Monday, December 28, 2009

Aung Way - To Aung San Oo with Love

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ


ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။


++++++++

သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်

Wednesday, December 23, 2009

poem on Pai Tha

ယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံ
ယုန် တောင်ပြေး၊ ခွေး မြောက်လိုက် တဲ့
ယုန် မြောက်ပြေးရင်၊ ခွေး တောင်လိုက်မလား။
ယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံ။
မုန်လာဥ တလုတ်၊ တုတ်တချက်လား
မုန်လာဥ နှစ်လုတ်ဆိုရင်၊ တုတ် နှစ်ချက်ပေါ့။
ယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံ။
ယုန်ထောင် ကြောင်မိသတဲ့
ကြောင်ထောင်ရင်ကော၊ ယုန်မိမှာလ။
ယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံ။
ဒီယုန်မြင်လို့၊ ဒီခြုံ ထွင်တာပါကွာ

ဒီယုန်မမြင်ရင်၊ဒီခြုံမထွင်ပါဘူး။
ယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံ။ ။

(ကွယ်လွန်သူ သူငယ်ချင်း ကဗျာဆရာ၊ဒါရိုက်တာ ပိုင်သ သို့ အမှတ်တရ)
ဒီဇင်ဘာ ၂၂၊ ၂၀၀၉

poem from Moemaka

ပွဲ

ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ဆွမ်းဆန်ထဲ
ကြွက်ချေး ရောနေတယ်။

ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
စားတော်ပဲဗန်းထဲ
စုန်းပြူး ပါနေတယ်။

ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ဆီးသီးကြွေ မြေတလင်း
ပိုးထိုး ရှိနေတယ်။

ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ခရေပင်အောက်
တစ္ဆေစောင့်နေတယ်။ ။

ဒီဇင်ဘာ ၈၊ ၂၀၀၉

Monday, November 30, 2009

Aung Way - Guru 1 Year Poem

… … ကဲ့သို့ သော အမေ့ကဗျာများ
အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂၀၀၉


အမေ့အိမ်မှာ
ကျနော်က
နံရံကိုမှီထားတဲ့ ဂစ်တာ။


ဝေးသွားတဲ့အခါ
ဒေါင်းအလံပတ်ထားတဲ့
မောင်းပြန်သေနတ်ဟာ
ကျနော်ဖြစ်ခဲ့။

နောက်ဆုံးသာ
ဂစ်တာကြိုးပြတ်လေး တမျှင်

ကျည်ဆန်ခွံလေး တခု

ပန်းလေးတပွင့် ထိုးစိုက်ထားတဲ့

စစ်ဖိနပ် တရန်

အိမ်အပြန် လွမ်းစရာ

ကျနော် စုထားတဲ့

အမေ့အတွက် ကဗျာ။ ။

(ရဲဘော်ဂုရုကွယ်လွန်ခြင်း တနှစ်ပြည့်အမှတ်တရ)
နိုဝင်ဘာ ၂၄၊ ၂၀၀၉၊ ချီကာဂိုလေဆိပ်

Sunday, November 1, 2009

Aung Way - Kyaw Thu

ကျော်သူ
အောင်ဝေး
နိုဝင်ဘာ ၁၊ ၂၀၀၉


ကျော်သူ …
ခု အခြေအနေက
တိုင်းပြည်က နုနု
မုန်တိုင်းကထန်ထန် မဟုတ်တော့ဘူး။


ကျော်သူ …
ခု အခြေအနေက
တိုင်းပြည်က ရင့်ရင့်
မုန်တိုင်း ရော်ရော်။

ကျော်သူ …
မင်း ကြေကွဲနေသလား။

ကျော်သူ …
မင်းနာကြည်းနေသလား။

ကျော်သူ …
မင်းကို ပြည်သူက ချစ်နေတာ
ဂုဏ်ယူပါ။

ကျော်သူ …
မင်း ဘယ်တော့မှ မပျောက်ကွယ်ဘူး
အားတင်းပါ။

ကျော်သူ …
မင်းဟာ ပြည်သူ့ရင်ထဲမှာ
ထာဝရရုပ်ရှင်မင်းသား။

ကျော်သူ …
မင်းကို ဘယ်အာဏာရှင်ကမှ ပိတ်ပင်လို့မရ
တားဆီးလို့မရ။

ကျော်သူ …
မင်းဟာ ငါတို့ ရဲ့ အမြဲတမ်းရဲဘော်။


ကျော်သူ …
မင်းဟာ ဦးထွန်းဝေ ပြီးရင်
ရွှေဝါရောင်သူရဲကောင်း။

ကျော်သူ …
ရန်သူ ဆန့်ကျင်ခံရခြင်းဟာ
ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။

ကျော်သူ …
ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်။

ကျော်သူ …
မင်းကို ဒေါ်အောင်ဆန်းစုကြည်ကလည်း
ချစ်တယ်။

ကျော်သူ
မင်းရဲ့ အမှန်တရားဟာ
မင်းရဲ့မျက်ရည်ကို သုတ်ပေးပါလိမ့်မယ်။

ကျော်သူ …
မင်း ကတုတ်ကျင်း နက်နက်တူးပါ
ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံပါ။

တနေ့ 
ပြည်သူတွေ အောင်ပွဲခံပါလိမ့်မယ် ကျော်သူ။

ပြည်သူထဲမှာ
မင်းလည်းပါတယ် ကျော်သူ။

ကျော်သူ …
ခု အခြေအနေက
--- --- ---- ။ ။

အောက်တိုဘာ ၃၀၊ ၂၀၀၉

Saturday, October 17, 2009

Revolution participants

လွတ်လပ်သည့် အာရှအသံ / RFA မြန်မာပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အခန်းဆက် ဆောင်းပါးများ

အရေးတော်ပုံ ရင်ခုန်သူများ


၁) နိဒါန်း
၂) မြသန်းတင့်
၃) မောင်သော်က
၎) ထွန်းဝေ
၅) ပိုင်သ၊ ဆူး

၆) ဇောင်းထက်၊ မြတ်လေး
၇) စာရေးဆရာများ၊ သတင်းစာဆရာများ
၈) ၁၉၈၈ လူထုလှုပ်ရှားမှု နှင့် သတင်းစာဆရာများ
၉) မင်းသိင်္ခ
၁၀) တိုက်ပွဲဝင် သီချင်းများ

၁၁) ထူးအိမ်သင်
၁၂) စိုင်းထီးဆိုင်
၁၃) မောင်ခက်ပန်
၁၄) ပန်းချီမျိုးမြင့်
၁၅) လျှို့ဝှက်စာစောင်များ

၁၆) တင်မိုး
၁၇) ကိုလေး (အင်းဝဂုဏ်ရည်) နှင့် ကြည်အောင်
၁၈) ပါပါလေး၊ ငြိမ်းသစ်
၁၉) မင်းသုဝဏ်၊ မိုက်ကယ်အဲရစ်
၂၀) တာရာမင်းဝေ နောက်ဆုံးခရီး

၂၁) ဓာတ်ပုံဆရာများ
၂၂) ဘလော်ဂါများ
၂၃) အဖြူရောင်လှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေး
၂၄ နိဂုံးပိုင်း
) တော်လှန်ရေး နှင့် အနုပညာ



Friday, October 16, 2009

Students' Movements in Burma'

လွတ်လပ်သည့် အာရှအသံ / RFA မြန်မာပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အခန်းဆက် ဆောင်းပါးများ

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ


၁) နိဒါန်း
၂) ‘အိုးဝေကျေးဇူး’
၃) ‘၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်’
၎)‘၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ်’

၅)‘၁၉၃၈ တတိယ တက္ကသိုလ် သပိတ် ၁၃ဝဝ ပြည့် အရေးတော်ပုံ’
၆)‘ကျောင်းသားသမဂ္ဂ၊ ရဲဘော်သုံးကျိပ်နှင့် ဖက်ဆစ်တော်လှန်ရေး’
၇)‘ကျောင်းသား သမဂ္ဂနှင့် လွတ်လပ်ရေး’
၈)‘၁၉၅ဝ ခုနှစ်များ ကျောင်းသားလှုပ်ရှားမှု’

၉)‘အိမ်စောင့် အစိုးရလက်ထက် ကျောင်းသားသမဂ္ဂ’
၁၀)‘၁၉၆ဝ ပါလီမန်ရွေးကောက်ပွဲနှင့် ကျောင်းသားသမဂ္ဂ’
၁၁)‘၁၉၆၂ ဇူလိုင်လ (၇)ရက် အရေးအခင်း’
၁၂)‘၁၉၆၃ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှင့် ကျောင်းသားသမဂ္ဂ’

၁၃)“၁၉၇ဝ ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုသဘင်”
၁၄)‘၁၉၇၄ ဇွန်လ အလုပ်သမား အရေးအခင်း နှင့် ကျောင်းသားများ’
၁၅)“၁၉၇၄ ဦးသန့်ဈာပန”(ပထမပိုင်း)
၁၆)“၁၉၇၄ ဦးသန့်ဈာပန”(ဒုတိယပိုင်း)

၁၇)‘၁၉၇၅ ရွှေတိဂုံ အထွေထွေသပိတ်’
၁၈)“၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်း”
၁၉)‘၁၉၇၈ အောက်တိုဘာ ဗန်းမော်တင်အောင် ဈာပန’
၂ဝ)‘၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံ (ပထမပိုင်း)’

၂၁)၁၉၈၈ - ရှစ်လေးလုံးအရေးတော်ပုံ (ဒုတိယပိုင်း)
၂၂)‘ကျောင်းသားတပ်မတော်ပေါ်ထွန်းလာခြင်း’
၂၃)‘ရှစ်လေးလုံး အလွန်ကျောင်းသားတိုက်ပွဲများ’
၂၄)‘ဒေါ်အောင်စုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ’

၂၅) ‘ဗကသ နှင့် ရွှေဝါရောင်တော်လှန်ရေး’
၂၆) ‘အနာဂတ်ကျောင်းသားတိုက်ပွဲ’ [ နိဂုံးပိုင်း ]


Aung Way on the fifth nation

O New York!

အို … နယူးယောက်
အောင်ဝေး
အောက်တိုဘာ ၁၆၊ ၂၀၀၉


အို ... နယူးယောက်
သင့်ရဲ့ တောက်ပမှုကို
ငါတို့ အသိအမှတ်ပြုပါရဲ့ ။

အို ... နယူးယောက်
ငါတို့ ရဲ့ တောက်ပမှုကိုလည်း
သင် အသိအမှတ်ပြုပါလော့။

ဖိနပ်နဲ့ ပစ်တာပဲ
သေနတ်နဲ့ ပစ်တာမှ မဟုတ်တာ။

ကော်ဖီခွက်နဲ့ ပေါက်တာပဲ
ဓားနဲ့ ပေါက်တာမှ မဟုတ်တာ။

တံတွေးနဲ့  ပက်တာပဲ
အက်စစ်နဲ့ ပက်တာမှ မဟုတ်တာ။

ပါးစပ်နဲ့  အော်တာပဲ
ခါးပတ်နဲ့ ဆော်တာမှ မဟုတ်တာ။

အို... နယူးယောက်
တတိုင်း တပြည်လုံးကို
သေတွင်းပို့ နေသူတွေ အပေါ်
သင် ဘာ့ကြောင့် ကာကွယ်ပေးနေရတာလဲ။

အို ... နယူးယောက်
သင့်ရှေ့ မှောက်မှာ
စစ်ရာဇ၀တ်ကောင်တွေ ရောက်နေတာ
ဘာအကျိုးရှိပါသလဲ။

ငါတို့ ဧည့်နိုင်ငံသားတွေ
သင့်တရားဥပဒေကို လေးစားပါရဲ့ ။

အို ... နယူးယောက် ငဲ့
သင့် တရားဥပဒေက
ငါတို့ မြန်မာနိုင်ငံသားတွေကို မစော်ကားမိပါစေနဲ့ ။ ။

အောက်တိုဘာ ၁၀၊ ၂၀၀၉

Tuesday, September 29, 2009

on the way back

အပြန်လမ်း
အောင်ဝေး
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။

လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်း တိုးမိတိုက်မိ။

အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။

အားငယ်ရင်
ဒေါ်အောင်ဆန်းစုကြည်နာမည်
တကျော်ကျော်ခေါ်မြဲ။

လူကတော့ ဘာမှမလှုပ်တတ်မရှားတတ်
ပြသနာမရှိဘူး
ရတယ်။

မပျော်ဘူးဆိုတဲ့ အဓိပ္ပာယ်က
ဒီမိုကရေစီရမှဖြစ်မယ်ဆိုတဲ့အနက်
ထွက်တယ်။

မနက်ဖြန်
ဖြစ်ချင်လည်းဖြစ်မယ်။

အခု
သီချင်းသံကြားနေတယ်မဟုတ်လား။

အလားတူပါပဲ
ဝံပုလွေတွေ အူကြပါစေ။

ရှေ့ကိုနည်းနည်းဆက်လျှောက်လိုက်ရင်
မြှားတစ်ဆုပ်ရလိမ့်မယ်။

ဘယ်တော့မှ
ကိုယ့်ကိုလမ်းပြနေတဲ့ ကြယ်ကို ပြန်မပစ်လေနဲ့။



[ မူရင်း - ၂၀၀၉၊ သြဂုတ်လထုတ် မန္တလေးဂေဇက် - ကဗျာကဏ္ဍ ]

Thursday, September 17, 2009

National Offensiveness

အမျိုးသားပြန်လည်တိုက်ခိုက်ရေး
အောင်ဝေး
စက်တင်ဘာ ၁၅၊ ၂၀၀၉

လော့စ်အိန်ဂျယ်လိစ်မှာ
တောမီးတွေ လောင်နေတယ်။

ကမ္ဘာအနှံ့မှာ
ဘောလုံးပွဲတွေ ကျင်းပနေတယ်။

(တောမီးကို တောမီးနဲ့ ပဲ
ငြိမ်းသတ်ရတယ်) တဲ့ …
တစ်ခါက ပဲခူးရိုးမပေါ်က
အဘိဓမ္မာစကား။

ပြည်သူ့ နှလုံးသား
မီးလောင်နေတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်
EPL ပွဲစဉ်
မန်ယူ ၂ - အာဆင်နယ် ၁
သရဲနီတွေရဲ့ တိုက်စစ်
အမြောက်ကြီး မခံနိုင်။

နိုင်ငံတကာဘောလုံးသီဝရီ
(တိုက်စစ်ဆင်ခြင်းဟာ
အကောင်းဆုံးခံစစ်) ဟူလို။

ဟိုတုန်းက ဗကပ ရဲ့
နာမည်ကျော် မိုင်းယောင်းမြို့သိမ်းတိုက်ပွဲ
(ထိုးစစ်ကို ထိုးစစ်နဲ့ ရိုက်ချိုးရသတဲ့ )

ဟော … တောင်အမေရိကဇုန်
World Cup ခြေစစ်ပွဲ
ဘရာဇီး ၃ - အာဂျင်တီးနား ၁
မဟာပြိုင်ဘက် အချင်းချင်း
တိုက်စစ်ပြင်းတဲ့ မြင်းက နိုင်တယ်။

ရုပ်ရှင်မင်းသားကြီး အာနိုး
ကယ်လီဖိုးနီးယား မီးခိုးနံ့ စွဲ …
မန်ယူ အလံထူဆဲ-
ဘရာဇီး ခြေစစ်ပွဲ အောင်သွားပြီ …

ကျနော်တို့ ဒီမိုကရေစီစစ်ပွဲ အောင်ဖို့ပဲ
ကျန်တော့တယ်။

နအဖ နဲ့ ကျနော်တို့ 
ပြိုင်ဘက် မဟုတ်
ရန်ဘက် …
(ပြိုင်ဘက် လုံးဝ မဟုတ်၊ ရန်ဘက်သာ)

သူတို့က ရန်သူစစ်စစ်
ကျနော်တို့က အတိုက်အခံစစ်စစ်။

ဘရာဇီးရဲ့ 
(တောင်အာဖရိက မြေပေါ်က)
၂၀၁၀ အိပ်မက်ဟာ
ချိုမြိန်ကောင်း ချိုမြိန်မယ်။

ကျနော်တို့ မြေပေါ်က ၂၀၁၀ ဟာ
ခါးသီးစွတကား။

ပြည်သူ့နှလုံးသားမီးလောင်ပြင်
စစ်ဖိနပ်တွေ မနင်းစေနဲ့ ။

ငါတို့ အားလုံး အသင့်ပြင်…

ရွှေဝါရောင်ဒီလှိုင်းတွေ တရိပ်ရိပ် တက်လာပြီ
ပင်လယ်အော်သံ ကြားသည်။

အမျိုးကောင်းသားတို့ 
အစွမ်းကုန် တိုက်ခိုက်ကြစို့ …

ငါတို့ ခေတ်မှာ ငါတို့ အဘိဓမ္မာ
(အမျိုးသားပြန်လည်တိုက်ခိုက်ရေးသာ
အကောင်းဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေး) ဖြစ်တယ်။ ။

(ပြည်တွင်းက ဘ၀တူ MNL ဘောလုံးဝါသနာအိုးများသို့ )

၀၉-၀၉-၀၉

Thursday, July 30, 2009

Wednesday, June 17, 2009

Aung Way - Justice

တရား

အောင်ဝေး

ဇွန် ၁၈၊ ၂၀၀၉

မတရား မပြောနဲ့ 
စစ်အာဏာရှင်ကို ဆန့်ကျင်ရင်
ဘယ်သူမဆို ဘာလုပ်လုပ်
တရားတယ်။

သမတကြီး ဒေါ်အောင်ဆန်းစုကြည်
နာယကကြီး ဒေါ်အောင်ဆန်းစုကြည်
အဓိပတိကြီး ဒေါ်အောင်ဆန်းစုကြည်
သေနာပတိကြီး ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်
ကရုဏာရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်
စာရေးဆရာမကြီး ဒေါ်အောင်ဆန်းစုကြည်
မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်။


မတရား မပြောနဲ့ 
ပြည်သူချစ်တဲ့ သူအပေါ်
ပြည်သူကဘယ်လို ဂုဏ်ပြုဂုဏ်ပြု
တရားတယ်။

နိုင်ငံရေးသစ်
တော်လှန်ရေးသစ်
ဒီမိုကရေစီသစ်
လွတ်လပ်ရေးသစ်
ငြိမ်းချမ်းရေးသစ်
အချုပ်အခြာ အာဏာသစ်
ဖွဲ့ စည်းပုံဥပဒေသစ်
နိုင်ငံတော်သစ်

မတရား မပြောနဲ့ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ
လူထုက ဘယ်လို ရည်မှန်းရည်မှန်း
တရားတယ်။

ကဲ … မတရား မပြောပါနဲ့ 
မတရားမှုကို ခုခံတာမှန်သမျှ
အကုန် တရားတယ် ဆိုတာပါပဲ။ ။

(ဇွန် ၁၇ ၊ ၂၀၀၉)

Wednesday, May 27, 2009

Aung Way - Special Poem 3

ပျားအုံခံစားမှု

အထူးကဗျာ - ၃

အောင်ဝေး

မေ ၂၆၊ ၂၀၀၉

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ

ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။


လူတိုင်းအင်းစိန်ထောင်ရှေ့ 

သွားဆုံစုရုံးနေတာ

ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။


ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။



ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။


ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။


ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။


ဒီအချိန်မှာ
အင်းစိန်ထောင်ဟာငါတို့ အိမ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံးပိတ်လှောင်ခံနေရတယ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင်ချုပ်နှောင်ခံနေရတယ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ်မြေမြှုပ်ခံရတော့မယ်။


သေရေး ရှင်ရေး

အရေးကြီးနေတဲ့ အချိန်

ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 

ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့

မင်းရို့ ပညာတတ်တွေ

အခု
ငါတို့ မြန်မာပြည်သူတွေ

အင်းစိန်ထောင်ရှေ့ ချီတက်တာကို

ဘာကြောင့် သဘောမတူရဲတာလဲ။


ငါတို့ ဟာ

စိတ်ထဲကသေနတ်တွေနဲ့ 

ရန်သူကိုဆက်ပစ်နေရမယ်။


ငါတို့ အပစ်ရပ်လိုက်ရင်

ရန်သူရဲ့ 

အပြတ်ရစ်ခြင်း ကိုခံရမယ်။


ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

(မေ ၂၅ ၊ ၂၀၀၉)

Wednesday, May 20, 2009

Insein Prison - Our Next Boycott Headquarter



အင်းစိန်အကျဉ်းထောင် သပိတ်စခန်း

အောင်ဝေး အထူးကဗျာ - ၂

မေ ၂၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

NLD ကို ၀န်းရံကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


ညောင်ပင်မှာ နား

ညောင်သီးလည်း စား

လေးသံကြားလည်း နားထောင်။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ဒီမိုကရေစီကို တိုက်ယူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


အတိတ်ကို ပြန်လွမ်း

လက်ငင်းမှာ ရဲရဲဖြတ်သန်း

အနာဂတ်အတွက် မျှော်မှန်း။

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ဘုံရန်သူကို ဆန့်ကျင်ကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


ဂဠုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို

တကြိမ်ပဲ လုပ်ကြံတယ်

ဂဠုန်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို

အကြိမ်ကြိမ် လုပ်ကြံခဲ့ပြီ။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

မတရားတဲ့ ဥပဒေကို ရိုက်ချိုးကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


နအဖ = မိစ္ဆာ အစိုးရ

သန်းရွှေ ဂေါက်နေပြီ

နအဖ ကြောက်ကန်ကန် နေပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

သာသနအလံတွေ လွှင့်ထူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။



ကြက်တော ရေကူး

သန်းရွှေ သေတွင်းတူး

ပြည်သူ့အောင်ပွဲ အရုဏ်ဦး။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ခွပ်ဒေါင်းအလံတွေ လွှင့်ထူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


သန်းရွှေ ဖက်ဆစ်

ဖက်ဆစ် သန်းရွှေ

ဖက်ဆစ်တစ္ဆေ နအဖ။

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ဖက်ဆစ်တော်လှန်ရေးအလံတွေ လွှင့်ထူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။



၉၀ ရွေးကောက်ပွဲ

စစ်သားနဲ့ ရဲ၊ ၀န်ထမ်းတွေပဲရှိတဲ့ ကိုကိုးကျွန်းမှာ

NLD (ဦးလှသန်း) အနိုင်ရခဲ့တယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ပြည်သူ့ဘက်က တပ်မတော်သားတွေကို ကြိုဆိုကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


နေပြည်တော် ကျဆုံးခန်း

သန်းရွှေ ဘုရားရိုက်

မသာရထား ဆိုက်ပြီ။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ပြည်သူ့ဘက်က ရဲနဲ့ဝန်ထမ်းတွေကိုကြိုဆိုကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။



မကြောက်တတ်ရင် တခါပဲ သေရတယ်

ကြောက်နေရင် အခါခါ သေရမယ်

သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ

ကဲ ...


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

သား သုံး သား ပေါင်းစည်းညီညွတ်ကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ

နအဖကို ပုန်ကန်ကြ

အမိမြန်မာပြည်ကို ကယ်တင်ကြ

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။ ။


(မေ ၂၀ ၊ ၂၀၀၉)



Friday, May 15, 2009

poem for May 18, 2009

၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်
အင်းစိန် အကျဉ်းထောင်ရှေ့ တွင်
မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်

အထူးကဗျာ
အောင်ဝေး

ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂

အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂

သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂

နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂

အောင်ဝေး
မေ ၁၅-၂၀၀၉

Wednesday, April 22, 2009

ခေတ်ပေါ်ကဗျာလမ်းကြောင်း


{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }

‘ကနေ့ ခေတ်ပေါ်ကဗျာဟာ ဘယ်လမ်းကြောင်းကို သွားနေသလဲ၊ ဘယ်လို သွားနေသလဲ၊ တစ်ဦးချင်း သွားနေကြသလား၊ တစ်စုတစ်ဝေးနဲ့ သွားနေကြသလား ဆိုတာကို အရင် စူးစမ်းသင့်ပါတယ်။ တစ်ပုဒ်ချင်းကောင်းတဲ့ ကဗျာတွေ မနည်းပါဘူး။ ဒါပေမဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ တစ်စုတစ်ဝေးတည်း သွားနေတာ ရှိမလား ဆိုတာတော့ မေးစရာ ဖြစ်လိမ့်မယ်နဲ့ တူပါတယ်။ စာပေခေတ်တစ်ခေတ်၊ ကဗျာခေတ်တစ်ခေတ် ဖြစ်ပေါ်လာတယ်ဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ ဖြစ်ပေါ်မလာဘူး’ (နတ်နွယ်၊ မြားနတ်မောင်မဂ္ဂဇင်း၊ ၁၉၉၅၊ နိုဝင်ဘာ မှ)

‘ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်း’လို့ ဆိုလိုက်တဲ့အတွက် လူ့အဖွဲ့အစည်း ယဉ်ကျေးမှုသမိုင်းရဲ့ သံကြိုးကွင်းဆက် သဘောတရားအတိုင်း ခေတ်ပေါ်ကဗျာက ဖြတ်သန်းလာခဲ့တဲ့ အတိတ်လမ်း၊ လက်ရှိဖြတ်သန်းနေရတဲ့ ပစ္စုပ္ပန်လမ်းနဲ့ နောင် ဖြတ်သန်းရဦးမယ့် အနာဂတ်လမ်း ဆိုတာတွေကို ရည်ရွယ်ပါတယ်။

မြန်မာကဗျာမှာ ခေတ်ပေါ်အယူအဆတွေ စတင်လာတာကတော့ ၁၉၇၀ တစ်ဝိုက်လောက်ကလို့ ဆိုရပါမယ်။ တကယ်တမ်း ခေတ်ပေါ်အယူအဆ (Modernism)ကို ဒီမှာ စတင်လက်ခံ လှုပ်ရှားခဲ့တာကတော့ ပန်းချီမှာပဲ ဖြစ်တယ် လို့ ဆိုရမယ်။ မြန်မာပန်းချီဆရာတွေထဲမှာ ၁၉၆၀ ခု တစ်ဝိုက်လောက်မှာတင်ပဲ ခေတ်ပေါ်ပန်းချီ လှုပ်ရှားမှုတွေ စတင်ခဲ့ပါပြီ။ ဥပမာ အနေနဲ့ ဆရာ ဗိသုကာ ခင်မောင်ရင်တို့ရဲ့ ၂၄ လမ်း ပန်းချီလှုပ်ရှားမှု။ (မောင်ရန်ဝေး၊ ခေတ်ပေါ်ပန်းချီ၊ ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၆၊ မေ - ရှု)

ခေတ်ပေါ်ကဗျာ(Modernism) ဆိုတဲ့ ဝေါဟာရတောင် အဲဒီ ၇၀ ခုနှစ်များ တစ်ဝိုက်မှာတုန်းက မတည်ငြိမ်လှသေးပါဘူး။ နောက်ပိုင်းကျမှ 'ခေတ်ပေါ်' ဆိုတဲ့ စကားလုံးကို ကဗျာမှာရော၊ ၀တ္ထုမှာပါ လက်ခံသုံးစွဲလာကြတာ ဖြစ်ပါတယ်။ ဥပမာ မြန်မာဝတ္ထုသမိုင်းအကြောင်း ပြောတဲ့နေရာမှာ အင်္ဂလိပ်က နော်ဗဲလ် (Novel) ကို ဒီမှာ ကာလပေါ် ခေတ်ပေါ် ၀တ္ထု ဆိုပြီး သုံးနှုန်းခဲ့ကြတာမျိုးပါ။

ဒီလိုပဲ အစဉ်အလာ ကဗျာကနေ လမ်းခွဲထွက်လာတဲ့ ကဗျာသစ်တွေကို ရည်ညွှန်းချင်ရင်၊ ဆိုလိုတာက ခေတ်စမ်းဟန်မျိုး၊ န၀ခေတ်စမ်း ပုံသဏ္ဌာန်မျိုး မဟုတ်တဲ့ ဟန်သစ် ပုံသဏ္ဌာန်သစ် ကဗျာတွေကို ခွဲခြားသတ်မှတ်ရာက 'ခေတ်ပေါ်ကဗျာ' ဆိုတဲ့ အသုံးအနှုန်းကို လက်ခံ သုံးစွဲလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

တကယ်တော့ ခေတ်ပေါ်ကဗျာ ဆိုတာ ကဗျာသစ်တွေကို ဆိုလိုတာပါ။

ကဗျာသစ်ဆိုတာ ဘာလဲ။

ကဗျာသစ်တောင်းဆိုမှု ဘယ်လို ပေါ်ပေါက်လာသလဲ။

မြန်မာကဗျာရေစီးကြောင်းကို ပြန်ကြည့်ရင် ကဗျာသစ်(ခေတ်ပေါ်ကဗျာ) ဖြစ်ပေါ်လာဖို့ အရင်းခံ စေ့ဆော်မှုဟာ ၁၉၇၀ တ၀ိုက်မှာ ဖြစ်ထွန်းခဲ့တဲ့ 'ဇင်နိုးကြူး' အယူအဆပဲ ဖြစ်ပါတယ်။

ဆရာမောင်သာနိုးက 'ထင်းရှုးပင်ရိပ်' စာအုပ် (၁၉၆၈) ကနေ (ဒီမှာ) မော်ဒန်ဆိုလို့ မူးလို့မှ ရှူစရာ မရှိဘူး ဆိုပြီး ခေတ်ပေါ်ကဗျာ (မော်ဒန်ပေါယဲ့ထရီ)ဖြစ်ရေးကို တောင်းဆိုလာသလို ဆရာမင်းလှညွှန့်ကြူးကလည်း 'စိမ်းလန်းသောအိပ်မက်'(၁၉၆၉)စာအုပ် အမှာစာမှာ အခုလို ရေးလိုက်တာကလည်း အချက်တစ်ချက် ဖြစ်ပါလိမ့်မယ်။

ဆရာမင်းလှညွှန့်ကြူးရဲ့ သဘောထား အချုပ်ကတော့ ဒီလိုဖြစ်ပါတယ်။

ကဗျာဆိုတာ ခေတ်သုံးဝေဟာရရယ်၊ ခေတ်ပေါ်အကြောင်းအရာရယ်၊ အဲဒီ နှစ်ခုကို ၀က်သိုးထိုး သီထားရုံနဲ့ ကဗျာဖြစ်မလာပါဘူး။ ကဗျာဆရာဟာ ဘယ်လောက်အထိ အာရုံခံစားသလဲ၊ ကဗျာဆရာဟာ သူ အာရုံခံစားရတာကို ဘယ်လိုအတတ်ပညာသုံးပြီး ဖော်ထုတ်သလဲ ဆိုတာတွေဟာ ကဗျာမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တယ်။ အဲဒီအချိန်တုန်းက (၁၉၇၀ တစ်ဝိုက်) အကြောင်းအရာဟာ အဓိကပဲ၊ ပုံသဏ္ဌာန်ဟာ အရေးပါတဲ့ အရန် လို့ (အရေးပါတဲ့) ဆိုတဲ့ ၀ိသေသနတစ်ခု ထည့်သွင်းပြောကြ နားလည်ကြပေမဲ့ ပုံသဏ္ဌာန်ပိုင်းကိုလည်း အများကြီး လျစ်လျူရှုခဲ့ကြတယ်။ ကဗျာရဲ့ အရေးပါတဲ့ လက္ခဏာရပ်တွေကို မေ့လျော့ခဲ့ကြတယ်။ ခေတ်စမ်းပေါ်တာ အနှစ် ၄၀ နီးပါး ရှိပြီ။ ( ပထမဆုံး ခေတ်စမ်းကဗျာဖြစ်တဲ့ ဇော်ဂျီရဲ့ 'ပိတောက်ပန်း' က ၁၉၂၈၊ ပထမဆုံး လေးလုံးစပ်ကဗျာလို့ သတ်မှတ်တဲ့ ဇော်ဂျီရဲ့ 'ကြောင်မနက်ပြာ'က ၁၉၃၁၊ ခေတ်စမ်းကဗျာများ စာအုပ်ထွက်တာက ၁၉၃၄ မှာပါ) အဲဒီ အနှစ် ၄၀ နီးပါးကာလမှာ အာရုံခံစားပုံက မပြောင်းမလဲ၊ နည်းပညာကလည်း မပြောင်းမလဲ ဖြစ်နေတာဟာ ကဗျာဆရာတွေရဲ့ ကြိုးစားအားထုတ်မှု နည်းလို့ပဲ။ အဲဒီအချိန် (၁၉၇၀ တစ်ဝိုက်)က ကဗျာတွေဟာ ခေတ်စမ်းနဲ့ ပိန်မသာ လိမ်မသာ အဆင့်လောက်မှာပါပဲ။ အစဉ်အလာထဲက ခွဲမထွက်နိုင်သေးဘူး။ ခေတ်ထဲကို မရောက်သေးဘူး။ ကဗျာဆရာတွေရဲ့ အဓိက တာဝန်ဟာ ခေတ်ကို ကဗျာထဲ ထည့်ပြဖို့ပဲ။ ခေတ်ကို ကဗျာထဲထည့်ရာမှာ ပိပိရိရိ ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ခေတ်ရဲ့ ပုံပန်းသဏ္ဌာန်အလိုက် ကိုင်တွယ်ရမယ်၊ ခေတ်ကို ခေတ်မီမီနည်းတွေနဲ့ ကဗျာထဲထည့်နိုင်ရင် ခေတ်ကတောင်းဆိုနေတဲ့ ခေတ်ပေါ်ကဗျာတွေ ထွက်ပေါ်လာမှာပဲ။ အာရုံခံစားမှုကို အနုပညာမြောက်အောင် ကဗျာအတတ်နဲ့ ပေါင်းစပ်ကြ - - ။

ဆရာမောင်သာနိုးနဲ့ ဆရာမင်းလှညွန့်ကြူးတို့ဟာ အဲဒီတုန်းက ကဗျာတွေကို အားရကျေနပ်ပုံ မရပါဘူး။ အဲဒီအချိန်တုန်းက အင်အားအကောင်းဆုံး ကဗျာရေစီးကြောင်းကတော့ 'မိုးဝေကဗျာ'လို့ ယေဘုယျ ဆိုနိုင်ပါတယ်။

ဆရာမြဇင်ကလည်း ခေတ်ပေါ်ကဗျာ အာရုံခံစားပုံ (Mordern Sensiblity) ကို တင်ပြလာပါတယ်။ ကဗျာ့နရီနဲ့ နိမိတ်ပုံအကြောင်း ဆောင်းပါးတွေနဲ့ပါ။

အတိုချုပ်ပြောရရင် အတတ်ပညာရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြကြတာလို့ပဲ ဆိုရပါမယ်။ အဲဒါ (မြဇင်၊ မောင်သာနိုး၊ မင်းလှညွန့်ကြူး) ဇင်နိုးကြူး အယူအဆပါပဲ။ ဒါပေမဲ့ အဲဒီ ၁၉၇၀ တစ်ဝိုက်မှာ ဇင်နိုးကြူးအယူအဆကို အပြည့်အ၀ ထောက်ခံကြ၊ လက်ခံကြသေးတာတော့ မဟုတ်ပါဘူး။

ဆိုပါတော့။ မောင်လေးအောင်၊ မောင်သင်းခိုင် အစရှိတဲ့ (အဲဒီတုန်းက မိုးဝေကဗျာ)အဓိက ကဗျာဆရာတွေက 'နိုင်ငံရေးစံ' နဲ့ 'အနုပညာစံ' လွဲမှားပြီး တန်ပြန်တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့တာပါပဲ။

'အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ကဗျာကို၊
ပညာတတ်ကြိမ်လုံးနဲ့
တအုန်းအုန်း ထုရိုက်ထုတယ်' ဆိုပြီး မောင်လေးအောင်က ပြန်ရေးပါတယ်။ (မိုးဝေကဗျာ၊ ၁၉၇၀-ရှု)

မောင်သင်းခိုင်က ကဗျာအတတ်ပညာအကြောင်း (နိမိတ်ပုံ၊ ရစ်သမ် စတာ) ပြောတဲ့ ကိစ္စမှာ ဆရာမြဇင် ကိုးကားတဲ့ ကျမ်းက အနောက်(အမေရိကန်)က လာတဲ့ စာအုပ်ဖြစ်လို့ ဒါကို နယ်ချဲ့ ယဉ်ကျေးမှု သွတ်သွင်းလာတယ် ဆိုပြီး တုံ့ပြန်ခဲ့တာမျိုး။ (မိုးဝေကဗျာ၊ ၁၉၇၀-ရှု)

ဒီနေရာမှာ မောင်လေးအောင်ရော၊ မောင်သင်းခိုင်ပါ (အခြားကဗျာဆရာအချို့လည်း ရှိပါသေးတယ်) သူတို့ဟာ နိုင်ငံရေးစံ တစ်ခုတည်းဘက်ကနေ အနုပညာစံကို လျစ်လျူရှုပြီး ပြန်တုံ့ပြန်သလို ဖြစ်နေပါတယ်။

ယခုနေအခါမှာ ပြန်ကြည့်ရင် ဒီအတိုင်း တွေ့ရလိမ့်မယ်။

မင်းဆွေနှစ်(မုံရွာ)ရဲ့ 'မှော်'(၁၉၉၅)စာအုပ်၊ မောင်သာနိုးအမှာစာကို ကြည့်ပါ။

'ကဗျာသစ်ကို ခေတ်ပေါ်ကဗျာလို့လည်း ခေါ်တဲ့အတွက် ခေတ်ပေါ်ကဗျာဆိုတာကို နယ်ချဲ့ကဗျာ၊ အရင်းရှင်ကဗျာရယ်လို့ ဆဲရေး ပုတ်ခတ်ခဲ့သူတွေ အခုတော့လည်း ငါ ခေတ်ပေါ်ကဗျာကို အရင်စရေးတာ၊ သူအရင်စပ်ဆိုတာ ငြင်းခုံကြတဲ့ အဆင့် ရောက်နေပါပြီ။ လက်သမားဆရာ လုပ်မယ်ဆိုမှတော့လည်း လက်သမားဆရာရဲ့အတတ်ကို ဆည်းပူးရမယ်။ ပန်းထိန်ဆရာ လုပ်မယ့်သူကလည်း ပန်းထိမ်ပညာ တတ်ရပေလိမ့်မယ်။ ကဗျာဆရာ နာမည်ခံချင်ပါတယ် ဆိုမှဖြင့် ကဗျာရေးတဲ့ နည်းပညာကို တတ်ကျွမ်းရပေလိမ့်မယ် လို့ ထောက်ပြမိတာကိုပဲ ပညာတတ်ကြိမ်လုံးနဲ့ တအုန်းအုန်းထုရိုက်သလေး ဘာလေး အော်ခဲ့ကြသေးရဲ့။ ခုတော့လည်း ငြိမ်ဆိတ်သွားသလို ရှိတယ်'

ဇင်နိုးကြူး အယူအဆကတော့ (ကဗျာရဲ့) အနုပညာစံ ကိစ္စကိုပဲ အဓိကထားပြီး တင်ပြ ဆွေးနွေးတာလည်း ဖြစ်ပါတယ်။ ဒီအတွက် ဇင်နိုးကြူးဟာ နိုင်ငံရေးစံကို ပစ်ပယ်ရာကျတယ်လို့တော့ မဆိုနိုင်ပါဘူး။

အဲဒီအချိန်မှာ ဆရာဒဂုန်တာရာက နိုင်ငံရေးစံကို ထိန်းကျောင်းတဲ့ အနေနဲ့ 'ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့စေနဲ့' ဆိုပြီး ရေးပါတယ်။ မောင်သာစိုးတို့ရဲ့ 'စိန်ပန်းတစ်ပွင့် နေကြာတစ်ပွင့်' ကဗျာစာအုပ် အမှာစာမှာ ဗညားနွဲ့ ဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာပါ။ ဒီနေရာမှာ အရေးကြီးတာက ဆရာဒဂုန်တာရာက အဲဒီတုန်းက အစဉ်အလာ လေးလုံးစပ်ကနေ လမ်းခွဲထွက်လိုက်တဲ့ ကဗျာသစ်တွေကို ကဗျာဟောင်းသမားတချို့က ကာရန်မဲ့တယ်၊ ကာရန်မဲ့ကဗျာလို့ ကင်ပွန်းတပ်နေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဲဒါကို ဆရာဒဂုန်တာရာက (ကဗျာမှာ) အဘိဓမ္မာရှိဖို့လိုတယ် ဆိုတဲ့ အချက်ကို ထောက်ပြတာ ဖြစ်တယ် ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ 'အတတ်ပညာမဲ့ချင်မဲ့' ဆိုပြီး ပြောခဲ့တာ မဟုတ်ပါဘူး။ ကာရန်မဲ့တာဟာ အတတ်ပညာအတွက် မဲ့တာပဲ ဖြစ်ပါတယ်။ (ဒီနေ့ တချို့ စာပေဝေဖန်ရေး ပညာရှင်များနဲ့ ကဗျာဆရာ အချို့က ဒဂုန်တာရာက 'အတတ်ပညာ မဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့ဖို့ အရေးကြီးတယ်' လို့ ပြောပါတယ် ဆိုပြီး လွဲလွဲ မှားမှား ကိုးကား ပြောဆို၊ တဖက်သတ် စီရင်ချက်ချ၊ လမ်းခွဲနေကြတာကို တွေ့နေရတဲ့အတွက် ဒီနေရာမှာ ဒါကို စကားကြုံလို့ ဖော်ပြရခြင်း ဖြစ်ပါတယ်။ ဒဂုန်တာရာကို ကာကွယ်ရေး လုပ်နေခြင်း မဟုတ်ပါ။ ဒဂုန်တာရာ ဆိုတာ ဘယ်သူကမှ ကာကွယ်ပေးစရာ မလိုတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ဤကား စကားချပ်)

အဲဒီလို ခေတ်ပေါ်ကဗျာရဲ့ အရေးအခင်းဟာ ၁၉၇၀ တဝိုက်မှာ ဖြစ်ခဲ့တယ်။ ဒါဟာ တကယ် ဖြစ်ခဲ့တာလည်း ဖြစ်တယ်။ ဒါဟာ မြန်မာ ကဗျာ သမိုင်းမှာ အမှန်ဖြစ်ခဲ့တာပါပဲ။

ဒါကြောင့် ဇင်နိုးကြူး အယူအဆဟာ ကဗျာဟောင်းကနေ လမ်းခွဲထွက်လာတဲ့ ကဗျာသစ်တွေ ဖြစ်ပေါ်ရေးမှာ အခြေခံ စေ့ဆော်ချက်ပဲ လို့ ဆိုချင်ပါတယ်။ ကဗျာကို အနုပညာမြောက် လုပ်ဆောင်ဖို့ အတတ်ပညာ အရေးကြီးတယ် ဆိုတဲ့ သဘောတ၇ားဟာ အဲဒီ ဇင်နိုးကြူား တပ်လှန့်ရာက စတင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက မြန်မာကဗျာမျာ အဓိက ရေစီးကြောင်းလို့ ဖြစ်နေတဲ့ မိုးဝေကဗျာမှာကိုပဲ အစဉ်အလာ လေးလုံးစပ်ကနေ လမ်းခွဲပြီး လွတ်လပ် ကဗျာဟန် ဘက်ကို ကူးပြောင်း ရေးဖွဲ့လာကြတာကို တွေ့ရမယ်။

အစဉ်အလာသမားတွေ၊ ကဗျာဟောင်းသမားတွေက အဲဒီလို လေးလုံးစပ် ကာရန်စနစ်ကို ချိုးဖောက်ပြီး လွတ်လပ်ကာရန်စနစ်နဲ့ ရေးလာတဲ့ စကားပြောလေသံကို သုံးစွဲလာတဲ့ ကဗျာသစ်တွေကို လက်မခံနိုင်ဘဲ ကာရန်မဲ့ကဗျာ ဆိုပြီး စွပ်စွဲ တိုက်ခိုက်ခဲ့ကြတာကိုလည်း တွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ ခေတ်ပေါ်ကဗျာ (ကဗျာသစ်)တွေမှာ ကာရန် ပါချင်ပါမယ်။ မပါချင် မပါဘူး။ ပုံသဏ္ဌာန် အနေနဲ့ ခေတ်စမ်းတို့၊ နဝခေတ်စမ်းတို့လို မဟုတ်တော့တာ သေချာတယ်။ လွတ်လပ်တဲ့ ကဗျာဟန်ကို အားထုတ်ပြီး စကားပြောလေသံ (စကားပြောရစ်သမ်) ကို အဓိက ကိုင်စွဲလာကြတယ်။ ကာရန်မဲ့ခြင်း၊ မမဲ့ခြင်းဟာ ခေတ်ပေါ်ကဗျာရဲ့ 'စံ'တော့ မဟုတ်ပေသေးဘူး။ တချို့ ကာရန်မဲ့ကဗျာ လို့ သတ်မှတ်လို့ မရပါဘူး။

ဆရာဒဂုန်တာရာက
'ခေတ်ပေါ်ကဗျာသည် မိဘမဲ့မဟုတ်၊ ရှေးခေတ်ဟောင်းမှ မွေးဖွားလာခဲ့သူ။ သို့သော် အတိဇာတသားသမီး၊ ဝမ်းဗိုက်ဖောက်၍ မွေးရသည်။ ဘာကြောင့်လဲ - - ယနေ့ ဘာတော်လှန်ရေးလဲဟု ယနေ့ ခေတ်ပေါ်ကဗျာအား ညွှန်းရပေမည် ' စသဖြင့် ရေးသားခဲ့ပါတယ်။ (အကျယ်ကို 'တော်လှန်ရေးနှင့်ကဗျာ'စာအုပ်၊ ၁၉၆၉ တွင် ရှု)

ဆရာ ဗန်းမော်တင်အောင်ကတော့ ကဗျာသစ်ရေး ကြိုးပမ်းနေကြတဲ့ လူငယ် ကဗျာဆရာတွေဘက်က ရပ်တည်ပြီး အစဉ်အလာ ရှေးရိုးစွဲသမားတွေကို တုံ့ပြန်တဲ့ အနေနဲ့ 'ကာရန်ချစ်သော မြကေခိုင်' ဆိုပြီး ဝတ္ထုတပုဒ် ရေးခဲ့တာပါ။ (မိုးဝေ၊ ၁၉၇၇)

ဆရာနတ်နွယ်ကလည်း -
ပုံသဏ္ဌာန်သစ် ထွင်တာ မဟုတ်ပါဘူး။ အကြောင်းအရာသစ်တွေကို ရေးဖွဲ့လာကြတဲ့အခါ ပုံသဏ္ဌာန် ကလည်း အလိုလို သစ်သွားတာ ဖြစ်ပါတယ် ဆိုတဲ့သဘော ရေးပါတယ်။ (မနေ့တနေ့က ရွာတဲ့မိုး၊ ၁၉၇၂)

ဆက်ပြီးြော့ရရင် ခေတ်ပေါ်ကဗျာ ဖြစ်ပေါ် တိုးတက်မှုသမိုင်းမှာ တပိုင်း တကဏ္ဍ အရေးပါတယ်လို့ ဆိုနိုင်တဲ့ လှုပ်ရှားမှု တခုကလည်း 'လှိုင်းသစ်' လှုပ်ရှားမှု လို့ ဆိုနိုင်ပါတယ်။ ဒါကို 'ဇော်-ဖော်-မော်-ကျော်-သင်း' အယူအဆ ဆိုပြီး ခေါ်ခဲ့ ပြောခဲ့ကြပါတယ်။ (ဟိုတုန်းက အခေါ် ကံ့ကော်ဂိုဏ်း အယူအဆ ဆိုပြီးတော့လည်း တချို့ သုံးကြပါတယ်။ မန္တလေးရဲ့ အယူအဆတွေကို တမာဂိုဏ်းလို့ ခေါ်ခဲ့ကြတာကိုး)

ရှုမဝ စာပေ ဆောင်းပါးရှင်များ (မော်ဇော်၊ မောင်စံဖော်၊ တက္ကသိုလ်မင်းမော်၊ ငြိမ်းကျော်၊ အောင်သင်း)ရဲ့ ကဗျာအတတ်ပညာဆိုင်ရာ နည်းနာနိဿယ ဆောင်းပါးတွေကို စုစည်းထားတဲ့ 'လှိုင်းသစ်' စာအုပ်(၁၉၇၃)ကလည်း ခေတ်ပေါ်ကဗျာကိစ္စတွေကို ဆွေးနွေးထားတာ တွေ့ရပါမယ်။ ဒီစာအုပ်(လှိုင်းသစ်) အရေးပါတယ် ဆိုတာကလည်း ဒီစာအုပ်ထဲမှာ တချို့က ခေတ်ပေါ်ကဗျာကို လက်မခံဘဲ ဆန့်ကျင်တဲ့ သဘောတွေ ပါနေလို့ပါပဲ။

ဥပမာ-ဆရာမောင်ဇော် (အခု ဇော်ဇော်အောင်) ရဲ့ 'စကားပြော ကဗျာ ပြဿနာတချို့' (ရှုမဝ၊ ၁၉၇၂၊ ဇန်နဝါရီ) ဆောင်းပါးဟာ အဲဒီတုန်းက ခေတ်ပေါ်ကဗျာတွေကို စကားပြေဆန်တယ်၊ စကားပြေဖြစ်နေတယ် လို့ ဝေဖန်တာမျိုး။ [အခုတော့ ဆရာဇော်ဇော်အောင် (မောင်ဇော်)က သူ့ရဲ့ ဒီ ဝေဖန်ချက်ကို ပြန်ရုပ်သိမ်းသွားပါပြီ]

နောက်တခါ ဆရာဦးအောင်သင်းရဲ့ 'မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ' (ရှုမဝ၊ ၁၉၇၁၊ နိုဝင်ဘာ) ဆောင်းပါးကလည်း ခေတ်ပေါ် ကဗျာတွေမှာ ကာရန်လွှတ်၊ ကာရန်စနစ်မရှိဘဲ ရေးတာကို ဆန့်ကျင် ကန့်ကွက်ထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ခေတ်ပေါ်ကဗျာကို ဝေဖန်တဲ့ အယူအဆတွေ (တချို့ကတော့ လုံးလုံးကို Anti-Modern Poetry ဖြစ်နေ) တနည်း မြန်မာဘာသာစကား အကြောင်း၊ မြန်မာကဗျာအကြောင်း တင်ပြလာတဲ့အတွက် ခေတ်ပေါ်ကဗျာ ဖြစ်ထွန်းရေး၊ သန့်စင်ရေးမှာ ဒီစာအုပ် (လှိုင်းသစ်) ကလည်း တစုံတ၇ာ ထောက်ကူနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။

ပြီးတော့ မြန်မာခေတ်ပေါ်ကဗျာအပေါ်မျာ သြဇာ သက်ေ၇ာက်ခဲ့တယ်လို့ ဆိုနိုင်တဲ့ နိုင်ငံတကာ ကဗျာတွေရဲ့ လွှမ်းမိုးမှုတွေကလည်း ရှိပါသေးတယ်။ အဦးအစတော့ 'ထင်းရှူးပင်ရိပ်' (မောင်သာနိုး) စာအုပ် သြဇာပါ။ ဒါ့အပြင် ဆာမောင်သာနိုးရဲ့ ဘောင်းဘီဝတ်မိုးတိမ် (မာယာကော့ဖ်စကီး)ကလည်း ခေတ်ပေါ်ကဗျာ၊ ခေတ်ပေါ် ကဗျာဆရာတွေအပေါ်မှာ သြဇာလွှမ်းနိုင်ခဲ့တာ တွေ့ရမယ်။

နောက်ထပ် ထူးထူးခြားခြား သြဇာလွှမ်းမိုးနိုင်ခဲ့တဲ့ နိုင်ငံတကာ ကဗျာတပုဒ် အဖြစ်နဲ့လည်း ဆရာမောင်သစ်တည် မိုးဝေမဂ္ဂဇင်းမှာ မြန်မာပြန်ခဲ့တဲ့ 'ဇီမာလမ်းဆုံ' (ယက်ဗ်တူရှင်ကို) ဖြစ်တယ် လို့ ဆိုနိုင်ပါသေးတယ်။ (အခြား မြန်မာပြန်သူများရဲ့ အခြား နိုင်ငံတကာ ကဗျာများလည်း ရှိချင် ရှိနိုင်ပါဦးမယ်။ ဒီဆောင်းပါးမှာတော့ ဒီဆရာသမားနှစ်ဦးရဲ့ အဲဒီလို နိုင်ငံရပ်ခြား ကဗျာရှည်ကြီး နှစ်ပုဒ်ကိုပဲ ကောက်ကာငင်ကာ ရည်ညွှန်းလိုက်တာ ဖြစ်တယ်)

နောက်တခါ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းမှာ ခေတ်ပေါ်ကဗျာအတွက် ထူးခြား ထင်ရှားတဲ့ ထောက်ကူမှုတခု အဖြစ် သပြေညို Work Shop ကိုလည်း ထည့်မပြောဘဲ ချန်ရစ်ခဲ့လို့ မဖြစ်ပါဘူး။ (ဆရာ မင်းသုဝဏ်ရဲ့ 'ရွာလိုရွာလော့ မိုးနတ်သား' ကဗျာက ကာရန် မပါဘဲ ရစ်သမ်နဲ့ ကဗျာရေးလို့ ရတယ် ဆိုတာကို သက်သေ ပြခဲ့တာမျိုး)

ဒီလိုပဲ ချယ်ရီမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ဆရာမင်းလှညွန့်ကြူးရှဲု့ 'ကဗျာအလှရှာတော်ပုံ' ဆောင်းပါးများဟာလည်း ခေတ်ပေါ်ကဗျာအတွက် တွန်းအား တခု ဖြစ်ခဲ့ပါတယ်။

ဒါတွေဟာ ခေတ်ပေါ်ကဗျာ ဖြစ်ပေါ် တိုးတက်ဖို့ အဓိကနဲ့ အခြေခံ စေ့ဆော်မှုနဲ့ မောင်းနှင်မှုတွေပဲ ဖြစ်ပါတယ်။ အဲဒီ စေ့ဆော်မှုတွေ မောင်းနှင်မှုတွေအတိုင်း ခေတ်ပေါ်ကဗျာက ခေတ်ပေါ်ကဗျာ ပီပီ ပြင်ပြင် ဖြစ်လာခဲ့သလား၊ ဖြစ်မလာခဲ့ဘူးလား ဆိုတာကတော့ ဒီကနေ့ ရောက်ရှိနေတဲ့ ခေတ်ပေါ်ကဗျာရဲ့ အနေအထားက အဖြေ ပေးနေပြီ ဖြစ်ပါတယ်။

ဒီလိုနဲ့ ခေတ်ပေါ်ကဗျာဟာ အဆင့်ဆင့် တော်လှန် ပြောင်းလဲခြင်း (Evolutionary revolution) နည်းနဲ့ ၁၉၈၈ ခုနှစ် မတိုင်မီမှာ ဖြစ်ထွန်းလာခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ ကြီးကြီးမားမား အချိုးအကွေ့ အပြောင်းအလဲတခု အရှိန်အဟုန် ပြင်းပြင်းနဲ့ ဖြတ်သန်း ရောက်ရှိလာခဲ့တယ် လို့ ဆိုချင်ပါတယ်။ ဒီဘက်ခေတ်မှာမှ ခေတ်ပေါ်ကဗျာရဲ့ အသံဟာ ပိုပြီး ပီသ ကြည်လင်လာတယ်။ ပိုပြီး ကျယ်လောင် မြည်ဟိန်း လာတယ် လို့ ယူဆပါတယ်။

ခေတ်ပေါ်ကဗျာ လမ်းခင်းလာတဲ့ ပထမပိုင်း နှစ်ကာလများ (အကြမ်းဖျင်းအားဖြင့် ၁၉၇၀ ကနေ ၁၉၈၈ အထိ)မှာထက် ဒီဘက်ခေတ်ပိုင်း ဖြတ်သန်းနေတဲ့ ဒုတိယနှစ်ကာလများ (၁၉၈၈ ကနေ ယနေ့အထိ)မှာ ခေတ်ပေါ်ကဗျာ အတွက် အရေးကြီးတဲ့ အကြောင်းနှစ်ချက်ကို ရင်ဆိုင်လာရတာလည်း ဖြစ်ပါတယ်။ အကြောင်းတစ်ချက်ကတော့ ခေတ်ပေါ်ကဗျာကို မထောက်ခံတဲ့ အစိတ်အပိုင်းရဲ့ ကန့်ကွက် ဝေဖန် ရှုတ်ချတဲ့ ကိစ္စတွေ ဖြစ်ပြီး ကျန်တဲ့ အကြောင်းတချက်ကတော့ ခေတ်ပေါ်ကဗျာ ထောက်ခံတဲ့ အစိတ်အပိုင်းထဲမှာတင်ပဲ မော်ဒန် (ပို့စ်မော်ဒန်) ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတဲ့ ကိစ္စတွေပါပဲ။

ပထမအကြောင်းကတော့ ခေတ်ပေါ်ကဗျာအတွက် အရေးမကြီးလှပါ။ ကဗျာဟောင်း ကဗျာသစ် ပြဿနာက သူ့ဟာနဲ့သူ ရှင်းလင်းနေပြီးသား ဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာကို မထောက်ခံတဲ့သူတွေ ပြောကြတဲ့ အချက် နှစ်ချက်ကတော့ (၁) ကာရန် မပါဘူး၊ စကားပြေဆန်တယ်၊ တချို့ စကားပြေ လုံးလုံး ဖြစ်နေလို့ (၂) နားမလည်ဘူး (တချို့ မခံစားတတ်ဘူး) ဆိုတဲ့ အချက်တွေပါပဲ။

ပထမအချက်နဲ့ ပတ်သက်လို့ ကဗျာတို့ စကားပြေတို့ ဆိုတာ နှစ်ခုစလုံးဟာ ဘာသာစကားသုံး အနုပညာ ဖြစ်ပါတယ်။ (ဘာသာစကားဟာ Medium ဖြစ်ပါတယ်။ ဒီလို ဘာသာစကား မီဒီယန်ကို အသုံးပြုတဲ့ အနုပညာ ဆိုလို့ စကားပြေ နဲ့ ကဗျာ နှစ်ခုတည်းပဲ ရှိတာပါ) ဘာသာစကားကို အသုံးပြုတာချင်း တူတဲ့အတွက် ဘာသာစကားရဲ့ အာနိသင်က နှစ်ခုစလုံးမှာ သက်ဝင်နေမှာပဲ။ ကဗျာက စကားပြေ ဆန်နေပြီး စကားပြေက ကဗျာဆန်နေတာမျိုး ဖြစ်ချင် ဖြစ်နေမှာပဲ။ ဒါက အရေးမကြီးပါ။ အာရုံခံစားပုံ၊ အနုပညာဖန်တီးပုံ၊ ပုံသဏ္ဌာန် တည်ဆောက်ပုံအရ ကဗျာနဲ့ စကားပြေက ကွဲပြားပြီးသား ဖြစ်ပါတယ်။

ဒုတိယအချက်မှာလည်း ခေတ်ပေါ်ကဗျာတွေကို နားလည်ဖို့ ဆိုတဲ့ ကိစ္စဟာ သင်္ချာတပုဒ်ကို နားလည်သလို ယုတ္တိဗေဒနဲ့ နားလည်တဲ့ ကိစ္စမျိုး မဟုတ်ဘဲ ခေတ်ပေါ်ကဗျာက ခံစားမှုနဲ့ နားလည်ဖို့ပဲ လိုအပ်တာ ဖြစ်ပါတယ်။ ဘာကဗျာပဲဖြစ်ဖြစ် ကဗျာကရည်ရွယ်တာဟာ အသစ်မြင်သိရေးနဲ့ အသစ်ခံစားရေးပဲ ဖြစ်ပါတယ်။ (See with a new acuteness and feel with a news awareness - LOUIS UNTERMEYER)

ဒါကြောင့် ခေတ်ပေါ်ကဗျာကို လက်မခံဘူး ဆိုတဲ့ ပထမအကြောင်းဟာ အရေးမကြီးပါ လို့ ဆိုရခြင်း ဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာအတွက် အရေးကြီးတာကတော့ ဒုတိယအကြောင်းပဲ ဖြစ်ပါတယ်။

ဒီ ဒုတိယအကြောင်း (မော်ဒန်၊ ပို့စ်မော်ဒန်ဖြစ်ခြင်း မဖြစ်ခြင်းပြဿနာ) ဟာ သိမ်မွေ့ပါတယ်။ ခေတ်ပေါ်ကဗျာ ဆိုပေတယ်ရယ်လို့လည်း တိုင်းတာသတ်မှတ်တဲ့ ပေတံတွေဟာ တယောက်နဲ့တယောက် တအုပ်စုနဲ့တအုပ်စု မတူကြပါဘူး။ ယေဘုယျ အနေနဲ့ ပြောရရင် ဒီနေ့ ခေတ်ပေါ်ကဗျာမှာ ( အနုပညာ အယူအဆ အရ ) အုပ်စု နှစ်စု ကွဲနေတယ် လို့ ဆိုနိုင်ပါတယ်။

ပထမအုပ်စုက ကဗျာ(စာပေ)မှာ နိုင်ငံရေးစံကို လုံးဝ လက်မခံဘဲ အနုပညာစံသက်သက် အမြင်ကို ကိုင်စွဲပြီး ဒုတိယအုပ်စုကတော့ နိုင်ငံရေးစံနဲ့ အနုပညာစံကို ယှဉ်တွဲလက်ခံတဲ့ အမြင်ကို ကိုင်စွဲတယ်လို့ ဆိုရပါမယ်။

အဲဒီ ခေတ်ပေါ်ကဗျာ အုပ်စုနှစ်စုရဲ့ ထင်သာမြင်သာတဲ့ 'စည်း'နဲ့ 'စံ'ကတော့ အနုပညာက နိုင်ငံရေး အပေါ်မှာ ဘယ်လိုသဘောထားသလဲ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီနေ့ မော်ဒန်၊ မော်ဒန်လွန်သမားများ (ပထမအုပ်စု)ကတော့ မတ်ဝါဒနဲ့ လက်ဝဲအယူအဆ တွေကိုပဲ ရမယ်ရှာပြီး (ခေတ်ပေါ်ကဗျာအချင်းချင်း) အပြစ်ပုံချ တိုက်ခိုက်နေတာ တွေ့ရပါတယ်။ (သူတို့ကိုယ်သူတို့ ကာကွယ်နေတာလည်း ဖြစ်ပါတယ်) ဒါကလည်း Art for art's sake အယူအဆရဲ့ ကျဉ်းမြောင်း တရားသေကျမှု လို့ ဆိုရပါမယ်။

(ဒီနေရာမှာ ကြားဖြတ်ပြီး ပြောချင်တာက ခေတ်ပေါ်ကဗျာရဲ့ သမိုင်း၊ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ကြည့်မြင် သုံးသပ်တဲ့ နေရာမှာ အဲဒီ ခေတ်ပေါ်ကဗျာ ဖြတ်သန်းခ့တြဲ့၊ ဖြတ်သန်းနေဆဲဖြစ်တဲ့ နောက်ခံကားချပ်ကို သိဖို့ လို၂တယ် ဆိုတဲ့ အချက်ပါပဲ။ ဘယ်အနုပညာမဆို နောက်ခံကား နဲ့ တွဲပြီး ကြည့်မှသာ ရုပ်လုံးပေါ်မှာ ဖြစ်ပါတယ်)

တဖက်မှာ ခေတ်ပြိုင်ခံစားမှုကို အနုပညာမြောက် ထင်ဟပ်ရမယ်လို့ ယူဆကြတဲ့ ခေတ်ပေါ်ကဗျာဆရာ အများစု (ဒုတိယအုပ်စု) ကတော့ (ပထမအုပ်စုက ပုဂ္ဂလိက ခံစားမှုကို အဓိက ပြုပါတယ်) ကဗျာဟာ အနုပညာဖြစ်တဲ့အတွက် အနုပညာမြောက်ဖို့ လိုတယ် ဆိုတာကို နားလည် သဘောပေါက် လက်ခံကြတဲ့ သူတွေပါပဲ။ ဒါပေမဲ့ သူတို့ဟာ ကဗျာကို ကဗျာအတွက် သက်သက် ရေးနေကြသူတွေတော့ မဟုတ်ကြပေဘူး။ ခေတ်ပေါ်ကဗျာဆရာ အခေါ်ခံရရုံသက်သက် အတွက် ဆိုရင်တော့ သူတို့ ဒီလောက် အလေးအနက် ထားပြီး 'ခေတ်ပြိုင်ခံစားမှု' လို့ ပြောနေတော့မှာလည်း မဟုတ်ပါဘူး။ ဒီအုပ်စုက Art for people's sake လို့လည်း အစွန်းရောက် ခေတ်နောက်ပြန်ဆွဲ ကြွေးကြော်နေကြတာ မဟုတ်ပါဘူး။ (ဒီနေ့ခေတ်မှာ ဘယ်သူမှ ဒီလို Art for people's sake လို့ အော်မနေတော့ပါဘူး။ ခေတ်ပြောင်းသွားပါပြီ။ စနစ် ပြောင်းသွားပါပြီ)

လက်ငင်း အခြေအနေမှာ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းဟာ အဲဒီလို အုပ်စုနှစ်ခုရဲ့ အယအဆ နှစ်မျိုး ယှဉ်ပြိုင် ဖြစ်ပေါ်နေတယ်လို့ ဆိုရပါလိမ့်မယ်။ (ခေတ်ပေါ်ကဗျာမျာ ကြားနေဝါဒ မရှိပါ။ ဒါကြောင့် ကြားနေအုပ်စုလည်း မရှိနိုင်ပါ)

အခြားတဖက်မှာလည်း အဲဒီအုပ်စု နှစ်စုရဲ့ မရှင်းမလင်း ဖြစ်နေတဲ့ အချက်တွေကိုလည်း သတိပြုမိစရာ ဖြစ်နေပါတယ်။

ပထမအုပ်စု (မော်ဒန်၊ မော်ဒန်လွန်) က သူတို့ရဲ့ မော်ဒန်၊ ပို့စ်မော်ဒန် သဘောတရားတွေကို ရှင်းပြရင်း (ခုခံရင်း) အနုပညာအကြောင်း ပြောနေရာကနေ တဖြည်းဖြည်း (အနုပညာနဲ့မဆိုင်တဲ့ ဗုဒ္ဓဝါဒထဲက) ဥပါဒ်ဌီင်တွေ၊ အနတ္တတွေဆီကို ရောက်မှန်းမသိ ရောက်သွားကြတာပါပဲ။ ဒီပထမအုပ်စုဟာ တဖက်မှာ နိုင်ငံရေးစံ (သူတို့မျက်စိမှိတ် အော်နေတဲ့ မတ်ဝါဒ)ကို ရမယ်ရှာ တိုက်ခိုက်ပြီး တဖက်မှာတော့ မော်ဒန်နဲ့ ပို့စ်မော်ဒန် အယူအဆ များကို ဘာသာရေး သဘောတရား (ဗုဒ္ဓဝါဒ)နဲ့ ရောထွေး အစွံထုတ်ကြခြင်း ဖြစ်နေတယ်။

(ဒါမျိုး တချို့ဆရာတွေ စာပေဝေဖန်ရေးကို ဘာသာရေးနဲ့ ရောထွေးလုပ်နေတာတွေ မှားနေပါတယ်။ ထေရဝါဒ အလံတော်အောက်က စာပေ အနုပညာ ဝေဖန်ရေး ဆိုတာ မဆီမဆိုင် ကိစ္စပဲ။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ စာပေ အနုပညာနဲ့ ဘာသာရေး ဘယ်လိုမှ မပတ်သက်ပါ။ စကားချပ်)

ပြီးတော့ တခါ ဒုတိယအုပ်စုဘက်က မရှင်းမလင်း ကိစ္စတွေ ဆိုတာကလည်း ဒီအုပ်စုဟာ (ကဗျာမှာ) တဖက်က သင်္ကေတ ဝါဒရဲ့ အားနည်းချက် (အဓိပ္ပာယ် ငုပ်လွန်းခြင်း) ကို ဖယ်ရှားပြီး အားကောင်းချက် (နိမိတ်ပုံများ၊ သင်္ကေတများ အားရှိခြင်း)ကို ကိုင်စွဲတာကတော့ မှန်ပါတယ်။ ပြီးတော့ သရုပ်မှန်ဝါဒရဲ့ အားနည်းချက် (ရိုးစင်လွန်းခြင်း)ကို ဖယ်ရှားပြီး အားကောင်းချက် (အရှိတရားကို ဖော်ထုတ်ခြင်း)ကို ကိုင်စွဲတာလည်း မှန်ပါတယ်။ အားကောင်းချက် နှစ်ရပ်ကို ပေါင်းစပ်ထားတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒီအုပ်စုမှာ သရုပ်မှန် နည်းတွေကို ခေတ်မီအောင် မလုပ်နိုင်ကြသေးတဲ့ အချက် (တချို့ကဗျာဆရာများ)ကို တွေ့နေရတာပါပဲ။
ယေဘုယျ အနေနဲ့ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြောရမယ် ဆိုရင် ဒီနေ့ မြန်မာကဗျာ (ခေတ်ပေါ်ကဗျာ)ဟာ ရှုပ်ထွေးပါတယ်။ သင်္ကေတ ဆန်လွန်းတယ်။ သွယ်ဝှိုက်တာတွေ များနေပါတယ်။ ဒီကနေ့ အမေရိကန် ကဗျာတွေမှာတောင်မှ အဲဒီလို ရှုပ်ထွေး၊ သင်္ကေတဆန်၊ သွယ်ဝှိုက်တာမျိုးတွေ သိပ်မတွေ့ရတော့ပါဘူး။ သူတို့က သူတို့ကဗျာကိုတောင် Contemporary American Poetry လို့ပဲ ဆိုပေတာကိုး။ 'ခေတ်ပြိုင်ကဗျာ' ဆိုတဲ့ ဝေါဟာရကို သုံးတဲ့သဘောပဲ။


ဒီနေ့ မြန်မာခေတ်ပေါ် ကဗျာမှာ ရှုပ်ထွေး၊ သင်္ကေတဆန်၊ သွယ်ဝိုက်တာကလည်း ဒီနေ့ကဗျာရဲ့ နောက်ခံကားနဲ့ သက်ဆိုင်ပါလိမ့်မယ်။

အင်္ဂလိပ် ပါမောက္ခ ရပ်ဖောက်စ်ရဲ့ ‘၀တ္ထုနှင့်ပြည်သူ’ ကျမ်းထဲမှာ ဖော်ပြခဲ့တဲ့ စကားတရက် ရှိပါတယ်။

ရပ်ဖောက်စ်က ‘ကန့်သတ် ချုပ်ချယ်မှုတွေ တင်းကျမ်းပြည့်နေတဲ့ အခါမျိုးမှာ သင်္ကေတဆန်တဲ့ ရေးဟန်များ လွှမ်းမိုးလာတတ်ပါတယ်’ လို့ ဆိုဖူးပါတယ်။

အခု ဒုတိယအုပ်စုကတော့ ခေတ်ပြိုင် ခံစားမှုကို အနုပညာ မြောက် ထင်ဟပ်ဖို့ သင်္ကေတဟန်နဲ့ သရုပ်မှန် နည်းနာတွေကို ပေါင်းစပ်ကြတယ် ဆိုပေတယ်ရယ်လို့ သရုပ်မှန်ဝါဒ အဟောင်းကြီးကိုပဲ ဗီရိုထဲက ဆွဲထုတ်ပြီး ဖုန်သုတ် အမွမ်းတင်နေကြသလိုမျိုး ဖြစ်နေပါသေးတယ်။ အနိမ့်ဆုံး သင်္ကေတ ဟန်များနဲ့ လိုက်ဖက်မယ့် ပဉ္စလက်သရုပ်မှန်နဲ့ သရုပ်မှန်လွန်နည်းတွေကိုတောင် ကဗျာမှာ အဆင်တပြေ အသုံးမချနိုင်သေးတာ တွေ့ရပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ခေတ်ပေါ်ကဗျာဟာ အခုအချိန်မှာ နှစ်လမ်းသွား အဖြစ်နဲ့ ရေစီးကြောင်း နှစ်ခု အပြိုင် ဖြစ်ထွန်းနေတယ်လို့ ဆိုရနိုင်ပါတယ်။ ရေစီးကြောင်း လို့ ဆိုရင်တော့ အဆန်စီးကြောင်းတို့ အစုန်စီးကြောင်းတို့ ဆိုတာတွေ ရှိပါတယ်။ ဘယ်ဟာက အဆန်စီးကြောင်း ဘယ်ဟာက အစုန်စီးကြောင်း ဆိုတာကိုတော့ အခုအချိန်မှာ ပြောဖို့ စောနေပါသေးတယ်။

ခေတ်ပေါ်ကဗျာ အင်အားစုအတွင်းက အဲဒီ မတူညီ ကွဲပြားတဲ့ အယူအဆ နှစ်ခု ( အုပ်စုနှစ်ခု၊ လမ်းနှစ်သွယ်) ထဲကပဲ ခေတ်ပေါ်ကဗျာရဲ့ အနာဂတ်လမ်းဟာ ပီပြင် ထင်ရှားလာလိမ့်မယ်လို့ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။

ခု လောလောဆယ်မှာတော့ ခေတ်ပေါ်ကဗျာ ပထမအုပ်စု (ပုဂ္ဂလိက ခံစားမှုဂိုဏ်း) နဲ့ ခေတ်ပေါ်ကဗျာ ဒုတိယအုပ်စု (ခေတ်ပြိုင် ခံစားမှု အဓိကဂိုဏ်း) ရယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားကြရုံပါပဲ။

ဒီနေ့ ခေတ်ပေါ်ကဗျာ ရောက်ရှိနေတဲ့ ခေတ်ပြိုင်ထဲမျာကိုပဲ အနုပညာ (ကဗျာအပါအ၀င်) အမြင်တွေကလည်း ပြောင်းလဲ ရွေ့လျားနေတာကို တွေ့နေရပါတယ်။

ဥပမာ ဆရာဇော်ဇော်အောင် (ဟိုတုန်းက မောင်ဇော်)ရဲ့ လှိုင်းသစ် (၁၉၇၂) အယူအဆနဲ့ ဒီနေ့ မော်ဒန်၊ ပို့စ်မော်ဒန် အယူအဆ မတူတော့ပါဘူး။ (စန်းဥိးရဲ့ ‘မိုးရာသီဆက်တင်’ ၁၉၉၇ ခု၊ ကဗျာစာအုပ်၊ ဇော်ဇော်အောင် အမှာစာ - ရှု)

ပြီးတော့ ဆရာမောင်သာနိုးရဲ့ အမြင်။

‘- - - ထင်းရှုးပင်ရိပ် ရေးစဉ်က ကျွန်တော်က ပြည်သူ့အတွက် အနုပညာကို နည်းနည်းပါးပါး လက်ခံနေတုန်းပါ။ အနုပညာတို့ စာပေတို့ ဆိုတာ ပြည်သူ့အတွက် လုပ်ရင် ညံ့သွားတတ်တာကို မြင်တွေ့နေ၇တာ များပြီ ဖြစ်သော်လည်း ကောင်းတာလည်း ရှိနိုင်တာပဲ ဆိုပြီး ရှာကြံ ယုံကြည်နေတုန်း ကာလ ဖြစ်တယ်။ နောင် အတန်ကြာမှ ပြည်သူ့အတွက် အနုပညာဝါဒကြီးကို စွန့်လွှတ်နိုင်လာတာ ဖြစ်တယ်။’ (မောင်သာနိုး၊ ‘လမ်းခွဲတယ်ဆိုတာ’၊ ရုပ်ရှင်တေးကဗျာ၊ ၁၉၉၇၊ စက်တင်ဘာ)

ခေတ်ပေါ်ကဗျာ (ခေတ်ပေါ်စာပေ) နဲ့ ပတ်သက်တဲ့ ဆရာ ဒဂုန်တာရာရဲ့ အမြင်ကိုတော့ အခုလို တွေ့ရပါတယ်။

‘ - - - ခေတ်ပေါ်ကို ကျွန်တော် စံတခု သတ်မှတ်ထားသည်။ ယင်းသည်ကား အခြားမဟုတ်။ ဒဿနအမြင် ဖြစ်သည်။ တကယ်ရှိနေသော ခေတ်ကို သရုပ်ဖော်သော အနုပညာ စာပေကိုသာလျှင် ခေတ်ပေါ်ဟု သတ်မှတ်လိုသည်။ တကယ်ရှိနေသော တကယ့်အရှိတရား ပြင်ပမှ ရေးဖွဲ့နေသော အနုပညာစာပေများကို ကျွန်တော်က သို့မဟုတ် ကျွန်တော့ ‘စံ’ ဖြင့် ခေတ်ပေါ်ဟု မသတ်မှတ်

----- -----

ခေတ်ပေါ်အနုပညာ စာပေကို ဆုံးဖြတ်သည်မှာ ဒဿန ဖြစ်သည်ဟု ယုံကြည်သည်။ အရှိတရား၊ တကယ်ရှိနေသည့် လူ့အဖွဲ့အစည်းကို သီဖွဲ့သော အနုပညာစာပေသည် ခေတ်ပေါ်စာပေ ဖြစ်သည်’ (ဒဂုန်တာရာ၊ ‘ခေတ်ပေါ်စာပေနှင့် အနုပညာ၏ အဓိပ္ပာယ်’ သရဖူ၊ ၁၉၉၇၊ အမှတ် ၃၁)

ဒီလောက်ပါပဲ။
ဒီနေ့ ခေတ်ပေါ်ကဗျာ ဘာလဲ၊ ဘယ်လဲ။ ။

[ ရုပ်ရှင်တေးကဗျာ၊ နိုဝင်ဘာ ၁၉၉၇ ]


Tuesday, March 17, 2009

old scent in the past


အတိတ်ရဲ့ ရနံ့ဟောင်းများ

အရှင်လတ်လတ်ကြီးကို
ပေးဆပ်ခဲ့ရ
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

မလိုအပ်ပါဘဲ
ဇာတ်ညွှန်းတွေ ပြန်ပြန် ခွဲကြ
ဖလင်ပေ တစ်စမျှ
မရိုက်နိုင်ကြတဲ့ ရုပ်ရှင်
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

တီးလုံးက ခုန်ခုန် ကြွကြွ
စာသားတွေ
လည်ချောင်းထဲ ပုပ်ရိ
ဓာတ်ပြား တစ်ချပ်ပြီးတစ်ချပ်
ရိုက်ခွဲလိုက်တဲ့ သီချင်း
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

ကောင်းကင်က နိမ့်နိမ့်လာ
မိန်းမတစ်ယောက်ရဲ့ ကွာရှင်းခွင့် အတောင်းခံရတဲ့
ယောက်ျားနှယ်
ပေါ့ပျက်ပျက် မုန်တိုင်းအသေ
ပင်လယ် ကျိန်ဆဲ အော်ငို
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

ခေါင်းလောင်းကို ထိုးလိုက်ကြပေါ့
လူတယောက်ဟာ
သူ မသေကြောင်း
သေတ္တာ ခေါင်းဖုံး ထုရိုက်
အမှောင်တိုင်က ကျဉ်းကျဉ်းလာ
ချစ်သူတို့ရဲ့ ပခုံးသားပေါ်
အောက်ဆီဂျင်က နည်းနည်းလာ
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ
ဂူအောင်း ညနေ
အဆိပ်ချို ခွက် လှည့်
အိပ်မက်နဲ့ ရန်ဖြစ်ကြလေသူများ
မီးပွိုင့်မှာ ကားတွေ တန်းစီသလို
ငရဲဘုံ သွားရာလမ်းဟာ
ငြိမးချမ်း နေတော့တယ်။ ။

[ မူရင်း - စာပေဂျာနယ် အတွဲ ၂၊ အမှတ် ၁၊ ၁၉၉၄ ]


Sunday, March 15, 2009

gift

လက်ဆောင်

သဲမုန်တိုင်းထဲ
ဘဂ္ဂဒက်က
ဖရိုဖရဲ ဆေးရုံတစ်ရုံကို
အင်္ကျီနီနီတစ်ထည် ရောက်လာတယ်။

ဗြိတိန်ကပါ
ဒဏ်ရာရ အီရတ်ကလေးငယ်အတွက်
'မန်ယူ'ရဲ့ လက်ဆောင်လေ။

ဘောလုံးကန်အင်္ကျီကလေး တစ်ထည်ပါပဲ
ဒါပေမဲ့
အိုးထရက်ဖို့ဒ် တစ်မြို့လုံးစာ
လက်မှတ်တွေ ပါသတဲ့။

အင်း - -
ဒုတိယကမ္ဘာစစ်ကြီးကို ဆန့်ကျင်မလား
အဒေါ့ဖ်ဟစ်တလာကို ဆန့်ကျင်မလား
ဆေးရုံတခါးပေါက်မှာ
ရိုက်တာသတင်းထောက်ဟောင်းကြီး
စဉ်းစားခန်းဝင်နေရဲ့။ ။

[ မူရင်း - ရွက်နုဝေမဂ္ဂဇင်း နိုဝင်ဘာ ၂၀၀၆ ]

Thursday, February 12, 2009

အဘ၏ အုတ်ဂူ၌ ပူဇော်ခြင်း

အောင်ဝေး

(ဆရာကြီး မင်းသုဝဏ် ရာပြည့် သို့)

အို … ဟေမန္တ

ညည်းသံတစ

သည်းထန်လှပါလား။

နှင်းမြူကြားက

အဘအုတ်ဂူ၊ ညအဖြူမှာ

ဘယ်သူ ငိုကြွေးနေတာလဲ။

ညရောင်၊ လရောင်

ကြယ်ရောင် ပြိုးပြောက်၊ နှင်းသောက်အုံ့မင်

သုဿန်လွင်မှာ

သင် ဘာကြောင့် ငိုသနည်း။


လေညှင်းမြေ့မြေ့

တွန်းဝှေ့ဝှေ့၏၊ ဝေ့ဝေ့၀ိုက်ဝိုက်

ပဲ့တင် ရှိုက်ဆဲ

ရှိုက်ကြီးတငင် ငိုပြန်ပြီ။


ဖယောင်းဆီမီး

ညီးညီးလျှံလျှံ၊ ဖိတ်အန် လက်လက်

အုတ်ဂူထက်မှာ

အို … မျက်ရည်တွေနဲ့ပါလား။


အလွမ်းကြီးစွ

ပွင့်စည်းနီနီ၊ သင်းလှိုင်ကြည်သော

နှင်းဆီမွှေးမြ၊ ဆွေးတဲ့ညမှာ

ဘ၀နာကျင်သူ သင်လော။


ငိုရှိုက်သံလည်း

တယံမလပ်၊ မပြတ်ညစဉ်

သင်မော်ကွန်းထိုး

အဘိုးရဲ့ အုတ်ဂူ၌။


သင် မည်သူနည်း

ငိုကြီးချက်မ၊ ည ည ည မှာ

အဘကို ဂုဏ်ပြုသူလား။


ဒို့အဘရဲ့

မာနမဲ့လျှင်း၊ သိက္ခာရှင်းသည့်

ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာကို

ခါခါဦးခိုက်၊ ကန်တော့ထိုက်စွာ

သင့်၌ အခွင့် ရှိသလော။


တခေတ် တခေတ်

ဖက်ဆစ်တောထ၊ အဓမ္မကို

အဘ သူပုန်၊ ထခဲ့တုံ၏

“သူပုန်အဘ”၊ နာမခေါ်တွင်

သင် ရှိခိုးသူလား။


အဘနာမည်

ကမ္ဘာတည်အံ့

သင်သည် ဓမ္မ၀ါဒီလား။


ရာဇ၀ံသ

ထုံးမမျှ၍၊ အဘဆန့်ကျင်

အာဏာရှင်ကို

သင်ကော ဆန့်ကျင်ရဲသူလား။


အဘ၀ိညာဉ်

ရာဇ၀င်မှာ

ကောင်းကင်မြေကြီး၊ လင်းယုန်စီး၍

ခရီးသွင်သွင်

သင်အတူ လိုက်ပါလိုသူလား။


အဘညွှန်ပြ

“တကသ” ရဲ့

အာဂ ခွပ်ဒေါင်း၊ သမိုင်းကြောင်းကို

ကောင်းကောင်း သင်သိသူလား။


အဘဆရာ

ကဗျာက၀ိ၊ ခေတ်၏ကြေးမုံ

အလုံးစုံကို

သင် ယုံကြည်၍ပေလား။


အိုးဝေကမွေး

ခေတ်က ကျွေးနှင့်

“အရေးတော်ပုံ”

အဘဂုဏ်ကို၊ ခိုလှုံဝင်စား

မွေးဖွားတဖန်

သင် ရှင်ပြန်ထမြောက်လို၍လော။


သင် ဘယ်သူလဲ

မြူခြေမှေးမှေး၊ ညရေးရေးမှာ

သွေးနှင့် မျက်ရည် တိုင်တည်သူလား။


အုတ်ဂူတ၀ိုက်

နှင်းဖြိုက်ဖြိုက်ကြွေ၊ လေတဝှေ့ညင်း

တိတ်ဆိတ် မင်းမှာ

အလို … ငိုရင်း သီချင်းဆိုသံပါလား။


လောကငြိမ်သက်

အိပ်မက် ထင်ထင်၊ ကြားအံ့မြင်မိ

အသင် မည်သူနည်း။


ငိုရှိုက်လျက်ပင်

အို … ရုတ်တရက်၊ လှိုင်းတချက်ပုတ်

လျှို့ဝှက်သော ည

အဘဂူရင်း၊ မြစ်တမင်းမှာ

စီးသော သွေး၊ လွမ်းသူ့တေးကို

အဝေးက ငါတို့၊ ကြားရဘိသို့။

အဝေးက ငါတို့၊ မျက်ရည် စို့။

အဝေး၌ ငါတို့၊ မေတ္တာပို့။

လွတ်လပ်ပါဖို့၊ ငြိမ်းချမ်းဖို့။

(၂၀၀၄ သြဂုတ် ၁၄ တွင် ထူးအိမ်သင်၊ ၁၅ တွင် ဆရာကြီး မင်းသုဝဏ် ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သည်။ ဆရာကြီးနှင့် ငှက်ကို ရေဝေးသုဿန်တွင် ဂူချင်းယှဉ်၍ မြှုတ်နှံထားပါသည်။ စာရေးသူ)




Tuesday, February 3, 2009

မမခင်ဦးစံပယ်သို့  တမ်းချင်း - ၎


မမခင်ဦးစံပယ်သို့ တမ်းချင်း - ၎
အောင်ဝေး
ဖေဖော်ဝါရီ ၃၊ ၂၀၀၉

မမခင်ဦးစံပယ် ရေ …
(ဒေါ်မာမာအေး)က
သက်တံပေါ်မှာ ကစားမယ် တဲ့။

ကျနော်ကတော့
သက်တံပေါ်မှာ လမ်းလျှောက်ခဲ့ပါတယ်။


ပြည်ပြေးကဗျာဆရာ
ဒီတခါ ရင်ခုန်ရတဲ့ သက်တံဟာ
ဆန်ဖရန်စစ္စကိုပင်လယ်ပေါ်က
“ဂိုးဒင်းဂိတ်” တံတားကြီးလေ။

“မန်းမှ ကယ်လီဖိုးနီးယားသို့”
ဆရာဒဂုန်တာရာရဲ့ ကဗျာ
ဒီကယ်လီဖိုးနီးယားက
“ထာဝရသက်တံ” လို့ တင်စားတဲ့
တံတားကြီးပေါ်
ကျနော် သတိရတာပေါ့။

ရုရှားက
ကဗျာဆရာ မာယာကော့ဖ်စကီး
နယူးယောက် ဘရွတ်ကလင်တံတား ရောက်တော့
အံ့လောက်တဲ့ သံမဏိအနုပညာ
ဗိသုကာမှု၊ အင်ဂျီနီယာမှုကို
ဂုဏ်ပြုကဗျာ သီခဲ့ဖူးသတဲ့။

ကျနော် မြန်မာကဗျာဆရာ
ဒီဆန်ဖရန်စစ္စကိုတံတားကြီးကို
အံ့ချီးလို့ မကုန်ပါဘူး။

၁၉၃၀
အမေရိကန် စီးပွားပျက်ကပ်ကြီးကြား
တည်ဆောက်ခဲ့တဲ့ တံတားကြီးက
အခုလည်း
အမေရိကန်စီးပွားရေး ကျချိန်
အိနြေ္ဒကြီးစွာ ခံ့ထည်နေဆဲ။

မှတ်မိဦးမှာပေါ့
မမခင်ဦးစံပယ် ရယ် …
၁၉၃၀ အမေရိကန်စီးပွားအပျက်
ကျနော်တို့ဆီလည်း ဂယက်ရိုက်
ဂဠန်လယ်သမားတိုက်ပွဲကြီး ပေါ်ခဲ့တယ်။

“ရဂုံ ချစ်စရာ တပည့်တွေမှာဖြင့်
ဥုံ အရဟံ သစ္စာကတိတွေနှင့်
ဂဠုန်သရဏံ ဂစ္ဆာမိ ကြပေတော့ …” တဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာ
ဂိုးလ်ဒင်းဂိတ် တံတားကြီးပေါ်မှာ
ကျနော် ရွတ်မိပြီ။

ဒီတံတားကြီးပေါ်မှာ
ဒီထာဝရသက်တံပေါ်မှာ
“ကျနော် ကဗျာဆရာပါ
ကျနော် မြန်မာပြည်က လာတာပါ
ကျနော့် သက်တံကိုလည်း
ကျနော် သယ်လာပါတယ် …”

ပင်လယ်လေရိုင်း တိုးဝှေ့
လွမ်းမြေ့နေတဲ့ သူပုန်တယောက်ကို
ဂိုးလ်ဒင်းဂိတ်တံတားကြီးက
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။

သက်တံပေါ်မှာ
နောက်ထပ်သက်တံကို တင်ခွင့်ပြုတော့
သက်တံ ၂ ထပ် ဖြစ်ချေပေါ့။

ကျနော့်သက်တံက
အဖြူရောင်ပါ
“အဖြူရောင် သက်တံပေါ့ …”

အမိမြေမှာ
ကျနော်တို့ဟာ အဖြူရောင် သက်တံတွေပါ။

ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်
အပျော်စိတ်နဲ့ လျှောက်နေတဲ့ ရုပ်ဟာ
ဒုတ်ခနဲ ရပ်
လွမ်းဆွတ်ကြေကွဲမိသွား။

ကျနော့်သက်တံကတော့
ဆန်ဖရန်စစ္စကို တံတားကြီးပေါ်မှာပါ။

ဒါပေမဲ့
ဇာဂနာရဲ့ သက်တံက အကျဉ်းထောင်ထဲမှာ
စောဝေရဲ့ သက်တံက အကျဉ်းထောင်ထဲမှာ
ဇော်သက်ထွေးရဲ့ သက်တံက အကျဉ်းထောင်ထဲမှာ။

မမခင်ဦးစံပယ်ရယ်
ကျနော့်ရဲ့ ရဲဘော်တွေရဲ့သက်တံ
အဖြူရောင်သက်တံဟာ
အကျဉ်းစံနေရပေါ့။

ကျနော် ဘယ်လိုဖြေရမလဲ
ဒါ အိပ်မက်မဟုတ်ဘူး။

ဒါ စိတ်ကူးယဉ်နေတာ မဟုတ်ဘူး
ဂိုးလ်ဒင်းဂိတ် တံတားကြီးတိုင်ထိပ်
ခွပ်ဒေါင်းအလံတွေ တက်ချိတ်လိုက်ချင်ပြီ။

ပြီးတော့
အကြမ်းမဖက်ဘဲ အော်ပြောလိုက်မယ်
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပြောရတာလောက်
ဘယ်ပင်လယ်မှ လှိုင်းမထန်ဘူး လို့။

ခွင့်လွှတ်ပါ မမခင်ဦးစံပယ် ရယ်
တံတားတွေအကြောင်း ပြောတာ
နိုင်ငံရေးတွေ ပါကုန်ပြီ။

ကျနော်ယုံကြည်တာကလည်း
ဒါတခုပဲ ရှိတာ မဟုတ်လား။


(၂၀၀၈ နိုဝင်လာလဆန်း ဆန်ဖရန်စစ္စကို စာပေဟောပြောပွဲ အမှတ်တရ)
(အယ်လ်အေထုတ် ရတနာပုံနေပြည်တော် သတင်းစာ ဒီဇင်ဘာ ၂၀၀၈ ထုတ်တွင် ဖော်ပြပြီး)



Friday, January 2, 2009

the death of a poet

ကဗျာဆရာကွယ်လွန်ခြင်း
အောင်ဝေး

ဇန်န၀ါရီ ၂၊ ၂၀၀၉

ကဗျာဆရာသည် ကွယ်လွန်လေ၏။ လူသည် သေ၏။ ကြယ်သည် ကြွေ၏။ ငှက်သည် ပျံရင်း သေသည် မဟုတ်ပါလား။ သေခြင်းသည် ဘဝအဓိပ္ပာယ်လား။ သစ္စာလား။ သေခြင်းဆိုတာ ဘာလဲ။ တစုံတယောက်ကတော့ ‘သေလျှင်ပြီးပြီ’ ဟု ပြောနေကြောင်းကို ကဗျာဆရာသည် သူငယ်ချင်းအချို့ထံမှ ကြားရဖူးလေသည်။ သေလျှင် တကယ်ပြီးမှာလား။ လူသည် (တာဝန် ယူမှုရှိသော လူစင်စစ်မှန်လျှင်) အဘယ်မှာလျှင် သေလျှင်ပြီးနိုင်ပါမည်နည်း။ ဥပမာ- ဆရာဗန်းမော်တင်အောင် ဆိုလျှင် သေလွန်ပြီးသော်လည်း မပြီးဆုံးသေးသောသူပင် ဖြစ်မည် မဟုတ်ပါလော။ အစစ်အမှန်ကို ဆိုရလျှင် ဆရာဗန်းမော်တင်အောင်သည် ထာဝရ မသေဆုံးသူ (မပြီးဆုံးသူ) ဖြစ်သည်ပဲတကား။


ကဗျာဆရာက စဉ်းစားနေမိပေသည်။ လူသည် သေလျှင် ပြီးဆုံးသွားသည် ဆို၍မရ။ ‘သေလျှင်ပြီးပြီး’ဆိုတာ လူ့အဖွဲ့အစည်းကြီး ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်ပြုလုပ်ခဲ့သော လူရမ်းကားတယောက်၏ သေဆုံးခြင်းအတွက်သာ ဒါက ဖြစ်နိုင်ပေသည်။ သို့သော် ကဗျာဆရာက စဉ်းစားပြန်သည်။ လူသေ သေဆုံးသွားပြီးနောက် မသေဆုံးဖို့ လိုမည်ဟု။ တာဝန်ယူမှုရှိတဲ့ လူဆိုရင်ပေါ့။ ကဗျာဆရာက ရိုးရိုးကလေးပင် တွေးလေသည်။

၁၉၃၆ ခုနှစ် စပိန်ပြည်တွင်းစစ်ကြီးထဲမှာ ဖက်ဆစ်အာဏာရှင် ဖရန်ကို၏ ဂိုဏ်းသမားများက ချောင်းမြောင်း လုပ်ကြံသဖြင့် ကဗျာဆရာ ဂါစီယာလော်ရကာ သေဆုံးခဲ့ရသည်။ သို့သော် ဂါစီယာလော်ရကာ သည် ဘယ်တော့မှ သေဆုံးမသွားသောသူ ဖြစ်လာခဲ့သည်။ သူသည် စပိန်ရဲ့ ကြယ်ပွင့်။ ကဗျာဆရာ ဂါစီယာလော်ရကာ၏ ကဗျာများ ယနေ့တိုင် ကမ္ဘာကျော်နေဆဲ ဖြစ်သည်။ ဖရန်ကိုလည်း သေပါပြီ။ ဖရန်ကို၏ သေဆုံးခြင်းမှာ ‘သေလျှင်ပြီးပြီ’ ဆိုသော သေခြင်းမျိုး (သေခြင်းဆိုးမျိုး) ဖြစ်သည်။ ဖရန်ကို ကိုယ်တိုင် စပိန်ပြည်သူတွေကို ထမသတ်နိုင်တော့ပြီ။ ပြီးပြီ။ The End.

ဖရန်ကိုနှင့်အတူ ဖက်ဆစ်ဝါဒလည်း မြောင်းထဲရောက်သွားသည်။ ပြီးပြီပေါ့။ ထိုသို့ဖြစ်သည်။ ဖရန်ကိုသည် ဘာသာကြီးလေးရပ်၏ ငရဲအသီးသီး၌ အခါခါ သေဆုံးသူဖြစ်သည်။ သူ သတ်ခဲ့သော ကဗျာဆရာ ဂါစီယာလော်ရကာသည်ကား ကဗျာများဖြင့် အခါခါ ရှင်ပြန်ထမြောက်နိုင်သူ ဖြစ်ခဲ့လေပြီ။ ကဗျာဆရာသည် သေလျှင် မပြီးသေးဟု ရဲရဲယူဆလိုက်သည်။ သေပြီးလျှင် ရှင်သန်ဖို့ လိုသေးသည်။ ထိုအတိုင်း သူ ယုံကြည်ထားသည်။ ကဗျာဆရာသည် တက္ကသိုလ်နှင့် တောရကာလများမှာတော့ ဘာသာကြီးလေးရပ်၏ သေခြင်းတရားအပေါ် သဘောထားများကို လေ့လာ စူးစမ်းကြည့်ခဲ့ဖူးပါ၏။ ကဗျာဆရာအဖို့ သေခြင်းတရားအပေါ်၌ သဘောထားမှတ်ချက်ပေးစရာ အထွေအထူးတော့လည်း သိပ်ပြီး ကြီးကြီးကျယ်ကျယ် ရှိလှသည်တော့ မဟုတ်ပါ။ ကဗျာဆရာက ရိုးရိုးရှင်းရှင်းကလေးသာပဲ မြင်လေသည်။ သူက သေခြင်းကို တန်ဖိုးသတ်မှတ်ထားသည်။ သေခြင်းမှာ တန်ဖိုးရှိပေသည်။ ထိုတန်ဖိုးကို ကဗျာဆရာက ဆရာဗန်းမော်တင်အောင်၏ (ယခင် ကြံတောသင်္ချိုင်း) အုတ်ဂူပေါ်က စာသားများဖြင့် ကိုးကား သက်သေပြတတ်ပေသည်။

ဆရာဗန်းမော်တင်အောင် ဆိုသည်။ ‘လူတယောက်ရဲ့ တန်ဖိုးကို သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ’ ဆရာဗန်းမော်တင်အောင် အုတ်ဂူပေါ်က အဘိဓမ္မာသည် ရှင်းလင်း လှပသည်။ ထိုအဘိဓမ္မာအတိုင်းပင် ကဗျာဆရာအဖို့ ဘဝ၏ နေခြင်းကို တန်ဖိုးဖြတ်၍ ကြည့်မြင်သူ ဖြစ်လာသည်။ ကျွန်ုပ်တို့ ဘယ်လိုသေမည်လဲ။ ဆော့ခရတ္တိ၏ သေခြင်းမှသည် ဆရာဗန်းမော်တင်အောင်ကဲ့သို့သော သေခြင်းများ စသည်အထိ ကဗျာဆရာက တန်ဖိုးရှိစွာ သေခြင်းကို တန်ဆာဆင်ချင်သူလည်း ဖြစ်သည်။ သေခြင်းတွင် အလှဗေဒရှိရပေမည်။ သေခြင်းတွင် ဒဿနပါရပေမည်။

ကဗျာဆရာအဖို့ ဘဝ၏ နေခြင်းနှင့် သေခြင်းတို့အပေါ်တွင် ဆင်ခြင်ပုံမှာ ဤသို့ဖြစ်သည်။ သူက အရင်ဦးဆုံး အရေးကြီးသည်မှာ လူသည် မိမိ၏ ဘဝမှာ ဘယ်လိုသေမလဲ ဆိုတာကို ဦးစွာပထမ သဘောပေါက်ဖို့ လိုလေသည်ဟု ယူဆသည်။ ဘဝမှာ ဘယ်လို သေမလဲ။ (ဖရန်ကိုလို သေမလား၊ ဂါစီယာလော်ရကာလို သေမလား) အဲဒါကို အရင်ဆုံးသဘောပေါက်မှလည်း ဘဝကို ဘယ်လိုနေထိုင်သွားရမယ် ဆိုတာကို နာလည်ပေလိမ့်မည်ဟု ကဗျာဆရာက နှလုံးပိုက်ထားလေသည်။ “The way you know how to die, the way you know how to live.”

သူ၏တရားက ဒါသာဖြစ်သည်ကို ကဗျာဆရာသည် သိပ်ပြီး ကျယ်လောင်ကျယ်လောင် လျှောက်ပြောနေတတ်သူတော့လည်း မဟုတ်ပါချေ။ လူသည် သေမျိုးသာတည်းဟူသော ယုတ္တိဗေဒ အဆိုပြုချက်များမှသည် ‘သေလျှင်ပြီးပြီ’ သေရင်ပြီးပြီဆိုသော စကားများကိုအထိ ကဗျာဆရာက အချိန်ကုန်ခံပြီး လိုက်လံစဉ်းစားနေသူလည်း မဟုတ်ပြန်ချေ။

သူက လူသည်သေပြီးသော်လည်း ထာဝရ မသေဆုံးဖို့ကို လိုအပ်သည်ဟု ခံယူသည်။ ကဗျာဆရာအမြဲပြောသည်မှာ ဆရာဗန်းမော်တင်အောင် ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသည် မသေမျိုး၊ မသေနွယ် ဖြစ်သည်ဟူ၍။ သေခြင်း၏ အဘိဓမ္မာ (Philosophy of Death) နှင့် သေခြင်း၏ အနုပညာ (Art of Death) ထိုအရာ နှစ်ခုသည် ဆက်စပ်သည် မဟုတ်ပါလား။ ကဗျာဆရာသည် ကွယ်လွန်လေ၏။
... ... ... ... ... ... ... ... ...

ညသည် ဆန်ရေကို ဖြတ်သန်းနေရပေသည်။ ရေဆန်မြစ်ထဲသို့ ကြယ်က ကြွေလေသည်။ သြော် ... ကြယ်ကြွေ ရေဆန်ပါတကား။ ကဗျာဆရာသည် ခံစားနေမိပြန်သည်။ ကြယ်ကြွေရေဆန်။ သူသည် တခါတခါ မြို့သစ်ကလေးမှ သူ့အိမ်ရှေ့လမ်းမလယ်ကောင်သို့ ထွက်ကာ ညအခါ မှောင်နေသည့် လေထုကို ဖြတ်၍ ကောင်းကင်သို့ မော့ကြည့်ရင်း ကြယ်တွေကို တလုံးချင်း ရေတွက်ကြည့်နေပြီး ‘ငါ့နာမည်နဲ့ ကြယ်က ဘယ်မှာပါလိမ့်’ ဟု ရှာဖွေနေတတ်ပြန်လေသည်။

ကဗျာဆရာ၏ အဘိဓာန်ထဲမှာတော့ ကြယ်ကြွေခြင်းသည် သမိုင်းတန်ဖိုးတရပ် ရေးထိုးလိုက်ခြင်းပဲ ဖြစ်သည်ဟု ပါရှိလေသည်။ ကြယ်ကြွေသည်မှာ မဆန်း။ ထိုမဆန်းသောကြွေခြင်းမှာ ဆန်းသောသမိုင်းတန်ဖိုး ရှိပေသည်ပဲ မဟုတ်လား။

များစွာ မှောင်မိုက်လွန်းသော ညတည၏ သံသရာထဲတွင် ကဗျာဆရာသည် ငမိုးရိပ်ချောင်းကို ဖြတ်သော တံတားကြီးတစီးပေါ်တွင် ရပ်ကာ ကောင်းကင်၏ အရိပ်က ချောင်းပြင်တွင် ထင်ဟပ်နေပြီး ကြယ်များက ရေစီး၌ မျောပါသွားနေကြသည်ကို ငုံ့စိုက်ငေးရီရင်း သေခြင်းတရားကို အကြာကြီး တွေငိုင် စဉ်းစားနေမိခဲ့ဖူးလေသည်။

ညတည .... ။ ထိုရောအခါက ငမိုးရိပ်ညသည် နှင်းမြူမြမြအောက်ဝယ် မှေးမှိတ် တိတ်ဆိတ်နေခဲ့ကာ ကဗျာဆရာသည်လည်း ဟိုးအဝေး အင်္ဂလန်နှင်းမှုန်ကြားမှ ကဗျာဆရာ ဘိုင်ရွန်၏ ဈာပနကို ပြန်စဉ်စား မြင်ယောင်နေမိပြန်လေသည်။ ကဗျာဆရာ ဘိုင်ရွန်သေတော့ သူ့ရုပ်ကလာပ်ကို ကမ်းခြေလမ်းက သယ်ထမ်းလာချိန်၊ သူ့ချစ်သူမလေးခမျာ မြင်းရထားနှင့် အမှတ်မထင် ကျော်ဖြတ်သွားမိလေသတဲ့။ ‘အသုဘကလည်း လူနည်းလိုက်တာ။ အစောကြီး နှင်းတွေထဲမှာကွယ်’လို့လည်း ညည်းရှာသတဲ့။ ဒါနဲ့ အတော်ကြီး ဝေးသွားတော့မှ
‘အဲဒါ အနုညာတ အသုဘ မဟုတ်ပါဘူး သခင်မလေး။ ကဗျာဆရာ ဘိုင်ရွန် အသုဘပါ’


‘အို... အဖြစ်ဆိုးလှချည်လား အချစ်ရယ်’

ထိုအဖြစ်အပျက်ကို ငမိုးရိပ်တံတားကြီးပေါ်၌ ရပ်တန့်ကာ နှင်းဖြူဖြူမှုန်အောက်၌ ငေးမင်နေသော ကဗျာဆရာက ဟိုက္ကုကဗျာတပုဒ်ကိုလည်း ခံစားသီဖွဲ့ခဲ့မိတယ် မဟုတ်လား။

‘အ သု ဘ က လည်း
လူ နည်း လိုက် တာ အ စော ကြီး
နှင်း တွေ ထဲ မှာ ကွယ်’

လူနည်းခြင်းများခြင်းက အရေးမကြီးလှပါ။ အရေးကြီးသည်မှာ ထိုအသုဘသည် ‘ကဗျာဆရာဘိုင်ရွန်’၏ အသုဘဖြစ်နေဖို့ပဲ မဟုတ်လား။ ကြယ်တွေက တဖွေးဖွေးကြွေကျခဲ့ပြီး ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။

ကဗျာဆရာသည် ကြယ်ကြွေများ၏ ဗျုပ္ပတ်ကို လွမ်းမောဆွတ်သ ကွဲကြေရင်း မြို့သစ်ကလေးမှ ညတယံ၏ အလင်းမှုန်မှုန်အောက်ဝယ် မြေကြီးအောက်က တောက်ပကြယ်ကြွေတွေ အကြောင်းကိုလည်း စဉ်းစားခန်း ဝင်နေခဲ့မိပြန်လေသည်။

မြရာပင်ထက်မှာ ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။ ဆိပ်ဖလူးပင်ပေါ်မှာ ကြယ်တွေ ကြွေပဲ့တယ်။ စိန်ပန်းကြွေသော ကတ္တရာတောမှာလည်း ကြယ်တွေ ကြွေခဲ့တယ်။ မြေကြီးအောက်မှာ အဲ့ဒီကြွေကြယ်တွေ ရှိတယ်။ တချို့တောက်ပနေဆဲ ဖြစ်ပြီး တချို့ကြယ်တွေကတော့ နစ်မြုပ်ပျောက်ဆုံးနေကြတယ်။ ပျောက်ဆုံးနေတဲ့ ကြယ်တွေ၊ နှစ်မြုပ်နေတဲ့ကြယ်တွေကို မြေကြီးအောက်မှာလိုက်ရှာရမယ်။ ဒီလိုရှာခဲ့လို့ပဲ ‘ချေဂွေဗားရား’ဆိုတဲ့ ကြယ်ကြွေရဲ့ အရိုးတွေကို ဘိုလီးဗီးယားနိုင်ငံရဲ့ ရွာကလေးတရွာက လေယာဉ်ပြေးလမ်းအဆုံးမှာ ပြန်လည်ရှာဖွေ တူးဖော်နိုင်ခဲ့ကြတာပဲ မဟုတ်လား။ အဲဒီကြယ်ကြွေရဲ့ အရိုးတွေကို ကျူးဘားနိုင်ငံ၊ ဟာဗာနာမြို့တော်မှာ ပြောင်းရွှေ့မြှုပ်နှံနိုင်ခဲ့တယ် မဟုတ်လား။

သြော် ... ကြယ်ကြွေသောည။ ကြွေခြင်းသည် လွမ်းခြင်းဖြစ်၏။ ကြယ်ကြွေသောအခါ လွမ်းဆွတ်တမ်းတ နှမြောလွမ်းလျကြပေသည်။ သေခြင်းသည် အလွမ်းဇာတ်တပုဒ်ပေလား။ တခန်းမရပ်သည့် နှစ်ခန်းမကသော အလွမ်းရှည်ဇာတ်ရှည်ကြီးပဲလား။ ကဗျာဆရာသည် အိမ်မက်မက်ရင်း လမ်းထလျှောက်နေသူလိုပဲ ခံစားနေရလေသည်။ နေ့စဉ်နှင့်အမျှ သေခြင်းတရားနှင့် အနုပညာဆန်စွာ နပန်းလုံးနေခဲ့တာပါလားဟု ကဗျာဆရာသည် သူကိုယ်တိုင် ပြန်လည်ကြည့်ဖြစ်ကာ သုံးသပ်နေခဲ့မိလေသည်။ အမှန်တကယ်လည်း သေခြင်းတရားသည် ကဗျာဆရာ၏ အသက်ပတ်ပတ်လည်အနီးတွင် ပြောင်ပြောင်တင်းတင်းပင် ၀င်ရောက်အခြေချ၍ ခပ်တည်တည်နှင့်သာ ကျက်စားနေခဲ့တာလည်း မဟုတ်ပါလား။

သေခြင်း၏ အနုပညာနှင့် သေခြင်း၏ အဘိဓမ္မာတို့ကို အတော်အသင့် ထင်လင်းစွာပင် အနီးကပ် တွေ့မြင် သဘောပေါက် နားလည်လာခဲ့သော ညတညဝယ် ကဗျာဆရာ သေဆုံးသွားခဲ့လေသည်။
... ... ... ... ... ... ... ... ...
ကဗျာဆရာသည် ကွယ်လွန်လေ၏။ ကဗျာဆရာကား သက်တော်ရာကျော် ရှည်ပါစေသတည်း။

[ မူရင်း - ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ ၂၀၀၇ ဖေဖော်ဝါရီ ]