Monday, September 15, 2008

poem on the bird underground

မမခင်ဦးစံပယ်သို့ တမ်းချင်း (၂)

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်မှာ ငှက်တကောင်ရှိတယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံတဖက်တည်းနဲ့ မြေကြီးကိုယက်ပြီး
ကောင်းကင်ပေါ်တက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံမပါဘဲနဲ့လည်း မြေကြီးထဲကထွက်ပြီး
မိုးပေါ်ကိုတက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
ဂစ်တာတလက်နဲ့လည်း ကမ္ဘာမြေငြိမ်းချမ်းဖို့ 
တေးတို့ နိုင်တယ်။
မြေကြီးအောက်ကငှက်ဟာ
ဂစ်တာမပါဘဲနဲ့လည်း ကမ္ဘာပေါ်ကစစ်ပွဲတွေရပ်စဲဖို့ 
တေးညှို့ နိုင်တယ်။

မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
သောင်ရင်းမြစ်ကို ဖြတ်ပြီးတော့လည်း သွားခဲ့ဖူးတယ်
သောင်ရင်းမြစ်ကို ကျော်ပြီးတော့လည်း ပြန်ခဲ့ဖူးတယ်။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဟာ
ချစ်ခြင်းမေတ္ထာနဲ့ဥာဏ်ပညာကိုယုံကြည်သတဲ့။

မြေကြီးအောက်ကငှက်ဟာ
မမခင်ဦးစံပယ်ရဲ့ မိသားစုလူနာဖြစ်ခဲ့ဖူးသလို
ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် လူငယ်လည်းဖြစ်ခဲ့ဖူးတယ်။

မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့မတောင်းရမ်းခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်ဟာ
မာနမဲ့ ဒူးထောက်အရှံးမပေးခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်-
သူဟာ “အတ္တမဲ့အလင်း”
မြေကြီးအောက်ကငှက်ဟာ
ပေါ်လစီသီချင်းတွေ မဆိုခဲ့သလို
ပေါ်လစီသီချင်းတွေလည်း မရေးခဲ့ဘူး။

ပေါ်လစီစတိတ်ရှိုးစင်ပေါ်ကိုလည်း
ဘယ်တော့မှမတက်ခဲ့ဘူးလေ။

မြေကြီးအောက်ကငှက်ကို
အာဏာ၊ ငွေကြေး ၊ရမ္မက်၊ ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ 
မြှူဆွယ်လို့ မရဘူးလေ။

မြေကြီးအောက်ကငှက်ဟာ
ကမ္ဘာ့ဒုက္ခနဲ့အသည်းကွဲခဲ့ဖူးသလို
မြန်မာ့ဒုက္ခနဲ့လည်း အသည်းကွဲခဲ့ဖူးသူ။

မြေကြီးအောက်ကငှက်ဟာ
အတောင်ညောင်းလို့ အိပ်စက်ရတဲ့အခါ
ဆရာကြီးမင်းသုဝဏ်နဲ့ ဘေးချင်းယှဉ်ပြီး အိပ်စက်ရတယ်။

မြေကြီးအောက်ကငှက်ဟာ
သေနတ်များကိုလည်းခုံမင်ပြီး
နှင်းဆီပန်းများကိုလည်း စွဲလမ်းသူဖြစ်တယ်။

မြေကြီးအောက်ကငှက်ဟာ
ရှစ်လေးလုံးအရေးတော်ပုံကို ကောင်းကောင်းရင်ခုန်ခဲ့ဖူးတယ်။

အကယ်၍ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင်
မြေကြီးအောက်ကငှက်ဟာ
ရွှေဝါရောင်တော်လှန်ရေးကိုလည်း ကျိန်းသေ ရင်ခုန်ဦးမှာပဲ။

ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်ဘဲနဲ့ 
တော်လှန်ရေးလုပ်လို့ မရဘူးဆိုရင်
မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
တော်လှန်ရေးသမားစစ်စစ်ပေါ့။

တကယ်တော့ မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဆိုတာ
ကောင်းကင်ကိုတောင် ငုံ့ကြည့်နိုင်စွမ်းရှိသူပေပဲ။

မြေကြီးအောက်ကငှက်ဟာ
ဘယ်လောက်တောင် ကြီးကျယ်သလဲဆိုရင်
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကိုတောင်
ရုပ်ရှင်ရိုက်ပြဦးမတဲ့။

မမခင်ဦးစံပယ်ရဲ့
မယုံမရှိနဲ့
မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့ပုန်ကန်သူ
အနုပညာသူပုန်စိတ်ကြီးသူ။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ကို
အနာဂတ်ကလည်း နှစ်လိုပေမယ်။

သူ့ကိုဂုဏ်ပြုဖို့ 
ကျွန်တော်တို့ ဘဝ လုံခြုံအောင်လုပ်ရမယ်။

ဘဝလုံခြုံဖို့ ဆိုရင်
(၁)စစ်အာဏာရှင်စနစ်ပြုတ်ကျမှဖြစ်မယ်
(၂)ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရမှဖြစ်မယ်
(၃)ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပေါ်ထွန်းမှဖြစ်မယ်။

မြေကြီးအောက်ကငှက်ကို
လွမ်းတဲ့အခါ
“ရာဇဝင်များရဲ့ သတို့သမီး” သီချင်းနားထောင်ပါ။

အခု ကျွန်တော်သူ့ကိုလွမ်းနေတဲ့အကြောင်း
မြေကြီးအောက်ကငှက်ဆီကို
အီးမေးလ်ပို့လိုက်မယ် မမခင်ဦးစံပယ်။

ပြီးတော့ သူ့ကိုလွမ်းတဲ့အကြောင်းရေးထားတဲ့ဒီကဗျာ
သူ့သမီး မိကွန်ထော ဖတ်ဖို့ 
ဖက်စ်နဲ့ ပို့ရဦးမယ်။
သူ့ဇနီး သွယ်သွယ်ထွေးကိုလည်း
ကျနော်သတိရကြောင်းပြောပြပေးပါ။

မမခင်ဦးစံပယ်
ကျွန်တော်ပြန်လာတဲ့အခါ
မြေကြီးအောက်ကငှက်အမှတ်တရ
ကဗျာရွတ်ဆိုပွဲတခုလုပ်ကြတာပေါ့
သူ့သီချင်းတွေလည်းဆိုကြတာပေါ့
တချိန်ချိန်ပေါ့။

တနေ့တော့
ကျနော်တို့ လုပ်ကိုလုပ်နိုင်ရမယ်။

တနေ့
ကျနော်တို့ မုချ နိုင်ရမယ်။

အခုတော့ မစ်ရှီဂန်မှာ
လွမ်းရုံပဲ လွမ်းနိုင်သေးတာ။

မြေကြီးအောက်ကငှက်ကို အားနာတယ်။
တိုင်းပြည်ကိုလည်း အားနာတယ်။

မမခင်ဦးစံပယ်ရေ
ကောင်းကင်ပေါ်မှာ ငှက်တကောင်ရှိတယ်လေ။ ။

အောင်ဝေး
(ထူးအိမ်သင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်ရ၊ ၁၄ ဩဂုတ် ၂၀၀၈)


0 comments: