျက်မယ်။

ကြံ့ဖွံ့ကို နိုင်ငံရေးပါတီတစ်ရပ်အသွင်ပြောင်းပြီး အနာဂတ်ကာလအစိုးရအဖွဲ့အဖြစ် စီစဉ်နေတယ်လို့ ယူဆချက်တွေတောင် ထွက်ပေါ်ခဲ့တယ်။ အခုလို လူထုကိုနှိပ်ကွပ်တဲ့အခါ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေကို ထုတ်သုံးတာမျိုးကတော့ အံ့အားသင့်စရာပဲ။
နိုင်ငံတကာဖိအားတွေ လျော့အောင်၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း မြန်မာပြည်က အထီးကျန်ဖြစ်လို့ မရသေးဘူး ဆိုတာ စစ်အစိုးရက သိတယ်။ ကျနော်တို့ မတွန်းချမချင်း သူတို့ မဆင်းဘူး။ သူတို့လက်ထဲကအာဏာကို လုမယူ တိုက်မယူ ရအောင်မယူနိုင်မချင်း သူတို့ ယူနီဖောင်းလည်း ချွတ်မှာမဟုတ်ဘူး၊ အာဏာလည်း လက်လွတ်မှာ မဟုတ်ဘူး၊ စစ်ဗိုလ်ချုပ်တွေက တချိန်ချိန်မှာ သူတို့အပြစ်ပေါ့အောင်၊ လွတ်လမ်းအတွက် ထိုးကျွေးဖို့ လုပ်ထားတာ။
ကြံ့ဖွံ့က နိုင်ငံရေးပါတီဖြစ်လာပြီး ရွေးကောက်ပွဲဝင်မယ် ဆိုတာ အမှန်တကယ်ကတော့ မဟုတ်ဘူး၊ ဒီအထိ သွားပြီးမတွက်နဲ့တော့။ သူတို့ ရွေးကောက်ပွဲလည်း လုပ်မှာမဟုတ်ဘူး၊ ၅၃ ဦး ကော်မရှင်နဲ့ အခြေခံဥပဒေရေးဦးမယ် ဆိုတာလည်း ရေးလို့ ပြီးမှာမဟုတ်ဘူး၊ ညီလာခံလုပ်ခဲ့တာတောင် ၁၄ နှစ် ကြာတယ်။ လူထုကို ချွေးသိပ်နေတာက "ရွေးကောက်ပွဲအသစ်လုပ်မယ်၊ အဲဒီအခါကျရင် ဝင်ပြိုင်ကြ။"
အခု ကြံ့ဖွံ့ဝင်မယ်၊ အဖွဲ့ဝင် အင်အား သန်း၂ဝ ရှိတယ်။ ရွေးကောက်ပွဲလုပ်ရင် ဒီမဲတွေ တကယ်ရမလား၊ တကယ်လုပ်ကြည့်၊ စစ်သားတွေလည်း ကြံ့ဖွံ့ကို ပေးမှာ မဟုတ်ဘူး။
တကယ်တမ်းတော့ သူတို့ ရွေးကောက်ပွဲလုပ်မှာ မဟုတ်ဘူး၊ သူတို့ ရွေးကောက်ပွဲ ဝင်ရဲတဲ့ အတန်းအစားတွေလည်းမဟုတ်ဘူး၊ မယှဉ်ပြိုင်ရဲဘူး။ ရှေ့မှာ ၁၉၉ဝရွေးကောက်ပွဲတုန်းက တစည ခွက်ခွက်လန်သွားတာ သူတို့အတွက် သင်ခန်းစာ။ ဒီတော့ စစ်အစိုးရအနေနဲ့ပဲ ရနိုင်သမျှ ဆက်ကိုင်ထားမှာပဲ၊ အဲဒါကိုတော့ ယုံ။
အခု လမ်းပြမြေပုံဆိုတာတွေက အလကားပဲလေ။ လမ်းပြမြေပုံက ကျနော်တို့ပြည်သူတွေကို မျှဉ်းသတ်နေတာ။ ကျနော်တို့ အသတ်ခံရပေါင်း များပြီ၊ မခံနိုင်တော့ဘူး၊ အဲဒီတော့ တော်လှန်ရေးပဲ၊ တော်လှန်ရေးဆိုတာ အကြမ်းဖက်ချင်လည်း ဖက်မှာပဲ။ ပြင်းထန်ရင်လည်း ပြင်းထန်မှာပဲ။

အကြမ်းဖက်တာဆိုလို့ လူထုဘက်ကပဲဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက်ပြီးတုန့်ပြန်တာတွေ ပေါ်လာနိုင်မလား။
ပေါ်လာမှာပဲ၊ မလွှဲမရှောင်သာဘူး။ ခေတ်က တောင်းဆိုတာပဲ။ လူထုက စတင် အကြမ်းဖက်တာမဟုတ်ဘူး၊ လူထုက ခုခံတာ။ ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းလာရင် လူထုက ခုခံရမှာပဲ။ ပြန်ခုခံခွင့်ရှိတယ်။ လူထုက ခံစားနေရတာတွေကို ရိုးသားစွာ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာ တရားတယ်။ ပြန်ခုခံတာဟာ အကြမ်းဖက်ဝါဒမဟုတ်ဘူး။

သားသုံးသား ပေါင်းစည်းညီညွတ်ဖို့လိုတယ်၊ တပ်မတော်သားတွေရဲ့အလှည့်ရောက်ပြီလို့ ကိုအောင်ဝေး ပြောခဲ့တယ်။
၁၉၈၈ တုန်းက တပ်မတော် ကြည်းရေလေ ထွက်တယ်၊ ဝန်ထမ်းတွေ ထွက်တယ်၊ ပြည်သူတွေနဲ့ ပူးပေါင်းတယ်၊ တိုက်ပွဲက ရက်တစ်ရာကျော်တာကိုး။ အစိုးရယန္တယားတွေ ရပ်သွားတယ်၊ အခုအချိန်မှာ ကျနော်တို့က အများကြီးမျှော်လင့်တယ်၊ သို့ပေမယ့် ကျနော်တို့က နှစ်ရက်တစ်ပိုင်းပဲ တိုက်လိုက်ရတော့ သူတို့လည်း တွေးတော စဉ်းစားနေမှာပေါ့။
ကျနော်ကိုယ်တိုင်က စစ်သား သားသမီး။ စစ်တပ်ထဲ အနှစ်၂ဝကျော်နေခဲ့တာ။ စစ်တပ်မှာ အမိန့် ဆိုတာကြီးက၊ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတာက အသားကျနေပြီ၊ အဲဒီအမိန့်တွေကို မချိုးဖောက်ရဲဘူး။ ချိုးဖောက်ရဲလာအောင် စာစောင်တွေဖြန့်၊ လျှို့ဝှက်ပြီးတော့ မြေအောက်လုပ်ငန်းတွေနဲ့ စည်းရုံးလို့လည်း မရတော့ဘူး။ ဘယ်လို အနေအထားမှ ရမလဲဆို အခုထက်မက လူထုက အုံကြွပြီး ဒီအစိုးရကို မလိုလားတော့ပါဘူးဆိုတဲ့အချိန်မှာ သူတို့ရင်ဘတ်ထဲကို ဒီခံစားမှုတွေ ရောက်မယ်။ ခံစားမှုကနေမှ ခံယူချက်ကို ပြောင်းရမယ်။ တပ်မှူးငယ်တွေက တကယ့်မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ဆင်ခြင်နိုင်တဲ့တချိန်ချိန်တော့ ရောက်လာမှာပါ။ သားသုံးသား ပေါင်းစည်းရေးဆိုတာ ကျနော်က မူတစ်ခုအနေနဲ့ ထားတာပါ။ ကျောင်းသားတွေ တာဝန်ကျေခဲ့ပြီ၊ ဘုန်းကြီးတွေ တာဝန်ကျေခဲ့ပြီ။
ခံစားချက်ခြင်း တူနေတာတောင် ဘာလို့ စစ်သားတွေက ကျနော်တို့ဘက်ကို မရောက်လာသေးတာလဲ။ အဲဒီအဟန့်အတားကို ကျနော်တို့ ဖျက်ပစ်ရမယ်။ ချေမှုန်းရမယ်။ ချေမှုန်းတဲ့အခါ အသံနဲ့လည်း ချေမှုန်းလို့ရတယ်၊ အမူအယာနဲ့လည်း ရတယ်။ လက်တွေ့က ပိုအရေးကြီးတယ်။
တကယ့် လူထုတိုက်ပွဲကြီးကို စစ်သားငယ်တွေ၊ တပ်မှူးငယ်တွေ ပြတ်ပြတ်သားသား မြင်လာတဲ့အချိန်ကျရင် ပြည်သူလူထုဘက်က ရပ်တည်မှာပဲ။ ဝန်ထမ်းတွေလည်း ဒီလိုပဲ။ ကျနော်တို့ ဆန္ဒပြသမားတွေက စိတ်ရှည်လက်ရှည်နဲ့ မလျှော့သောဇွဲနဲ့ သူတို့ကို စည်းရုံးနေရမှာပဲ။

ကိုအောင်ဝေး ရှောင်တိမ်းနေတဲ့ကာလမှာ ပြည်သူလူထုဆီကနေ အားရကျေနပ်စရာ အကူအညီတွေ ရခဲ့ရဲ့လား။
ရပါတယ်။ သူတို့ ကူညီလို့ ကျနော် လွတ်မြောက်နိုင်တာပေါ့။ မပြေးခင်မှာလည်း စဉ်းစားတာပေါ့၊ မပြေးဘဲနဲ့ဘယ်လို ဆက်တိုက်မလဲဆိုတာ စဉ်းစားတာပေါ့။ နဂိုကတည်းက မထွက်ရေးဘဲ ကျနော်တို့ကတော့။ ကြာခဲ့ပြီလေ။ မထွက်ဘဲ ရပ်တည်ပြီးတော့၊ ရသလောက် ရေးချွတ်၊ လျှို့ဝှက်လုပ်ကိုင်ခဲ့တာတွေ။ ဒီအချိန်မှာ အဲသလို ဆက်လုပ်ဖို့ မရတော့ဘူး။ အခြေအနေက မပေးတော့ဘူး။
ဆက်ပြီးတော့ မရပ်တည်နိုင်ဘဲနဲ့ ထွက်ပြေးရတဲ့အခြေအနေ ဖြစ်သွားတော့ တိုင်းပြည်အပေါ် တာဝန်မကျေသလို၊ အားနာစရာလို ဖြစ်သွားတယ်။ သို့သော် ပြည်သူလူထုက ခွင့်လွတ်တဲ့အပိုင်းတွေ အများကြီးရှိတယ်။ ကျနော်တို့ လုပ်နိုင်တဲ့အပိုင်းကို အသိအမှတ်ပြုတယ်၊ ကျနော်တို့ ရပ်တည်လို့ မရတော့တဲ့အတွက် ပြေးရမှာကို နားလည်တဲ့အတွက် ပြေးပေါက်ကို ပေးတယ်၊ ပြည်သူကသာ မကယ်ခဲ့ရင် ရန်ကုန်မှာ ကျနော် ရက်ပေါင်းများစွာ ပုန်းလို့ မရဘူး။ မရင်းတဲ့၊ မသိတဲ့ နေရာမှာလည်း ပုန်းရတယ်။
ပုန်းခိုကျင်းတစ်ခုမှာ ၂ရက်အပြင် ပိုနေလို့ မရဘူး။ သူတို့က လော်စပီကာနဲ့ အော်နေတယ်၊ "လွတ်နိုင်မယ်မထင်နဲ့၊ ဓာတ်ပုံတွေ ရှိတယ်၊ အတိအကျ။" ခြိမ်းခြောက်တယ်၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ ညဘက်ဆိုရင်။ ကျနော်တို့ကို ဝှက်ပေးထားတဲ့သူတွေလည်း ကြောက်တော့ ကြောက်တယ်။ ကိုယ်နဲ့ ဘာမှတော့ သွေးမတော် သားမစပ်ဘူး။ နယ်စပ်ဒေသကို ပြေးတဲ့အခါလည်း တိုင်းရင်းသားတွေက ကူညီတာ၊ ကယ်တင်တာ။
ကျနော် အားနာတယ်၊ သို့သော် ကျနော် ပြန်အားတင်းတယ်၊ ကျနော် အသက်ရှင်ချင်တာကိုး။ ကျနော် ထောင်သုံးခါ ကျခဲ့ပြီးပြီ၊ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီးပြီ။ အခု အသက် ၅ဝ ကျော်သွားပြီ။ ကျနော်တို့က ဆက်ချမယ်၊ ဆက်တိုက်မယ် ဆိုတဲ့စိတ် ရှိနေတော့ အဖမ်းမခံနိုင်ဘူး၊ အသက်ရှင်ဖို့ လိုတယ်။ သူတို့လက်ထဲရောက်သွားရင် အသက်အန္တရာယ်ရှိမယ်။ အသက်ရှင်နေသေးရင်၊ ခြေကုပ်တစ်နေရာရင် ပြန်ချမယ်ဆိုတဲ့စိတ်နဲ့ ထွက်ပြေးလာတာပဲ။ တိုက်ပွဲကို နိုင်အောင်မတိုက်နိုင်တဲ့ စစ်သားတစ်ယောက်ဟာ တိုက်ပွဲကို နိုင်အောင်ပြန်တိုက်မယ်ဆိုတဲ့စိတ် မကုန်သေးသလိုပေါ့။
တလျှောက်လုံး ကျနော်ပြောခဲ့တဲ့ အယူအဆတစ်ခုရှိတယ်၊ အပျော့ပြောင်းဆုံးလေးကိုင်းကို ဆွဲပြီးတော့၊ လေးညှို့ကို ရင်ဘတ်အထိ ဆွဲပြီးတော့ ပစ်လိုက်ရင် ဟိုး အဝေးဆုံးက ရန်သူရဲ့ ရင်ဘတ်ကို တည့်တည့်ထိတယ်။ ကျနော် အခု အဝေးဆုံးကိုရောက်အောင်တော့ ပြေးလိုက်ပြီ၊ အပျော့ပြောင်းဆုံးလေးကိုင်းနဲ့ အဝေးဆုံးက ရန်သူကိုထိအောင် ပြန်ပစ်မယ်။ ။

(မူရင်း-မိုးမခ)