Friday, November 16, 2012

ခ က် သ င်


 
 
အို … ခက်သင်။
ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။

နူရာဝဲစွဲ
လဲရာသူခိုးထောင်း
ဘ၀ မကောင်းလိုက်ပုံများ
ကံဆိုးမသွားလေရာ
မိုးလိုက်လို့ ရွာသလား ခက်သင်။

မျက်မမြင်တွေကမှ
နားရွက်နဲ့ 
မြင်နိုင်ကြသေးရဲ့။

ခက်သင်မှာ
မြင်နိုင်စရာလည်း နားမရှိတော့
ကြားနိုင်စရာလည်း မျက်စိမရှိတော့။

မှောင်အတိကျ
ဆွံ့ အ
ဘယ်လိုမှ မငြင်းဆန်နိုင်ဘူးတဲ့လား
အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြီးနဲ့မှ
ညားလေရသလား
သတို့သမီး ခက်သင်။

“ပြည်ထဲရေးနှင့်
ဝမ်းရေးတို့ ထက်
လွမ်းရေးခက်၏” တဲ့။

ခက်သင်အတွက်တော့
“ခက်သမျှကို” ပတ်ပျိုး
တယောကလေးထိုး
ကံကိုယိုးမယ်ဖွဲ့ 
ခိုကိုးရာမဲ့ရမှာလား ခက်သင်။

ငလျင်ထက် ဆိုးတဲ့အရာတွေ
ရှေ့မှာရှိသေးတယ်။

သမိုင်းမကွေးခင်
ရွက်ပြင်တော့
တက်နှင်လော့ ခက်သင်။

ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။
အို … ခက်သင်။      ။

 (စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာနှင့် အလားတူဘ၀များစွာသို့ …)

Sunday, November 4, 2012

၂ ၁ ရာ စု ဂ ဠု န် ညီ လာ ခံ

 
“လသာ” မှာ
လ မသာဘူး။
လသာကို
ဂဠုန်ဆရာစံ လာတယ်။

ဂဠုန်ဆရာစံ
ဝါ၀ါဝင်းကုမ္မဏီထဲ ၀င်သွားတယ်။

ဂဠုန်ဆရာစံ
ပြန်ထွက် မလာတော့ဘူး။

ဂဠုန်ဆရာစံ
အင်္ဂလိပ်အစိုးရလက်ထက်မှာ တစ်ခါသေတယ်။

ဂဠုန်ဆရာစံ
အခု တစ်ခါသေတယ်။

လ မသာတဲ့
“လသာ”

ဒီမှာ
၂၁ ရာစု ဂဠုန်ညီလာခံ
တစ်က ပြန်စမယ်။ 

 သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။