Thursday, December 18, 2008

The history of the student movement 01

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း အပိုင်း ၁

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ



[ အသံဖိုင် ]

မူရင်း - လွတ်လပ်တဲ့အာရှအသံ [Radio Free Asia, Burmese Service] ၂၀၀၈ ဒီဇင်ဘာ ၁၅ နံနက်ပိုင်းအစီအစဉ် ထုတ်လွှင့်ချက်

Wednesday, December 17, 2008

မမခင်ဦးစံပယ် သို့  တမ်းချင်း - ၅

မမခင်ဦးစံပယ် သို့ တမ်းချင်း - ၅

အောင်ဝေး

ဒီဇင်ဘာ ၁၇၊ ၂၀၀၈

မမခင်ဦးစံပယ် ရေ

ဟောလိဝုဒ်ကို အလည်တခေါက်

ကျနော် ရောက်တယ်။

ဟောလိဝုဒ်က လမ်းတွေပေါ်

ကျနော် လျှောက်ခဲ့တယ်။

လွတ်လပ်ခြင်းရဲ့ အရသာ

ကျနော်လွမ်းသလောက်

ကျနော် ရခဲ့ပါတယ်။



မမခင်ဦးစံပယ် ရယ်

ကျနော်တို့ စိတ်ရင်းက

လရောင်အောက်မှာ လမ်းလျှောက်ချင်သူပါ။

အေးချမ်းမယ်၊ ငြိမ်သက်မယ် ဆိုရင်

ကံ့ကော်တောမှာ

ပန်းကောက်ချင်တာပေါ့။

ဘေးမသန်းဘဲ

လွမ်းစရာရှိရင် ပြည့်ပြည့်လွမ်း

ဝမ်းမြောက်စရာ ရှိရင်လည်း

ပြည့်ပြည့် ၀မ်းမြောက်ချင်ပါရဲ့။

မမခင်ဦးစံပယ် ရယ်

ဟောလိဝုဒ်လမ်းမပေါ်

လွမ်းလောက်တဲ့ ရွှေရောင်ကြယ်တွေ

ရွှန်းတောက်တဲ့ အမည်တွေနဲ့ပေါ့။

သြော် … ကိုယ့်ရေ ကိုယ့်မြေမှာတော့

“ အရှင်ဂမ္ဘီရ

ဇာဂနာ

မင်းကိုနိုင်

စုစုနွေး …”

အစရှိတဲ့ ကြယ်တွေ

အကျဉ်းထောင်ထဲမှာပဲ

တောက်ပနေရတယ်။

အော်စကာဆုပေးတဲ့ ဇာတ်ရုံကြီးရှေ့မှာ

ယူနီဗာဆယ် စတူဒီယိုကြီးရှေ့မှာ

ကျနော် တွေးတယ်

ပြီးတော့ ကျနော် ဆွေးတယ်။

မမခင်ဦးစံပယ် ရယ်

ကျနော်တို့ လှေက

ကမ်းရောက်ချင်တာပါ။

အခုတော့

တချို့က မြစ်ကြီးနားရောက်

တချို့က ခန္တီးရောက်

တချို့က ဘူးသီးတောင်ရောက်

တချို့က မိုင်းဆတ်ရောက်

တချို့က ကော့သောင်းရောက်

တချို့က ကလေးရောက်

တချို့က ဘားအံ့ရောက်

တချို့က လားရှိုးရောက်

တချို့က ပူတာအိုရောက်

တချို့က ကျိုင်းတုံ …

တချို့က … … …

မမခင်ဦးစံပယ် ရေ

ထောင်ဒဏ် အနှစ် ၆၀

အနှစ် ၅၀

ခေတ်ကြီး တခေတ်လုံး ချစမ်းပါစေ

ကျနော်တို့ လမ်းပျောက်သွားတာ မဟုတ်ပါဘူး။

စခန်းတထောက်မှာ

ဒါဟာ ယာယီ အရွှန်းဖောက်မှု တခုပါ

(ရမ်း မကြောက်ပါနဲ့)။

ဧရာဝတီဆိုတာ

ဘယ်တော့မှ မခန်းခြောက်နိုင်ဘူးလေ။

လင်းယုန်ဟာ

ဘယ်တော့မှ အိပ်တန်း မပျောက်ဘူး။

ပြည်သူဆိုတာ

ဘယ်တော့မှ ဆိပ်ကမ်း မပျောက်တဲ့ သဘောင်္။

မမခင်ဦးစံပယ် ရေ

ဟောဒီ လော့အိန်ဂျလိစ်မြို့ကြီးကို

တိုင်တည်ပြီး ပြောလိုက်မယ်။

အိပ်မက်ကို

အိပ်မက်လို မက်နိုင်တဲ့ တနေ့။.

ကျနော်တို့တွေ

ကိုယ့်ရေ ကိုယ့်မြေက ကြယ်တွေနဲ့ အတူ

အကျဉ်းထောင်တံခါးတွေ ဖွင့်နိုင်ရမယ်။

ဘယ်တော့မှ မသေတဲ့

ခွပ်ဒေါင်းစိတ်ဓာတ်နဲ့

လွတ်မြောက်ရေး တံခါးကို လှမ်းခေါက်ကြမယ်။

သံမဏိအတောင်ပံတွေ တဖျပ်ဖျပ်ခတ်

အနာဂတ်ကို ပျံသန်းရောက်နိုင်ရမယ်။

အိမ်မက်ကို အိပ်မက်လို

မက်နိုင်တဲ့ တနေ့။

အဲဒီနေ့မှာ

ကျနော်တို့လှေဟာ

ကမ်းရောက်မှာပဲ။

လရောင်အောက်မှာ

လမ်းလျှောက်ချင်လည်း လျှောက်တော့။

ကံ့ကော်တောမှာ

ပန်းကောက်ချင်လည်း ကောက်တော့။

လွမ်းလောက်တဲ့ တရားမှာ

ဝမ်းမြောက်တဲ့ စကားတွေ ပြောရင်း

မောရင်လည်း မောတော့

မမခင်ဦးစံပယ် ရေ … … ။

(အောင်ဝေး၊ လော့အိန်ဂျလိစ် စာပေဟောပြောပွဲ အမှတ်တရ)


Saturday, December 13, 2008

Belu island


ဘီလူးကျွန်း
အောင်ဝေး

ပင်လယ်ကိုငေးနေတာ မဟုတ်ဘူး
ပင်လယ်က ဆွေးနေတာလည်း မဟုတ်ဘူး။

သံလွင်ကို ခွဲသွားတာမဟုတ်ဘူး
သံလွင်က ပစ်သွားတာလည်း မဟုတ်ဘူး။

မော်လမြိုင်ကို မျှားနေတာမဟုတ်ဘူး
မော်လမြိုင်က ဟပ်နေတာလည်း မဟုတ်ဘူး။

တောင်တန်းကို လွှဲသိပ်နေတာမဟုတ်ဘူး
တောင်တန်းက လှဲအိပ်နေတာလည်း မဟုတ်ဘူး။

ဘ၀ကို ရေဆန်ထဲ နှစ်မြှုပ်ခိုင်းတာမဟုတ်ဘူး
ဘ၀က လေစုန်နဲ့ မျှောလိုက်သွားတာလည်း မဟုတ်ဘူး။

ဒီကျွန်းပေါ်မှာ
လူဟာ လင်းယုန်ငှက်က ဆင်းသက်လာသတဲ့
ဒီကျွန်းကို 'လင်းယုန်ကျွန်း'လို့ ခေါ်ရမယ်။

အို - ဟိုမှာ 'လ'ထွက်လာပြီပဲ
တို့ ညနဲ့အတူ ပျံသန်းကြဦးစို့လေ။ ။

[ မူရင်း - မဟေသီမဂ္ဂဇင်း၊ ၂၀၀၇ မတ်လ ]



Thursday, December 4, 2008

aung way in LA - 2

ဆရာမောင်သာရ ဆရာမောင်စွမ်းရည်တို့နှင့် အမှတ်တရ

Tuesday, December 2, 2008

aung way in LA


( ဘလော့ဂ်မွမ်းမံသူမှတ်ချက် - အတု၂ယောက်နဲ့ ဓာတ်ပုံတွဲရိုက်တဲ့ အစစ်၂ယောက်၊ ကဗျာဆရာ မောင်စွမ်းရည်၊ မာရီလင်မွန်ရိုး၊ ကဗျာဆရာအောင်ဝေး၊ ချာလီချက်ပလင်၊ hollywood blvd, Los Angeles, CA )

Monday, December 1, 2008

poem for Saya Zawgyi

တိုင်းပြုပြည်ပြု ယဉ်ကျေးမှု

လောစကခန်း၊ ဗေဒါလမ်းမှ
လွမ်းစိတ်ဖြတ်သန်း၊ ပုလံလမ်းသို့ … ။

ပန်းပေါင်းတရာ၊ မှိုင်းဋီကာမှ
တရာလမင်း၊ ညီသစ်ဆင်းသို့ … ။

အေသင်မြို့ပြ၊ ဒဿနမှ
မြန်မာ့ရသ၊ အမတသို့…။

သြော် … ဆော့ခရတ္တိ၊ ပညာရှိမှ
က၀ိန်မွန်လတ်၊ ဇော်ဂျီမြတ်သို့ …
ဦးညွတ်ကော်ရော်၊ ငါပူဇော်သည်
ခေါ်ပါ့သာဓု၊ နတ်လူထု
စာဆို့ကောင်းမှု၊ မျှဝေစု
တိုင်းပြည်ပြည်ပြု၊ ယဉ်ကျေးမှု။ ။

ဆရာဇော်ဂျီ၏ ရာပြည့်မွေးနေ့သို့

(မူရင်း - အမျိုးသားစာဆိုဆရာဇော်ဂျီနှင့် မြန်မာကဗျာဆရာတစ်ရာ စာအုပ်၊ ၂၀၀၆ ၊ ဒီဇင်ဘာ)





Thursday, November 27, 2008

Cherry Mag poem 01


ခြင်္သေ့စောင့်တဲ့ နှင်းဆီခင်း
အောင်ဝေး

ဦးခေါင်းထဲကစောင်းအိုး
ကဗျာနိုးတဲ့ ညဥ့်နက်နက်
အိပ်မက်ခိုးဖို့
နှိုးခတ်စရာ တေးကြိုးမရှိ။

ကဗျာမပွင့်တဲ့ရင်ထဲ
ရဲမြ မြားရိုင်း
မုန်တိုင်းကြဲချ
ဘ၀ အလွမ်းဇာတ်မှာ
ပစ်ခတ်စရာ လေးကိုင်းမရှိ။

ဒါပေမယ့် …
မြစောင်းအိုးမှာ
တေးကြိုးမရှိလဲ
ပန်းတစ်ခင်းရှိ
သံစဉ်ကိုသိတယ်။

မြားတံရိုင်းမှာ
လေးကိုင်းမရှိလဲ
အိပ်မက်တစ်ခုရှိ
သားကောင်ကိုသိတယ်။

ကြည့်လေ …
ဒီမှာစောင်းအိုး
မြားကို တေးကြိုးလုပ်။

ဒီမှာမြားရိုင်း
စောင်းကို လေးကိုင်းလုပ်။

အဲဒီအခါ
ကမ္ဘာပေါ်မှာ …
မြားတစ်စင်းနဲ့
သီချင်းနှင်းဆီပွင့်လာတယ်။

စောင်းတစ်လက်နဲ့
အိပ်မက်ခြသေ့င်္ နိုးလာတယ်။

မြားတစ်စင်းနဲ့
စောင်းတစ်လက်
တို့ရဲ့လက်ထဲ
ရဲရင့်ခြင်း
လှပခြင်း
သန်စွမ်းခြင်း
ပျော့ပျောင်းခြင်း
ဖန်ဆင်းလို့ထား
ကဗျာများစွာ
တွေ့လား တွေ့လား
ရှေ့မှာချင်းချင်း တသင်းသင်း
ခြင်္သေ့စောင့်တဲ့ နှင်းဆီခင်း။ ။

(မူရင်း-ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၇ မေလ)


Sunday, November 16, 2008

RFA 23

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၂၃)
၂၀၀၈ နိုဝင်ဘာ ၁၇ ရက်နေ့ ထုတ်လွှင့်ချက်


"နိဂုံးပိုင်း ဖြစ်ပါသည်။"

(အသံနားဆင်ရန် ဤနေရာကို နှိပ်ရန်)

RFA 22

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၂၂)
၂၀၀၈ နိုဝင်ဘာ ၁၀ ရက်နေ့ ထုတ်လွှင့်ချက်


စစ်အစိုးရက ၁၉၈၉ ခုနှစ်ထဲမှာ မင်းကိုနိုင် ခေါင်းဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးပြီးတော့ NLD ပါတီကို ပိုပြီးတော့ ဖိနှိပ်ခဲ့ပုံတွေကို နားဆင်ရမှာပါ။ (အသံ နားဆင်ရန် ဤနေရာကို နှိပ်ရန်)

Thursday, November 13, 2008

Sea Gipsy

ပင်လယ်ဂျစ်ပစီ
အောင်ဝေး


ဆလုံ ပုလဲညို

ဆည်းဆာနေလုံး ပင်လယ်မျို

လှေအိုပေမယ့်

သူ့အချစ်မအို။



Sea Gypsy

Aung Way


Brown pearl Salone

The sun in the twilight

Swallowed by the sea

Though the boat is old

Her love is still young


(Trns: Nyein Wai)


ဟန်သစ်မဂ္ဂဇင်း၊ ၂၀၀၄ မေလ


Monday, November 10, 2008

RFA 21

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၂၁)
၂၀၀၈ နိုဝင်ဘာ ၈ ရက်နေ့ ထုတ်လွှင့်ချက်

အသံနားဆင်ဖို့ ဤနေရာကို နှိပ်ရန်။

Wednesday, November 5, 2008

ရွှေ့ပြောင်းအိပ်မက်


ဧရာဝတီမှ မစ္စစ္စပီသို့ 
ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။

မုဆိုးတွေ စည်းပျက်တော့
ယာခရိုးက
ချိုးလင်းပြာ ငှက်ကလေးလည်း
လွတ်ရာပြေးရတာပေါ့။

တရားမမျှတတဲ့အခါ
ဘ၀ဟာမလုံခြုံပါဘူး။

ရွှေဝါရောင် ညညတွေမှာ
ခဏခဏပြောင်းပြောင်းအိပ်ရတဲ့
ပုန်းခိုကျင်းကလေးတွေ။

ပြေးနေတဲ့ လူရဲ့စိတ်ဟာ
လေးလံလွန်းလှပါရဲ့။

အိပ်မက်ကို မစွန့် လွတ်နိုင်ဘူး
သွားလေရာ
အပင်ပန်းခံ လွယ်လွယ်သွားရတယ်။

ခုလည်းပဲ
ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ်
ကိုယ့်အိပ်မက်နဲ့ ကိုယ်။

မပျော်ပါဘူး
တတိယနိုင်ငံဆိုတာ
ပထမနိုင်ငံမှမဟုတ်တာ။ ။

အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)

Saturday, November 1, 2008

RFA 20

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၂၀)
၂၀၀၈ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်လွှင့်ချက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၉ ခုနှစ် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်မှာ ပုသိမ်မြို့အရောက် NLDူလူငယ်အချို့ ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်း ပုသိမ်ထောင်တွင်းက အတွေ့အကြုံတွေကို တင်ပြပေးထားတာပါ။



အသံနားဆင်ဖို့ ဤနေရာကို နှိပ်ရန်။

Monday, October 27, 2008

maya

မာယာ


မြွေလိုညမှာ

ကောက်နေတဲ့မြစ်ကို ကွေ့ပစ်တယ်

‘အဓိပ္ပာယ်’


ကောင်းကင်ခါးကုန်းကြီး

လှိုင်းတွေ

တစ်လုံးပြီးတစ်လုံး

မြင်းကုန်းနှီးပေါ်တင်လိုက်တယ်

‘အဓိပ္ပာယ်’


အိပ်တန်းဝင်စရာ

ဂျစ်ပစီ

ပင်လယ်ကိုရှာရင်း

ဟောဒီ အရောင်မွဲမွဲ

အတောင်ပံတစ်စုံ

မြစ်ကျိုးအင်းဖြစ်ခဲ့တော့တယ်

‘အဓိပ္ပာယ်’။


အောင်ဝေး

(မူရင်း - မဟေသီမဂ္ဂဇင်း၊ ၁၉၉၆ မေလ)

book review by RFA


RFA ပြင်ပဆောင်းပါးရှင်တယောက်ရဲ့
စာဝိုင်းပေ၀ိုင်း စကားဝိုင်း အစီအစဉ်မှ စာအုပ်အညွှန်း

Click here, please

(မူရင်း - RFA, Oct 22, 2008)

Friday, October 24, 2008

RFA 19

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၉)
၂၀၀၈ အောက်တိုဘာ ၂၅ ရက်နေ့ ထုတ်လွှင့်ချက်

စစ်အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုကို ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းခရီးစဉ်မှာ ဘယ်လိုကျော်လွှားသွားခဲ့သလဲ ဆိုတာကို နားဆင်ရမှာပါ။



အသံနားဆင်ဖို့ ဤနေရာကို နှိပ်ရန်။

Thursday, October 23, 2008

The White Raindow - Burmese Poetry Festival 2006

ဇာဂနာ၊ စောဝေ၊ ဇော်သက်ထွေးနဲ့ အောင်ဝေး ပြီးတော့

၂၀၀၆ အဖြူရောင် သက်တံ အမှတ်တရ

အပိုင်း ၁

မိုးမခ ရုပ်သံ

အောက်တိုဘာ ၂၃၊ ၂၀၀၈

အဖြူရောင် သက်တံ ၂၀၀၆ ကဗျာရွတ်ဆိုပွဲ ဖြစ်ပါတယ်။ ခုခံအားကျဆင်းတဲ့ရောဂါ ကူးစက်ခံထားရတဲ့ မြန်မာကလေးငယ်များအတွက် အဲသည်တုန်းက မြန်မာ အနုပညာ ညီအကိုမောင်နှမတွေရဲ့ အနုပညာအလှူပွဲ တခုဖြစ်ပါတယ်။

ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသူတွေက ၂၀၀၇ စက်တင်ဘာအရေးအခင်းမှာ ပြည်ပမဲဇာရောက်ခဲ့ရသူ အောင်ဝေး၊ အဲဒီနောက် ကဗျာတပုဒ်နဲ့ အကျဉ်းကျနေသူ စောဝေ၊ ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းမှာ အဖမ်းဆီးခံခဲ့ရတဲ့ ဇာဂနာ၊ ဇော်သက်ထွေးတို့တွေ အပါအ၀င် ဖြစ်ပါတယ်။

သူတို့တွေကို အမှတ်တရ အနေနဲ့၊ ပြီးတော့ စစ်အစိုးရဖိနှိပ်မှုတွေကြောင့် ခုချိန်မှာ ခိုကိုးရာမဲ့ ချို့တဲ့လျက်ရှိနေတဲ့ HIV ရောဂါသင့် ကလေးသူငယ်များ အားလုံးသို့

၂၀၀၆ တုန်းက ထိုးခဲ့တဲ့ခေါင်းလောင်း …

အခု … လက်ဆင့်ကမ်းလိုက်တဲ့ …

လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်းသံ …

ကဗျာ …

ဒီနေရာက သွားကြည့်နိုင်ပါပြီ - MoeMaKa Dot Net Video Archives

RFA 18

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၈)
၂၀၀၈ အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်လွှင့်ချက်

ပုသိမ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD လူငယ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ရပ်တည်ခဲ့ပုံကို နားဆင်ရမှာပါ။

အသံနားဆင်ဖို့ ဤနေရာကို နှိပ်ရန်။

Tuesday, October 14, 2008

poem for people living with HIV


ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက ဂလိုဘယ်တော့ ဆန်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက မုန့်လုံးတော့ စက္ကူကပ်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက ဂျင်ဆန်းမီနဲ့တော့ လမ်းလျှေက်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That's why we call it " White Raibow "


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
မိဘမေတ္တာ ငတ်နေတဲ့ ကလေးတွေပေါ့


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
အကြင်နာ ဂရုနာ လိုအပ်နေတဲ့ ကလေးတွေပေါ့


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
အပြစ်မဲ့တဲ့ ဓားစာခံလေးတွေပေါ့

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That's why we call it " White Raibow "

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက လမ်းပြမြေပုံအတိုင်း သွားဖို့ပြောနေတယ်
ကလေးတွေခမျာ ပန်းတိုင်ပျောက်နေရပြီ

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက ဘော့လုံးပွဲကြည့်ပြီး ငြိမ့်နေတယ်
ကလေးတွေခဗျာ ချောက်အိမ်မက်ထဲ ကျနေရပြီ

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက AIDS တိုက်ဖျက်ရေး ဆွေးနွေးနေတယ်
ကလေးတွေခမျာ HIV ပိုးကူးစက်ခံနေရပြီ

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That's why we call it " White Raibow "

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတို့လေးတွေ အသက်ရှင်ရပ်တည်ဖို့
ကျွန်တော်တို့ရဲ့ အသက်ရှင်ခြင်းကို ဖဲ့ဝေပေးရမယ်

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတို့လေးတွေ ပျော်ရွှင်ချမ်းမြေ့သွားဖို့
ကျွန်တော်တို့ရဲ့ ပျော်ရွှင်ခြင်းကို မျှဝေပေးရမယ်

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတိုလေးတွေအိပ်ရေးမပျက်စေဖို့
ကျွန်တော်တို့ရဲ့ ညတွေကို လုံခြုံပေးရမယ်

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်


ဒီကဗျာကို အောင်ဝေးက ရေးစပ်ခဲ့ပြီးတော့
အောင်ဝေးနဲ့ ရွန်းစိမ့်စိမ့် လမင်းဝေး တို့က ရွတ်ဆိုခဲ့တာပါ

HIV မိဘမဲ့ ဝေဒနာသည် ၁၃ ယောက်ကို စောင့်ရှောက်ထားတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက သုခရိပ်မြုံ ဂေဟာအတွက် မန္တလေးမှာ အလှုသွားခံစဉ်က ကျပ်သိန်းတစ်ရာကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့် မန္တလေးမှာ ကဗျာရွတ်ပွဲ ကျင်းပခွင့်မရခဲ့ပါဘူး။
ဒါကြောင့် ဆရာအောင်ဝေးက ဒီကဗျာလေးကို မန္တလေးကို အကြွေးဆပ်တဲ့ အနေနဲ့ ရွှတ်ဆို ခဲ့တာပါ ဟု အဖြူရောင်သက်တံ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။


Monday, October 13, 2008

RFA 17

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၇)
၂၀၀၈ အောက်တိုဘာ ၁၀ ရက်နေ့ ထုတ်လွှင့်ချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် တစိတ်တဒေသ အကြောင်းကို နားဆင်ရမှာဖြစ်ပါတယ်။

အသံနားဆင်ဖို့ ခေါင်းစဉ် RFA 17 ကို နှိပ်ပါ။ သို့မဟုတ် Read More ကို နှိပ်ပါ။





Friday, October 10, 2008

မမခင်ဦးစံပယ်သို့ တမ်းချင်း (၃)

မမခင်ဦးစံပယ်သို့ တမ်းချင်း (၃)
အောင်ဝေး
အောက်တိုဘာ ၁၀၊ ၂၀၀၈

မစ်ရှီဂန်မှာတော့
တဆောင်းသစ်ပြန်ပေါ့။

ကျနော့်တိုင်းပြည်ကလေးပေါ်မှာ
ဒုက္ခမိုးတွေ စွေစွေရွာနေရော့မယ်
ကျနော်သိတယ်။

ရွှေဝါရောင်အောက်မေ့ဖွယ်
ရန်ကုန်လမ်းမတွေ
သွေးနဲ့ မျက်ရည် မတိတ်သေးဘူး
ကျနော်သိတယ်။

လေပြင်းတွေမတိုက်ပါစေနဲ့ 
မုန်တိုင်းတွေမလာပါစေနဲ့ ။

ဝသန်မိုးဟာ အငြိုးကြီးတော့မယ်
နွားရိုင်းသွင်းချိန်
ကလေးတွေအပြင်မထွက်ပါစေနဲ့ ။

ဒီမှာတော့
နီလာသိန်းအဖမ်းခံရတဲ့နေ့က
နယူးဂျာစီရောက် တင်းမိုးလွင်ရယ်လေ
တယ်လီဖုန်းထဲမှာ ရှိုက်ကြီးတငင် ငိုရှာတယ်။

၂၀၀၈ ဟာ အဆုံးအရုံးတွေ ကြီးလွန်းလှတယ်
ဒိုရာသန်းအေး(ဘိလပ်ပြန်သန်း)
ပဒိုမန်းရှာ
လူထုဒေါ်အမာ
မေရှင်
၂၀၀၈မှာ
ကျနော်တို့ ပေးဆပ်လိုက်ရတာတွေ များလွန်းပါရဲ့။

ကျနော်တို့  ပြန်ရလိုက်တာကတော့
ဦးဝင်းတင်တယောက်တည်းပါပဲလေ။

မနေ့က အင်တာနက်မှာ ဖတ်လိုက်ရတယ်
အင်းစိန်က ဈေးသည်မလေးတွေ
ဦးဝင်းတင် အိမ်ရှေ့ သွားချောင်းကြည့်ကြတယ် တဲ့။

“ဒီဆရာကြီးက ငါတို့ ဘ၀တွေကို
ကယ်တင်ပေးနိုင်လိမ့်မယ်”

ဈေးသည်မလေးတွေ ယုံကြည်သလို
ကျနော်တို့ ယုံကြည်ဖို့ လိုတယ်။

ယုံကြည်ချက်က
မြားကိုဖြောင့်စေတယ်
တရားကို စောင့်စေတယ်။

ယုံကြည်ချက်က
ဓားကို ထက်စေတယ်
အားကို တက်စေတယ်။

ယုံကြည်ချက်က
တပ်ဦးကနေ ချီလိမ့်မယ်။

ယုံကြည်ချက်က
အလံကို မြင့်မြင့်ထူလိမ့်မယ်။

မကြာခင်
ဇာတ်သိမ်းခန်းရောက်တော့မယ်။

တကယ်ပါ
အမေရိကန်ဆောင်းဦးပေါက်မှာ
တယောက်တည်း
တိုင်းပြည်ကို လွမ်းရတာ
အရသာ အရှိဆုံးပါပဲ။ ။

အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)
( မူရင်း - http://boboburma.blogspot.com/ )

Tuesday, October 7, 2008

စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့

စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့
{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }

ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းဟာ 'ခေတ်စမ်း'ကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။ ပထမဆုံး ခေတ်စမ်းကဗျာရယ်လို့ သတ်မှတ်တဲ့ 'ပိတောက်ပန်း' (ဇော်ဂျီရေးတယ်) ဟာ ၁၉၂၈ မှာထွက်ပေါ်လာခဲ့တယ်။ 'ခေတ်စမ်းကဗျာများ' ဆိုပြီး စာအုပ်အနေနဲ့ကတော့ ၁၉၃၄ မှာ ထုတ်ဝေခဲ့တာပါ။ ခေတ်စမ်းကဗျာများထဲကမှ ပထမဆုံး လေးလုံးစပ် ကဗျာ ဆိုပြီး သတ်မှတ်ခဲ့တာကတော့ ဆရာဇော်ဂျီရဲ့ 'ကြောင်မနက်ပြာ'(၁၉၃၁)ကိုပဲ ဖြစ်ပါတယ်။

ခေတ်စမ်းကဗျာလှုပ်ရှားမှုကို ဇော်ဂျီဦးဆောင်ပါတယ်။ ခေတ်စမ်းရဲ့ အဓိက ကဗျာဆရာ Major Poet ရယ်လို့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကို သတ်မှတ်ကြပါတယ်။

ခေတ်စမ်းနဲ့ တပြိုင်နက်တည်းမှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း စာဆိုနေခဲ့ပါတယ်။ အဲဒီ ၁၉၃၀ ၀န်းကျင်ဟာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဒီရေမြင့်သစ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ခေတ်စမ်းတို့၊ မှိုင်းတို့နဲ့ ခေတ်ပြိုင်မှာပဲ နဂါးနီစာပေလှုပ်ရှားမှု ဆိုတာလည်း မြန်မာစာပေသမိုင်းမှာ ဖြစ်ထွန်းခဲ့တာပါ။

ခေတ်စမ်းရဲ့နောက် ပေါ်ပေါက်ခဲ့တာကတော့ 'စာပေသစ်' ဖြစ်ပါတယ်။

စာပေသစ် လှုပ်ရှားမှုကို ဒဂုန်တာရာက ဦးဆောင်ပါတယ်။

စစ်မဖြစ်ခင်ခေတ် ၁၉၃၀-၃၉၊ ၁၃၀၀ပြည့်အရေးတော်ပုံ၊ ၁၉၃၉-၄၅ ဒုတိယကမ္ဘာစစ်ကြီးတလျှောက် မြန်မာစာပေ၊ မြန်မာကဗျာသမိုင်းဟာ ဆက်လက် စီးဆင်းလာခဲ့ပြီးတော့ စစ်ပြီးတဲ့ခေတ် လွတ်လပ်ရေးရယူတဲ့ ၁၉၄၈ ခုနှစ်တလျှောက်မှာ နောင်အခါမှာ 'စာပေသစ်'ဆိုပြီး ဖြစ်တည်ထွန်းကားလာမယ့် မြန်မာကဗျာ၊ မြန်မာစာပေ လှုပ်ရှားမှုရဲ့ အဦးအစ ရောင်ခြည်ဟာ ဒဂုန်တာရာက 'တာရာမဂ္ဂဇင်း'(၁၉၄၆-၅၀)ကို စတင်ထွန်းညှိလိုက်ရာက ပေါ်ပေါက်လာတာ ဖြစ်လို့ ဆိုရပါမယ်။

'စာပေသစ်'ဟာ 'ယဉ်ကျေးမှုသစ်'ကို အခြေခံခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ ဒဂုန်တာရာက အခုလို ရေးသားခဲ့ဖူးပါတယ်။

'ဤ ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ် စသော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု အရေးတော်ပုံကြီးသည် ယဉ်ကျေးမှုသစ် ရာဇ၀င်ခန်းကို စတင်ခဲ့ပေသည်။ ယဉ်ကျေးမှုသစ်သည်ကား အဘယ်နည်း။ နယ်ချဲ့ယဉ်ကျေးမှု၊ အရင်းရှင်ယဉ်ကျေးမှုတို့ကို ဆန့်ကျင်သော လုပ်သားလူတန်းစား ပြည်သူ၏အကျိုးကို ဆောင်သော ယဉ်ကျေးမှုကား ယဉ်ကျေးမှုသစ်တည်း။ အမျိုးသားမှုပေါ်တွင်တည်၍ လုပ်သားလူတန်းစား၊ ပြည်သူ့အင်အားသစ်နှင့် လွတ်လပ်စွာ ပြုနိုင်သည့် အထွေထွေ ယဉ်ကျေးမှုဘ၀တွင် နေထိုင်ရပေမည်။ ယဉ်ကျေးမှုသစ်ထဲတွင် စာပေသစ်၊ အနုပညာသစ်၊ လူများစုအကျိုးကို ဆောင်နိုင်မည့် သိပ္ပံပညာရပ်များ ပါဝင်ကြလေသည်' (တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၀)

ဒါက ယဉ်ကျေးမှုသစ်။ ယဉ်ကျေးမှုသစ်ထဲက အင်အားတခုက စာပေသစ်။ စာပေသစ်ဆိုတာ ဘာလဲ။ ဘာကြောင့် စာပေသစ်ရတာလဲ။ တနည်း ဘာကြောင့် ကဗျာသစ်လဲ။ ဒဂုန်တာရာက ဘာ့ကြောင့် စာပေသစ်ကို ကြွေးကြော်ခဲ့တာပါလဲ။

စာပေသစ်ဟာ မြန်မာကဗျာ၊ မြန်မာစာပေ ရေစီးကြောင်းရဲ့ အဆက်သမိုင်း ဖြစ်ပါတယ်။ ခေတ်စမ်းကဗျာလှုပ်ရှားမှု(၁၉၃၀)ရဲ့ နောက်ပိုင်းမှာ စာပေသစ်လှုပ်ရှားမှု(၁၉၅၀)ရယ်လို့ ပေါ်ထွန်းလာတဲ့အခါ မြန်မာ ကဗျာဟာလည်း 'သစ်'လာခဲ့ပါတော့တယ်။

မြန်မာကဗျာ ဘယ်လို သစ်လာခဲ့သလဲ။

အရင်ဆုံး စာပေသစ်ရဲ့ သဘောထားများကို ပြန်လည်သုံးသပ်ကြည့်ရပါမယ်။

စာပေသစ်ခေါင်းဆောင် ဒဂုန်တာရာက စာပေသစ်မဂ္ဂဇင်း၊ ၁၉၅၀ မတ်လ ခေါင်းကြီးမှာ-

'စာပေဟောင်းသည် ဘာလဲ၊ ပဒေသရာဇ်စာပေ၊ အရင်းရှင်စာပေသည် စာပေဟောင်းဖြစ်ပေသည်။ ဤစာပေဟောင်းတို့သည် လုပ်သားလူတန်းစားနှင့် ဆန့်ကျင်သည်။ စာပေဟောင်းသည် လက်ရှိ အရင်းရှင် လူ့ဘောင်ကို ချီးကျူးသည်။ စာပေဟောင်းသည် လူထု၏ တော်လှန်ရေးအခန်းကို ဖုံးကွယ်ကာ အရင်းရှင်လူနည်းစု၏ အကြောင်းကိုသာ ပြသည်။ စာပေဟောင်းသည် လက်ရှိလူမှုစနစ်တွင် တင်းတိမ်ရောင့်ရဲကာ နောက်သို့ ဆုတ်သည်။ ဖောက်ပြန်သည်။

စာပေသစ်သည်ကား စာပေဟောင်းမှ ဆန့်ကျင်နေပေသည်။

စာပေသစ်သည် လုပ်သားလူတန်းစားဘက်မှ နေသည်။ စာပေသစ်သည် လက်ရှိအရင်းရှင် လူ့ဘောင်ကို ဝေဖန်စစ်ဆေးသည်။ စာပေသစ်သည် လူထု၏ တော်လှန်ရေးအခန်းကို ဖော်ထုတ်ကာ လူထု၏ဘ၀ကို ပြသည်။ စာပေသစ်သည် လက်ရှိလူမှုစနစ်ကို မကျေနပ်ဘဲ ရှေ့သို့ ချီသည်။ တိုးတက်သည်။

စာပေသစ်သည် ပြည်သူလူထု၏ အင်အားသစ်ကို ယုံကြည်သည်။ စာပေသစ်သည် လူမှုဆက်ဆံရေးစနစ်ကြီးကို ထင်ဟပ်ရမည်ဟူသော သရုပ်ဖော်ဝါဒကို ကျင့်သုံးကာ စာပေသစ်ကို ရေးကြရပေမည်။ ပြည်သူ၏ဘ၀ကို ဖော်ပြသည့် စာပေကို ရေးကြရပေမည်။

သို့တည်းသာ မဟုတ်ပေ။

စာပေသည် ပညာရေးအစိတ်အပိုင်းတရပ် အဖြစ် ပြည်သူကို လမ်းညွှန်သဖွယ် ဖြစ်ရပေမည်'တဲ့။

အဲဒါ စာပေသစ်ရဲ့ အယူအဆ အခြေခံမူဝါဒပဲ ဖြစ်ပါတယ်။

စာပေသစ်ဟာ ခေတ်စမ်းရဲ့ နောက်တဆက် စာပေသမိုင်းဖြစ်တယ်။ ဘာပဲပြောပြော ခေတ်စမ်းက စတင်လိုက်တဲ့ ကဗျာတော်လှန်မှုကို စာပေသစ်ကလည်း ဆက်လက် ကိုင်စွဲခဲ့တယ်လို့ ဆိုရပါမယ်။

စာပေသစ်ရဲ့သဘောထားမှာ ခေတ်စမ်းနဲ့ ပတ်သက်လို့ ဘယ်လိုရှိသလဲ ဆိုတော့ -

'ခေတ်စမ်းစာပေသည် စံတော်ဝင် သမားရိုးကျ ရိုးရာအစဉ်အလာကို တိုက်ဖျက်ခဲ့ပေသည်။ ခေတ်စမ်းစာပေသည် ရှေးဟောင်းစာပေမှ တောက်ပသည့် အသုံးအနှုန်းများကိုကား ပြန်လည်ဆန်းသစ်ခဲ့ပေသည်။

ထက်သန်သော မြန်မာစာပေမှု အမွေအနှစ်ကို ကောင်းစွာ ဆက်ခံရရှိသဖြင့် စာပေပီသကြပေသည်။ သို့သော် ထိုခေတ်က လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးအခြေအနေကိုတော့ မဖော်ပြကြပေ' လို့ ဒဂုန်တာရာက ဆိုပါတယ်။ (ရှုမ၀၊ ၁၉၅၀)

ဆက်လက်ပြီး ဆရာဒဂုန်တာရာက -
'ဆရာကြီး(သခင်ကိုယ်တော်မှိုင်း)၏ အမျိုးသားလူထုတေးသံမှာ မြန်မာပြည် တပြည်လုံးတွင် ပဲ့တင်ရိုက်ခတ် မြည်ဟည်းလျက်ရှိစဉ် ခေတ်စမ်းကဗျာဆရာများမှာ သဇင်ပန်းနှင့် ဖိုးခေါင်ငှက်တို့တွင် စိတ်ကူးသစ် မြူးကွန့်လျက်ရှိနေပေသည်။

ဤသို့ဖြင့် ခေတ်စမ်းကဗျာသည် စိတ်ကူးဆန်းသစ်ခြင်း၌ ထက်သန် ဖွံ့ဖြိုးသလောက် ခေတ်အခြေအနေကို ထင်ဟပ်ဖော်ပြရာ၌ကား လစ်ဟင်းပေသည်။ ပဒေသရာဇ် စာပေမှ ရုန်းကန်သော်လည်း အရင်းရှင် နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေး အထိကား တိုးတက်နိုးကြားခြင်းသို့ မရောက်ခဲ့ပေ။

သို့သော် ထိုခေတ်အခါကမူ ခေတ်စမ်းသည် စာပေလှုပ်ရှားမှုတရပ်အဖြစ်ကား ဂယက်ရိုက်ခဲ့ပေသည်' တဲ့။ (သွေးသောက်၊ ၁၉၅၃)

အဲဒီလို ခေတ်စမ်းရဲ့ အားနည်းချက်(လို့ ယူဆရတဲ့ကိစ္စ)ကို စာပေသစ်က ထောက်ပြရုံတင်မကဘဲ ခေတ်စမ်းရဲ့ အားသာချက်အဖြစ်လည်း ဒဂုန်တာရာက ဒီလို ဖော်ပြပါတယ်။

'ခေတ်စမ်းစာပေသည် ရိုးရာအစဉ်အလာကို တော်လှန်ရာ၌ အနုပညာအရည်အချင်း ရှိပေသည်။ စာပေအခြေခံ အင်အား ရှိပေသည်။ ထို့ကြောင့်သာလျှင် အောင်မြင်ခြင်း ဖြစ်ပေသည်။ စာပေတော်လှန်ရေး၌ စာပေအခြေခံ အင်အားသစ် မရှိလျှင် မအောင်မြင်နိုင်ပေ။ အဟောင်းကို ဖက်ပြိုင်ရာ၌ အသစ်သည် အင်အားမခိုင်မာပါက မထွန်းသစ်နိုင်ပေ။ (ရှုမ၀၊ ၁၉၅၀)

ဒါတွေဟာ ဒဂုန်တာရာရဲ့ (စာပေသစ်ရဲ့) ခေတ်စမ်းအပေါ် မှတ်ချက်တွေပါပဲ။

ဒီလောက်အထိ ပြန်ကောက်ကြည့်ရရင် -

စာပေသစ်က လူမှုဆက်ဆံရေးစနစ်(နိုင်ငံရေး)ကို ထင်ဟပ်တယ်။ သရုပ်ဖော် ၀ါဒကို ကျင့်သုံးတယ် လို့ တွေ့ရပါမယ်။ ခေတ်စမ်းကတော့ လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးကို မထင်ဟပ်ဘူး။ ဒါပေမဲ့ အနုပညာမှု အရည်အချင်း ရှိတယ်။

ဆိုလိုတာက ခေတ်စမ်းဟာ နိုင်ငံရေးအရ ထင်ဟပ်မှု အားနည်းသော်လည်း အနုပညာအရ (အနုပညာမြောက်မှု) အရည်အချင်း ရှိခဲ့တယ် လို့ သတ်မှတ်တဲ့ စာပေသစ် အနေနဲ့ကတော့ 'နိုင်ငံရေးကို ထင်ဟပ် သရုပ်ဖော်'ဖို့ အားသန်ခဲ့တယ်လို့ ဆိုရပါမယ်။

ဥပမာ - ဒဂုန်တာရာရဲ့ 'မတ်လတော်လှန်ရေး'(၁၉၄၇)၊ 'မီးလောင်မြေ'(၁၉၅၀) စတဲ့ ကဗျာများကို ကြည့်နိုင်ပါတယ်။

ဆက်ပြီးပြောရမယ်ဆိုရင် အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀) ဆိုပြီး မြန်မာစာပေ(ကဗျာ)ဟာ အမျိုးသားလွတ်မြောက်ရေးနဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ အမျိုးသားပြန်လည် ထူထောင်ရေး သမိုင်းကြောင်းတလျှောက် ချီတက်ခဲ့ရာမှာ နောက်စခန်း အဆင့်ဆင့်တွေကတော့ မြန်မာကဗျာရဲ့ သမိုင်းမှာ မန္တလေးတက္ကသိုလ် ကဗျာခေတ် (၁၉၆၀)၊ မိုးဝေကဗျာခေတ်(၁၉၇၀) ဆိုတဲ့ ကဗျာလှုပ်ရှားမှုတွေကနေမှတဆင့် ဒီကနေ့ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ရောက်ရှိလာခဲ့တာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

စာပေသစ်ဟာ သူ့ရဲ့အဆက်သမိုင်းအဖြစ် မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု၊ မိုးဝေကဗျာလှုပ်ရှားမှုတွေကို ပွင့်သစ်စေခဲ့တယ်လို့ ဆိုရပါမယ်။

အဲဒီလို ကဗျာလှုပ်ရှားမှုသစ်တွေ ပွင့်သစ်စေခဲ့တဲ့ စာပေသစ်ကိုယ်တိုင်မှာလည်း အတိုက်အခိုက်တွေ ရှိခဲ့တယ် ဆိုတာကိုတော့ ဒီနေရာမှာ ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်။ (ခေတ်စမ်းတုန်းကလည်း ဒီလို အတိုက်အခိုက်တွေကြားကပဲ ဖွံ့ဖြိုးတိုးတက်ခဲ့ရတာဖြစ်)

စာပေသစ်(ဒဂုန်တာရာ)ဟာ ပဋိပက္ခအနေနဲ့ ဘက်နှစ်ခုကို ရင်ဆိုင်ခဲ့ရတာပါ။ ပထမ ပဋိပက္ခဘက်ကတော့ ဆရာအောင်လင်းက ဒဂုန်တာရာကို စာပေသစ်အယူအဆ အမျိုးမျိုးနဲ့ ပတ်သက်ပြီး ကွဲလွဲဆန့်ကျင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယပဋိပက္ခဘက်ကတော့ ဒေါင်းနွယ်ဆွေ ဖြစ်ပါတယ်။ ဒေါင်းနွယ်ဆွေကလည်း ဒဂုန်တာရာကို ဆန့်ကျင်ပါတယ်။

'စစ်ပြီးခေတ် ကဗျာလောက ခေါင်းဆောင်တွေထဲမှာ ဒေါင်းနွယ်ဆွေလည်း ပါတယ်။ ၁၉၅၀-၆၀ အတွင်းမှာ လူငယ်အတော်များများ အားထားတဲ့ ကဗျာဆရာနှစ်ဦးတို့က ဒဂုန်တာရာနဲ့ ဒေါင်းနွယ်ဆွေတို့ ဖြစ်ပါတယ်' (စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၉၁)

'ဒေါင်းနွယ်ဆွေသည် သူ၏စာပေသက်တမ်းတလျှောက် ဒဂုန်တာရာကို ဆန့်ကျင်လာခဲ့သူ ဖြစ်သည်'(ပါရဂူ၊ စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၈၁)

ဒီနေရာမှာ ဒဂုန်တာရာ(စာပေသစ်)က သူ့ရဲ့ အဆက်ရေစီးဖြစ်တဲ့ မန္တလေးတက္ကသိုလ်ကဗျာ၊ မိုးဝေကဗျာတို့ကို ဖူးပွင့်စေရာမှာ ခေတ်ပြိုင်သမိုင်းရဲ့ အချက်တချက် အနေနဲ့ ဆရာဒေါင်းနွယ်ဆွေရဲ့ ကဗျာများကလည်း နောက်ပိုင်း ကဗျာသမိုင်းအတွက် တစုံတရာ သြဇာသက်ရောက်မှု ရှိခဲ့တယ် လို့ ဆိုရင် ရနိုင်ပါတယ်။

ဒီသဘောကို မောင်လေးအောင် မကွယ်လွန်ခင် ရှုမ၀မဂ္ဂဇင်းမှာ နောက်ဆုံးရေးခဲ့တဲ့ 'ကျွန်တော်တို့ရဲ့ အနှစ်နှစ်ဆယ်ကျော်' ဆိုတဲ့ ကဗျာထဲမှာ တွေ့ရပါတယ်။

'ဒဂုန်တာရာ ဒေါင်းနွယ်ဆွေ စတဲ့
တို့ရဲ့ ရှေးကလူများ
လေးစားခဲ့ဖူးပါတယ်' တဲ့။

ဆက်ပြောရရင် ဒဂုန်တာရာရဲ့ စာပေသစ်၊ အဲဒီကနေ အဆင့်ဆင့် ဖြစ်ထွန်းသွားတဲ့ ရေစီးကြောင်းအတိုင်း မြန်မာကဗျာရဲ့ သမိုင်းမှာ ပထမအနေနဲ့ မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုကို ထည့်မပြောဘဲနေလို့ မရပါဘူး။ (ဒုတိယအနေနဲ့က မိုးဝေကဗျာပါ)

မန္တလေးတက္ကသိုလ်ကဗျာနဲ့ ပတ်သက်လို့ ဆရာဒဂုန်တာရာက ဒေါင်းနွယ်ဆွေရဲ့ 'သဘောတရား၏သစ်ရွက်တရွက်'လို ခေါင်းစဉ်မျိုး၊ စကားလုံးမျိုးကို ဝေဖန်သုံးသပ်ရင်း တဆက်တည်း ပြောသွားတာက -

'ယင်းသို့လျှင် မနိုင်မနင်း မပီမသ ထွက်ပေါ်နေကြသော ကဗျာ လင်္ကာများ ကြားထဲမှ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှ ပီသသော ကဗျာစာအုပ်များ ထွက်လာကြသည်ကို တွေ့ရ၍ ၀မ်းမြောက် ကျေးဇူး တင်မိပေသည်။

ယခု ၁၉၆၀ က 'စိတြကဗျာများ'စာအုပ် ထွက်ပေါ်လာပြန်သည်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းသည် ကဗျာဘက်ကို အားပေးသောအဖွဲ့၊ တက်သစ်စ စာရေးဆရာများကို မြေတောင်မြှောက်ပေးသော အဖွဲ့ ဖြစ်သည်ကို တွေ့ရပေသည်' တဲ့။ (ငွေတာရီ၊ ၁၉၆၁)

မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာတွေ 'လမင်းတစ်ရာ' (၁၉၆၃) နဲ့ 'အနီနဲ့အပြာ'(၁၉၆၄)၊ ဒီကဗျာစာအုပ်တွေဟာ မြန်မာကဗျာလောကမှာ လင်းလင်းလက်လက် ရှိခဲ့ကြပါတယ်။

ဆရာမောင်သာနိုးကလည်း မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာများအဖြစ် ရည်ညွှန်းရေးသားခဲ့ဖူးပါတယ်။
['ဟေမန္တခြေမြန်တော်'စာအုပ်(၁၉၉၁)၊ မောင်သာနိုးရဲ့အမှာစာ]

မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားခဲ့သူတွေရဲ့ ကိုယ်တိုင် ပြန်လည် သုံးသပ်ချက်ကိုလည်း အခုလို တွေ့ရပါတယ်။ 'နှင်းဆီခင်းပေါ်ကလမင်း'စာအုပ်၊ (၁၉၉၅) အမှာစာထဲမှာ -

'ရန်ကုန်တက္ကသိုလ် ခေတ်စမ်းစာပေခေတ်မှာ ဇော်ဂျီက ခေတ်စမ်းကဗျာခေါင်းဆောင် ဆိုရင် မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာခေါင်းဆောင်ကတော့ ဘယ်သူဖြစ်မလဲ။ စုပေါင်းလုပ်ဆောင်မှုလို့ ဆိုရမှာပဲ'

အဲဒီလို ရေးခဲ့ပါတယ်။ အဲဒီ အမှာစာထဲမှာပဲ 'မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာလောက (၁၉၆၀) ၀န်းကျင်မှာ' ရယ်လို့ သုံးနှုန်းခဲ့တာကို သတိပြုရပါမယ်။

'ကံ့ကော်ရိပ်မှ အိပ်မက်များ' စာအုပ် (၁၉၉၇) အမှာစာထဲမှာ 'မန္တလေးတက္ကသိုလ်ရဲ့ စာပေသမိုင်းမှာ (၁၉၆၀-၆၅)အတွင်း'ဆိုပြီး ခေတ်ကို ပိုင်းခြားသတ်မှတ်ထားတာ တွေ့ရပါတယ်။

ကဗျာဆရာဟာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် သူ့ခေတ်ရဲ့ ခေတ်ပြိုင်ဖြစ်တယ် လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဆရာဒဂုန်တာရာတို့၊ ဆရာဒေါင်းနွယ်ဆွေတို့နဲ့အတူ ၆၀ ခုနှစ်များ ခေတ်ပြိုင်ထဲမှာ စသဖြင့် မန္တလေးတက္ကသိုလ် ကဗျာကလည်း လှုပ်ရှားနေခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀)၊ မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု(၁၉၆၀) တို့ရဲ့ နောက်မှာ နောက်ထပ် လှိုင်းတလုံးမြင့်တက်လာတဲ့ မြန်မာကဗျာရဲ့ ရေစီးကြောင်းကတော့ 'မိုးဝေကဗျာ' 'မိုးဝေကဗျာလှုပ်ရှားမှု' (၁၉၇၀) ဖြစ်တယ် လို့ ဆိုရပါမယ်။

၁၉၉၀ တ၀ိုက်မှာ 'မိုးဝေကဗျာ'ကို ပြန်လည်စူးစမ်းပြတဲ့ ဂယက်တွေ တော်တော်ထသွားခဲ့ဖူးပါတယ်။

မိုးဝေကဗျာဆိုတာ ဘာလဲ။ မိုးဝေကဗျာ လှုပ်ရှားမှု ဆိုတာ ဘယ်က အခြေခံလာတာလဲ။

မိုးဝေကဗျာရဲ့ မြစ်ဖျားအစဟာ (ခေတ်စမ်းကို လွန်ခဲ့ပြီးတဲ့နောက်မှာ) ပီပီမြည်မြည်ဖြစ်လာတဲ့ စာပေသစ်နဲ့ စာပေသစ်ရဲ့ နောက်တဆင့်ခရီးများ၊ တနည်းအားဖြင့် ၅၀ ခုနှစ်များနဲ့ ၆၀ ခုနှစ်များဆီက စာပေလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မှတ်ချက်တခုကတော့ ဆရာမင်းလှညွန့်ကြူးရဲ့ မှတ်ချက်ပါပဲ။ ဆရာမင်းလှညွန့်ကြူးက မိုးဝေမဂ္ဂဇင်း အမှတ် (၂၀၀)ပြည့် စာတမ်းမှာ အခုလို ရေးခဲ့ပါတယ်။

'၁၉၇၀ ပြည့်နှစ်တ၀ိုက်၌ ကမ္ဘာ့နိုင်ငံရေး(အထူးသဖြင့် ဗီယက်နမ်အရေး)သည် အရှိန်အဟုန်ကြီးမားစွာဖြင့် ကမ္ဘာတခုလုံးကို ကိုင်လှုပ်နေသည်။ ကျူးကျော်စစ်၊ တရားသောစစ်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စသော အသံဗလံများသည် အသက် ၂၀-၃၀ ၀န်းကျင်ရှိ လူငယ်ကဗျာဆရာများ၏ ကဗျာများ ဖြစ်သည်။ ထိုကဗျာများသည် တက်ကြွနိုးကြားနေသော ကဗျာဝါသနာရှင် လူငယ်များ၊ နယ်အသီးသီးမှ ကဗျာရေးသူ လူငယ်များအပေါ် သြဇာလွှမ်းမိုးခဲ့သည်ဟု ယူဆရသည်။ ထိုအချက်သည် 'မိုးဝေကဗျာ'ဟူသော အသုံးအနှုန်း ပေါ်ထွက်လာရခြင်း၏ အကြောင်းတရပ် ဖြစ်နိုင်သည်။

မိုးဝေမဂ္ဂဇင်းသည်လည်း ရေးသူအသစ်များ၊ အထူးသဖြင့် လူငယ် ကဗျာရေးသူများကို အတော်များများ ပွဲထုတ်ပေးနိုင်သဖြင့် လူငယ်ကဗျာရေးသူများ၏ ပထမခြေလှမ်းချရာ ဖြစ်ခဲ့သည်။ ထိုအချက်သည်လည်း 'မိုးဝေကဗျာ'ဟူသော အသုံးအနှုန်း အကြောင်းတရပ် ဖြစ်သည်။

မိုးဝေကဗျာဟူ၍ လူငယ်ကဗျာရေးသူ အများစုက ပြောဆိုနေကြသော အသုံးအနှုန်းသည် လေးလုံးစပ် ဖွဲ့ထုံး၌ လေး-သုံး-နှစ် စည်းကမ်းက ခွဲထွက်သော ကဗျာများကို ညွှန်းသည့်သဘော သက်ရောက်မည် ထင်ပါသည်။ မိုးဝေကဗျာများသည် ကာရန်စည်းကမ်းက ခွဲထွက်သည့် လက္ခဏာသာ ထင်ရှားသည်မဟုတ်ဘဲ အပြောဘာသာစကား သုံးစွဲသော၊ တနည်းအားဖြင့် စကားပြောဟန်တွင် ရှိနေသည်။ အသံစီးဆင်းပုံကို အခြေပြုသော လက္ခဏာသည်လည်း ထင်ရှားပါသည်။ 'မိုးဝေကဗျာ'ဟူသော အသုံးအနှုန်းသည် ဤလက္ခဏာပါရှိသည့် ကဗျာများကိုလည်း ညွှန်းမည်ဟု ယူဆရပါသည်' (မိုးဝေ၊ စက်တင်ဘာ ၁၉၈၄)

၁၉၇၀ တ၀ိုက် စတင်ဖြစ်ထွန်း လှုပ်ရှားပြီး အင်အားကြီးမားလာခဲ့တဲ့ မိုးဝေကဗျာရဲ့ သမိုင်းမှာ ဦးဆောင် ပြုစု ပျိုးထောင်ခဲ့တဲ့ ဆရာနတ်နွယ်က မောင်လေးအောင် နဲ့ မောင်သင်းခိုင်တို့ရဲ့ မိုးဝေကဗျာဖြစ်ပေါ်ရေး ကြိုးပမ်းမှုကို အသိအမှတ် ပြုခဲ့ပါတယ်။ (နတ်နွယ်၊ မိမိနှင့် မိုးဝေမဂ္ဂဇင်း ဆောင်းပါးများ၊ ရွှေဝတ်မှုန်မဂ္ဂဇင်း၊ ၁၉၉၅)

အဲဒီခေတ်ကာလများတုန်းက မိုးဝေကဗျာကို 'ကာရန်မဲ့ကဗျာ' ဆိုပြီး မလိုလားသူတွေက ထိုးနှက်ခဲ့ကြတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာနတ်နွယ်က မိုးဝေကဗျာဘက်က ခုခံချေပချက်အနေနဲ့ -

'ကျွန်တော့်ရဲဘော်တွေဟာ ကဗျာဆရာတွေပါ၊ သူတို့ဟာ ကနေ့ မြန်မာစာပေလောကမှာ ကဗျာကို အင်နဲ့အားနဲ့ ရေးနေကြတဲ့လူတွေ ဖြစ်ပါတယ်။ ကဗျာကို တိုက်ပွဲလက်နက်အဖြစ် လက်ခံထားကြပါတယ်။ သူတို့ရဲ့ ကဗျာလက်နက်ကို ထက်မြက်အောင် မပြတ် အားထုတ်နေကြပါတယ်။ ဒါကြောင့်မို့လည်း သူတို့ကဗျာတွေကို ပြည်သူက အသိအမှတ် ပြုလာတယ်။ လက်ခံလာတယ်။ ဒါနဲ့ တပြိုင်နက်တည်းမှာပဲ အစဉ်အလာသမားတွေ ဖောက်ပြန်ရေးသမားတွေက ဖျက်ဆီးနှောင့်ယှက်ကြတယ်။ ကာရန်မဲ့ကဗျာ ဆိုတာကလည်း အစဉ်အလာသမားတွေနဲ့ ဖောက်ပြန်ရေးသမားတွေရဲ့ စကားလုံးပါပဲ' ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ မတ် ၁၉၇၂)

တဆက်တည်းမှာ ဆရာနတ်နွယ်က အစဉ်အလာ ရိုးရာ လေးလုံးစပ် ပုံစံကနေ လမ်းခွဲလာတဲ့ မိုးဝေကဗျာတွေ အပေါ်မှာ-

'ပုံသဏ္ဌာန်အသစ် ထွင်တာ မဟုတ်ပါဘူး။ အကြောင်းအရာသစ်တွေကို ရေးဖွဲ့ကြတာပါ။ အဲဒီအခါ ပုံသဏ္ဌာန်လည်း အလိုလို သစ်သွားတာပေါ့'လို့ ဆိုခဲ့ပါတယ်။

မိုးဝေကဗျာကို တိုက်ခိုက်ကြသူများဟာ ၇၀ ခုနှစ်တွေ နောက်ပိုင်းမှာလည်း ရှိနေခဲ့တုန်းပါပဲ။ ဒီအချက်ကို ညိုသစ်က ၁၉၉၇ ခုနှစ်ထုတ်၊ 'မိုးဝေကဗျာ(၁၉၇၆-၈၁) (၁၉၈၆-၈၈)' ဆိုတဲ့ စာအုပ်အမှာစာမှာ '(မိုးဝေကဗျာကို) ဆန့်ကျင်ကန့်ကွက်ကြသည့် လှုပ်ရှားမှုအသံသည် ၁၉၈၀ ခုနှစ် ၀န်းကျင်၌ လျှံခဲ့သည်'လို့ ရေးသားထားပါတယ်။

ညိုသစ်ရဲ့သဘောထားကတော့ အဲဒီစာအုပ်အမှာစာထဲမှာပဲ ထောက်ပြထားတာက '၁၉၇၀-၈၀ ခုနှစ် ကာလ၀န်းကျင် မိုးဝေကဗျာသည် ၁၉၇၀-၆၀ ခုနှစ်ကာလက ရေးဖွဲ့လာသော နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး၊ ကျူးကျော်စစ် ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး စသည့် အကြောင်းအရာများ မှိန်ဖျော့အားနည်းလာပြီး ပုဂ္ဂလိက ခံစားမှု နိမိတ်ပုံမျိုးစုံနှင့် ရှုပ်ထွေးသိမ်မွေ့သော အသံစီးဆင်းမှု အားကောင်းသော စကားပြောရစ်သမ်ဖြင့် ရေးဖွဲ့လာကြသည်။ ထိုလွတ်လပ်ကာရန် နှင့် ဖွဲ့သော ခေတ်ပြိုင်ခံစားမှု ကဗျာများကို သဘောမတူကြ၊ အငြင်းပွားကန့်ကွက်ဆန့်ကျင်ကြသည့် ကဗျာဝေဖန်ရေး ဂယက်များ ထကြွလာခဲ့သည်' ဆိုပြီး ရေးပါတယ်။

မိုးဝေကဗျာရဲ့ အလျဉ် ဘယ်က စီးဆင်းလာသလဲဆိုတာနဲ့ ပတ်သက်ပြီး ညိုသစ်က ရေးသားရာမှာ-

'ထိုဆယ်စုနှစ် (၁၉၆၀-၇၀)ကာလကို အကြမ်းဖျင်း ခြုံငုံကြည့်ရှုမှသာလျှင် မိုးဝေကဗျာ၏ ဖြစ်ပေါ်တိုးတက်မှုကို ဆက်သွယ်ပေါင်းစပ်ကြည့်လို့ ရပေမည်' ဆိုပြီး အဲဒီကာလ (၁၉၆၀-၇၀)ရဲ့ ဖြစ်စဉ်တွေဟာ မိုးဝေကဗျာအတွက် အကောင်းဆုံးကုန်ကြမ်းတွေ ဖြစ်တဲ့အကြောင်း ဆိုပါတယ်။

ဒီနေရာမှာ ညိုသစ်ရဲ့ အရေးကြီးတဲ့ မှတ်ချက်တရပ်ကတော့ အဲဒီစာအုပ် ( မိုးဝေကဗျာ၊ ၁၉၇၆-၈၁ နဲ့ ၁၉၈၆-၈၈)စာအုပ် အမှာစာထဲမှာပဲ-

(မိုးဝေကဗျာသည်) သူ့အရင် တည်ရှိပြီးသား ခေတ်စမ်းကဗျာ၊ စာပေသစ် လှုပ်ရှားမှုကဗျာများ၌ ကာရန်ယူနည်း၊ ကာရန်ကိုအသုံးပြုနည်းစနစ် တို့နှင့် ဆန့်ကျင်ခြားနားပြီး လမ်းကြောင်းခွဲထွက်ရပ်တည်ခဲ့သည်။ ခေတ်စမ်းကဗျာနှင့် စာပေသစ်လှုပ်ရှားမှုကာလ ကဗျာများသည် ပုံသဏ္ဌာန် နှင့် ကာရန်စည်းစနစ်ကြောင့် ရုန်းထွက်မရလေအောင် ကဗျာဖွဲ့စည်းမှုနှင့် ပုံသဏ္ဌာန်ဒီဇိုင်းများ တူညီနေသည်ကို တွေ့ရသည်။

၁၉၇၀ ခုနှစ်နောက်ပိုင်း ခေတ်ပြိုင်ခံစားမှုကဗျာသည် လွန်ခဲ့သည့် ခေတ်များ၏ ကဗျာဖွဲ့စည်းတည်ဆောက်ပုံနှင့် မတူတော့။ သီးခြားရပ်တည်လာခဲ့သည်။ အရေးကြီးသည့် ကဗျာလမ်းကြောင်းသစ် ဖြစ်တည်မှုကို ခင်းကျင်းလာခဲ့သည်'ရယ်လို့ တွေ့ရပါတယ်။

မိုးဝေကဗျာနဲ့ ပတ်သက်လို့ မန္တလေးတက္ကသိုလ်ကဗျာခေတ် (၁၉၆၀)ရဲ့ အဓိက ကဗျာဆရာတဦးရဲ့ ကောက်ချက်ကလည်း အရေးကြီးပါတယ်။ သူက 'စာပေအသိနဲ့ အတွေးအခေါ် တဆင့် မြင့်တက်လာတဲ့ ကဗျာလှုပ်ရှားမှု' လို့ အသိအမှတ် ပြုပါတယ်။ (ကံ့ကော်ရိပ်မှအိက်မက်များ စာအုပ် အင်တာဗျူး၊ ကလျာ၊ သြဂုတ်၊ ၁၉၉၇)

အဲဒီ အထိကို ပြန်ပြီး ချုပ်ကြည့်ရင် မြန်မာကဗျာဟာ မိုးဝေကဗျာလှုပ်ရှားမှုခေတ်မှာ လမ်းကြောင်းမှန် အင်အားကောင်း ဖြစ်နေပြီလို့ သုံးသပ်ရနိုင်ပါတယ်။

ဟိုးမြစ်ဖျားအစ စာပေသစ်နဲ့ အခုရောက်ရှိနေတဲ့ မိုးဝေကဗျာတို့ဟာ တစုံတရာ ခြားနားသွားခဲ့ပြီ လို့လည်း ဆိုနိုင်ပါတယ်။

ခေတ်ပြိုင်သမိုင်းခေတ်အလိုက် စာပေသစ်ရော၊ မိုးဝေကဗျာကပါ သူ့ခေတ်ရဲ့ ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့ခဲ့ကြတာချည်းပါပဲ။ သမိုင်းခေတ်ချင်းကတော့ တူချင်မှ တူမယ်။ ခေတ်ကို ထင်ဟပ်ပုံချင်းလည်း ကွဲချင်ကွဲမယ်။ ဒါပေမဲ့ စာပေသစ်ရော မိုးဝေကဗျာပါ ခေတ်ကို ရင်ထဲထည့်ကြည့်တာ၊ ခေတ်ရဲ့အသံကို ထုတ်ဖော်တာ၊ ခေတ်ကို သယ်လာတာတို့မှာ ယေဘုယျ တူညီကြတာပါပဲ။

အဲဒီမှာ သိသိသာသာ ကွဲပြားသွားတာကတော့ ရေးဟန်အပိုင်းပဲ ဖြစ်ပါတယ်။

စာပေသစ် ရေးဟန်များနဲ့ ပတ်သက်လို့ ပြန်ပြီး ခြေရာကောက်ကြည့်ရရင် ဆရာဒဂုန်တာရာရဲ့ သဘောထားတချို့ကို အခုလို တွေ့ရပါမယ်။

'စာပေသစ်သည်ကား အကြောင်းအရာပင် ဖြစ်ပေသည်။ တော်လှန်ရေး အကြောင်းအရာ၊ ဆင်းရဲသား သရုပ်ဖော် အကြောင်းအရာ၊ အရင်းရှင် လူ့ဘောင်အား ဝေဖန်ခြင်း အကြောင်းအရာ စသည်များသာလျှင် စာပေသစ် ဖြစ်၏။

စာပေသစ် အကြောင်းအရာသာလျှင် ရှိ၏။ စာပေသစ် အရေးအသား၊ စာပေသစ်ဟန်ဆို၍ သီးခြားစွာ တကဏ္ဍ ရှိသေးသည် မဟုတ်ပေ။

ဤအကြောင်းအရာများကို မိမိတို့ နှစ်သက် ကျွမ်းကျင်သော ဟန်အမူအရာဖြင့် ရေးသားနိုင်ကြပေသည်။

စာပေသစ်ကို အကဲဖြတ်ရာ၌ စာဟန်ကို အကဲဖြတ်ရန် မဟုတ်ပေ။ အကြောင်းအရာကိုသာလျှင် အကဲဖြတ်ရပေမည်။

ဆန်းသစ်သော အရေးအသားမှာ စာပေသစ်၏ စံ မဟုတ်ပေ။' (သွေးသောက်၊ ၁၉၅၀)

အဲဒီလို စာပေသစ်ရဲ့ အဓိကကိစ္စဟာ အကြောင်းအရာကိစ္စ ဖြစ်တယ် ဆိုတာကို တွေ့မြင်ရပါမယ်။ စာပေသစ်က ဆိုလိုတဲ့အကြောင်းအရာဟာ နိုင်ငံရေးဆန်ပေမဲ့ အနုပညာမှုကိုလည်း မျက်ခြည်မပြတ်ဘူး ဆိုတဲ့သဘောကိုလည်း ဒဂုန်တာရာက အခုလို ပြောဆိုပါတယ်။

'စာပေသစ်သည်ကား နိုင်ငံရေး နှင့် အနုပညာမှု၏ ညီညွတ်သော ပေါင်းစပ်မှုဟု ဆိုခဲ့ရာ နိုင်ငံရေးကို ရေးတိုင်း (၀ါ) အရင်းရှင်စနစ်ကို တွန်းလှန်သည့် တော်လှန်ရေးအကြောင်းအရာကိုရေးတိုင်း စာပေသစ်လာမည်လော။

ဤနိုင်ငံရေးအတွေးအခေါ်ကို အဘယ်ပုံ ဖော်ပြသည်၊ လူတို့၏ စိတ်ဓာတ်၌ ကပ်ငြိ စွဲလန်းအောင် ဘောင်ဝင်ပြနိုင်စွမ်း ရှိသည် ဆိုသော အနုပညာမှုတွင် အကဲဖြတ်ကြည့်ရပေမည်။

စာပေမြောက်မှသာလျှင် စာပေ ဖြစ်လာပေမည်။ စာပေသဏ္ဌာန်ဖြင့် နိုင်ငံရေးကို တင်ပြနိုင်စွမ်း ရှိမှသာလျှင် စာပေသစ်အရောင်ဖြင့် တင့်ထွန်းပေမည်။

ဤသည်ကို ရည်၍ မော်စီတုန်းက "စာပေကို နိုင်ငံရေးကြော်ငြာကတ်ပြားအဖြစ် လုပ်သည်ကို အလိုမရှိ"ဟု သတိပေးလေသည်' (ရှုမ၀၊ ၁၉၅၀)

စာပေသစ်(ဒဂုန်တာရာ)ဟာ 'အနုပညာစံ'ကို ထိန်းသိမ်း ကိုင်တွယ်ခဲ့တယ် ဆိုတာကို တွေ့ရပါမယ်။ အနုပညာစံထဲမှာ 'ရေးဟန်' ဆိုတာကလည်း အရေးကြီး အစိတ်အပိုင်းအနေနဲ့ ပါပါတယ်။ ဒါပေမဲ့ စာပေသစ်က ရေးဟန်ကို အဓိက မပြုခဲ့ဘဲ အကြောင်းအရာကိုသာ အဓိကပြုခဲ့တယ်လို့ ဆိုရပါမယ်။

ရေးဟန်ပိုင်းမှာ ခေတ်စမ်းနဲ့ စာပေသစ်တို့က ကိုင်စွဲခဲ့တဲ့ ကဗျာရေးဟန်ဟာ လေးလုံးစပ်ပဲ အဓိက ဖြစ်ပါတယ်။

ဒီသဘောကို ဆရာမင်းသုဝဏ်ရဲ့ 'ကာလပေါ်လေးလုံးစပ်လင်္ကာသမိုင်း'စာတမ်း (၁၉၆၀) နဲ့ ဒဂုန်တာရာရဲ့ 'လင်္ကာနှင့်ကဗျာ'(ငွေတာရီ၊ ၁၉၆၁)၊ 'လူငယ်နှင့်ကဗျာ'(ရှုမ၀၊ ၁၉၆၂)၊ 'လေးလုံးစပ်လင်္ကာ၏ပျော့ပျောင်းခြင်းနှင့် သန်စွမ်းခြင်း'(ငွေတာရီ၊ ၁၉၆၃) စတဲ့ ဆောင်းပါးတွေမှာ အထင်အရှား တွေ့ရပါတယ်။

၁၉၇၀ မိုးဝေကဗျာ အနေနဲ့ကတော့ စာပေသစ်က ဆိုလိုတဲ့ ခေတ်ပြိုင်ခံစားမှု(အကြောင်းအရာ)ကို ကိုင်တွယ်ရုံတင်သာ မဟုတ်တော့ဘဲ စာပေသစ် (သူ့အရင် ခေတ်စမ်းတို့)နဲ့ မတူတော့တာကတော့ လေးလုံးစပ် ပုံသဏ္ဌာန်ကနေ လွတ်လပ်ကာရန်စနစ်ကို ကူးပြောင်းသွားတဲ့ ရေးဟန်ပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာကလည်း အကြောင်းအရာနဲ့ ပုံသဏ္ဌာန်တို့ရဲ့ ညီညွတ်ပေါင်းစည်းမှု သဘောကို လိုက်နာခဲ့တာပါပဲ။ မိုးဝေကဗျာနဲ့ စာပေသစ် သိသိသာသာ ကွဲပြားလာတဲ့ အချက်ဟာ အဲဒီ ရေးဟန်၊ ပုံသဏ္ဌာန် နဲ့ ပတ်သက်ပါတယ်။

စာပေသစ်ရဲ့ အဓိက ပြဿနာဟာ အကြောင်းအရာပြဿနာဖြစ်ပြီးတော့ ၁၉၇၀ မှာ ရောက်ရှိလာတဲ့ မိုးဝေကဗျာရဲ့ ပြဿနာကတော့ ပုံသဏ္ဌာန်ပြဿနာဘက်ကို ကူးပြောင်းလာပါတယ်။ မိုးဝေကဗျာ(၁၉၇၀)ကို မလိုလားသူတွေက အဓိက ဦးတည် တိုက်ခိုက်ခဲ့တာဟာလည်း အဲဒီ ပုံသဏ္ဌာန်ကြောင့်ပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာရဲ့ ပုံသဏ္ဌာန်က 'အစဉ်အလာ လေးလုံးစပ် ပုံစံက လမ်းခွဲပြီး အပြောဘာသာစကားကို သုံးစွဲ'(မင်းလှညွန့်ကြူး) လာရုံတင် မကတော့ဘဲ 'ပုဂ္ဂလိကခံစားမှုကိုပါ နိမိတ်ပုံများနဲ့ လွတ်လပ်စွာ ရေးဖွဲ့'(ညိုသစ်)လာတဲ့ ပုံသဏ္ဌာန်သစ် ဖြစ်လာပါတယ်။

ဒီနေရာမှာ ဆရာနတ်နွယ် ပြောဆိုတဲ့ အချက် (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်)ကလည်း အရေးကြီးပါတယ်။ အကြောင်းအရာသစ်ကို ရေးဖွဲ့လာတဲ့အတွက် ပုံသဏ္ဌာန်ကလည်း တခါတည်း သစ်ဆန်းလာတာဖြစ်တယ် လို့ ဆရာနတ်နွယ်က ဆိုခဲ့ပါတယ်။

ဒါကြောင့် မြန်မာကဗျာ ဖြတ်သန်းရောက်ရှိလာတဲ့ မြန်မာကဗျာရဲ့ အရေးကြီးတဲ့ ရေစီးကြောင်း အလှည့်အပြောင်း တခုပဲ ဖြစ်ပါတယ်။

အဲဒီအလှည့်အပြောင်းကြားမှာပဲ မြန်မာကဗျာဟာ ဒီနေ့ ရောက်နေတဲ့ 'ခေတ်ပေါ်ကဗျာ'အဆင့်ကို ပြောင်းလဲသွားဖို့ အရေးကြီးတဲ့ အချိုးအကွေ့တခု၊ တနည်းအားဖြင့် မောင်းနှင်အားတခုကို ရင်ဆိုင်လိုက်ရပါတော့တယ်။

အဲဒါကတော့ 'ထင်းရှုးပင်ရိပ်'(၁၉၆၈) စာအုပ်ထဲကနေ 'မော်ဒန်ဆိုလို့ မူလို့မှ ရှူစရာ မရှိဘူး' ဆိုပြီး ဝေဖန်လိုက်တဲ့ မောင်သာနိုးရဲ့ တောင်းဆိုချက်ပါပဲ။

မိုးဝေကဗျာ လှုပ်ရှားနေတဲ့ တပြိုင်နက်တည်းမှာ မောင်သာနိုးက 'မော်ဒန် ပေါယဲ့ထရီ'(ခေတ်ပေါ်ကဗျာလို့လည်း ဆိုတယ်) ကို တောင်းဆိုလိုက်တ့အြခါ ပထမဆုံး ထခဲ့တဲ့ ဂယက်ကတော့ 'ဝေါဟာရပြဿနာ'ဂယက်ပါပဲ။ (ဒုတိယကတော့ 'အတတ်ပညာ'ဂယက်ပါ။ မောင်လေးအောင်က -
အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ကဗျာကို
ပညာတတ်ကြိမ်လုံးနဲ့
တအုန်းအုန်းထုရိုက်တယ်
ဆိုပြီး မောင်သာနိုးကို ၁၉၇၀၊ မိုးဝေမဂ္ဂဇင်းကနေ တုံ့ပြန်ခဲ့)

မိုးဝေကဗျာရဲ့ တာဝန်ရှိသူလို့ ဆိုရမယ့် ဆရာနတ်နွယ်က မိုးဝေကဗျာကို တော်လှန်ကဗျာရယ်လို့ပဲ သတ်မှတ်တဲ့အကြောင်း၊ ခေတ်ပေါ် ဆိုတဲ့ စကားလုံးက ၀ါးလွန်းတယ်ရယ် ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်)

အဲဒီ ၁၉၇၀ တ၀ိုက်မှာ မြန်မာကဗျာလောကအတွက် ဂယက်ရိုက်ခဲ့တဲ့ စာအုပ်တအုပ်အဖြစ်နဲ့ နတ်နွယ်ကူညီပြီး ဒဂုန်တာရာ အမှာရေးခဲ့တဲ့ (မောင်လေးအောင်မပါ) မောင်သင်းခိုင်(ပါ) ၁၀ ဦး (မိုးဝေကဗျာဆရာအများစု)ရဲ့ 'တော်လှန်ကဗျာ' ဆိုတဲ့ စာအုပ် (၁၉၆၉၊ ဒီဇင်ဘာ) ထွက်လာတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီလို မိုးဝေကဗျာ၊ တော်လှန်ကဗျာ ဆိုတဲ့ ရေခံမြေခံထဲကနေပြီး ခေတ်ပေါ်ကဗျာဟာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ် လို့ ကောက်ချက်ချရမှာပါပဲ။


ဒါကြောင့် စာပေသစ်ကနေ ထင်းရှူးပင်ရိပ်အထိဟာ ခေတ်ပေါ်ကဗျာ ဖြစ်တည်ဖို့ မြန်မာကဗျာက လမ်းခင်းလာတဲ့ ရေစီးကြောင်းရှည်ကြီး ဖြစ်ပြီး ၁၉၇၀ ကနေ ၁၉၈၈ အတွင်းမှာ ခေတ်ပေါ်ကဗျာဖြစ်ထွန်းရေး အယူအဆတွေ (ဥပမာ ဇင်နိုးကြူး အယူအဆ) အားကောင်း ခိုင်မာလာခဲ့တယ်လို့ ဆိုရပါမယ်။

အဲဒီကနေမှ မြန်မာကဗျာဟာ အဲဒီ (၁၉၇၀-၈၈) ရေခံမြေခံတွေကို ဖြတ်ပြီး ၁၉၈၉ ခုနှစ်ရဲ့ ဒီဘက်ပိုင်းမှာ စာပေသစ်အရင် ကဗျာများ၊ စာပေသစ်နောက်ပိုင်း ကဗျာများနဲ့ မတူတော့တဲ့ ကွဲပြားခြားနားသွားပြီး ခေတ်ပေါ်ကဗျာ ပီပီမြည်မြည် ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကိုတော့ အဝေးကနေ တဖြည်းဖြည်းချင်း အနီးကို ရောက်အောင် ကြည့်တဲ့နည်းနဲ့ လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ နှစ်ခုကတော့ (၁) ၁၉၈၈ မတိုင်မီ ခေတ်ပေါ်ကဗျာ ဖြစ်ထွန်းရေး နဲ့ (၂) ၁၉၈၈ နောက်ပိုင်း ဖြစ်ထွန်းလာတဲ့ ခေတ်ပေါ်ကဗျာ ဆိုပြီး ဖြစ်ပါတယ်။

ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ဆက်ပြီး လေ့လာသုံးသပ်ဖို့တော့ လိုပါဦးမယ်။

[ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ ၁၉၉၇]

Saturday, October 4, 2008

U Win Tin's poem from Yaw Han Aung's blog

ကျားရဲ

နေပြင်းလျှင် ပြင်း နှင်းမှုန်လည်း မှုန်

စွေ့စွေ့ခုန် အိုက်လိုအိုက်

ခိုက်ခိုက်တုန် ချမ်းလိုချမ်း

အခန်းကျဉ်းကျဉ်း

အလင်းမ၀င် ….. လေမ၀င်

နေမမြင် ….. လမမြင်

လူမမြင် ….. သူမမြင်မှာ

ထိုင်လျှင်ထိုင် ….. မထိုင်လျှင်ငေး

အိပ်လျှင်အိပ် ….. မအိပ်လျှင်တွေး

သတင်းမေးဖို့ဝေးရော ….. သီချင်းလေးမှ မဆိုရ

စါဖတ်ဖို့ ဝေးရော…..ကဗျာလေးမှ မစပ်ရ

တရားဟောဖို့ ဝေးရော ….. စကားလေးမှ မပြောရ

အဟောသိက ….. သံသရာ

ငါ့ကမ္ဘာ ပိစိကွေး

အခန်းကျဉ်းကလေး ….. ပတ်လျှောက်လိုက်

သံတခါးဝ ….. ရပ်လိုက်

တမတ်တပ်တပ် ….. တနေကုန်။

မနေ့ ကလည်း ….. တနေကုန်

ဒီနေ့ လည်း…..တနေကုန်

မနက်ဖြန်လည်း ….. ကုန်အုံးမယ်

ကုန်….. ကုန်….. ကုန်….

ကုန်ချင်သလောက်ကုန်စမ်း..

တရက်ကုန်မလား ….. တသက်ကုန်မလား

တလကုန်မလား ….. တဘ၀ကုန် မလား

တနှစ်ကုန်မလား ….. တခေတ်ကုန်မလား

အားမလျှော့ဘူး ….. မပျော့ဘူး

ပေဖြစ်တော့ခံမယ် ..… တူုဖြစ်တော့ နှံမယ်

အမှန်တရား ….. တို့ဖက်မှာရှိတယ်

ပြည်သူအများ ….. တို့ဖက်မှာရှိတယ်

ကာလယန္တား ….. တို့ဖက်မှာရှိတယ်

ရှင်တော်ဘုရား ….. တို့ဖက်မှာရှိတယ်

သိကြရဲ့လား။

တိရိစ္ဆာန်ရုံ က ကျားလို ..… လှောင်အိမ်ထဲမှာ

တလွန့်လွန့်နဲ့ 

ကျားညွန့်တုံးမယ် ထင်နေသလား …

မှားလိုက်တဲ့အမြင် ..… ဟားတိုက်လို့ ရီချင်စရာ။

မှတ်ထားဟေ့….

အ၀ါပေါ်မှာ … အနက်စင်း…

မပျက်မယွင်း …. ကွက်ကွက်ကွင်း …

အရှင်းသား မလွဲသရွေ့

အထင်းသားစွဲ သရွေ့

ကျားရဲဟာ ကျားရဲ

ငါလည်း….

အဲဒီလိုပဲကွ….. ဟေ။

[ ဦးဝင်းတင် (ဟံသာဝတီ) ၏ ထောင်တွင်းမှကဗျာ ]

RFA 16

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၆)
၂၀၀၈ အောက်တိုဘာ ၃ ရက်နေ့ ထုတ်လွှင့်ချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်းရုံးရေးခရီးစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

အသံနားဆင်ဖို့ ခေါင်းစဉ် RFA 16 ကို နှိပ်ပါ။ သို့မဟုတ် Read More ကို နှိပ်ပါ။





Sunday, September 28, 2008

RFA 15

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (အပိုင်း - ၁၅)
၂၀၀၈ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်လွှင့်ချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းဝါးခယ်မမြို့ စည်းရုံးရေးခရီးစဉ်မှာ မြောင်းမြမြို့ကို ရောက်ရှိစည်းရုံးပုံကို နားဆင်ရမှာဖြစ်ပါတယ်။

(အသံလွှင့်ဆောင်းပါး နားဆင်ရန် ဤနေရာကို နှိပ်ပါ။)