Wednesday, December 5, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ဝ )



 
"အလွမ်းပင်တော" တဲ့။

အလွမ်းပင်တွေ တောထနေလို့
အလွမ်းပင်တောလို့ ခေါ်တယ်။

အလွမ်းပင်တောလို့
လွမ်းသူတွေက ပြောကြတဲ့
လွမ်းသူတွေရဲ့အလွမ်းပင်တောလေ။

လွမ်းတတ်သူသာ
သမိုင်းဝင်သတဲ့
သမိုင်းဝင်တဲ့ အလွမ်းပင်တောပေါ့။

မြေချစ်သူ ပြောတယ်
"ကမ္ဘာပေါ်မှာ
လွမ်းရတာလောက်
သိက္ခာရှိတဲ့ အစားအစာ
မရှိပါဘူး" တဲ့
သိက္ခာရှိတဲ့ အလွမ်းပင်တောပေါ့။

အလွမ်းတစ်ပင်
ရာဇဝင် တစ်ခု။

အလွမ်းအသင်္ချေ
အလွမ်းပင်တွေ ပြောတယ်
"လွတ်လပ်ပြီး တရားမျှတမှုရှိရင်
အနာဂတ်မှာ
ငြိမ်းချမ်းရေးဟာ
သူ့အလိုလို လတ်ဆတ်စိမ်းစိုလာမှာပါ" တဲ့။

မိုးဦးကျ လယ်ကွင်းတွေမှာ
စပါးစေ့ကလေးတွေ
သူ့အလိုလို ပေါက်လာသလိုပေါ့
အလွမ်းပင်တောလေ။

အလွမ်းပင်တွေဟာ
လွမ်းဖို့ ရှင်သန်နေကြတယ်။

သူတို့ရှင်သန်ဖို့
သိက္ခာရှိတဲ့ သမိုင်းတွေလိုတယ်။

လွမ်းတယ်ဆိုတာ
သမိုင်းကို
သိက္ခာရှိအောင် လုပ်တာပါပဲ။

ပိုလန်မှာ
စစ်ကြီးအတွင်း
ကလေးတွေ အမေပျောက်တုန်းက
အလွမ်းပင်တောမှာ
ဥသြငှက်တွေ
နွေ ပျောက်ခဲ့ဖူးတယ်။

ဆိုင်ဂုံ နန်းတော်ထဲ
တင့်ကားတစ်စီး ဝင်လာပြီး
ဗီယက်ကောင်းအလံ လွှင့်ထူတုန်းက။

တိန်အန်မင်ရင်ပြင်မှာ
ကျောင်းသားတွေကို
တင့်ကားအစင်းတစ်ရာ တက်နင်းတုန်းက။

ဖြိုလှဲခံလိုက်ရတဲ့
ဘာလင်တံတိုင်းပျက်ကြီးပေါ်
အဒမ်စမစ်ဇီးကွက်တွေ အော်တုန်းက။

အလွမ်းပင်တောဟာ
အလွမ်းတွေနဲ့
ငြိမ်းချမ်းရေးကို လွမ်းနေခဲ့ဖူးတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း
ငြိမ်းချမ်းရေးကို မြင်မသွားရဘူး
အလွမ်းတွေသာ တောထကျန်ရစ်။

ဆရာဒဂုန်တာရာလည်း
ငြိမ်းချမ်းရေးကို မြင်မသွားရဘူး
အလွမ်းတွေသာ တောထကျန်ရစ်။

နှစ်တွေကြာလာတော့
စစ်တွေ ကြာလာတာပေါ့။

ခေတ်တွေရှည်လာတော့
စစ်တွေ ရှည်လာတာပေါ့။

ငြိမ်းချမ်းရေးလိုလားတဲ့
ကဗျာဆရာတွေ
သေသေ သွားကြတယ်။

ငြိမ်းချမ်းရေးတေးသံတွေ
မသေမရှင် ကျန်ရစ်ခဲ့ကြတယ်။

နောက်ဆုံးတော့
သစ်တောကြီးတစ်ခုလုံးကြွေတဲ့နေ့ဟာ
ငါတို့မရောက်စေချင်ပေမဲ့
ငါတို့ရှေ့မှောက် ရောက်လာခဲ့ပြီ။

"မောင်အောင်ပွင့်" ဆိုတာ
(ငြိမ်းချမ်းရေးကို)
လွမ်းလို့ သေတဲ့ တော။

အလွမ်းပင်တော ... တဲ့
အလွမ်းပင်တွေ တောထနေလို့
အလွမ်းပင်တောလို့ ခေါ်တယ်။ ။

(၃ဝ-၁၁-၁၈ နေ့က ကွယ်လွန်သွားတဲ့
ရဲဘော်ကြီး ကဗျာဆရာ မောင်အောင်ပွင့် သို့)

ေ အ ာ င္ ေ ဝ း ။

0 comments: