Wednesday, June 4, 2008

အောင်ဝေးနဲ့ စကားလက်ဆုံ

အောင်ဝေးနဲ့ စကားလက်ဆုံ
မောင်ရစ်
မတ် ၂၃၊ ၂၀၀၈

မိတ်ဆွေများ
သူ အခုတော့ အမေရိကား၊ မီချီဂန်က လန်ဇင်းဆိုတဲ့အရပ်ကို ရောက်နေပါပြီ။ သူနေတဲ့ နေရာက နွေဦးရိပ်သာပါ တဲ့။ သို့သော် နှင်းတွေက ၃ ပေလောက် ထူထပ်တယ်လို့ ဆိုပါတယ်။ ဖုန်း အဆက်အသွယ် ရရချင်း ကဗျာတပုဒ် လက်တမ်း ရွတ်ပေးနေပါတယ်။ မိုးမခမှာ အင်္ဂလိပ်လို တင်ရမတဲ့။ ဘာသာပြန်ပြီး တွဲမတင်ပါနဲ့တဲ့။ အေးဗျာ တင်ရတာပေါ့။


တယောက်တည်းလား
ဟုတ်တယ်။ လာတုန်းကတော့ အဖွဲ့နဲ့ပါပဲ။ အခုတော့ တယောက် တနေရာစီ။ မဲဆောက်၊ နယူးယောက်၊ ပြီးတော့ ဒီက မီချီဂန်က လန်ဇင်းကို ရောက်နေပြီ။ မတ်လ ၁၉ က ထွက်လာတာ။ နယူးယောက်မှာတုန်းက တယောက်တည်း လမ်းလျှောက်ပြီး လိုက်ကြည့် ငေးမောနေမိသေးတယ်။အခု ကွန်ပျူတာ မရှိဘူး။ နေရာချထားရေးဌာနရဲ့ ရုံးဖွင့်တဲ့နေ့တွေကျရင်တော့ အင်တာနက်နဲ့ တွေ့ရမယ် ထင်တယ်။

အဖော်တွေကကော
အဖော် ၄ ယောက်နဲ့လာတာ။ အရင်အဖွဲ့က ဘုန်းကြီး ၃ ပါး။ အခုအဖွဲ့က လူငယ် ၃ ဦး ပြီးတော့ အောင်ဝေး။ ၂ ဦးက နယူးယောက် ကျွဲဆည်ကန်၊ တဦးက နယူးဂျာဆီတို့ဆီမှာ ပြောင်းရွှေ့အခြေကျကြမယ် ဆိုတယ်။ အခုအဖွဲ့နဲ့အတူ ဦးပညာဝံသဆိုတဲ့ ကိုယ်တော်လည်း ပါတယ်လို့ ဆိုပါတယ်။

မိုးမခနဲ့ ရေစက်က ဘာတွေလို့ ပြောမလဲ
စက်တင်ဘာ အရေးအခင်းတုန်းက 3 F ကဗျာ။ အဲဒီ နံမည်နဲ့ ကဗျာကို အမြဲတမ်း ဂူးဂဲပေါ်ကရှာတိုင်း တွေ့နေတယ်။ ပြီးတော့ မိုးမခက လုပ်ပေးတဲ့ အောင်ဝေး ဘလောက်။ စုဝေးပြီး တင်ပေးထားလို့ ကဗျာတွေ စာတွေကို တစုတစည်းတည်း တွေ့ရတယ်။ ၃၃ လမ်းမှ ဒေါင်းရင်ပြင်သို့ ဆိုတဲ့စာရယ်၊ အောင်ဝေး စစ်တမ်းကို အင်္ဂလိပ်လို ရေးထားတာရယ်ကို ဆက်ပြီး တင်ပေးပါဦး။

မဲဆောက်မှာ အမှတ်ရနေမယ့် အနုပညာတင်ဆက်မှုတခု ရှိသလား
"ကမ္ဘာ့ကဗျာနေ့"မှာ အချိန်တိုတို ရက်တိုတိုအတွင်း စီစဉ်ခဲ့ရတဲ့ မြန်မာကဗျာနဲ့ ကဗျာဆရာတွေရဲ့ တင်ဆက်မှု ဖြစ်မယ်ထင်ပါတယ်။ ဒီဗွီဘီက မူပိုင်တင်ဆက်မှာဖြစ်ပါတယ်။ အဲဒါကို ၃ ပိုင်းခွဲပြီး လွှင့်မယ်ပြောတယ်။ အင်တာနက်ပေါ်က ကြည့်ခွင့်ရရင် ကြည့်ပြီး ခံစားကြည့်ပါဦး။
"အဖြူရောင်သက်တံ" ကဗျာရွတ်ဆိုပွဲတုန်းက ၀ိုင်းဝန်း စီစဉ်ခဲ့ရတာထက် အချိန်တိုတိုနဲ့ အမြန်တင်ဆက်ရတာ ဖြစ်ပါတယ်။ "ဒေါင်းရင်ပြင်မှ ပဲ့တင်သံများ"လို၊ "အောင်ဆန်းနှင်းဆီ"လိုမျိုး ကဗျာပြပွဲ ခေါင်းစဉ် သီးသန့်နဲ့ လုပ်ချင်တာတွေလည်း ရင်ထဲမှာ အများကြီးပဲ။
မဲဆောက်ရောက်တော့ "ပရိုပိုဇယ် နိုင်ငံရေး"ဆိုပြီး ဝေဖန်ခဲ့ပေမယ့် အဲဒီ "ကမ္ဘာ့ကဗျာနေ့" တင်ဆက်မှုလည်းကျရော ကိုယ်တိုင် ပရောဂျက်ပရိုပိုဇယ် ရေးတင်ခဲ့ရတာလည်း အမှတ်တရပဲ ဖြစ်မယ်ထင်တယ်။ အဲလိုမျိုး ကုန်ကျစရိတ်ကို မတင်ပြနိုင်ရင် ဒါမျိုးကို လုပ်ဖို့ မလွယ်ဘူးဆိုတော့လည်း အောင်ဝေးလည်း ပရိုပိုဇယ် ရေးဖူးသွားတာပါပဲ။

အစက ပြည်တွင်းမှာ၊ နောက်တော့ လွတ်မြောက်နယ်မြေ၊ အခုတော့ အမေရိကန်မဲဇာ မှာပေါ့ဗျာ။ ဘာထူးခြားတဲ့ ခံစားချက် ဖြစ်ခဲ့တာ ရှိလဲ။
မဲဆောက်ကနေ အမေရိကန်ကို စပြီးထွက်ခွာတဲ့နေ့မှာပဲ ပြည်တွင်းက ကျော်ကိုကိုတို့ အဖမ်းခံရတဲ့သတင်းက လမ်းခရီးမတ်တတ်မှာ ၀င်ချလာတယ်။ ကိုယ်တို့က အဝေးတနေရာကို သွားနေတဲ့အချိန်မှာ၊ ဟိုက တသုတ်ပြီး တသုတ် အဖမ်းခံနေရပြီ။ ပါလာတဲ့ တယောက်ကဆိုရင် ကြေကွဲလွန်းလို့ ငိုတယ်။ မျက်ရည်ကျတယ်။ ကိုယ်ကတော့ ကဗျာရေးတယ်။ ဒေါက်တာလွဏ်းဆွေဆီ ဖုန်းနဲ့ ကဗျာကို ပို့တယ်။ ရှေ့က စာလုံးတွေကို ဖြတ်ဖတ်ရင် “ဗ က သ” လို့ ပေါ်နေတဲ့ ကဗျာကို ရေးပို့ဖြစ်တယ်။

အခု ဘယ်လို ဆက်သွားကြမလဲ။
စာတွေ၊ ကဗျာတွေ ရေးနေမှာပဲ။ မိုးမခမှာလည်း ရေးမှာပဲ။ ဆရာဦးစောထွန်းတို့၊ ဆရာမောင်စွမ်းရည်တို့နဲ့ တိုင်ပင်ပြီး လုပ်စရာရှိတာတွေလည်း လုပ်နေမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတုန်းကတော့ ဘောလုံးပွဲမှာ ၀င်ကန်နေလို့ရတယ်။ အခုတော့ ဘောလုံးပွဲထဲ ၀င်ကန်တဲ့လူ မဟုတ်နိုင်တော့ အရန်နေရာက အားပေးတာမျိုး၊ လိုအပ်တဲ့ နေရာလေးတွေမှာ ၀င်လုပ်ပေးနေတာမျိုး၊ ဆူပူ ကန့်ကွက် အပြစ်ပြောနေတဲ့ နေရာထက် အားပါးတရ အော်ဟစ်အားပေး အသံပြုပေးနေရတဲ့ နေရာကနေ မပျက်မကွက် ဆက်ပြီး ထမ်းဆောင်နေရမယ်လို့ ထင်ပါတယ်။
မဲဆောက်မှာ "ခရမ်းပြာမြင်းရိုင်း" စာအုပ်လုပ်လက်စ တန်းလန်းနဲ့ ထားခဲ့ရတယ်။ အဲဒါကို မိတ်ဆွေတွေနဲ့ ဆက်ပြီး လုပ်ဖြစ်မယ်ထင်တယ်။ အဆက်အသွယ်တွေ ပြန်ရကြလို့ရှိရင်ပေါ့လေ။

ပြည်တွင်းကနေ လွတ်မြောက်နယ်မြေ ရောက်လာရချိန်မှာ ခင်ဗျားကို ကြိုဆိုမှုတွေထဲက အမှတ်တရ တခု ပြောပြပါ
ပြည်တွင်းကနေ နယ်စပ်ဒေသမှာ ကိုယ်ဖျောက်ပြီး နေနေရတော့ ဘယ်သူနဲ့မှလည်း ဆက်သွယ်လို့မရဘူး။ စကားပြောလို့လည်း မရဘူး။ သီးခြားနေနေရတယ်။ လုံခြုံရေးအရ။ သိတဲ့လူတွေ အဖွဲ့တွေကလည်း သိုသိုသိပ်သိပ်နဲ့ ထိန်းထားကြရတယ်။ အဲဒီမှာ နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ သိလာကြတဲ့အချိန်မှာ ပဒိုမန်းရှာက အောင်ဝေးကို တွေ့သွားတယ်။ သူ့အိမ်မှာ ထမင်းဖိတ်ကျွေးပြီး စကားလက်ဆုံတွေ ပြောဖြစ်ကြတယ်။
အောင်ဝေး စစ်တမ်းကိုလည်း အပြုသဘော ဝေဖန်ပါတယ်။ တိုင်းရင်းသားကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း အသေးစိတ် အချိန်ယူပြီး လေ့လာပြီးရေးဖို့ သူက အကြံပေးပါတယ်။ တွေ့ဆုံစကားပြောဖြစ်တာ အများကြီးပါပဲ။ ဥပမာ ဟန်ညောင်ဝေက အင်တာဗျုးတခုမှာ ရှမ်းပြည်ဟာ ဘယ်တုန်းကမှ မြန်မာပြည်လို ကိုလိုနီ မဖြစ်ခဲ့ဘူး၊ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့တာကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ထားပြီး လက်မှတ်ထိုးပေးခဲ့တာ ဖြစ်တယ်လို့ ပြောလာတာမျိုးတွေကို ဆွေးနွေးဖြစ်ကြတာတွေ ရှိပါတယ်။
ပြီးတော့ မိုးမခက အင်တာဗျူးတော့ ခေါင်းစဉ်မှာ ပေးထားတဲ့ "တော်လှန်ရေးသမား ကဗျာဆရာ" ဆိုတဲ့ခေါင်းစဉ်ကို သူ သဘောကျတယ်လို့ ပြောဖူးပါတယ်။ အဲဒါကို ကျနော် အမြဲအမှတ်တရ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။

ခင်ဗျား ပြည်တွင်းကထွက်ခွာခဲ့ပြီးနောက် စိတ်ထိခိုက်စရာတချို့ကို ပြောပြပါဦး။
ကိုစောဝေကို ဖမ်းချုပ်လိုက်ကြတယ်။ သူ့ရဲ့ကဗျာတပုဒ်အတွက်နဲ့ သူ့ကို ထောင်ထဲ ထည့်လိုက်တယ်။ ပြီးတော့ စိုင်းထီးဆိုင် ဆုံးသွားတယ်။ သူဟာ ၈၈ အရေးအခင်းမှာ ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနရှေ့မှာ ဟောပြောပွဲတွေလုပ်စဉ်က ပထမဦးဆုံး လာရောက်ဟောပြောတဲ့ ဂီတအနုပညာရှင်တယောက်အနေနဲ့ မှတ်မိနေခဲ့တယ်။ သူက ပြောဖူးတယ်၊ ငှက်ကြီး (ထူးအိမ်သင်)ဟာ သေသွားသည်အထိ ပေါ်လစီသီချင်းတပုဒ်မှာ ဆိုမသွားခဲ့ဘူးတဲ့။ ကျနော်တို့တွေ သူတို့အကြောင်းတွေ အများကြီး ရေးရအုံးမယ်။ ကိုထီးဟာ အင်န်အယ်လ်ဒီ တတ်သိပညာရှင်တဦးအဖြစ်လည်း ရပ်တည်ပေးခဲ့ပါတယ်။

