Sunday, December 30, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၃ )



နှစ်သစ်ကူးလက်ဆောင်။

အရှေ့ဆီ
နေနီနီက
ရွှေခြည် အထိုး။

အမေ့ရွာ
အဖေ့ယာ ခရိုး။

အမေ့ရွာ
အဖေ့ယာ ခရိုးက
ငှက်ကလေး ချိုးလင်းပြာ
တေးအဆာ
အစာရှာထွက်တော့
မောင် ... နံနက်ထ နိုး
မယ် ... နံနက်ထ နိုး။

အဘိုးမာပါစ
အဘွား သာပါစ
မိုးသောက်ထ ယာအဝင်
ပခုံး ဘယ်တင်
မောင့်တာဝန်
မောင့်အင် မောင်ထမ်း။

ခေတ်ကိုဖြတ်သန်းတဲ့အခါ
"ချစ်တတ်ပြီး သတ္တိရှိမယ်ဆိုရင်
အနာဂတ်ဟာ
ထာဝစဉ် ချိုမြနေမှာပါ" တဲ့
မေ ကလည်း မေတစ်ရွက်
အိပ်မက်အတူ မက်ကြမတဲ့
အလှလက်ကမ်း ဘဝလမ်း
ယာအဝင် မိုးသောက်ထမှာ
မောင့်နှမ ... ဦးဆောက်ပန်း။ ။

ေ အ ာ င္ ေ ဝ း
(ဒီဇင္ဘာ ၃ဝ၊ ၂ဝ၁၈)

photo by RFA

Thursday, December 27, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၂ )


   


၂ဝ ရာစုကနေ ချစ်လာတဲ့ အချစ်
၂၁ ရာစုအထိ ချစ်နေရတဲ့ အချစ်။

၂ဝ ရာစုကနေ လွမ်းလာတဲ့ အလွမ်း
၂၁ ရာစုအထိ လွမ်းနေရတဲ့ အလွမ်း။

၂ဝ ရာစုကနေ စွန့်စားလာတဲ့ စွန့်စားခန်း
၂၁ ရာစုအထိ စွန့်စားနေရတဲ့ စွန့်စားခန်း။

အချစ်၊ အလွမ်း၊ စွန့်စားခန်း ဆိုတာ
ရှိတယ် ညီလေး။

ဥပမာ-
မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်
ရာဇဝင်ကို ဖြတ်သန်းခြင်း။

ဥပမာ-
တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်
ကိုလေး(အင်းဝဂုဏ်ရည်)
အစဉ်အလာကို လေးစားခြင်း။

ဥပမာ-
မင်းကြီးရွှေလရောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ အောင်ဆန်းစုကြည်
မျိုးဆက်ကို ဆက်ခံခြင်း။

ရာဇဝင်၊ အစဉ်အလာ၊ မျိုးဆက် ဆိုတာ
ရှိတယ် ညီလေး။

ဥပမာ-
မင်းကိုနိုင် ဖြစ်ဖြစ်
ကိုလေး(အင်းဝဂုဏ်ရည်) ဖြစ်ဖြစ်
ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖြစ်
တို့မှ မချစ်ရင် ... ။

ဥပမာ-
ဆဲဗင်းဂျူလိုင် ဖြစ်ဖြစ်
၇၄-၇၅-၇၆-၈၈ ဖြစ်ဖြစ်
ရွှေဝါရောင် ဖြစ်ဖြစ်
တို့မှ မလွမ်းရင် ... ။

ဥပမာ-
စစ်အာဏာရှင်စနစ်ကျဆုံးရေး
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ရေး
ပြည်ထောင်စုငြိမ်းချမ်းရေး
တို့မှ မစွန့်စားရင် ... ။

ထပ်ပြောမယ်
အချစ်၊ အလွမ်း၊ စွန့်စားခန်း ဆိုတာ
ရှိတယ်။

အတိတ်ကို လွမ်းဖို့
ပစ္စုပ္ပန်မှာ စွန့်စားရတာလည်း
အနာဂတ်ကို ချစ်ရာကျတာပါပဲ ညီလေးရေ။

"အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း ရောက်ချေပြီ" (တင်မိုး)

ေ အ ာ င္ ေ ဝ း
(ဒီဇင္ဘာ ၂၇၊ ၂ဝ၁၈)

Wednesday, December 19, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၁ )




ပြည်သူ့နီတိ။

အမုန်း၏ အစကား … သေခြင်း
အချစ်၏ အစကား … နေခြင်း။

အမုန်းနဲ့စရင် စစ်ဖြစ်တယ်
အချစ်နဲ့စရင် ငြိမ်းချမ်းရေးဖြစ်တယ်။

အမုန်းနဲ့ စမလား
အချစ်နဲ့ စမလား။

အမုန်းက လမ်းပျောက်တဲ့မြိုင်
အချစ်က လှမ်းကိုင်မယ့်ပန်းတိုင်။

အမုန်းနဲ့ တွေးခေါ်ရင် စစ်
အချစ်နဲ့ တွေးခေါ်ရင် ငြိမ်းချမ်းရေး။

အမုန်းကို ကြွေးကြော်မလား
အချစ်ကို ကြွေးကြော်မလား။

အမုန်းက မှောင်တယ်
အချစ်က လင်းတယ်။

မှောင်သောလမ်းမှာ ငြိမ်းချမ်းရေးမရှိ
လင်းသောလမ်းမှာ စစ်မရှိ။

အမုန်းစဲရင် စစ်စဲမယ်
အချစ်စဲရင် ငြိမ်းချမ်းရေးစဲမယ်။

အမုန်းတွေ စဲစေ
အချစ်တွေ မစဲစေနဲ့။

အမုန်းတွေကို မုန်းပါ
အချစ်တွေကို ချစ်ပါ။

ဥပမာ- စစ်ကို မုန်းပါ
ဥပမာ- ငြိမ်းချမ်းရေးကို ချစ်ပါ။

စစ်ဟာ အမုန်း
ငြိမ်းချမ်းရေးဟာ အချစ်။

အမုန်းတွေကို မချစ်ပါနဲ့
အချစ်တွေကို မမုန်းပါနဲ့။

ဥပမာ- စစ်ကို မချစ်ပါနဲ့
ဥပမာ- ငြိမ်းချမ်းရေးကို မမုန်းပါနဲ့။

မုန်းလျှင် စစ်
ချစ်လျှင် ငြိမ်းချမ်းရေး။

မယ်တို့ မောင်တို့ – စစ်မဲ့ ငြိမ်းချမ်းဖို့
မောင်တို့ မယ်တို့ – အချစ်ဖွဲ့ စိမ်းလန်းစို့။

“စစ်ကို မလိုပါ
ငြိမ်းချမ်းရေးသာ ပေးကြပါ
စစ်ဆိုသည်မှာ အနုတ်လက္ခဏာ
ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ” (မြတ်လေး)

ေ အ ာ င္ ေ ဝ း
ဒီဇင္ဘာ ၁၈၊ ၂၀၁၈။

Wednesday, December 5, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ဝ )



 
"အလွမ်းပင်တော" တဲ့။

အလွမ်းပင်တွေ တောထနေလို့
အလွမ်းပင်တောလို့ ခေါ်တယ်။

အလွမ်းပင်တောလို့
လွမ်းသူတွေက ပြောကြတဲ့
လွမ်းသူတွေရဲ့အလွမ်းပင်တောလေ။

လွမ်းတတ်သူသာ
သမိုင်းဝင်သတဲ့
သမိုင်းဝင်တဲ့ အလွမ်းပင်တောပေါ့။

မြေချစ်သူ ပြောတယ်
"ကမ္ဘာပေါ်မှာ
လွမ်းရတာလောက်
သိက္ခာရှိတဲ့ အစားအစာ
မရှိပါဘူး" တဲ့
သိက္ခာရှိတဲ့ အလွမ်းပင်တောပေါ့။

အလွမ်းတစ်ပင်
ရာဇဝင် တစ်ခု။

အလွမ်းအသင်္ချေ
အလွမ်းပင်တွေ ပြောတယ်
"လွတ်လပ်ပြီး တရားမျှတမှုရှိရင်
အနာဂတ်မှာ
ငြိမ်းချမ်းရေးဟာ
သူ့အလိုလို လတ်ဆတ်စိမ်းစိုလာမှာပါ" တဲ့။

မိုးဦးကျ လယ်ကွင်းတွေမှာ
စပါးစေ့ကလေးတွေ
သူ့အလိုလို ပေါက်လာသလိုပေါ့
အလွမ်းပင်တောလေ။

အလွမ်းပင်တွေဟာ
လွမ်းဖို့ ရှင်သန်နေကြတယ်။

သူတို့ရှင်သန်ဖို့
သိက္ခာရှိတဲ့ သမိုင်းတွေလိုတယ်။

လွမ်းတယ်ဆိုတာ
သမိုင်းကို
သိက္ခာရှိအောင် လုပ်တာပါပဲ။

ပိုလန်မှာ
စစ်ကြီးအတွင်း
ကလေးတွေ အမေပျောက်တုန်းက
အလွမ်းပင်တောမှာ
ဥသြငှက်တွေ
နွေ ပျောက်ခဲ့ဖူးတယ်။

ဆိုင်ဂုံ နန်းတော်ထဲ
တင့်ကားတစ်စီး ဝင်လာပြီး
ဗီယက်ကောင်းအလံ လွှင့်ထူတုန်းက။

တိန်အန်မင်ရင်ပြင်မှာ
ကျောင်းသားတွေကို
တင့်ကားအစင်းတစ်ရာ တက်နင်းတုန်းက။

ဖြိုလှဲခံလိုက်ရတဲ့
ဘာလင်တံတိုင်းပျက်ကြီးပေါ်
အဒမ်စမစ်ဇီးကွက်တွေ အော်တုန်းက။

အလွမ်းပင်တောဟာ
အလွမ်းတွေနဲ့
ငြိမ်းချမ်းရေးကို လွမ်းနေခဲ့ဖူးတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း
ငြိမ်းချမ်းရေးကို မြင်မသွားရဘူး
အလွမ်းတွေသာ တောထကျန်ရစ်။

ဆရာဒဂုန်တာရာလည်း
ငြိမ်းချမ်းရေးကို မြင်မသွားရဘူး
အလွမ်းတွေသာ တောထကျန်ရစ်။

နှစ်တွေကြာလာတော့
စစ်တွေ ကြာလာတာပေါ့။

ခေတ်တွေရှည်လာတော့
စစ်တွေ ရှည်လာတာပေါ့။

ငြိမ်းချမ်းရေးလိုလားတဲ့
ကဗျာဆရာတွေ
သေသေ သွားကြတယ်။

ငြိမ်းချမ်းရေးတေးသံတွေ
မသေမရှင် ကျန်ရစ်ခဲ့ကြတယ်။

နောက်ဆုံးတော့
သစ်တောကြီးတစ်ခုလုံးကြွေတဲ့နေ့ဟာ
ငါတို့မရောက်စေချင်ပေမဲ့
ငါတို့ရှေ့မှောက် ရောက်လာခဲ့ပြီ။

"မောင်အောင်ပွင့်" ဆိုတာ
(ငြိမ်းချမ်းရေးကို)
လွမ်းလို့ သေတဲ့ တော။

အလွမ်းပင်တော ... တဲ့
အလွမ်းပင်တွေ တောထနေလို့
အလွမ်းပင်တောလို့ ခေါ်တယ်။ ။

(၃ဝ-၁၁-၁၈ နေ့က ကွယ်လွန်သွားတဲ့
ရဲဘော်ကြီး ကဗျာဆရာ မောင်အောင်ပွင့် သို့)

ေ အ ာ င္ ေ ဝ း ။

Sunday, November 25, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၉ )





လွမ်းတယ်ဆိုတာလည်း၊ တာဝန်တစ်ခုလိုပါပဲ။

ငါက တိုင်းပြည်နဲ့လူမျိုးကို လွမ်းတယ်
ဒါ တိုင်းပြည်နဲ့လူမျိုးတာဝန်
ငါ ထမ်းဆောင်နေတာပေါ့။

ဒါပေမဲ့-
တိုင်းပြည်နဲ့လူမျိုးက
ငါ့ကို လွမ်းချင်မှ လွမ်းမယ်
အရေး မကြီးပါဘူး။

ငါက ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို လွမ်းတယ်
ဒါ ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးရဲ့တာဝန်
ငါ ထမ်းရွက်နေတာပေါ့။

ဒါပေမဲ့-
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးက
ငါ့ကို လွမ်းချင်မှ လွမ်းမယ်
အရေး မကြီးပါဘူး။

ယုတ်စွအဆုံး
လူနှင်းချို ကနေ လူခါးအထိ
ငါ့ညီတွေ ငါလွမ်းတယ်။

ဒါတွေဟာ
ငါ့ပခုံးပေါ်က
သမိုင်းတာဝန်တွေ။

ငါက သမိုင်းကို
တာဝန် မပေးနိုင်ပါဘူး။

သမိုင်းကသာ
ငါ့ပခုံးပေါ်
တာဝန်တွေ တင်ပေးလိုက်တာပါ။

ငါ့ပခုံးပေါ်က အလွမ်းတွေ
လေးလံလိုက်ပါဘိ။

ကစ်ပလင်း* က
"White man's burden" တဲ့။

ငါကတော့
"Exiled man's burden" ပေါ့။

လွမ်းတယ်ဆိုတာလည်း
တာဝန်တစ်ခုပါပဲ။

တိုင်းပြည်နဲ့လူမျိုးကို ငါလွမ်းတယ်
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို ငါလွမ်းတယ်။

ငါ တာဝန်ကျေသလား
မကျေဘူးလား
... ... ... ...
ဗန်းမော်တင်အောင် မှပဲ သိတော့မယ်။ ။

* Rudyard Kipling (1865-1936)

ေ အ ာ င္ ေ ဝ း
(နိုဝင်ဘာ ၂၄- ၂ဝ၁၈)

Saturday, November 3, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၈ )



အချစ်ဗုံသံနဲ့ စစ်ကို ပုန်ကန်လိုက်တယ်။

ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို

စစ်နဲ့ ရော မျိုနေရ။

လည်ချောင်းထဲ
အဝင် ဆိုးလှချည်ရဲ့။

မြစ်ကြီး တစ်စင်းလုံး
ချင်းချင်း နီလို့
စီးဆင်း မဆုံး။

အဲဒါ
ငြိမ်းချမ်းရေးအတွက် ကျတဲ့
မျက်ရည်
စီးလို့ မဆုံး။

ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို
စစ်နဲ့ ရော မျိုနေရ။

လည်ချောင်းထဲ
အဝင် ဆိုးလှချည်ရဲ့။

ကမ်းပါးတစ်လျှောက်
ကောက်လို့ မနိုင်တဲ့
အရိုးတွေ
အရိုးတွေ။

ဒီအထဲမှာ ငါ့ကျောင်းနေဖက် စစ်တပ်ထဲဝင်သွားတဲ့ သူငယ်ချင်းရဲ့
အရိုးတွေလည်း ပါမှာပဲ။ ဒီအထဲမှာ ငါ့ငယ်ပေါင်း တောခိုသွားတဲ့ သူငယ်ချင်းရဲ့ အရိုးတွေလည်း ပါမှာပဲ။ ဒီအထဲမှာ ငါ့အတန်းဖော် ဒို့အရေးအော်တဲ့ သူငယ်ချင်းရဲ့ အရိုးတွေလည်း ပါမှာပဲ။

ဖြစ်ပုံ
"ငြိမ်းချမ်းရေး ပို
စစ်ရေး ချို"
ဟိုတုန်းကလို။

အချစ်ကို ဗုံလိုတီး
ခေတ်ကို ငုံပြီး
ဒီ အရိုးတွေ
ငါ ပုံလိုက်မယ်။

ငြိမ်းချမ်းရေး
ယုံကြည်ရင်
ဟေ့ -
စစ်ပွဲတွေ အကုန်ရပ်။ ။

ေ အ ာ င္ ေ ဝ း
(နိုဝင်ဘာ ၃- ၂ဝ၁၈)

Tuesday, October 16, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၇ )



နိုင်ငံတော်ဟာ ဖျားနာ နေတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ဖိနပ်နဲ့ မတော်လို့၊ ဖနှောင့်ကို လှီးပစ်တယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ငါးမရလို့ တဲ့၊ မြစ်ကို မီးရှို့ပြီး ပြန်တယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
မစားရတဲ့အမဲ သဲနဲ့ပက်တာမဟုတ်
မနားရတဲ့အပင် မစင်နဲ့သုတ်တာ
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
လုပ်စားတော့ မိုးခေါင်
ခိုးစားတော့ ခွေးဟောင်
တောင်းစားမယ်ကြံတော့ ရထားကထွက်သွားပြီ
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ရွေးကောက်ပွဲ(ကြားဖြတ်) နီးလာပြီ
ခွပ်ဒေါင်းကို ဖွတ် ချောင်းနေသည်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ဘာသာရေးအစွန်းရောက်
လူမျိုးရေးအစွန်းရောက်
အကြမ်းဖက်သမားတွေ ကျီးကန်းတောင်းမှောက်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ခိုင်ထူးရေ- တချို့တွေ နေနိုင်လွန်းတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
(တော်လှန်ရေးမှာ အဖျက်သမား နှစ်စုရှိတယ်
၁။ ကလေကချေတွေ နဲ့ ၂။ ပဉ္စမံတပ်သားတွေ)
အခု တတိယအစု ပေါ်နေပြီ
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ငါလည်း စာမတတ်၊ ငါ့ ယောက်ဖ ငညိုပြောတာလည်း ငါမယုံ
အဲလို လူတွေ များများလာတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
နိုဘယ်ဆုကို ပြန်ရုပ်သိမ်းခိုင်းနေကြတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ပူလစ်ဇာဆု မျှော်တဲ့လူက မျှော်နေတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ကဗျာကို သေနတ်ပြောင်းဝက ထွက်စေချင်နေသလား
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနေပေါ့ 
မစ္စစ် ခရစ်စတင်း ဘာဂနာ ရောက်လာတယ်
ဒီကောင်တွေ ဟုတ်ကို မဟုတ်သေးဘူး။ ။

(သူငယ်ချင်း စောဝေ သို့)

ေ အ ာ င္ ေ ဝ း
(၁ဝ- ၁၄- ၁၈)


Sunday, September 23, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၆ )



ကြက်ဥက ကြက်ကလေး ပေါက်လာသလို
ဒီမနက်
ဆောင်းဥက ဆောင်းကလေး ပေါက်လာတယ်။*

နေရောင် အိပ်ရာ မထသေး
မြူနှင်းကလေးတွေ မပွဲသေး။

ဒီလိုအချိန်
မောင်သာချို ပြောပြဖူးတဲ့
"လွမ်းငွေ့တဝေဝေ" ဆိုတဲ့
စက်ဘီးပြင်ဆိုင်ကလေး အမှတ်ရတယ်။

ဘာထူးသေးလဲ
ကိုယ်လည်း
ဟောဒီ မစ်ရှီဂန်ဆိုတဲ့ မဲဇာမှာ
ဓားသွေးတဲ့ဆိုင်ကလေး ဖွင့်လို့
နာမည်က
"လွမ်းငွေ့တဝေဝေ" ပဲပေါ့။

နှင်း မဖုံးခင်
အိမ်လွမ်းစိတ်ကလေး တုံးမသွားအောင်
တစ်ချိန်လုံး သွေးပေးနေရတယ်လေ။ ။

* First day of fall

ေ အ ာ င္ ေ ဝ း
(စက္တင္ဘာ ၂၃၊ ၂ဝ၁၈)

Saturday, September 15, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ )



တစ်အချက်- ဆန့်ကျင်တယ်။
နှစ်အချက်- မကြောက်ဘူး။

သူတို့
သူမရဲ့ဓာတ်ပုံတွေ ပြန်ဖြုတ်ချကြ
သူတို့
သူမရဲ့ဆုတံဆိပ်တွေ ပြန်ရုပ်သိမ်းကြ
သူတို့။

ငါတို့
တစ်အချက်- ဆန့်ကျင်တယ်
ငါတို့
နှစ်အချက်- မကြောက်ဘူး
ငါတို့။

သူတို့
သူမကို လည်ပင်းကြိုးကွင်းစွပ်ဖို့ ကြံစည်ကြ
သူတို့
သူမကို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးကြ
သူတို့။

ငါတို့
တစ်အချက်- ဆန့်ကျင်တယ်
ငါတို့
နှစ်အချက်- မကြောက်ဘူး
ငါတို့။

သူတို့
တချို့က ပြည်တွင်းက အမျိုးသားသစ္စာဖောက်
သူတို့
တချို့က ပြည်ပက လစ်ဘရယ်ဒီမိုကရေစီနောက်မြီးဆွဲ
သူတို့။

ငါတို့
တချို့က သူမရဲ့သစ္စာခံနောက်လိုက်
ငါတို့
တချို့က သူမရဲ့ မဟာမိတ်အတိုက်အခံ
ငါတို့။

(ဥပဒေသ)
ယနေ့ သူမအား ပြစ်တင် ရှုတ်ချ တိုက်ခိုက်နေသူအားလုံးသည် စစ်သွေးကြွ အစွန်းရောက် အကြမ်းဖက်ဝါဒအား
တိုက်ရိုက်တစ်ဖုံ သွယ်ဝိုက်တစ်နည်း
ထောက်ခံအားပေးနေသူများသာဖြစ်သည်။

တစ်အချက်- ဆန့်ကျင်တယ်။
နှစ်အချက်- မကြောက်ဘူး။ ။

သူ မ ၏ က ဗျာ ဆ ရာ တ စ် ဦး
(စက်တင်ဘာ ၁၁- ၂ဝ၁၈)

photo -Thar Byaw
ကဗျာ- Aung Way

Friday, August 31, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၄ )



အတိတ်ပင် နဲ့ အဆိပ်ပင်။

ရာဇဝင်ခန်း၊ လွမ်းမှုပြုလေ။
ပြည်ထောင်စုကို၊ ညီအောင်ပြုလေ။

မေတ္တာစုလေ၊ သစ္စာပြုလေ။
ပြည်သူ့မျက်ရည်၊ အက်စစ်ဖြစ်စေ။

ပြည်သူတွေ
မျက်ရည်ချောင်းစီးတော့
အက်စစ်မြောင်းကြီးဖြစ်ပေါ့ ။

ဒီမြောင်းထဲ
ခေတ်ဟောင်း၊ စနစ်ဟောင်း
အစိုးရဟောင်း၊ အာဏာရှင်ဟောင်း
မကောင်းတဲ့အဖြစ်
စစ်ပွဲတွေ
ပစ်ထည့်၊ ပစ်ထည့်။

မအိပ်ခင်
နာကျင်စိတ်နဲ့
အတိတ်ပင်လား၊ အဆိပ်ပင်လား
စဉ်းစား၊ စဉ်းစား။

အတိတ်ပင်က
အနာဂတ်ကို ရှင်စေတယ်။

အဆိပ်ပင်ကျ
ကာလသုံးပါး သေစေရဲ့။

အတိတ်ပင်
ရေလောင်း။

ဘယ်တော့မှ
အဆိပ်ပင်
အက်စစ်လောင်းဖို့ မမေ့နဲ့။   ။

ေ အ ာ င္ ေ ဝ း
(၈- ၃၁- ၁၈)

Saturday, August 18, 2018

သ င်း သ င်းေ အး သံ ခိ ပ်






တော်လှန်သော နှင်းဆီ။
 
.................................

ပွင့်ရဲလို့ ပွင့်ခဲ့တာ

ကြွေဖို့လည်း ဝန်မလေးသူ

သွေးနံ့ကို မွှေးရနံ့ ပြောင်းပစ်တယ်။

.......................................

သူရဲကောင်း။ ။

ေ အ ာ င္ ေ ဝ း
(သြဂုတ် ၁၈၊ ၂ဝ၁၈)

Sunday, August 5, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၃ )



  
စစ်တစ်ခါရှုံး၊ အနှစ်သုံးဆယ်။စစ်တစ်ခါရှုံးရင်
အနှစ်သုံးဆယ် ကြာတယ်
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ပြည်တွင်းစစ်က
အနှစ် ၇ဝ
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ထပ်မေးမယ်
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ရေ တစ်ခါလောင်း
ပေါင်း တစ်ခါသင်
နာကျင် အနှစ်သုံးဆယ်။

အနှစ်သုံးဆယ် နာကျင်
ပန်းပင်က
အလွမ်းပဲ ရှင်တယ်
အမြစ်က သေနေပြီ။

တစ်ပင်လုံး ပိုးကျ
ညှိုးညှိုး ယောင်းယောင်း
ပြောင်းလဲမှ ရတော့မယ်။

စွန့်လွှတ်သူတို့ အနှစ်သုံးဆယ်
အရိုးတောင်လိုပုံ အနှစ်သုံးဆယ်
ပန်းမပွင့်တဲ့ နွေဦးသုံးဆယ်
နွေဦးသုံးဆယ်။

မတတ်နိုင်ဘူး
လွမ်းရုံနဲ့၊ ပန်း မငုံဘူး
လွမ်းသဖြင့်လည်း၊ ပန်းမပွင့်ဘူး
တူးဆွ နုတ်ပစ်
အသစ် စိုက်ပျိုး
နောက်တစ်မိုး မကုန်ခင်။

အချစ်ရေ …
တို့ တစ်က ပြန်စကြပါစို့
နောက်တစ်မိုး မကုန်ခင်။ ။

ေ အ ာ င္ ေ ဝ း
(သြဂုတ် ၅- ၂ဝ၁၈)

Wednesday, July 25, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၂ )





နီရဲ စိမ်းမြ။

ငါ့ ရင်ထဲမှာ
နှင်းဆီပင်ဟာ
နီရဲ စိမ်းမြ။

ငါ သီဖွဲ့ကျူး
ရင်ပြင်ဦးမှာ
ကျေးဇူးတကာရဲ့ ကျေးဇူး
ဖခင်တကာရဲ့ ဖခင်
ဗိသုကာတကာရဲ့ ဗိသုကာ
သူရဲကောင်းတကာရဲ့ သူရဲကောင်း
နီမောင်း စိမ်းလန်း
မသေပန်းပွင့်သူ
ငါ လွမ်းတပါရစေ။

"ကံတရား၏ရိုက်ပုတ်မှုဒဏ်ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့်ချင်းချင်းနီ၏။
သို့သော် ... ညွှတ်ကား မညွှတ်"

ငါ လွတ်လပ်စွာ
မြတ်နိုးပါရစေ။

ငါ့ တရားနှင့်
ငါ့ ဓား ငါ သွေး၊ ငါ့ တေး ငါဆို
ငါ ကြည်ညိုပါရစေ။

စွန့်လွှတ်ခြင်းမှာ
ဖန်ဆင်းရုပ်တု၊ ထုလုပ်စိုက်ထိုး
ငါ ကိုးကွယ်ပါရစေ။

အသင် မိတ်ဆွေ။

သင် စိတ်ငြင်ငြို၊ မမြင်လိုလျှင်
သင် လိုရာလုပ်၊ သင် ဘာလုပ်လုပ်
ကျွန်ုပ် မငြိုငြင်ပါ။

သင်လွမ်းတချင်ရာ၊ သင်လွမ်းတပါ
သင်မြတ်နိုးချင်ရာ၊ သင်မြတ်နိုးပါ
သင်ကြည်ညိုချင်ရာ၊ သင်ကြည်ညိုပါ
သင်ကိုးကွယ်ချင်ရာ၊ သင်ကိုးကွယ်ပါ။

ငါ နဲ့ သင်
ရန်သူ မဖြစ်ချင်။

သင် နဲ့ ငါ
မဟာမိတ်လည်း မပြုချင်။

သင်သင် ငါငါ
ဘာမျှ အရေးမကြီး၊ အချည်းစည်းသာ။

အရေးကြီးတာက
ငါ့ ရင်ထဲမှာ
(ယုံကြည်ခြင်း)
နှင်းဆီပင်ဟာ
နီရဲ စိမ်းမြ
(ထာဝရ)။ ။

ေ အ ာ င္ ေ ဝ း
(ဇူလိုင် ၂၅- ၂ဝ၁၈)

photo - DVB

Thursday, July 19, 2018

လွ မ်းေ ကြွး



ပလေတိုရဲ့ သမ္မတနိုင်ငံ မဟုတ်ပါဘူး
အောင်ဆန်းရဲ့ သမ္မတနိုင်ငံပါ။
ကဗျာဆရာတွေလည်း နေထိုင်ခွင့်ရှိပါတယ်။

ကျေးဇူး မကန်းရင်ပေါ့ ။ ။

ေ အာ င်ေ ၀း (အာဇာနည်နေ့၊ ၂၀၁၈)

Sunday, July 15, 2018

ေ ပါ က် စို့ 


 
(၁)
မနေ့ တစ်နေ့က
တောဝက်ကလေး ၁၃ ကောင်
ဂူထဲက ထွက်လာတယ်။

(၂)
ဒီနေ့
ကမ္ဘာ့ဖလားမှာ
ခြင်္သေ့ ၃ ကောင် ရှုံးတယ်။
မနက်ဖြန်
ကြက်ဖ တစ်ကောင်
နိုင်ချင် နိုင်ဦးမယ်။

(၃)
ကလေးရယ်
တို့ဆီက စစ်ခွေးအိုကြီးတစ်ကောင်
မသေသေးဘူး
မင်းကျမှ
မီးမလာတဲ့ တိုင်းပြည်မှာ
ဓာတ်လိုက်လို့ တဲ့
မနက်ဖြန်
မင်း ဈာပနမှာ
မင်း အသာရပါစေ။ ။

ေ အ ာ င္ ေ ဝ း
(ဇူလိုင် ၁၄- ၂ဝ၁၈)

Sunday, July 8, 2018

Monday, June 18, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ဝ )




အကယ်၍ ဇွန်လ(၁၉)ရက်နေ့တွင် … ။
ငါ့ သခင်
ငါ့ ရင်ဝ မှာ
လှိုင်းမ တစ်ငြိမ်။
အိမ်မိုးခေါင် မှာ
လရောင် တစ်ထိုး။
ရိုးခြေနက် မှာ
ရွက်သစ် တစ်ဝေ။
မြစ်ရေကြော မှာ
ပန်းလှေ တစ်မျှော။
လောကကမ်း မှာ
လွမ်းကြိုး တစ်နှောင်။
တောင်တံတိုင်း မှာ
မြင်းရိုင်း တစ်ပြေး။
လေးညှို့ကိုင်း မှာ
မြားကျိုင်း တစ်ဖြောင့်။
ငါ စောင့်ရှောက်မယ်
ငါ စောင့်ရှောက်မယ်
ငါ့ ကြောင့် … ။

သခင့် အိမ်ခေါင်မိုး
လရောင် မညှိုးစေရ။
ရိုးမတောကြီး
မီး မသင့်စေရ။
လောကသစ်ပျိုး၊ မြစ်ဆေးမိုး မှာ
(ခေတ် ဘယ်လောက် ဆိုးဆိုး)
ချစ်ကြိုး မပြေစေရ။
ငါ့ မြင်း ငါစိုင်း၊ ညမုန်တိုင်းထဲ
သမိုင်း မကွေးစေရ။
သက်တံ လှိုင်းခတ်၊ လေးကိုင်းကို ကွေး
လေးညှို့ကို ငင်ပြီးပြီ။
သားရဲရန် စဲ၊ မီးအိမ် ဆွဲ၍
အောင်ပွဲကို ပြင်ပြီးပြီ။

အိုဘယ့် အရှင်
ငါ့ သခင်
ရွာဝင် ခြေလှမ်း စ ပါလော့။ ။

ေ အ ာ င္ ေ ဝ း

Than Htay Maung’s art

Friday, June 8, 2018

ေ တ ာ င် စ မု တ် က ၊ေ ထာ င် ထု ပ် မ ရ ရ င် ၊ေ ကြာ င် ကု တ် မှာ လားေ ဘ ဘီ



 
ဒဂုန်တာရာ ကစ
မောင်လေးအောင် အဆုံး
ပန်းတစ်ကုံးပဲ ဖြစ်ပါတယ်။ (သခွပ်နီ)
အသိက ဘဝကို
မပြဋ္ဌာန်းနိုင်ပါဘူး
ဘဝကသာ အသိကို ပြဋ္ဌာန်းတာဖြစ်တယ်။

ကျနော်တို့က ခေတ်ကို
မပြဋ္ဌာန်းနိုင်ပါဘူး
ခေတ်ကသာ ကျနော်တို့ကို ပြဋ္ဌာန်းတာပါ။

အခုနေ
မြန်မာကဗျာအကြောင်းပြောရင်
အလောင်းထမ်းပြီး ပြောရတော့မှာလား။

ကျနော် မောင်လေးအောင်အလောင်းကို
မထမ်းခဲ့ရဘူး
ကျနော် ဒဂုန်တာရာအလောင်းကို
မထမ်းလိုက်ရဘူး
အရမ်း ဝမ်းနည်းတယ်။

သမိုင်းကိုထမ်း၊ ကဗျာလမ်းမှာ
အလွမ်းအားအင် သစ်တော့ကွယ်။

ဖက်ဆစ်သံဖနောင့်
ကြိုးတိုက်ထောင့်မှာ
အချစ်ကြောင့်ပဲ ကဗျာဆရာဖြစ်ခဲ့တယ်။

စစ်အာဏာရှင်စနစ်
နေဝင်းခေတ်ကနေ
မြစ်ထဲမှာပေါလော
သူရဲဘောကြောင်တဲ့
ကဗျာကောင်သစ္စာဖောက်တွေလည်းရှိခဲ့။

ပေါ်တီယာ ရင်ခုန်သံ
နိုင်ငံတကာ
မြန်မာကဗျာ သူရဲကောင်းတွေလည်းရှိခဲ့။

ဘယ်သူ ဘာလဲ
ရာဇဝင်ဖြတ်သန်း
ဇာတ်ဝင်ခန်းမှာ
မင်း ဇာပန်းကွက်ထဲ ပန်းထိုးသူလား
နှင်းတောထဲ ကျောက်မီးသွေးပို့သူလား
ဖြေ။

မြန်မာကဗျာသစ်မှာ
ခေတ်ကြီး ဘယ်နှခေတ်ရှိသလဲ
ဖြေ။

တစ်ခေတ်ပဲ
၁၉၆၂ ကနေ
ကနေ့(၂ဝ၁၈)အထိ
တစ်ခေတ်တည်း။

အဲဒီခေတ်ရဲ့ ပင်မရေစီး
တောမီးရစ်သမ်၊ ဘာကာရန်လဲ။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
နှလုံးသွေးနဲ့
တွေးခေါ်တဲ့တရား
ဖြောင့်သောမြား
လူထုအမြင်၊ လူထုခံစားမှု
ငါတို့ ပင်မရေစီးအမှုလေ။

ဒဂုန်တာရာကလည်း
ပင်မရေစီး၊ ဒီခရီးမှာ
စည်းရုံးစုစည်းကာနေ။

မောင်လေးအောင်ကလည်း
ပင်မရေစီး၊ ဒီခရီးမှာ
စည်းရုံးစုစည်းကာနေ။

ထလော့
အဖိနှိပ်ခံနေရတဲ့ပြည်သူတွေ
ထလော့။

ထလော့
အဖိနှိပ်ခံကဗျာဆရာတွေ
ထလော့။

ဒီနေ့ မြန်မာကဗျာတိုက်ပွဲဟာ
အဟောင်းနဲ့အသစ်တိုက်ပွဲ ဖြစ်တယ်။

ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး
ကဗျာဓားသွေးတဲ့ အသစ်က တစ်ဖက်
စစ်အာဏာရှင်အလောင်း၊ ရေပုပ်မြောင်းထဲ
သူကောင်းပြုခံချင်တဲ့ အဟောင်းက တစ်ဖက်
ဘက် နှစ်ဘက်
မိတ်ဆွေ သင်ဘယ်ဘက်ကလဲ။

ဂန် သော၊ ဒန် သော
နောဇာ နာမိ၊ ငါမသိ
ငါသိတာ
အဟောင်း အသစ်။ ယဉ်းကျေးမှုစစ်မျက်နှာ
ခေတ်ကဗျာပဲ။

မ ဆ လ ခေတ်မှာ
မြန်မာကဗျာ ဘယ်နှမျိုးရှိခဲ့လဲ။

န ဝ တ
န အ ဖ
မနေ့တစ်နေ့က
မအိမ်လုံးဖွတ်တွေခေတ်
မြန်မာကဗျာ ဘယ်နှမျိုးရှိခဲ့လဲ။

ဟော- ဒီကနေ့
ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာရော
မြန်မာကဗျာ ဘယ်နှမျိုးရှိနေသလဲ။

ရဲရဲ ဖြေပါ၊ သင်မညာနဲ့
ရာဇဝင်မှာ၊ သင်ဟာ တရားခံဖြစ်တော့မယ်။

သင်သိပါတယ်၊ ကဗျာ နှစ်မျိုး

(၁) ဖိနှိပ်သူအာဏာရှင်ဘက်ကရပ်တည်တဲ့ကဗျာ

(၂) အဖိနှိပ်ခံပြည်သူတွေဘက်ကရပ်တည်တဲ့ကဗျာ

သင်ဟာ ဖောက်ပြန်သူလား။

မြစ်တစ်မြစ်ဟာ
ခဏခဏ ဓားထစ်ခံရတဲ့ သစ်ပင်လိုပဲ
ကြာတော့
ရေငတ်ပြီး သေတယ်။

ခေတ်တစ်ခေတ်ဟာ
စစ်ဖိနပ်အောက်မှာ
ခြောက်သွေ့နေတဲ့ပန်းခင်းလိုပဲ
အရင်းမရှိ၊ အဖျားမရှိ သေတယ်။

မြစ်ထဲမှာ
မသေဘဲ ကျန်ရစ်တာ
စစ်မှန်တဲ့ တော်လှန်ရေးပဲ။

ခေတ်ထဲမှာ
မသေဘဲ ကျန်ခဲ့တာ
တော်လှန်တဲ့ကဗျာဆရာတွေပဲ။

ဒဂုန်တာရာက
ငါတို့ကို အဘိဓမ္မာပေးတယ်။

မောင်လေးအောင်က
ငါတို့ကို အနုပညာပေးတယ်လေ။

ငါတို့ဟာ
ဒဂုန်တာရာရဲ့
အင်အားတက်ကြွ၊ တိုးတက်လှတဲ့
ပင်မရေစီး မြစ်တွေပဲလေ။

ငါတို့ဟာ
မောင်လေးအောင်ရဲ့
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူတွေပဲပေါ့ ။

ပြည်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။
ခက်တာက
ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ
အလစ်ချောင်းနေတဲ့ အချောင်သမားတွေပေါတာပဲ။

ကဗျာဆရာတွေက
ဒီမိုခရီးကို ဆုံးခန်းတိုင်နှင်ချင်တယ်။
ခက်တာက
ဒီမိုခုတုံးလုပ်၊ လမ်းခုလတ်မှာ
မိုင်းဗုံးခလုတ်ဖြုတ်ချင်သူတွေပေါတာပဲ။

ဘာပဲဖြစ်ဖြစ်ပေါ့ 
မောင်ခိုင်မာပြောသလိုပေါ့ 
လောကအမှောင့်၊ ကြိုးဝိုင်းထောင့်မှာ
ညာဖြောင့်လက်သီး၊ ဝှီးခနဲ ဝင်လာတတ်သတဲ့။

တော်လှန်သတိ၊ ကဗျာသတိ
အမြဲရှိကြ။

ဒဂုန်တာရာရဲ့မျက်နှာကိုလည်းထောက်ပါ
မောင်လေးအောင်ရဲ့မျက်နှာကိုလည်းထောက်ပါ။

ဒဲ့ ပြောမယ်
ထပ်ပြောမယ်
အမျိုးသားစာပေဆု
ဘာလုပ်ရမှာလဲ။
တောင်စမုတ်က
ထောင်ထုပ်မှ မရရင်
ကြောင်ကုတ်မှာလား ဘေဘီ။

ဘေဘီမှတ်ထား
မြားဖြောင့်တဲ့လက်
ပြည်သူ့ဘက်ကတွေး
ခွေးလည်း မဟောင်
ကြောင်လည်း မကုတ်။

ကဗျာဆိုတာ
ဒီမိုညအမှောင်
တောသုံးတောင်မှာ
လရောင်မရှိလည်း
အဘိဓမ္မာနံ့သင်း
လင်းယုန်ဆင်းတဲ့
နှင်းဆီတောအုပ်။ ။

ေ အ ာ င္ ေ ဝ း
(ဇွန် ၇- ၂ဝ၁၈)