အမျိုးသားပြန်လည်တိုက်ခိုက်ရေး
အောင်ဝေး
စက်တင်ဘာ ၁၅၊ ၂၀၀၉
လော့စ်အိန်ဂျယ်လိစ်မှာအောင်ဝေး
စက်တင်ဘာ ၁၅၊ ၂၀၀၉
တောမီးတွေ လောင်နေတယ်။
ကမ္ဘာအနှံ့မှာ
ဘောလုံးပွဲတွေ ကျင်းပနေတယ်။
(တောမီးကို တောမီးနဲ့ ပဲ
ငြိမ်းသတ်ရတယ်) တဲ့ …
တစ်ခါက ပဲခူးရိုးမပေါ်က
အဘိဓမ္မာစကား။
ပြည်သူ့ နှလုံးသား
မီးလောင်နေတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်
EPL ပွဲစဉ်
မန်ယူ ၂ - အာဆင်နယ် ၁
သရဲနီတွေရဲ့ တိုက်စစ်
အမြောက်ကြီး မခံနိုင်။
နိုင်ငံတကာဘောလုံးသီဝရီ
(တိုက်စစ်ဆင်ခြင်းဟာ
အကောင်းဆုံးခံစစ်) ဟူလို။
ဟိုတုန်းက ဗကပ ရဲ့
နာမည်ကျော် မိုင်းယောင်းမြို့သိမ်းတိုက်ပွဲ
(ထိုးစစ်ကို ထိုးစစ်နဲ့ ရိုက်ချိုးရသတဲ့ )
ဟော … တောင်အမေရိကဇုန်
World Cup ခြေစစ်ပွဲ
ဘရာဇီး ၃ - အာဂျင်တီးနား ၁
မဟာပြိုင်ဘက် အချင်းချင်း
တိုက်စစ်ပြင်းတဲ့ မြင်းက နိုင်တယ်။
ရုပ်ရှင်မင်းသားကြီး အာနိုး
ကယ်လီဖိုးနီးယား မီးခိုးနံ့ စွဲ …
မန်ယူ အလံထူဆဲ-
ဘရာဇီး ခြေစစ်ပွဲ အောင်သွားပြီ …
ကျနော်တို့ ဒီမိုကရေစီစစ်ပွဲ အောင်ဖို့ပဲ
ကျန်တော့တယ်။
နအဖ နဲ့ ကျနော်တို့ 
ပြိုင်ဘက် မဟုတ်
ရန်ဘက် …
(ပြိုင်ဘက် လုံးဝ မဟုတ်၊ ရန်ဘက်သာ)
သူတို့က ရန်သူစစ်စစ်
ကျနော်တို့က အတိုက်အခံစစ်စစ်။
ဘရာဇီးရဲ့ 
(တောင်အာဖရိက မြေပေါ်က)
၂၀၁၀ အိပ်မက်ဟာ
ချိုမြိန်ကောင်း ချိုမြိန်မယ်။
ကျနော်တို့ မြေပေါ်က ၂၀၁၀ ဟာ
ခါးသီးစွတကား။
ပြည်သူ့နှလုံးသားမီးလောင်ပြင်
စစ်ဖိနပ်တွေ မနင်းစေနဲ့ ။
ငါတို့ အားလုံး အသင့်ပြင်…
ရွှေဝါရောင်ဒီလှိုင်းတွေ တရိပ်ရိပ် တက်လာပြီ
ပင်လယ်အော်သံ ကြားသည်။
အမျိုးကောင်းသားတို့ 
အစွမ်းကုန် တိုက်ခိုက်ကြစို့ …
ငါတို့ ခေတ်မှာ ငါတို့ အဘိဓမ္မာ
(အမျိုးသားပြန်လည်တိုက်ခိုက်ရေးသာ
အကောင်းဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေး) ဖြစ်တယ်။ ။
(ပြည်တွင်းက ဘ၀တူ MNL ဘောလုံးဝါသနာအိုးများသို့ )
၀၉-၀၉-၀၉
5 comments:
လေးစားစွာနဲ့ လင့်ခ်ချိတ်ထားတာ ခုမှပဲ ဖတ်ရတော့တယ်..
တစ်ပုဒ်ဆိုဆိုသလောက် ကျွန်တော်ရိုကျိုးမိပါတယ်ဆရာ...
သုဏော်စိုင်း
စားပွဲတခုလုံး
သူ့ အမုန်းကိုယ်မြည်း
ကိုယ့်အမုန်းသူမြည်း
ပွဲသာပြီးသွားရော
ဘယ်သူမှ အကယ်ဒမီမရလိုက်ဘူး။
ရတယ်ဆိုတာက
သူပေးလို့ ရတာရယ်
ကိုယ့်ဖာသာကိုယ်အတင်းစွတ်(တပါးသူကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူဖြစ်စေ)ယူလို့ ရတာမျိုးရယ်ပေါ့ဆရာ
ဇာတ်လိုက်ကြီးတွေကတော့အကယ်ဒမီရအောင်ယူကြလိမ့်မယ် ဆရာရေ့ 
ှကျွန်တော်က ဆရာရဲ့ပရိသတ်တစ်ယောက်ပါ။
ဆရာရဲ့ ကံမကောင်းတဲ့ ပင်လယ် ကဗျာက ကျွန်တော်အကြိုက်
ဆုံးကဗျာတစ်ပုဒ်ပါ။ အဲဒီကဗျာထဲက ဆရာရဲ့ ပင်လယ်ဟာ
တစ်နေ့ ကံကောင်းလာမှာပါ ဆရာ။
ဆရာအောင်ဝေး ကျန်းမာချမ်းသာပါစေ။
ဆရာကိုဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်လေးများသိခွင့် ရှိရင်သိချင်ပါတယ်ခင်ဗျာ။
Post a Comment