မဲဆောက်၊ လွတ်မြောက်နယ်မြေမှာ ဘာတွေ လုပ်ဖြစ်သလဲ။ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ။
ကျနော် ယုံကြည်တာတွေ ပြောတယ်၊ ရေးတယ်၊ လုပ်ခဲ့တယ်။ သား ၃ သား ညီညွတ်ရေးကိုလည်း ဆက်လက် ဟစ်ကြွေးနေရမှာပဲ။ စစ်သား ၄ သိန်း၊ ၀န်ထမ်း ၄ သိန်း ရှိတယ်ထားဦး၊ ပြည်သူတွေရဲ့ အင်အားက သန်းနဲ့ချီပြီး မြန်မာပြည်မှာ ရှိနေတယ်။
အခု ပြည်သူ့ဆန္ဒခံယူပွဲကို ကန့်ကွက်တာပဲဖြစ်ဖြစ်၊ ကန့်ကွက်မဲပဲ ဖြစ်ဖြစ် ၀ိုင်းပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျနော် အင်န်စီယူဘီရဲ့ မီဒီယာအဖွဲ့မှာ ကိုစိုးနေလင်းတို့၊ ကိုလွမ်းဏီတို့နဲ့ တွဲပြီး ၀ိုင်းဝန်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ပီနန်ဆရာတော်တို့၊ အင်္ဂလန်က ဦးဥတ္တရတို့နဲ့လည်း သာသနာ့ဥသျှောင်အဖွဲ့ကိုယ်စား ဆွေးနွေးခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ မဲဆောက်က အင်အားစုတွေက အခုအချိန်မှာ အတက်ကြွဆုံးအချိန်တွေပါပဲ။ ဒီအချိန်မှာ အားလုံးက ပြည်တွင်းက အင်အားစုတွေနဲ့ တစုတစည်းတည်း တပြိုင်နက်တည်း ၀ိုင်းဝန်းဆောင်ရွက် အားပေးကြရမယ့် အချိန်တွေ ဖြစ်နေပါတယ်။
အယင်ကတော့ မဲဆောက်ဟာ ဖရိုးဇင်းလိတ်ခ်လို့ ပြောချင်တယ်။ ပရိုပိုဇယ်နိုင်ငံရေးနဲ့ ပြီးနေတော့မှာလားလို့ ဝေဖန်ရမလို ဖြစ်နေတယ်။ ဒေးဝမ်းကို မပြင်ဆင်ကြသေးဘဲ ဒေးတူးတွေ၊ ဒေးသရီးတွေအတွက် လုပ်နေကြ၊ ပြင်ဆင်နေကြသလိုပါပဲ။ ဒါက ကျနော် မြင်သလို ပြောတာပါ။ စစ်အစိုးရကို အပြုတ်တိုက်နိုင်ရေးကို အရင်ဆုံး လုပ်ကြရမယ့်အစား ဒီမိုကရေစီရပြီးမှ ပြောရ လုပ်ရမယ့် ကိစ္စတွေ လုပ်နေ၊ ပြောနေ၊ ပြင်နေကြတာတွေလည်း ရှိနေသလိုပဲလို့ ပြောချင်ပါတယ်။
တခါတလေတော့လည်း ပြည်တွင်းကလာတဲ့ မြန်မာတယောက်အနေနဲ့ ကသိကအောင့် ဖြစ်ရတာတွေလည်း မြင်ရတာပေါ့လေ။ ဥပမာ - အမျိုးသမီးများ အထိမ်းအမှတ်နေ့မှာ "ပြည့်တန်ဆာအခွင့်အရေး လူ့အခွင့်အရေး" လို့ ဆိုင်းဘုတ်ချိတ်ထားတော့ ကျနော့်သဘောသာဆိုရင် "အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေး"လို့ ပြောချလိုက်တာက ပိုကောင်းနေမလားလို့ စိတ်ထဲမှာ ဖြစ်မိတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

အခု ခင်ဗျား အခြေအနေကို ပြောပါအုံး။
ကွန်ပျူတာနဲ့ အီးမေးနဲ့ အဆက်အသွယ်တွေ ပြန်ရရင် စာပိုရေးဖြစ်မယ်။ အခုတော့ လက်နဲ့ရေးပြီး စာတိုက်ကနေ မိုးမခဆီ စာမူတွေ ပို့ရတော့မှာပဲ။ ခင်ဗျားတို့က ကျနော့်ကို နှစ်ရှည် စီမံကိန်းတခုနဲ့ လက်ပ်တော့ကွန်ပျူတာလေးသာ ရောင်းချပေးမယ်ဆိုရင် ကျနော် စာမူ ဘယ် နှစ်ရာ ဘယ် နှစ်ထောင် ရေးပြီး ပြန်ဆပ်ပေးရမလဲ ဆိုတာ ပြောပါဗျာ။
ဒီနေ့ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၂ ပြည့် မွေးနေ့ ဖြစ်တယ်။ ကျနော် အခု မိုးမခဆီကို ခုနင်က ကဗျာကို ရေးပို့လိုက်တယ်။
မိတ်ဆွေတွေကို ပြောလိုက်ပါ။ ကျနော် နှုတ်ဆက်ပါတယ်လို့။ မိုးမခ ၀ိုင်းတော်သားတွေကိုလည်း နှုတ်ဆက်လိုက်ပါ။ ကျနော် အောင်ဝေး ပါလို့။
(မူရင်း-မိုးမခ)

0 comments: