Monday, January 24, 2011

မစ်ရှီဂန်မှပေးသောစာ(၅၁)





"---အခုအချိန်မှာ ကျနော်တို့ ပြည်သူ လူထုတွေဟာ ဘာကိုမှ တွေဝေ ငေးမောမနေကြပါနဲ့တော့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် မှန်ကန်၊ ခိုင်မာ ထက်မြက်တဲ့ ဦးဆောင်မှု နောက်မှာ ယုံယုံ ကြည်ကြည် မမှိတ်မသုန် လိုက်ပါနိုင်ဖို့ပဲ အရေးကြီးပါတယ်---"

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာကြမယ် ထင်ပါရဲ့။ ပြက္ခဒိန် တနှစ်ကူးပြီ ဆိုတော့ နှစ်သစ်မှာ အဖြစ်သစ်တွေနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်သလို၊ ၂၀၁၁ နှစ်သစ်မှာ စိန်ခေါ်မှုအသစ်တွေနဲ့လည်း ကျနော်တို့ အများကြီး ရင်ဆိုင်ကြရဦးမှာပဲ မဟုတ်လား။ 


ကျနော်တို့တိုင်းပြည်အနေနဲ့ အဓိကအကျဆုံး စစ်အာဏာရှင်စနစ်ကြီးရဲ့ စိန်ခေါ်မှုကနေ၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ် လုံခြုံရေး အတွက် ပြည်သူ တရပ်လုံးရဲ့ စိုးရိမ်ပူပန်မှု အလယ်၊ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အမြောက်အမြား၊ စစ်ကြောင့် အိုးမဲ့အိမ်မဲ့ ပြေးလွှား ရှောင်တိမ်းရင်း အတိ ဒုက္ခရောက်နေကြတဲ့ အကြောင်းတွေ အဆုံး၊ ကိုဒေါင်းရေ၊ နှစ်သစ်မှာ ၂၀၁၁မှာ စိန်ခေါ်မှု အသစ်တွေကို ကျနော်တို့ တိုင်းသူ ပြည်သားတွေ မလွဲမသွေ ကြုံတွေ့ ရင်ဆိုင်ကြရဦးမှာပါ။ 


ပြည်တွင်းကပြည်သူတွေပဲ ဖြစ်ဖြစ်၊ ပြည်ပရောက် ပြည်သူတွေပဲ ဖြစ်ဖြစ်၊ ၂၀၁၁ နှစ်သစ်မှာတော့ တွေ့ကြုံလာရမယ့် စိန်ခေါ်မှု အသစ်တွေကို၊ ဘာဖြစ်သလဲ၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရဲရဲရင့်ရင့် ပြေးတွေ့ ရင်ဆိုင်လိုက်ကြရုံပါပဲ။ နောက်တွန့်စရာ မလိုပါဘူး ကိုဒေါင်း။ 


ကျနော်တို့ အခု မမှိတ်မသုန် ဦးတည် ချီတက်နေတဲ့ ပန်းတိုင်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးပဲ မဟုတ်လား။ ဗြိတိသျှနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ လက်အောက်ကနေ တိုင်းပြည် လွတ်မြောက်အောင် အမျိုးသား တော်လှန်ရေးကြီး ဆင်နွှဲခဲ့ကြတုန်းကလည်း ကျနော်တို့ ပြည်သူလူထုရဲ့ ပန်းတိုင်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးပါ။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးပြီး ရယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ၊ နောက်ပိုင်းမှာ အမျိုးသား စည်းလုံး ညီညွတ်မှု ပျက်သုဉ်းပြီး၊ အယူစွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ၊ ပုဂိုလ်စွဲ၊ အာဃာတတရား အမျိုးမျိုးအောက်မှာ ပြည်တွင်းစစ်မီးလျှံကြီး ၀ုန်း ဆို ထတောက်ပြီး၊ လွတ်လပ်ရေးရဲ့ အရသာဟာ ခါးတူး ပျောက်ဆုံးခဲ့ရတာပါ။ 

ပြည်တွင်းစစ်မီးလျှံကြားမှာပဲ တက်လာတဲ့ အရပ်သားအစိုးရ၊ အဲဒီတုန်းကအခေါ် နိုင်ငံရေး အစိုးရ လက်ထက်မှာလည်း ဒီမိုကရေစီ ဆိုတာ ထွန်းကားသင့်သလောက် ထွန်းကားမလာခဲ့ပြန်ဘူး။ ပိုဆိုးတာက ၁၉၅၈ နဲ့ ၁၉၆၂တွေမှာ စစ်တပ်က အာဏာသိမ်းတာကို ခံခဲ့ရပြန်တာပါပဲ။ 

ကိုဒေါင်းရေ၊ လွတ်လပ်ရေးကလည်း ပျောက်ဆုံး၊ ဒီမိုကရေစီကလည်း အပြည့်အ၀ ထွန်းကား မလာ၊ အဲဒီလို အခြေအနေမျိုးမှာ ပြည်တွင်းစစ်ကြီးနဲ့ ရင်ဆိုင်တိုးနေရတဲ့ တိုင်းပြည်ဟာ ဘယ်မှာလာပြီး ငြိမ်းချမ်းနိုင်ပါတော့မလဲ။ “ဆရာမသေခင် ငြိမ်းချမ်းရေးအစစ် ရတာကို မြင်သွားချင်တယ်” အဲဒီလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုယ်တိုင်တောင် ကြေကြေကွဲကွဲ တမ်းတခဲ့ရတဲ့ ခေတ်ပါဗျာ။ 

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ဆင်နွှဲခဲ့တဲ့ ပထမ လွတ်လပ်ရေး တိုက်ပွဲရဲ့ ဦးတည်ချက် ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ကြွေးကြော်သံဟာ မဆလ တပါတီ အာဏာရှင် စနစ် ကြီးစိုးခဲ့တဲ့ (၂၆) နှစ်တာ ကာလအတွင်းမှာ မှေးမှိန် ပျောက်ကွယ်သွားခဲ့ရတာပဲ မဟုတ်လား ကိုဒေါင်း။ 

အခုအချိန်ဟာ ကျနော်တို့ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆင်နွှဲနေတဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို ဖြတ်သန်းနေကြတာပါ။ ကျနော်တို့ဟာ ၁၉၈၈-ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ မဆလ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကိုတော့ အမြစ် မဖြတ်နိုင်ခဲ့တဲ့ အတွက်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးလည်း စစ်တပ်က လက်နက်နဲ့ ဖြိုခွင်း အာဏာသိမ်းတာကို ခံခဲ့ရပြန်တယ်။ 

အဲဒီမှာ န၀တစစ်အာဏာရှင်စနစ်ပြန်ပြီးအသက်ဝင်လာခဲ့တာပဲ။ န၀တ ကနေ နအဖ ဆိုပြီး စစ်အာဏာရှင်စနစ်ဟာ သက်ဇိုး ရှည်လာခဲ့တာပဲ။ ဒီကနေ့ဆိုရင် အဲဒီ န၀တ-နအဖ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ ပြည်သူတွေ ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြတာ နှစ်ပေါင်း (၂၀) ကို ကျော်လာခဲ့ကြပြန်ပြီ ကိုဒေါင်း။ 

ဒီတခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကတော့၊ ဗိုလ်ချုပ် အောင်ဆန်းတို့ခေတ်က နယ်ချဲ့နဲ့ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွေထက် ပိုပြီး ခက်ခဲ၊ ပိုပြီး နက်နဲတယ် ဆိုတာ လူတိုင်းအသိပါ ကိုဒေါင်း။ 

ပထမလွတ်လပ်ရေးတိုက်ပွဲတုန်းက ကျနော်တို့ ဘိုးဘွားတွေဟာ နယ်ချဲ့နဲ့ ဖက်ဆစ်၊ တိုင်းတပါးသား လူမျိုးခြား၊ ဗြိတိသျှနဲ့ ဂျပန်တွေကို ရင်ဆိုင်ခဲ့ကြရတာပါ။ အဲဒီတုန်းက ဘုံရန်သူက လူမျိုးခြား တိုင်းတပါးက ဖြစ်နေလေတော့၊ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ ကိုယ့်တိုင်းရင်းသား လူမျိုး ပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုက၊ အမျိုးသားေ ရးစိတ်ဓာတ်ကြီး စုခဲ အုံကျစ်ပြီး မာကြော ပြတ်သားနေခဲ့တာပေါ့ဗျာ။
အဲဒီတုန်းက လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ကျနော်တို့ တိုင်းရင်းသားပြည်သူ အပေါင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနောက်မှာ တခဲနက် ယုံယုံကြည်ကြည် လိုက်ပါခဲ့ကြတာပဲ မဟုတ်လား။ ပင်လုံညီလာခံလို အမျိုးသား စည်းလုံးညီညွတ်မှု အထွတ်အထိပ် ရောက်လာတဲ့ အချိန်မှာ ဗြိတိသျှ နယ်ချဲ့အစိုးရဟာ ကျနော်တို့ တိုင်းပြည်ကို လွတ်လပ်ရေး မပေးဘဲနေလို့ မရတော့ပါဘူး။ 

အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆင်နွှဲနေတဲ့ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကတော့ ပထမ လွတ်လပ်ရေးတိုက်ပွဲနဲ့ မတူတော့ဘူး။ အခြေခံကစပြီး ပြောင်းသွားပြီ။ ဒီတစ်ခါ ရင်ဆိုင်နေရတဲ့ ဘုံရန်သူက တိုင်းတပါးသား လူမျိုးခြား၊ နယ်ချဲ့လည်း မဟုတ်တော့ဘူး၊ ဖက်ဆစ်လည်း မဟုတ်တော့ဘူး။ ကိုယ့်အမျိုးသားချင်း ဖြစ်နေတာပဲ။ ကိုယ့်အမျိုးသားအချင်းချင်း ဖိနှိပ် အုပ်ချုပ် စစ်ကျွန်ဇာတ် သွင်းနေတဲ့ဟာပဲ။ 

ဒီတော့ ကိုဒေါင်းရယ် - အမျိုးသားချင်း ပြန်လည် ရင်ဆိုင် ဖြေရှင်းရတဲ့ တိုက်ပွဲ ဆိုတာ ပိုပြီး ခက်ခဲ ရှုပ်ထွေး၊ ပိုပြီးနက်နဲ သိမ်မွေ့တာပေါ့ဗျာ။ ဒီအချိန်မှာ ကိုယ်ရင်ဆိုင်နေရတဲ့ တဖက်လူနဲ့ ကိုယ်ရဲ့၊ သူ့ဘက် ကိုယ့်ဘက် သေနင်္ဂဗျူဟာ အနေအထားက ဘယ်လိုရှိမလဲ။ ကိုယ်က သေနင်္ဂ ဗျူဟာ ခံစစ်မှာလား။ ဒါမှမဟုတ် သူနဲ့ကိုယ်နဲ့ သေနင်္ဂဗျူဟာ တန်းတူရည်တူအဆင့်မှာ ရှိသလား။ ဒီလိုမှမဟုတ် ကိုယ်က အသာစီးရနေတဲ့ သေနင်္ဂဗျူဟာ ထိုးစစ်မှာ ရောက်နေပြီလား။ 

ရိုးသားတဲ့ အောက်ခြေက တိုင်းရင်းသား ပြည်သူ လူထုကြီးကတော့ နိုင်ငံရေးသမား အရင့်အမာကြီးတွေ မဟုတ်ကြပါဘူး။ လူထုကို ဦးဆောင်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကပဲ ဒီအဖြေကို ပေးနိုင်ကြပါလိမ့်မယ်။ အခုအချိန်မှာ ကျနော်တို့ ပြည်သူ လူထုတွေဟာ ဘာကိုမှ တွေဝေ ငေးမောမနေကြပါနဲ့တော့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် မှန်ကန်၊ ခိုင်မာ ထက်မြက်တဲ့ ဦးဆောင်မှု နောက်မှာ ယုံယုံ ကြည်ကြည် မမှိတ်မသုန် လိုက်ပါနိုင်ဖို့ပဲ အရေးကြီးပါတယ်။
၂၀၁၁ တိုက်ပွဲအလံကို မြှင့်နိုင်ဖို့ဆိုရင် ဒီအချက်က အဓိက အကျဆုံးပါ ကိုဒေါင်း။ 

အားလုံး နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ပျော်ရွှင် ချမ်းမြေ့နိုင်ကြပါစေ။

အောင်ဝေး
ဒီဇင်ဘာ ၂၅ -၂၀၁၀။
မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

0 comments: