Sunday, January 30, 2011

Letters from Michigan - 52

မစ်ရှီဂန်ကပေးတဲ့ စာ(၅၂)




ဒီဆောင်းပါးမှာ-ပြည်ပရောက် ထေရ၀ါဒ ဗုဒ္ဒဘာသာ မြန်မာရဟန်းသံဃာတော်တွေနဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး၊ မြန်မာ့ ဒီမိုကရေစီ အရေးတွေ ဘယ်လို ဆက်စပ် နှီးနွှယ်နေတယ် ဆိုတာကို တင်ပြထားပါတယ်။

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ဒီတခါတော့၊ အေဒီ ၂၀၁၁ရဲ့ပထမဦးဆုံးနေ့၊ ဇန်န၀ါရီလ(၁) ရက်နေ့မှာ ကျနော်တို့တွေ၊ ရေခြားမြေခြား တိုင်းတပါးမှာ၊ မြန်မာဆန်ဆန် နှစ်သစ်ကူးခဲ့ပုံကလေး ပြောပြချင်ပါတယ်။

အဲဒီရက်တွေတုန်းက ကျနော် အလုပ်က ခွင့်ရက်ရှည် ယူပြီး၊ နယူးယောက်မြို့ကို အလည် ရောက်နေတယ်။ နှင်းမုန်တိုင်းဒဏ် ခံလိုက်ရလို့ နှင်းပုံကြီးအောက်ရောက်နေတဲ့ နယူးယောက်မြို့ကြီးမှာ နဂိုက စီစဉ်ထားတဲ့ တည်းရေးခိုရေး အစီအစဉ်က ပျက်ပြီး၊ မြန်မာပီပီ ဘုန်းကြီးကျောင်းမှာပဲ တည်းဖြစ်သွားတယ် ဆိုပါတော့ဗျာ။

သူများရေ သူများမြေမှာ၊ ကိုယ့်ဘာသာ၊ သာသနာ၊ ကိုယ့်ယဉ်ကျေးမှု ပုံရိပ်တွေ အထင် အရှား ရှိနေတာကတော့ ကြာပါပြီ။ ထေရ၀ါဒ ဗုဒ္ဒသာသနာတော် ဆိုင်ရာ ဘုရားစေတီ၊ ရုပ်တုရုပ်ပွားတော်တွေလည်း ဒီမှာ တည်ထား ကိုးကွယ်ခဲ့ကြတာကြာပါပြီ။ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးကျောင်းတွေ ဆိုရင်လည်း ကိုယ့်မြန်မာဘုန်းကြီးကျောင်းတင် မဟုတ်ပါဘူး၊ ထိုင်း ဘုန်းကြီးကျောင်း၊ လာအို ဘုန်းကြီးကျောင်း စသည်ဖြင့် ရှိနေတာပါ။

ကျနော်နေတဲ့ မြို့မှာတော့ ထိုင်းဘုန်းကြီးကျောင်း တကျောင်းပဲ ရှိပါတယ်။ ကျနော်နဲ့ အနီးဆုံးဖြစ်တဲ့ ၊ အမေရိကန် တနိုင်ငံလုံးမှာ ခရစ်ယန် ဘုရားရှိခိုးကျောင်း အများဆုံး ရှိတဲ့ မြို့လို့ ဆိုကြတဲ့ ဖို့တ်ဝိန်းမြို့မှာတော့၊ ကိုယ့် မြန်မာ ကွန်မြူနီတီကလည်းများတော့၊ ကိုယ့်ထဲက ဆိုရင်တောင် မြန်မာကျောင်း၊ မွန်ကျောင်း ဆိုပြီး သုံးလေးကျောင်း ရှိပါတယ်။ အခြားပြည်နယ်၊ အခြား မြို့တွေမှာလည်း ဆိုင်ရာဆိုင်ရာ မြန်မာဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေ အထင်ကရ ရှိနေတာပါကိုဒေါင်း။

ဒီနေရာမှာ ကျနော် တခု စဉ်းစားမိတာ ရှိတယ်။ ကျနော်တို့အရင် ဒီနိုင်ငံကို ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့ကြတဲ့ ကိုယ့်နိုင်ငံသားတွေဟာ ၊ ဒီကို လူအနေသက်သက်ပဲ ပြောင်းရွှေ့လာကြတာ မဟုတ်ဘဲ၊ ကိုယ်နဲ့အတူ ကိုယ့်လူမျိုးရဲ့ ကိုးကွယ်မှု ဘာသာတရား၊ ဓလေ့ ထုံးစံ ယဉ်ကျေးမှုတွေကိုလည်း တပါတည်း ယူဆောင်လာကြတယ် ဆိုတဲ့ အချက်ပဲ ကိုဒေါင်း။

ကိုယ့်ဘာသာတရား၊ ကိုယ့်ယဉ်ကျေးမှု ဆိုရာမှာလည်း စိတ်ပိုင်းနာမ်ပိုင်း၊ အတွေးအခေါ် အယူအဆပိုင်းတွင်သာ မကဘဲ၊ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဘုန်းတော်ကြီးကျောင်းလို၊ ဘုရား စေတီတို့လို သာသနိက အဆောက်အအုံတွေပါ ရောက်ရှိလာတာ မဟုတ်လား။ အဲဒီမှာ၊ ပြည်ပ သာသနာမှာ၊ တနည်း ပြောရရင် အဝေးရောက် ဗုဒ္ဒဘာသာမှာ အခရာကျတာက ဘုန်းကြီးကျောင်းတွေပဲ မဟုတ်လား။

အဲဒီလို မြန်မာဘုန်းကြီးကျောင်းတွေရဲ့ အခြေအနေက၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး၊ သံဃ အရေးတော်ပုံကြီး အပြီးမှာ၊ တမျိုးတဖုံ အနေအထား ပြောင်းသွားတာ တွေ့ရတယ် ကိုဒေါင်း။ ရွှေဝါရောင် လှုပ်ရှားမှု ဂယက်ကြောင့် ပြည်ပရောက် မြန်မာရဟန်းတော်တွေရဲ့ ရပ်တည်ချက်က နဂိုနဲ့မတူ၊ ပြောင်းလဲသွားတယ် လို့ ဆိုနိုင်တယ်ကိုဒေါင်း။ ရွှေဝါရောင် အရေးတော်ပုံ နောက်ပိုင်း၊ ပြည်ပမှာ သာသနဥသျှောင်အဖွဲ့ ထင်ထင်ရှားရှား ထွက်ပေါ်လာတယ်။

သူများနိုင်ငံ၊ သူများ တိုင်းပြည်မှာ ကိုယ့်ဘာသာ၊ သာသနာ ပြန့်ပွား စည်ပင်အောင် ကြိုးပမ်း အားထုတ်နေကြတဲ့ ပြည်ပရောက် မြန်မာ ရဟန်း သံဃာထုဟာ ၊ သာသနာပြုရုံတင် မဟုတ်တော့ဘဲ၊ ရွှေဝါရောင် လှုပ်ရှားမှုကြီး အပြီးမှာ၊ မြန်မာ့ ဒီမိုကရေစီအရေးကိုပါ ထဲထဲ ၀င်ဝင် ပါဝင် ဆောင်ရွက်လာကြတာပါပဲ။

ကိုဒေါင်းရေ၊ တိုင်းပြည် ဆင်းရဲပြီး ပြည်သူတွေ ဒုက္ခတွင်းထဲ ကျနေလေတော့၊ ဘုန်းကြီးတွေလည်း မနေနိုင်ကြတော့ဘူးပေါ့ဗျာ။ ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်းတုန်းက၊ ကဗျာ ဆရာ မောင်လွမ်းဏီက အခုလို သုံးကြောင်း ကဗျာတပုဒ် ရေးခဲ့ပါတယ်။ "ပြည့်ဝမ်းမီးတောက်၊ သံဃာလျှောက်သည်၊ အံ့လောက်ပါသော တို့တိုင်းပြည်"တဲ့ ။ ကဗျာခေါင်းစဉ်က"ငါးရောင်ခြယ်"

ကိုဒေါင်းရေ၊ စစ်အာဏာရှင် စနစ်ဆိုးကြီးရဲ့အလျှံတညီးညီး တောက်လောင်နေတဲ့ မီးတောက် မီးလျှံတွေကြားမှာ၊ ပြည်တွင်းက ဗုဒ္ဒဘာသာ ရဟန်းတော်တွေက ပြည်သူတွေ ကိုယ်စား ဆန္ဒပြ၊ အမှန်တရား ဖော်ထုတ်တဲ့ အနေနဲ့ မကြောက်မရွံ့၊ မတွန့်မဆုတ် ဖြတ်လျှောက်ခဲ့ကြတာပါ။ အဲဒီ သံဃာတော်တွေရဲ့ လေးစားအပ်၊ ဂုဏ်ပြုအပ်၊ ရှိခိုးအပ်တဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုဟာ ပြည်ပကို ရောက်နေတဲ့ မြန်မာ ရဟန်းတော်တွေရဲ့ ရင်ထဲကို ကူးစက် ၀င်ရောက်လာခဲ့တာပဲ ကိုဒေါင်း။

အဲဒီလို သာသနာအရေး၊ ဒီမိုကရေစီအရေး၊ ကြီးလေးလှတဲ့ တာဝန် နှစ်ရပ်ကို၊ တပြိုင်နက်တည်း ထမ်းဆောင်နေကြတဲ့ ၊ ပြည်ပရောက်ရွှေဝါရောင်ရဟန်းသံဃာတွေရဲ့ ကြည်ညိုဖွယ် ပုံရိပ်တွေထဲက တခု လို့ ပဲ ဆိုပါတော့ ကိုဒေါင်းရေ။

နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်က"မေတ္တာပါရမီ" မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ၊ ဇန်န၀ါရီ(၁)ရက်နေ့က မြန်မာပြည် ငြိမ်းချမ်း သာယာရေး နှစ်သစ်ကူး မေတ္တာပို့ ဆုတောင်းပွဲ တပွဲ ကျင်းပခဲ့ကြပါတယ်။ အေဒီ ၂၀၁၁၊ ခရစ်နှစ်အကူး၊ ပြည်ပရောက် မြန်မာ ရဟန်းတော်တွေရဲ့ ရင်ထဲ ဘယ်လိုရှိမလဲ။

မေတ္တာပါရမီကျောင်းက သံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းသံ နားထောင်ကြည့် ကိုဒေါင်း။

"ခရစ်သက္ကရာဇ်၂၀၁၁ နှစ်ဆန်း(၁)ရက်နေ့အခါသမယမှာ- ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ၊ မြန်မာပြည်သူ ပြည်သား အားလုံးအတွက် လည်းကောင်း-။ နိုင်ငံရေး အကျဉ်းသားများနဲ့ နာဂစ်နှင့် ဂီရိမုန်တိုင်းဒဏ် ခံစားနေရသည့် ပြည်သူများ အတွက် လည်းကောင်း-။ ကမ္ဘာသူ ကမ္ဘာသားများအတွက် လည်းကောင်း-။

"သဘာဝဘေးဒဏ်၊ စစ်ဘေးစစ်ဒဏ်၊ ငတ်မွတ်ခေါင်းပါးမှု ဘေးဒဏ်နှင့် ရောဂါဝေဒနာ အပေါင်းမှ လွတ်မြောက်စေရန်အတွက် လည်းကောင်း-။ တိုင်းသူပြည်သား အချင်းချင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းများ ချုပ်ငြိမ်းပြီး မေတ္တာတရား၊ ကရုဏာတရား၊ ကိုယ်ချင်းစာ တရားများ ဖြစ်ပေါ် တိုးတက်စေရန် အတွက် လည်းကောင်း-။ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် မတောင့်မတ၊ မကြောင့်မကြ ရှင်သန် ရပ်တည်နိုင်စေရန်အတွက် လည်းကောင်း-"တဲ့ ။

ကိုဒေါင်းရေ၊ မြန်မာပြည်သူပြည်သားအပေါင်း၊ ငါးရောင်ခြယ် အလံ အောက်မှာ၊ ရွှေဝါရောင် တော်လှန်ရေး စိတ်ဓာတ်သစ်နဲ့ မြင့်မြတ်တောက်ပတဲ့ နေ့သစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

အားလုံးကိုသတိတရနဲ့-
အောင်ဝေး
ဇန်န၀ါရီ ၇-၂၀၁၁။

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

Wednesday, January 26, 2011

မမခင်ဦးစံပယ်သို့ တမ်းချင်း ၉
 
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက
ဆင်နေဆဲပါ
မမခင်ဦးစံပယ်။

တောင်တွေက
မြင့်မြင့်လာတယ်။
တောတွေက
နက်နက်လာတယ်။
မြစ်တွေက
ကွေ့ ကွေ့ လာတယ်။
၃၃လမ်းကတော့
လမ်းတိုကလေးပါပဲ။

ဒါပေမဲ့
ကဗျာဆရာတွေရဲ့ 
ဒုက္ခကတော့
ရှည်လျားလှပါတယ်။

မနေ့ တစ်နေ့ က
မိုးကြီးတမ
ရွာချခဲ့တယ်။

၃၃လမ်းဟာ
မိုးရေထဲမှာ
လန်းဆန်းသွားမယ်။

၃၃လမ်းထိပ်က
ခရေပင်ရိပ်ကလေး
အခုရှိသေးလား
မမခင်ဦးစံပယ်။

၃၃လမ်း
ကျနော်လွမ်းတယ်။

Monday, January 24, 2011

မစ်ရှီဂန်မှပေးသောစာ(၅၁)





"---အခုအချိန်မှာ ကျနော်တို့ ပြည်သူ လူထုတွေဟာ ဘာကိုမှ တွေဝေ ငေးမောမနေကြပါနဲ့တော့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် မှန်ကန်၊ ခိုင်မာ ထက်မြက်တဲ့ ဦးဆောင်မှု နောက်မှာ ယုံယုံ ကြည်ကြည် မမှိတ်မသုန် လိုက်ပါနိုင်ဖို့ပဲ အရေးကြီးပါတယ်---"

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာကြမယ် ထင်ပါရဲ့။ ပြက္ခဒိန် တနှစ်ကူးပြီ ဆိုတော့ နှစ်သစ်မှာ အဖြစ်သစ်တွေနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်သလို၊ ၂၀၁၁ နှစ်သစ်မှာ စိန်ခေါ်မှုအသစ်တွေနဲ့လည်း ကျနော်တို့ အများကြီး ရင်ဆိုင်ကြရဦးမှာပဲ မဟုတ်လား။ 


ကျနော်တို့တိုင်းပြည်အနေနဲ့ အဓိကအကျဆုံး စစ်အာဏာရှင်စနစ်ကြီးရဲ့ စိန်ခေါ်မှုကနေ၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ် လုံခြုံရေး အတွက် ပြည်သူ တရပ်လုံးရဲ့ စိုးရိမ်ပူပန်မှု အလယ်၊ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အမြောက်အမြား၊ စစ်ကြောင့် အိုးမဲ့အိမ်မဲ့ ပြေးလွှား ရှောင်တိမ်းရင်း အတိ ဒုက္ခရောက်နေကြတဲ့ အကြောင်းတွေ အဆုံး၊ ကိုဒေါင်းရေ၊ နှစ်သစ်မှာ ၂၀၁၁မှာ စိန်ခေါ်မှု အသစ်တွေကို ကျနော်တို့ တိုင်းသူ ပြည်သားတွေ မလွဲမသွေ ကြုံတွေ့ ရင်ဆိုင်ကြရဦးမှာပါ။ 


ပြည်တွင်းကပြည်သူတွေပဲ ဖြစ်ဖြစ်၊ ပြည်ပရောက် ပြည်သူတွေပဲ ဖြစ်ဖြစ်၊ ၂၀၁၁ နှစ်သစ်မှာတော့ တွေ့ကြုံလာရမယ့် စိန်ခေါ်မှု အသစ်တွေကို၊ ဘာဖြစ်သလဲ၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရဲရဲရင့်ရင့် ပြေးတွေ့ ရင်ဆိုင်လိုက်ကြရုံပါပဲ။ နောက်တွန့်စရာ မလိုပါဘူး ကိုဒေါင်း။ 


ကျနော်တို့ အခု မမှိတ်မသုန် ဦးတည် ချီတက်နေတဲ့ ပန်းတိုင်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးပဲ မဟုတ်လား။ ဗြိတိသျှနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ လက်အောက်ကနေ တိုင်းပြည် လွတ်မြောက်အောင် အမျိုးသား တော်လှန်ရေးကြီး ဆင်နွှဲခဲ့ကြတုန်းကလည်း ကျနော်တို့ ပြည်သူလူထုရဲ့ ပန်းတိုင်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးပါ။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးပြီး ရယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ၊ နောက်ပိုင်းမှာ အမျိုးသား စည်းလုံး ညီညွတ်မှု ပျက်သုဉ်းပြီး၊ အယူစွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ၊ ပုဂိုလ်စွဲ၊ အာဃာတတရား အမျိုးမျိုးအောက်မှာ ပြည်တွင်းစစ်မီးလျှံကြီး ၀ုန်း ဆို ထတောက်ပြီး၊ လွတ်လပ်ရေးရဲ့ အရသာဟာ ခါးတူး ပျောက်ဆုံးခဲ့ရတာပါ။ 

ပြည်တွင်းစစ်မီးလျှံကြားမှာပဲ တက်လာတဲ့ အရပ်သားအစိုးရ၊ အဲဒီတုန်းကအခေါ် နိုင်ငံရေး အစိုးရ လက်ထက်မှာလည်း ဒီမိုကရေစီ ဆိုတာ ထွန်းကားသင့်သလောက် ထွန်းကားမလာခဲ့ပြန်ဘူး။ ပိုဆိုးတာက ၁၉၅၈ နဲ့ ၁၉၆၂တွေမှာ စစ်တပ်က အာဏာသိမ်းတာကို ခံခဲ့ရပြန်တာပါပဲ။ 

ကိုဒေါင်းရေ၊ လွတ်လပ်ရေးကလည်း ပျောက်ဆုံး၊ ဒီမိုကရေစီကလည်း အပြည့်အ၀ ထွန်းကား မလာ၊ အဲဒီလို အခြေအနေမျိုးမှာ ပြည်တွင်းစစ်ကြီးနဲ့ ရင်ဆိုင်တိုးနေရတဲ့ တိုင်းပြည်ဟာ ဘယ်မှာလာပြီး ငြိမ်းချမ်းနိုင်ပါတော့မလဲ။ “ဆရာမသေခင် ငြိမ်းချမ်းရေးအစစ် ရတာကို မြင်သွားချင်တယ်” အဲဒီလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုယ်တိုင်တောင် ကြေကြေကွဲကွဲ တမ်းတခဲ့ရတဲ့ ခေတ်ပါဗျာ။ 

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ဆင်နွှဲခဲ့တဲ့ ပထမ လွတ်လပ်ရေး တိုက်ပွဲရဲ့ ဦးတည်ချက် ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ကြွေးကြော်သံဟာ မဆလ တပါတီ အာဏာရှင် စနစ် ကြီးစိုးခဲ့တဲ့ (၂၆) နှစ်တာ ကာလအတွင်းမှာ မှေးမှိန် ပျောက်ကွယ်သွားခဲ့ရတာပဲ မဟုတ်လား ကိုဒေါင်း။ 

အခုအချိန်ဟာ ကျနော်တို့ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆင်နွှဲနေတဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို ဖြတ်သန်းနေကြတာပါ။ ကျနော်တို့ဟာ ၁၉၈၈-ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ မဆလ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကိုတော့ အမြစ် မဖြတ်နိုင်ခဲ့တဲ့ အတွက်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးလည်း စစ်တပ်က လက်နက်နဲ့ ဖြိုခွင်း အာဏာသိမ်းတာကို ခံခဲ့ရပြန်တယ်။ 

အဲဒီမှာ န၀တစစ်အာဏာရှင်စနစ်ပြန်ပြီးအသက်ဝင်လာခဲ့တာပဲ။ န၀တ ကနေ နအဖ ဆိုပြီး စစ်အာဏာရှင်စနစ်ဟာ သက်ဇိုး ရှည်လာခဲ့တာပဲ။ ဒီကနေ့ဆိုရင် အဲဒီ န၀တ-နအဖ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ ပြည်သူတွေ ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြတာ နှစ်ပေါင်း (၂၀) ကို ကျော်လာခဲ့ကြပြန်ပြီ ကိုဒေါင်း။ 

ဒီတခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကတော့၊ ဗိုလ်ချုပ် အောင်ဆန်းတို့ခေတ်က နယ်ချဲ့နဲ့ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွေထက် ပိုပြီး ခက်ခဲ၊ ပိုပြီး နက်နဲတယ် ဆိုတာ လူတိုင်းအသိပါ ကိုဒေါင်း။ 

ပထမလွတ်လပ်ရေးတိုက်ပွဲတုန်းက ကျနော်တို့ ဘိုးဘွားတွေဟာ နယ်ချဲ့နဲ့ ဖက်ဆစ်၊ တိုင်းတပါးသား လူမျိုးခြား၊ ဗြိတိသျှနဲ့ ဂျပန်တွေကို ရင်ဆိုင်ခဲ့ကြရတာပါ။ အဲဒီတုန်းက ဘုံရန်သူက လူမျိုးခြား တိုင်းတပါးက ဖြစ်နေလေတော့၊ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ ကိုယ့်တိုင်းရင်းသား လူမျိုး ပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုက၊ အမျိုးသားေ ရးစိတ်ဓာတ်ကြီး စုခဲ အုံကျစ်ပြီး မာကြော ပြတ်သားနေခဲ့တာပေါ့ဗျာ။
အဲဒီတုန်းက လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ကျနော်တို့ တိုင်းရင်းသားပြည်သူ အပေါင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနောက်မှာ တခဲနက် ယုံယုံကြည်ကြည် လိုက်ပါခဲ့ကြတာပဲ မဟုတ်လား။ ပင်လုံညီလာခံလို အမျိုးသား စည်းလုံးညီညွတ်မှု အထွတ်အထိပ် ရောက်လာတဲ့ အချိန်မှာ ဗြိတိသျှ နယ်ချဲ့အစိုးရဟာ ကျနော်တို့ တိုင်းပြည်ကို လွတ်လပ်ရေး မပေးဘဲနေလို့ မရတော့ပါဘူး။ 

အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆင်နွှဲနေတဲ့ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကတော့ ပထမ လွတ်လပ်ရေးတိုက်ပွဲနဲ့ မတူတော့ဘူး။ အခြေခံကစပြီး ပြောင်းသွားပြီ။ ဒီတစ်ခါ ရင်ဆိုင်နေရတဲ့ ဘုံရန်သူက တိုင်းတပါးသား လူမျိုးခြား၊ နယ်ချဲ့လည်း မဟုတ်တော့ဘူး၊ ဖက်ဆစ်လည်း မဟုတ်တော့ဘူး။ ကိုယ့်အမျိုးသားချင်း ဖြစ်နေတာပဲ။ ကိုယ့်အမျိုးသားအချင်းချင်း ဖိနှိပ် အုပ်ချုပ် စစ်ကျွန်ဇာတ် သွင်းနေတဲ့ဟာပဲ။ 

ဒီတော့ ကိုဒေါင်းရယ် - အမျိုးသားချင်း ပြန်လည် ရင်ဆိုင် ဖြေရှင်းရတဲ့ တိုက်ပွဲ ဆိုတာ ပိုပြီး ခက်ခဲ ရှုပ်ထွေး၊ ပိုပြီးနက်နဲ သိမ်မွေ့တာပေါ့ဗျာ။ ဒီအချိန်မှာ ကိုယ်ရင်ဆိုင်နေရတဲ့ တဖက်လူနဲ့ ကိုယ်ရဲ့၊ သူ့ဘက် ကိုယ့်ဘက် သေနင်္ဂဗျူဟာ အနေအထားက ဘယ်လိုရှိမလဲ။ ကိုယ်က သေနင်္ဂ ဗျူဟာ ခံစစ်မှာလား။ ဒါမှမဟုတ် သူနဲ့ကိုယ်နဲ့ သေနင်္ဂဗျူဟာ တန်းတူရည်တူအဆင့်မှာ ရှိသလား။ ဒီလိုမှမဟုတ် ကိုယ်က အသာစီးရနေတဲ့ သေနင်္ဂဗျူဟာ ထိုးစစ်မှာ ရောက်နေပြီလား။ 

ရိုးသားတဲ့ အောက်ခြေက တိုင်းရင်းသား ပြည်သူ လူထုကြီးကတော့ နိုင်ငံရေးသမား အရင့်အမာကြီးတွေ မဟုတ်ကြပါဘူး။ လူထုကို ဦးဆောင်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကပဲ ဒီအဖြေကို ပေးနိုင်ကြပါလိမ့်မယ်။ အခုအချိန်မှာ ကျနော်တို့ ပြည်သူ လူထုတွေဟာ ဘာကိုမှ တွေဝေ ငေးမောမနေကြပါနဲ့တော့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် မှန်ကန်၊ ခိုင်မာ ထက်မြက်တဲ့ ဦးဆောင်မှု နောက်မှာ ယုံယုံ ကြည်ကြည် မမှိတ်မသုန် လိုက်ပါနိုင်ဖို့ပဲ အရေးကြီးပါတယ်။
၂၀၁၁ တိုက်ပွဲအလံကို မြှင့်နိုင်ဖို့ဆိုရင် ဒီအချက်က အဓိက အကျဆုံးပါ ကိုဒေါင်း။ 

အားလုံး နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ပျော်ရွှင် ချမ်းမြေ့နိုင်ကြပါစေ။

အောင်ဝေး
ဒီဇင်ဘာ ၂၅ -၂၀၁၀။
မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

Sunday, January 16, 2011

Letters from Michigan - 50

မစ်ရှီဂန်မှပေးသောစာ(၅၀)

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ပြည်ပရောက် မြန်မာကလေးငယ်တွေ အကြောင်း ကိုဒေါင်းတို့ သိရအောင် နည်းနည်းလောက် ပြောပြချင်တယ်။

မိဘတွေက ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း ရောက်ရှိလာကြတယ်။ အထူးသဖြင့် ပြည်တွင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖြုတ်ချရေး တိုက်ပွဲတွေရဲ့ ဂယက်နဲ့ တိုင်းပြည်ကနေ ရှောင်တိမ်းလာရ၊ ထွက်ခွာလာရတဲ့သူတွေ ရှိသလို၊ အများစုကတော့ နယ်စပ်ဒေသ အသီးသီးက နအဖစစ်အစိုးရတပ်တွေရဲ့ ရန်ကို ကြောက်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ တိုင်းရင်းသားတွေပါပဲ။

အခုအချိန်မှာ တစ်ဖက်နိုင်ငံက ဒုက္ခသည် စခန်း (၉) ခုလောက်မှာ ဒုက္ခ ရောက်နေကြတဲ့ ပြည်တွင်းက နိုင်ငံရေး၊ စစ်ရေး ခိုလှုံသူတွေ(၁)သိန်းခွဲကျော် သောင်တင်နေတုန်းပဲလို့ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ ဆိုတယ် ကိုဒေါင်း။

၁၉၈၈-ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးကတည်းက နိုင်ငံရေးကြောင့် တစ်ဖက်နိုင်ငံ လွတ်မြောက်နယ်မြေကို ရှောင်တိမ်း ထွက်ခွာလာတဲ့သူတွေက စပြီး၊ ခု နောက်ဆုံး လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ နိုင်ငံရေးဒုက္ခသည်တွေလို့ ဆိုရမယ့်အုပ်စုကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာပါ။

ဒါက ကျနော်တို့တိုင်းပြည်မှာ မတရားတဲ့ နိုင်ငံရေးစနစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ မတရားတဲ့ အဓမ္မစစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ အကြောင်း သိသာရုံ အကြမ်းဖျင်း ပြောလိုက်တာပါ။

အဲဒီလို နိုင်ငံရေးကြောင့်၊ စစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ ကျနော်တို့မြန်မာပြည်သူတွေ တစ်ဖက်နိုင်ငံရဲ့ဥပဒေအတိုင်း တရားဝင် ဖွင့်လှစ်ထားတဲ့ နယ်စပ်က ဒုက္ခသည်စခန်း အသီးသီးမှာ ၀င်ရောက် ခိုလှုံကြရတာပါပဲ။

သူများနိုင်ငံမှာ၊ ဆိုပါတော့ ဒုတိယနိုင်ငံမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဘ၀ တစိတ်တဒေသတော့ နိုင်ငံရေးကြောင့် ခံစားရတဲ့ ပင်ပန်းဆင်းရဲတွေ၊ စစ်ကြောင့် ခံစားရတဲ့ ပင်ပန်းဆင်းရဲတွေ လုံးလုံး မဟုတ်တောင်မှ ခေတ္တယာယီ ဘ၀အမောပြေတယ် လို့ ယူဆရင်လည်း ယူဆပေါ့။ မပြေပါဘူး ဆိုရင်တော့လည်း မပြေဘူးပေါ့။

အဲဒီလို ဒုတိယနိုင်ငံကဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို ခိုလှုံနေထိုင်ရင်း တတိယနိုင်ငံ အသီးသီးကို ပြောင်းရွှေ့ အခြေချဖို့အချိန်ကို နှစ်နဲ့ချီပြီး သည်းညည်းခံ စောင့်ဆိုင်းကြရတာပါ။ အချိန်တန်တော့လည်း သက်ဆိုင်ရာ တတိယနိုင်ငံတွေဆီကို ရောက်ရှိသွားကြတာပါပဲ။

တိုတိုပြောရရင် ကိုဒေါင်းရေ၊ အဲဒီလိုဒုက္ခသည်တွေက နိုင်ငံရေးကြောင့် ပြေးရင်းလွှားရင်း၊ စစ်ကြောင့် ပုန်းရင်းခိုရင်း၊ နိုင်ငံရေးကြောင့်၊ စစ်ကြောင့် တနေရာရာမှာ ခေတ္တယာယီ နေထိုင်ရင်း လူတို့ ဘာသာဘာဝအတိုင်း ယောက်ျားနဲ့မိန်းမ၊ တွေ့ဆုံကြ၊ ချစ်ကြိုက်ကြ၊ ထိမ်းမြားလက်ထပ် အိမ်ရာ ထူထောင်ကြတာပေါ့ဗျာ။ အဲဒီတော့နောက် မျိုးဆက်သစ် သားတွေ သမီးတွေလည်း ပွားစည်းလာတာပေါ့ဗျာ။

များသောအားဖြင့်တော့ အမေရိကန်လို တတိယနိုင်ငံအသီးသီးကို ရောက်ရှိလာတဲ့ ကလေးအများစုဟာ နယ်စပ်ကဒုက္ခသည်စခန်းတွေမှာ မွေးဖွားခဲ့ကြတဲ့ ကလေးတွေဖြစ်နေတာပါပဲ။ ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ဒီကလေးတွေဟာ တတိယနိုင်ငံတွေမှာ ကြီးပြင်း အရွယ်ရောက်လာကြတာပါပဲ။ တချို့ကလေးတွေကတော့ အမေရိကန်လို တတိယနိုင်ငံမှာပဲ မွေးဖွားပြီး ဒီမှာပဲ ကြီးပြင်းလာကြရတာပါ။

ဆိုရရင် ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ကလေးတွေကလည်း ဒုတိယနိုင်ငံမှာ၊ ဆိုလိုတာက ဒုက္ခသည်စခန်းမှာ မြန်မာစာ ကောင်းကောင်းမသင်ခဲ့ရပါဘူး။ ဒုက္ခသည်စခန်းမှာ ကျောင်းနေခဲ့ရပါတယ် ဆိုတဲ့ကလေးကလည်း ထိုင်းစာ၊ အင်္ဂလိပ်စာတို့က အဓိကပါ။ ကိုယ့်မြန်မာစာ ဆိုတာက သင်ရရင်လည်း သာမန်လောက်ပါပဲ။

ဒီကလေးတွေ တတိယနိုင်ငံကို ရောက်လာတော့ ဒီမှာ အင်္ဂလိပ်စာပဲ သင်ရတော့တယ်။ မြန်မာစာ မမြင်ရတော့ဘူး။ ပိုဆိုးတာက တတိယနိုင်ငံရောက်မှ မွေးဖွား ကြီးပြင်းလာတဲ့ကလေးတွေ အဖို့ မွေးလာကတည်းကိုက မြန်မာစာဆိုတာ သူတို့ မမြင်ဖူးတော့ဘူး။ မသိတော့ဘူး။

ဟိုတတလောက အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဂုဏ်ပြုပွဲ လုပ်တယ်။ ပွဲမှာ မြန်မာကလေးငယ်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ ကဗျာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ကြားတဲ့ အစီအစဉ် ပါပါတယ်။ အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ ကလေးတော်တော်များများက ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးတဲ့ ကဗျာ၊ အင်္ဂလိပ်လိုရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကိုတော့ ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာလို ရေးထားတဲ့ ကဗျာတွေကိုတော့ ဖတ်နိုင်တဲ့သူ မရှိဘူးဖြစ်နေတယ်။ တော်သေးတယ်။ ရန်ကုန်က ရောက်လာတာ မကြာသေးတဲ့ သားငယ် သမီးငယ် နှစ်ယောက်က ဒီကွက်လပ်ကို ကောင်းကောင်း ဖြည့်ပေးနိုင်ခဲ့ကြတယ်။

ကျနော်ပြောချင်တာ ရောက်ပြီ ကိုဒေါင်း။ ပြည်ပကို ရောက်နေကြတဲ့ မိသားစု အတော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာက ကလေးတွေ မြန်မာစာမတတ်ကြတော့တာပဲ။ တချို့မြန်မာစကား အနည်းအကျဉ်း ပြောတတ်ကောင်း ပြောတတ်ကြမယ်။ များသောအားဖြင့်တော့ စကားလည်း မတတ်၊ စာလည်းမတတ် ဖြစ်နေတာပေါ့ဗျာ။

ဒါကို မိဘတွေက ကိုယ့်စာ ကိုယ့်စကား မျိုးကန်းသွားမှာ စိုးရိမ်ပြီး မြန်မာစာ မြန်မာစကားသင်တန်းလေးတွေ လက်လှမ်းမီရာ မီရာမှာ ဖွင့်လှစ် သင်ကြားပေးလာကြတယ်။ အင်မတန် သာဓုခေါ်စရာ ကောင်းတယ်။ လော့စ်အိန်ဂျယ်လိစ်က ဆိုရင် ဒေါက်တာလမင်းတရာတို့၊ စာရေးဆရာမ မိုးချိုသင်းတို့ရဲ့ မြန်မာကျောင်းကလေးဆိုရင် အတော့်ကို အောင်မြင် ထိရောက်တယ်လို့ ကြားရတယ်ဗျာ။

ဆန်ဖရန်စစ္စကိုမြို့ကြီးတ၀ိုက်မှာ ဆိုရင်လည်း မိဘတွေက သားသမီးတွေကို မြန်မာစာ သင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေဆီကို လွှတ်နေပြီ။ ဒါ ကယ်လီဖိုးနီးယားဘက်က သတင်း။ တခြားပြည်နယ်တွေမှာလည်း အနည်းနဲ့အများတော့ မြန်မာကလေးတွေ မြန်မာစာမြန်မာစကား သင်နေကြပြီလို့ ထင်ပါတယ်။

အင်ဒီယားနား-ဖို့တ်ဝိန်းမြို့မှာ ဆိုရင်လည်း ကဗျာဆရာ ဆောင်းယွန်းလတို့၊ ချမ်းမှိုင်းအောင်တို့ စီစဉ်တဲ့ နွေရာသီ မြန်မာစာမြန်မာစကား သင်တန်း။ ဒါ ကျနော် လက်လှမ်းမီသလောက်ဆိုပါတော့။ ၀ါရှင်တန်ဒီစီတို့၊ နယူးယောက်စီးတီးတို့ ဘက်မှာလည်း ကလေးတွေကို မြန်မာစာသင်ပေးတဲ့ လှုပ်ရှားမှုလေးတွေ ရှိနေမှာပါ။
ဒီနေရာမှာတော့ ကျနော်က ကိုယ့်ရင်သွေးတွေကို ကိုယ့်စာ ကိုယ့်စကား သင်ပေးရကောင်းမှန်း သိတဲ့ မိဘလုပ်သူတွေကို ချီးကျူးချင်ပါတယ်ဗျာ။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဒီဇင်ဘာ ၂၁-၂၀၁၀။
[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese ]