Sunday, September 28, 2008

RFA 15

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၅)
၂၀၀၈ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်လွှင့်ချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းဝါးခယ်မမြို့ စည်းရုံးရေးခရီးစဉ်မှာ မြောင်းမြမြို့ကို ရောက်ရှိစည်းရုံးပုံကို နားဆင်ရမှာဖြစ်ပါတယ်။

(အသံလွှင့်ဆောင်းပါး နားဆင်ရန် ဤနေရာကို နှိပ်ပါ။)






Tuesday, September 23, 2008

RFA 14

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၄)
၂၀၀၈ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်လွှင့်ချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀ါးခယ်မမြို့ စည်းရုံးရေးခရီးစဉ်ကို ပြန်ပြောင်း တင်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူတွေမှာ ကြောက်စရာအကောင်းဆုံးက ကြောက်စိတ်ပဲ လို့ ၀ါးခယ်မမှာ ပြောကြားခဲ့တဲ့အကြောင်း နားဆင်ကြည့်ပါဦး။

(အသံလွှင့်ဆောင်းပါး နားဆင်ရန် ဤနေရာကို နှိပ်ပါ။)





Monday, September 15, 2008

poem on the bird underground

မမခင်ဦးစံပယ်သို့ တမ်းချင်း (၂)

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်မှာ ငှက်တကောင်ရှိတယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံတဖက်တည်းနဲ့ မြေကြီးကိုယက်ပြီး
ကောင်းကင်ပေါ်တက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံမပါဘဲနဲ့လည်း မြေကြီးထဲကထွက်ပြီး
မိုးပေါ်ကိုတက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
ဂစ်တာတလက်နဲ့လည်း ကမ္ဘာမြေငြိမ်းချမ်းဖို့ 
တေးတို့ နိုင်တယ်။
မြေကြီးအောက်ကငှက်ဟာ
ဂစ်တာမပါဘဲနဲ့လည်း ကမ္ဘာပေါ်ကစစ်ပွဲတွေရပ်စဲဖို့ 
တေးညှို့ နိုင်တယ်။

မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
သောင်ရင်းမြစ်ကို ဖြတ်ပြီးတော့လည်း သွားခဲ့ဖူးတယ်
သောင်ရင်းမြစ်ကို ကျော်ပြီးတော့လည်း ပြန်ခဲ့ဖူးတယ်။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဟာ
ချစ်ခြင်းမေတ္ထာနဲ့ဥာဏ်ပညာကိုယုံကြည်သတဲ့။

မြေကြီးအောက်ကငှက်ဟာ
မမခင်ဦးစံပယ်ရဲ့ မိသားစုလူနာဖြစ်ခဲ့ဖူးသလို
ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် လူငယ်လည်းဖြစ်ခဲ့ဖူးတယ်။

မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့မတောင်းရမ်းခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်ဟာ
မာနမဲ့ ဒူးထောက်အရှံးမပေးခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်-
သူဟာ “အတ္တမဲ့အလင်း”
မြေကြီးအောက်ကငှက်ဟာ
ပေါ်လစီသီချင်းတွေ မဆိုခဲ့သလို
ပေါ်လစီသီချင်းတွေလည်း မရေးခဲ့ဘူး။

ပေါ်လစီစတိတ်ရှိုးစင်ပေါ်ကိုလည်း
ဘယ်တော့မှမတက်ခဲ့ဘူးလေ။

မြေကြီးအောက်ကငှက်ကို
အာဏာ၊ ငွေကြေး ၊ရမ္မက်၊ ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ 
မြှူဆွယ်လို့ မရဘူးလေ။

မြေကြီးအောက်ကငှက်ဟာ
ကမ္ဘာ့ဒုက္ခနဲ့အသည်းကွဲခဲ့ဖူးသလို
မြန်မာ့ဒုက္ခနဲ့လည်း အသည်းကွဲခဲ့ဖူးသူ။

မြေကြီးအောက်ကငှက်ဟာ
အတောင်ညောင်းလို့ အိပ်စက်ရတဲ့အခါ
ဆရာကြီးမင်းသုဝဏ်နဲ့ ဘေးချင်းယှဉ်ပြီး အိပ်စက်ရတယ်။

မြေကြီးအောက်ကငှက်ဟာ
သေနတ်များကိုလည်းခုံမင်ပြီး
နှင်းဆီပန်းများကိုလည်း စွဲလမ်းသူဖြစ်တယ်။

မြေကြီးအောက်ကငှက်ဟာ
ရှစ်လေးလုံးအရေးတော်ပုံကို ကောင်းကောင်းရင်ခုန်ခဲ့ဖူးတယ်။

အကယ်၍ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင်
မြေကြီးအောက်ကငှက်ဟာ
ရွှေဝါရောင်တော်လှန်ရေးကိုလည်း ကျိန်းသေ ရင်ခုန်ဦးမှာပဲ။

ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်ဘဲနဲ့ 
တော်လှန်ရေးလုပ်လို့ မရဘူးဆိုရင်
မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
တော်လှန်ရေးသမားစစ်စစ်ပေါ့။

တကယ်တော့ မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဆိုတာ
ကောင်းကင်ကိုတောင် ငုံ့ကြည့်နိုင်စွမ်းရှိသူပေပဲ။

မြေကြီးအောက်ကငှက်ဟာ
ဘယ်လောက်တောင် ကြီးကျယ်သလဲဆိုရင်
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကိုတောင်
ရုပ်ရှင်ရိုက်ပြဦးမတဲ့။

မမခင်ဦးစံပယ်ရဲ့
မယုံမရှိနဲ့
မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့ပုန်ကန်သူ
အနုပညာသူပုန်စိတ်ကြီးသူ။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ကို
အနာဂတ်ကလည်း နှစ်လိုပေမယ်။

သူ့ကိုဂုဏ်ပြုဖို့ 
ကျွန်တော်တို့ ဘဝ လုံခြုံအောင်လုပ်ရမယ်။

ဘဝလုံခြုံဖို့ ဆိုရင်
(၁)စစ်အာဏာရှင်စနစ်ပြုတ်ကျမှဖြစ်မယ်
(၂)ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရမှဖြစ်မယ်
(၃)ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပေါ်ထွန်းမှဖြစ်မယ်။

မြေကြီးအောက်ကငှက်ကို
လွမ်းတဲ့အခါ
“ရာဇဝင်များရဲ့ သတို့သမီး” သီချင်းနားထောင်ပါ။

အခု ကျွန်တော်သူ့ကိုလွမ်းနေတဲ့အကြောင်း
မြေကြီးအောက်ကငှက်ဆီကို
အီးမေးလ်ပို့လိုက်မယ် မမခင်ဦးစံပယ်။

ပြီးတော့ သူ့ကိုလွမ်းတဲ့အကြောင်းရေးထားတဲ့ဒီကဗျာ
သူ့သမီး မိကွန်ထော ဖတ်ဖို့ 
ဖက်စ်နဲ့ ပို့ရဦးမယ်။
သူ့ဇနီး သွယ်သွယ်ထွေးကိုလည်း
ကျနော်သတိရကြောင်းပြောပြပေးပါ။

မမခင်ဦးစံပယ်
ကျွန်တော်ပြန်လာတဲ့အခါ
မြေကြီးအောက်ကငှက်အမှတ်တရ
ကဗျာရွတ်ဆိုပွဲတခုလုပ်ကြတာပေါ့
သူ့သီချင်းတွေလည်းဆိုကြတာပေါ့
တချိန်ချိန်ပေါ့။

တနေ့တော့
ကျနော်တို့ လုပ်ကိုလုပ်နိုင်ရမယ်။

တနေ့
ကျနော်တို့ မုချ နိုင်ရမယ်။

အခုတော့ မစ်ရှီဂန်မှာ
လွမ်းရုံပဲ လွမ်းနိုင်သေးတာ။

မြေကြီးအောက်ကငှက်ကို အားနာတယ်။
တိုင်းပြည်ကိုလည်း အားနာတယ်။

မမခင်ဦးစံပယ်ရေ
ကောင်းကင်ပေါ်မှာ ငှက်တကောင်ရှိတယ်လေ။ ။

အောင်ဝေး
(ထူးအိမ်သင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်ရ၊ ၁၄ ဩဂုတ် ၂၀၀၈)


Wednesday, September 10, 2008

RFA 13

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၃)
၂၀၀၈ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်လွှင့်ချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအပေါ် ခံယူချက်ကို နားဆင်ရမှာ ဖြစ်ပါတယ်။





Saturday, September 6, 2008

RFA 12

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၂)
၂၀၀၈ စက်တင်ဘာ ၅ ရက်နေ့ ထုတ်လွှင့်ချက်


၁၉၈၉ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အတွင်း လပွတ္တာမြို့နယ်ကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို စစ်အစိုးရက ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပုံကို တင်ပြထားပါတယ်။

(အသံလွှင့်ဆောင်းပါး နားဆင်ရန် ဤနေရာကို

နှိပ်ပါ။)





Wednesday, September 3, 2008

မမခင်ဦးစံပယ်သို့ တမ်းချင်း


မမခင်ဦးစံပယ်ရေ
ဒီအချိန်ဟာဆမ္မားပေါ့။
ဒီမှာ
ပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်မည်းမည်း
ရှော့ပင်တိုတွေ
လမ်းသလားတဲ့ ရာသီ
လာပြီ။

ခေတ်ကြီးက ရှေ့ကိုတဟုန်ထိုး တို(တို)တက်နေတာပါ
စကတ်တွေလည်း ပေါင်ရင်းကပ်ကုန်ပြီ။
ဒါ ဆမ္မားလေ
အမေရိကားမှာတော့
ဒွန်နာဆမ္မားလည်း ခေတ်မကုန်သေးဘူး။
ကျွန်တော်တို့ ရဲ့ဒေါ်မာမာအေး
ခေတ်မကုန်သလိုပေါ့။
ကျွန်တော် ဒွန်နာဆမ္မားကြိုက်တယ်
ဆိုဖိယာလောရင့်ကြိုက်တယ်
ခင်သန်းနုကြိုက်တယ်
စိုင်းထီးဆိုင်နဲ့ ခိုင်ထူးကြိုက်တယ်။

အနုပဋိလောမ ကြိုက်တယ်
ယင်အန်းမိန့်ခွန်း ကြိုက်တယ်။
ကျွန်တော်က အဟောင်းကြိုက်သူ
ဂန္ထဝင်တွေကို ကြိုက်တယ်လေ။
ဒါပေမဲ့ မမခင်ဦးစံပယ်ရယ်
ကျွန်တော် ခေတ်နောက်ပြန်ဆွဲသူမဟုတ်ပါဘူး။
အစိုးရဟောင်းကို ကျွန်တော်မကြိုက်ဘူး
အစိုးရသစ် လိုချင်တယ်။
စစ်အာဏာရှင်စနစ်ကို ကျွန်တော်မကြိုက်ဘူး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုချင်တယ်။
စစ်အာဏာရှင်စနစ်က
ဟောင်းနေတာကြာပြီ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက
အသစ်ပေါ့။
ကျွန်တော် အဟောင်းကြိုက်ပေမဲ့
အသစ်တွေကို ကြိုဆိုပါတယ်။
ကျော်ကိုကိုတို့ မျိုးဆက်သစ်ကို
ကျွန်တော် ကြိုဆိုတယ်။
ခြွင်းချက်တော့ရှိမယ် မမခင်ဦးစံပယ်
အသစ်ဆိုပေမဲ့
အာဏာရှင်အသစ်ကို မကြိုက်ဘူး။
နအဖဖွဲ့စည်းပုံအသစ်ကို မကြိုက်သလို
ခွန်ဥက္ကာဖက်ဒရယ်ဖွဲ့စည်းပုံအသစ်ကိုလည်း မကြိုက်ဘူး။
မမခင်ဦးစံပယ်ရယ်
စစ်အာဏာရှင်စနစ်ဖြုတ်ချရေးဆိုတာ
၄၆နှစ်တိုင်ခဲ့ပေမဲ့
မဟောင်းသေးတဲ့ ဂန္ထဝင်တိုက်ပွဲ
တိုးတက်နေဆဲ သစ်လွင်နေဆဲ။
ကျွန်တော် ၇၆ ကျောင်းသားခေါင်းဆောင်ဟောင်း
ကျွန်တော် ကဗျာဆရာဟောင်း။
ဒါပေမဲ့ ကျွန်တော်
ပြည်သူ့ အာဏာသစ်ကို မျှော်နေတယ်။
အသစ်ကိုမျှော်ရတာ
ရင်တော့ပူလှပါတယ်။
ဒီခေတ်မှာ
ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိပြီးသား။
အို မမခင်ဦးစံပယ်ရဲ့
မစ်ရှီဂန်နွေက ပူလို့ မဟုတ်
ကျွန်တော့်ရင်ထဲ
နာဂစ်အလွန် ပေါက်ကွဲမယ့်
မီးတောင်အသစ်တစ်လုံး
မြုံနေတုန်းပဲလေ။ ။

(၁ ဇူလိုင် ၂၀၀၈)

LINES TO OUR TWENTY YEARS

Red, red, Oh' August
We have nothing to lose but our chains.

Red, red, Oh' August
We have promises to keep, and miles to go before we sleep.

Red, red, Oh' August
We all are Spartacus.

Red, red, Oh' August
Let's hope for the best, prepare for the worst.

Red, red, Oh' August
Without revolutionary theory there can be no revolutoinary movement.

Red, red, Oh' August
The form of the struggle is not chosen by the ruled but by the ruler.

Red, red, Oh' August
We never give up, we must be united.

Red, red, Oh' August
Aung San Suu Kyi is still with us.

Red, red, Oh' August
Do believe, one day we must win.

Red, red, Oh' August
Democracy is the best revenge.

Red, red, Oh' August
Weeping may remain for a night, but rejoincing comes in the morning.

Red, red, Oh' August
8888 is always 8888.

Red, red, Oh' August
long live Saffron Revolution.

Red, red, Oh' August
R...E...D.

Aung Way
(Poet of Burma)

မွေးနေ့လက်ဆောင်



ဒီဇူလိုင်လ(၂၃)ရက်နေ့ မှာ၊ သိဟ်ရာသီဖွား၊ (၅၄)ခုသားဟာ
အသက် (၅၄) နှစ်ပြည့်ပါတယ်။

မွေးနေ့မှာ
မိတ်ဆွေ (၅၄)ယောက်ကို ကဗျာ (၅၄) ပုဒ်ဝေမယ်။

မွေးနေ့မှာ
ရန်သူ (၅၄) ယောက်ကို ကျည်ဆန် (၅၄) တောင့်ခြွေမယ်။


မွေးနေ့မှာ
အမေရိကန် မဲဆောက်လို့ခေါ်တဲ့ ဖို့ဝိန်းမြို့ ကိုသွားမယ်။

မွေးနေ့မှာ
ကိုယ်စိုက်ထားတဲ့ ငရုတ်ပင် (၇) ပင်ကို ပေါင်းသင်မြေဆွမယ်။

မွေးနေ့မှာ
လွတ်လပ်တဲ့ အာရှအသံအတွက် ဆောင်းပါးတစ်ပုဒ်ရေးမယ်။

မွေးနေ့မှာ
ဒုတိယနိုင်ငံက ရဲဘော်တွေဆီ ဖုန်းဆက်မယ်။

မွေးနေ့မှာ
ကမ္ဘာကြီးငြိမ်းချမ်းဖို့ ချိုးဖြူငှက်တွေလွတ်မယ်။

မွေးနေ့မှာ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းမယ်။

မွေးနေ့မှာ
ဒုက္ခသည်အချင်းချင်းအတွက် ကောင်းမှုတစ်ခုလုပ်မယ်။

မွေးနေ့မှာ
တမလွန်က ထူးအိမ်သင်ဆီ အီးမေးလ်ပို့ မယ်။

မွေးနေ့မှာ
ရွှေဝါရောင်တော်လှန်ရေးရဲ့ ငါးရောင်ခြယ်အလံကို အလေးပြုမယ်။

မွေးနေ့မှာ
တတိယနိုင်ငံကလူတွေကို ကိုယ့်နိုင်ငံအကြောင်းပြောပြမယ်။

မွေးနေ့မှာ
နအဖစစ်အာဏာရှင်စနစ် ကျဆုံးပါစေလို့ ကြွေးကြော်မယ်။

မွေးနေ့မှာ
အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင်သီချင်းဆိုမယ်။

မွေးနေ့မှာ
ရန်ကုန်က လေထန်ကုန်းကိုလည်းလွမ်းမယ်၊ မဲဆောက်ကဒေါင်းရင်ပြင်ကိုလည်းလွမ်းမယ်။

မွေးနေ့မှာ
ချစ်သူအတွက် အိပ်မက်လှလှကလေးတစ်ခုမက်မယ်။

မွေးနေ့မှာ
သားတွေကို သတိရစိတ်နဲ့ ရှဥ့်ညိုလေးတွေ ထိုင်ကြည့်မယ်။

မွေးနေ့မှာ
မြန်မာလိုပြောမယ်၊ မြန်မာလိုနေမယ်၊ မြန်မာစာဖတ်မယ်။

မွေးနေ့မှာ
မွေးနေ့ဖြစ်တဲ့အတွက် သေနေ့အကြောင်းမစဉ်းစားတော့ပါဘူး။

ဒါပါပဲ၊ မစ်ရှီဂန်ရောက် ကဗျာဆရာတစ်ယောက်ဟာ၊ မိစ္ဆာကိုရင်ဆိုင်ဖို့ 
(၅၄)ခုမြောက် ရဲတိုက်ကို (၅၄)နှစ်ပြည့်မွေးနေ့မှာတည်ဆောက်လိုက်ပါတယ်။

နတ်လူသာဓုခေါ်စေသော်။ ။

(ဇူလိုင်၂၂-၂၀၀၈)


Tuesday, September 2, 2008

RFA 11

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၁)
၂၀၀၈ သြဂုတ် ၂၇ ရက်နေ့ ထုတ်လွှင့်ချက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၉ ဇန်န၀ါရီလ ဧရာဝတီ မြစ်ဝကျွန်းပေါ် စည်းရုံးရေး ခရီးစဉ်အတွင်းမှာ ကြိုတင်ညှိနှိုင်းချက် မရှိပေမယ့် လူထုရဲ့ မေတ္တာရပ်ခံချက်အရ ကျေးရွာတရွာကို သင်္ဘောကပ်ပြီးတော့ မိန့်ခွန်းပြောကြားခဲ့ပုံကို တင်ပြမှာ ဖြစ်ပါတယ်။
(နားဆင်ရန် Read more ကို နှိပ်ပါ)