Tuesday, February 3, 2009

မမခင်ဦးစံပယ်သို့  တမ်းချင်း - ၎


မမခင်ဦးစံပယ်သို့ တမ်းချင်း - ၎
အောင်ဝေး
ဖေဖော်ဝါရီ ၃၊ ၂၀၀၉

မမခင်ဦးစံပယ် ရေ …
(ဒေါ်မာမာအေး)က
သက်တံပေါ်မှာ ကစားမယ် တဲ့။

ကျနော်ကတော့
သက်တံပေါ်မှာ လမ်းလျှောက်ခဲ့ပါတယ်။


ပြည်ပြေးကဗျာဆရာ
ဒီတခါ ရင်ခုန်ရတဲ့ သက်တံဟာ
ဆန်ဖရန်စစ္စကိုပင်လယ်ပေါ်က
“ဂိုးဒင်းဂိတ်” တံတားကြီးလေ။

“မန်းမှ ကယ်လီဖိုးနီးယားသို့”
ဆရာဒဂုန်တာရာရဲ့ ကဗျာ
ဒီကယ်လီဖိုးနီးယားက
“ထာဝရသက်တံ” လို့ တင်စားတဲ့
တံတားကြီးပေါ်
ကျနော် သတိရတာပေါ့။

ရုရှားက
ကဗျာဆရာ မာယာကော့ဖ်စကီး
နယူးယောက် ဘရွတ်ကလင်တံတား ရောက်တော့
အံ့လောက်တဲ့ သံမဏိအနုပညာ
ဗိသုကာမှု၊ အင်ဂျီနီယာမှုကို
ဂုဏ်ပြုကဗျာ သီခဲ့ဖူးသတဲ့။

ကျနော် မြန်မာကဗျာဆရာ
ဒီဆန်ဖရန်စစ္စကိုတံတားကြီးကို
အံ့ချီးလို့ မကုန်ပါဘူး။

၁၉၃၀
အမေရိကန် စီးပွားပျက်ကပ်ကြီးကြား
တည်ဆောက်ခဲ့တဲ့ တံတားကြီးက
အခုလည်း
အမေရိကန်စီးပွားရေး ကျချိန်
အိနြေ္ဒကြီးစွာ ခံ့ထည်နေဆဲ။

မှတ်မိဦးမှာပေါ့
မမခင်ဦးစံပယ် ရယ် …
၁၉၃၀ အမေရိကန်စီးပွားအပျက်
ကျနော်တို့ဆီလည်း ဂယက်ရိုက်
ဂဠန်လယ်သမားတိုက်ပွဲကြီး ပေါ်ခဲ့တယ်။

“ရဂုံ ချစ်စရာ တပည့်တွေမှာဖြင့်
ဥုံ အရဟံ သစ္စာကတိတွေနှင့်
ဂဠုန်သရဏံ ဂစ္ဆာမိ ကြပေတော့ …” တဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာ
ဂိုးလ်ဒင်းဂိတ် တံတားကြီးပေါ်မှာ
ကျနော် ရွတ်မိပြီ။

ဒီတံတားကြီးပေါ်မှာ
ဒီထာဝရသက်တံပေါ်မှာ
“ကျနော် ကဗျာဆရာပါ
ကျနော် မြန်မာပြည်က လာတာပါ
ကျနော့် သက်တံကိုလည်း
ကျနော် သယ်လာပါတယ် …”

ပင်လယ်လေရိုင်း တိုးဝှေ့
လွမ်းမြေ့နေတဲ့ သူပုန်တယောက်ကို
ဂိုးလ်ဒင်းဂိတ်တံတားကြီးက
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။

သက်တံပေါ်မှာ
နောက်ထပ်သက်တံကို တင်ခွင့်ပြုတော့
သက်တံ ၂ ထပ် ဖြစ်ချေပေါ့။

ကျနော့်သက်တံက
အဖြူရောင်ပါ
“အဖြူရောင် သက်တံပေါ့ …”

အမိမြေမှာ
ကျနော်တို့ဟာ အဖြူရောင် သက်တံတွေပါ။

ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်
အပျော်စိတ်နဲ့ လျှောက်နေတဲ့ ရုပ်ဟာ
ဒုတ်ခနဲ ရပ်
လွမ်းဆွတ်ကြေကွဲမိသွား။

ကျနော့်သက်တံကတော့
ဆန်ဖရန်စစ္စကို တံတားကြီးပေါ်မှာပါ။

ဒါပေမဲ့
ဇာဂနာရဲ့ သက်တံက အကျဉ်းထောင်ထဲမှာ
စောဝေရဲ့ သက်တံက အကျဉ်းထောင်ထဲမှာ
ဇော်သက်ထွေးရဲ့ သက်တံက အကျဉ်းထောင်ထဲမှာ။

မမခင်ဦးစံပယ်ရယ်
ကျနော့်ရဲ့ ရဲဘော်တွေရဲ့သက်တံ
အဖြူရောင်သက်တံဟာ
အကျဉ်းစံနေရပေါ့။

ကျနော် ဘယ်လိုဖြေရမလဲ
ဒါ အိပ်မက်မဟုတ်ဘူး။

ဒါ စိတ်ကူးယဉ်နေတာ မဟုတ်ဘူး
ဂိုးလ်ဒင်းဂိတ် တံတားကြီးတိုင်ထိပ်
ခွပ်ဒေါင်းအလံတွေ တက်ချိတ်လိုက်ချင်ပြီ။

ပြီးတော့
အကြမ်းမဖက်ဘဲ အော်ပြောလိုက်မယ်
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပြောရတာလောက်
ဘယ်ပင်လယ်မှ လှိုင်းမထန်ဘူး လို့။

ခွင့်လွှတ်ပါ မမခင်ဦးစံပယ် ရယ်
တံတားတွေအကြောင်း ပြောတာ
နိုင်ငံရေးတွေ ပါကုန်ပြီ။

ကျနော်ယုံကြည်တာကလည်း
ဒါတခုပဲ ရှိတာ မဟုတ်လား။


(၂၀၀၈ နိုဝင်လာလဆန်း ဆန်ဖရန်စစ္စကို စာပေဟောပြောပွဲ အမှတ်တရ)
(အယ်လ်အေထုတ် ရတနာပုံနေပြည်တော် သတင်းစာ ဒီဇင်ဘာ ၂၀၀၈ ထုတ်တွင် ဖော်ပြပြီး)



1 comments:

Eaindra said...

ဆရာ...

အဖြူရောင်သက်တံ့ဟာ..
ဘယ်တော့မှပျောက်ပျက်သွားမှာ..မဟုတ်ပါဘူးဆရာရယ်
ဖေဖေါ်ဝါ၇ီ၁၄ရက်နေ့ က သတိတွေရလို့ပေါ့ဆရာ...
တစ်နှစ်........ရှိပြီ....
ဆရာ အဆင်ပြေရဲ့လား...
အဆင်ပြေပါစေလို့ဆုတောင်းပေးနေပါတယ်..
ဆရာ့ကဗျာရွတ်သံ ဆရာ့ဟန်ပန်တွေကို မြင်ယောင်လို့
အားလုံးကို..သတိတွေရရုံပဲပေါ့..ဆရာရယ်

ဆရာကိုယ်ကျန်းမာ..ကိုယ်ချမ်းသာ၇ှိနေနိုင်ပါစေ..

အိန္ဒြာ(http://www.eaindra.tk/)