Sunday, January 16, 2011

Letters from Michigan - 50

မစ်ရှီဂန်မှပေးသောစာ(၅၀)

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ပြည်ပရောက် မြန်မာကလေးငယ်တွေ အကြောင်း ကိုဒေါင်းတို့ သိရအောင် နည်းနည်းလောက် ပြောပြချင်တယ်။

မိဘတွေက ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း ရောက်ရှိလာကြတယ်။ အထူးသဖြင့် ပြည်တွင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖြုတ်ချရေး တိုက်ပွဲတွေရဲ့ ဂယက်နဲ့ တိုင်းပြည်ကနေ ရှောင်တိမ်းလာရ၊ ထွက်ခွာလာရတဲ့သူတွေ ရှိသလို၊ အများစုကတော့ နယ်စပ်ဒေသ အသီးသီးက နအဖစစ်အစိုးရတပ်တွေရဲ့ ရန်ကို ကြောက်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ တိုင်းရင်းသားတွေပါပဲ။

အခုအချိန်မှာ တစ်ဖက်နိုင်ငံက ဒုက္ခသည် စခန်း (၉) ခုလောက်မှာ ဒုက္ခ ရောက်နေကြတဲ့ ပြည်တွင်းက နိုင်ငံရေး၊ စစ်ရေး ခိုလှုံသူတွေ(၁)သိန်းခွဲကျော် သောင်တင်နေတုန်းပဲလို့ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ ဆိုတယ် ကိုဒေါင်း။

၁၉၈၈-ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးကတည်းက နိုင်ငံရေးကြောင့် တစ်ဖက်နိုင်ငံ လွတ်မြောက်နယ်မြေကို ရှောင်တိမ်း ထွက်ခွာလာတဲ့သူတွေက စပြီး၊ ခု နောက်ဆုံး လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ နိုင်ငံရေးဒုက္ခသည်တွေလို့ ဆိုရမယ့်အုပ်စုကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာပါ။

ဒါက ကျနော်တို့တိုင်းပြည်မှာ မတရားတဲ့ နိုင်ငံရေးစနစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ မတရားတဲ့ အဓမ္မစစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ အကြောင်း သိသာရုံ အကြမ်းဖျင်း ပြောလိုက်တာပါ။

အဲဒီလို နိုင်ငံရေးကြောင့်၊ စစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ ကျနော်တို့မြန်မာပြည်သူတွေ တစ်ဖက်နိုင်ငံရဲ့ဥပဒေအတိုင်း တရားဝင် ဖွင့်လှစ်ထားတဲ့ နယ်စပ်က ဒုက္ခသည်စခန်း အသီးသီးမှာ ၀င်ရောက် ခိုလှုံကြရတာပါပဲ။

သူများနိုင်ငံမှာ၊ ဆိုပါတော့ ဒုတိယနိုင်ငံမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဘ၀ တစိတ်တဒေသတော့ နိုင်ငံရေးကြောင့် ခံစားရတဲ့ ပင်ပန်းဆင်းရဲတွေ၊ စစ်ကြောင့် ခံစားရတဲ့ ပင်ပန်းဆင်းရဲတွေ လုံးလုံး မဟုတ်တောင်မှ ခေတ္တယာယီ ဘ၀အမောပြေတယ် လို့ ယူဆရင်လည်း ယူဆပေါ့။ မပြေပါဘူး ဆိုရင်တော့လည်း မပြေဘူးပေါ့။

အဲဒီလို ဒုတိယနိုင်ငံကဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို ခိုလှုံနေထိုင်ရင်း တတိယနိုင်ငံ အသီးသီးကို ပြောင်းရွှေ့ အခြေချဖို့အချိန်ကို နှစ်နဲ့ချီပြီး သည်းညည်းခံ စောင့်ဆိုင်းကြရတာပါ။ အချိန်တန်တော့လည်း သက်ဆိုင်ရာ တတိယနိုင်ငံတွေဆီကို ရောက်ရှိသွားကြတာပါပဲ။

တိုတိုပြောရရင် ကိုဒေါင်းရေ၊ အဲဒီလိုဒုက္ခသည်တွေက နိုင်ငံရေးကြောင့် ပြေးရင်းလွှားရင်း၊ စစ်ကြောင့် ပုန်းရင်းခိုရင်း၊ နိုင်ငံရေးကြောင့်၊ စစ်ကြောင့် တနေရာရာမှာ ခေတ္တယာယီ နေထိုင်ရင်း လူတို့ ဘာသာဘာဝအတိုင်း ယောက်ျားနဲ့မိန်းမ၊ တွေ့ဆုံကြ၊ ချစ်ကြိုက်ကြ၊ ထိမ်းမြားလက်ထပ် အိမ်ရာ ထူထောင်ကြတာပေါ့ဗျာ။ အဲဒီတော့နောက် မျိုးဆက်သစ် သားတွေ သမီးတွေလည်း ပွားစည်းလာတာပေါ့ဗျာ။

များသောအားဖြင့်တော့ အမေရိကန်လို တတိယနိုင်ငံအသီးသီးကို ရောက်ရှိလာတဲ့ ကလေးအများစုဟာ နယ်စပ်ကဒုက္ခသည်စခန်းတွေမှာ မွေးဖွားခဲ့ကြတဲ့ ကလေးတွေဖြစ်နေတာပါပဲ။ ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ဒီကလေးတွေဟာ တတိယနိုင်ငံတွေမှာ ကြီးပြင်း အရွယ်ရောက်လာကြတာပါပဲ။ တချို့ကလေးတွေကတော့ အမေရိကန်လို တတိယနိုင်ငံမှာပဲ မွေးဖွားပြီး ဒီမှာပဲ ကြီးပြင်းလာကြရတာပါ။

ဆိုရရင် ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ကလေးတွေကလည်း ဒုတိယနိုင်ငံမှာ၊ ဆိုလိုတာက ဒုက္ခသည်စခန်းမှာ မြန်မာစာ ကောင်းကောင်းမသင်ခဲ့ရပါဘူး။ ဒုက္ခသည်စခန်းမှာ ကျောင်းနေခဲ့ရပါတယ် ဆိုတဲ့ကလေးကလည်း ထိုင်းစာ၊ အင်္ဂလိပ်စာတို့က အဓိကပါ။ ကိုယ့်မြန်မာစာ ဆိုတာက သင်ရရင်လည်း သာမန်လောက်ပါပဲ။

ဒီကလေးတွေ တတိယနိုင်ငံကို ရောက်လာတော့ ဒီမှာ အင်္ဂလိပ်စာပဲ သင်ရတော့တယ်။ မြန်မာစာ မမြင်ရတော့ဘူး။ ပိုဆိုးတာက တတိယနိုင်ငံရောက်မှ မွေးဖွား ကြီးပြင်းလာတဲ့ကလေးတွေ အဖို့ မွေးလာကတည်းကိုက မြန်မာစာဆိုတာ သူတို့ မမြင်ဖူးတော့ဘူး။ မသိတော့ဘူး။

ဟိုတတလောက အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဂုဏ်ပြုပွဲ လုပ်တယ်။ ပွဲမှာ မြန်မာကလေးငယ်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ ကဗျာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ကြားတဲ့ အစီအစဉ် ပါပါတယ်။ အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ ကလေးတော်တော်များများက ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးတဲ့ ကဗျာ၊ အင်္ဂလိပ်လိုရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကိုတော့ ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာလို ရေးထားတဲ့ ကဗျာတွေကိုတော့ ဖတ်နိုင်တဲ့သူ မရှိဘူးဖြစ်နေတယ်။ တော်သေးတယ်။ ရန်ကုန်က ရောက်လာတာ မကြာသေးတဲ့ သားငယ် သမီးငယ် နှစ်ယောက်က ဒီကွက်လပ်ကို ကောင်းကောင်း ဖြည့်ပေးနိုင်ခဲ့ကြတယ်။

ကျနော်ပြောချင်တာ ရောက်ပြီ ကိုဒေါင်း။ ပြည်ပကို ရောက်နေကြတဲ့ မိသားစု အတော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာက ကလေးတွေ မြန်မာစာမတတ်ကြတော့တာပဲ။ တချို့မြန်မာစကား အနည်းအကျဉ်း ပြောတတ်ကောင်း ပြောတတ်ကြမယ်။ များသောအားဖြင့်တော့ စကားလည်း မတတ်၊ စာလည်းမတတ် ဖြစ်နေတာပေါ့ဗျာ။

ဒါကို မိဘတွေက ကိုယ့်စာ ကိုယ့်စကား မျိုးကန်းသွားမှာ စိုးရိမ်ပြီး မြန်မာစာ မြန်မာစကားသင်တန်းလေးတွေ လက်လှမ်းမီရာ မီရာမှာ ဖွင့်လှစ် သင်ကြားပေးလာကြတယ်။ အင်မတန် သာဓုခေါ်စရာ ကောင်းတယ်။ လော့စ်အိန်ဂျယ်လိစ်က ဆိုရင် ဒေါက်တာလမင်းတရာတို့၊ စာရေးဆရာမ မိုးချိုသင်းတို့ရဲ့ မြန်မာကျောင်းကလေးဆိုရင် အတော့်ကို အောင်မြင် ထိရောက်တယ်လို့ ကြားရတယ်ဗျာ။

ဆန်ဖရန်စစ္စကိုမြို့ကြီးတ၀ိုက်မှာ ဆိုရင်လည်း မိဘတွေက သားသမီးတွေကို မြန်မာစာ သင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေဆီကို လွှတ်နေပြီ။ ဒါ ကယ်လီဖိုးနီးယားဘက်က သတင်း။ တခြားပြည်နယ်တွေမှာလည်း အနည်းနဲ့အများတော့ မြန်မာကလေးတွေ မြန်မာစာမြန်မာစကား သင်နေကြပြီလို့ ထင်ပါတယ်။

အင်ဒီယားနား-ဖို့တ်ဝိန်းမြို့မှာ ဆိုရင်လည်း ကဗျာဆရာ ဆောင်းယွန်းလတို့၊ ချမ်းမှိုင်းအောင်တို့ စီစဉ်တဲ့ နွေရာသီ မြန်မာစာမြန်မာစကား သင်တန်း။ ဒါ ကျနော် လက်လှမ်းမီသလောက်ဆိုပါတော့။ ၀ါရှင်တန်ဒီစီတို့၊ နယူးယောက်စီးတီးတို့ ဘက်မှာလည်း ကလေးတွေကို မြန်မာစာသင်ပေးတဲ့ လှုပ်ရှားမှုလေးတွေ ရှိနေမှာပါ။
ဒီနေရာမှာတော့ ကျနော်က ကိုယ့်ရင်သွေးတွေကို ကိုယ့်စာ ကိုယ့်စကား သင်ပေးရကောင်းမှန်း သိတဲ့ မိဘလုပ်သူတွေကို ချီးကျူးချင်ပါတယ်ဗျာ။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဒီဇင်ဘာ ၂၁-၂၀၁၀။
[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese ]

0 comments: