Wednesday, June 4, 2008

အွန်လိုင်းကဗျာဆရာ ၊ အိုင်တီသူငယ်တန်းကျောင်းသား

အွန်လိုင်းကဗျာဆရာ ၊ အိုင်တီသူငယ်တန်းကျောင်းသား
ဖေဖော်ဝါရီ ၅ ၊ ၂၀၀၈

ကျနော်ပြည်တွင်းမှာနေတုန်း လွန်ခဲ့တဲ့လေးနှစ်လောက်က ဒီနာမည်မျိုးနဲ့ပဲ ပေါ်ပြူလာဂျာနယ်မှာ ဆောင်းပါး တပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ဆရာမျိုးမြတ်သူတို့ရဲ့ Forever e book အစီအစဉ်ကနေ ကျနော်တို့ရဲ့ လုံးချင်းစာအုပ်တွေကို အင်တာနက်ပေါ်တင်ပြီး ထုတ်ဝေရောင်းချတဲ့အကြောင်းကို အရင်းခံပြီးရေးလိုက်တာပါ။ အောင်ဝေးတို့လည်း အွန်လိုင်းစာရေး ဆရာဖြစ်သွားပြန်ပြီပေါ့လို့ ။
ပြည်တွင်းမှာတုန်းကတော့ ကိုယ်ရေးသားထုတ်ဝေလိုက်တဲ့စာ(လုံးချင်းစာအုပ်)ကို Forever က ကွန်ပျူတာ နည်းပညာနဲ့ အင်တာနက်က ၀ယ်ယူဖတ်ရှုလို့ရတဲ့ဈေးကွက်ထဲ ပို့လိုက်ရုံပါ။ ကိုယ်ကဘာမှ အိုင်တီနည်းပညာ တွေ တတ်စရာမလိုပါဘူး။ Forever က တနှစ်တခါ စာအုပ်ဖိုးရောင်းရတဲ့ငွေကို အခမ်းအနားလုပ်ပြီးရှင်းပေး လေ့ရှိပါတယ်။ အင်တာနက်ပေါ်မှာ ကျနော့် စာအုပ်တွေလည်း အတန်အသင့်ရောင်းချခဲ့ရတာပေါ့။

အခုကျနော် ပြည်ပကိုရောက်လာတဲ့အခါမှာတော့ ကိုယ့်စာတပုဒ် ကိုယ့်ကဗျာတပုဒ်ကို အွန်လိုင်းပေါ်ရောက်ဖို့ ဆိုတာ အတော့်ကို မလွယ်ကူတော့တာကလား။ ခက်ခဲနေတော့တာပါလား။ မလွယ်ဘူး ခက်တယ်ဆိုတာက အွန်လိုင်းမဂ္ဂဇင်းတွေက ကိုယ့်စာမူကိုမသုံးလို့ မတင်လို့မဟုတ်ပါဘူး။ ကျနော်တို့ရေးပို့လိုက်ရင် ဘယ်အွန်လိုင်း မဂ္ဂဇင်းကဖြစ်ဖြစ် လိုလိုလားလား ထည့်ပေးကြ တင်ပေးကြတာပါပဲ။ မလွယ်ဘူးဆိုတာက ခက်ခဲတယ်ဆိုတာက ကျနော်တို့မှာ ကွန်ပျူတာပဉ္စလက်ပညာ မတတ်တာပါဘဲ။ အိုင်တီနည်းပညာချို့တဲ့တာပါပဲ။

ကျနော်တို့အလုပ်က တသက်လုံးဘောပင်နဲ့ စာရွက်နဲ့ချရေးခဲ့ရတဲ့အလုပ်ဆိုတော့ ပြည်တွင်းမှာတုန်းကလည်း ကိုယ့်အဖို့ ကွန်ပျူတာဆိုတာ စာစီစာရိုက်ဖို့လောက်ပဲထင်ခဲ့တာကိုး။ ကိုယ်ကလက်နဲ့ရေးတဲ့အကျင့်ပဲ အားသန် ခဲ့တာ။ ပြည်တွင်းမှာ အီးမေးလ်ဆိုတာလည်း ကိုယ်ကမသုံးခဲ့ဖူးဘူး။ ကိုယ့်မှာအိမ်လိပ်စာကလွဲလို့ အီးမေးလ် လိပ်စာဆိုတာလည်း မရှိခဲ့ပါဘူး။
အခုပြည်ပကိုရောက်လာတော့ ဒါတွေကအခက်ကို တွေ့ပါရောလား။ ကျနော်ကွန်ပျူတာနဲ့စာမစီတတ်တော့ ကိုယ်စာတပုဒ် ရေးပြီးလို့ ဆိုပါတော့ ဧရာဝတီ၊ ခေတ်ပြိုင်၊ မိုးမခ စတဲ့ အွန်လိုင်းမဂ္ဂဇင်း တခုခုကို စာမူပို့ဖို့ လိုအပ် လာပြီဆိုရင် ပထမဘယ်သူ့ကို အရင်ချဉ်းကပ်ရသလဲဆိုတော့ ဒီဗွီဘီ ဗီဒီယိုသတင်းထောက် ခင်မင်းဇော်ကို မျက်နှာချိုသွေးရတော့တာပဲ။ သူအားရင်သူ သူမအားရင်သူ့ခင်ပွန်း ကိုမင်းဇော်တို့ကို စာစီခိုင်းရတယ်။ စာစီ ပြီး ရင် တခါတည်းသူတို့ကနေတဆင့် ကိုယ်ပို့ချင်တဲ့ဝက်ဘ်ဆိုဒ်ကို အီးမေးလ်နဲ့ပို့ခိုင်းရတော့တာပါပဲ။ ဒီလိုနည်းနဲ့ပဲ ကျနော့်စာတွေ ကဗျာတွေအွန်လိုင်းပေါ်မှာ တွေ့လာရတာပါ။

ကိုယ်ကအခုပြည်ပမှာ အခြေတကျ အနေတကျမဖြစ်သေးတော့ ကွန်ပျူတာလည်းသေချာမသင်ဖြစ်သေးပါဘူး။ အင်တာနက် ကြည့်နည်းကိုတော့ လက်နက်ကိုင်ကဗျာဆရာ မောင်လွမ်းဏီ သင်ပေးထားလို့ကြည့်တတ်နေပါပြီ။ ဒီဟာလေးတတ်လာတော့ ကိုယ်ကြည့်ချင်တဲ့ဝက်ဘ်ဆိုဒ်တွေ ဘလော့တွေကိုလေ့လာခွင့်ရတာဟာ အမြတ်ပေါ့။ ဒါတောင်မှ သိပ်ရှုပ်ရှုပ်ထွေးထွေး ဟိုကလိရ ဒီကလိရတဲ့ဟာတွေဆိုရင် ကိုယ်မလုပ်တတ်တော့ဘူး။ အနီးအနား မှာရှိတဲ့ သိတဲ့တတ်တဲ့သူ တဦးဦးကိုခေါ်ပြီး လုပ်ခိုင်းရတော့တာပါပဲ။

အိုင်တီမတတ်ရင် အွန်လိုင်းကဗျာဆရာလုပ်ဖို့မလွယ်ဘူးဆိုတာ ကျနော်သဘောပေါက်လာတယ်။ အခုပြည်ပ ရောက်မှ နောက်ထပ်နားလည်လာတာတခုက နအဖစစ်အုပ်စုကို ယဉ်ကျေးမှု စစ်မျက်နှာကနေ ကဗျာနဲ့တိုက် မယ်၊ စာနဲ့တိုက်မယ်လို့ ဆုံးဖြတ်ရင် အိုင်တီကောင်းကောင်းတတ်ကျွမ်းဖို့ လိုလိမ့်မယ်ဆိုတဲ့ အချက်ပဲ။
အခုနေတော့ ကျနော်ကွန်ပျူတာရှေ့ ထိုင်ထိုင်ပြီး အိုင်တီအငွေ့အသက်တွေ ရှုရှိုက်နေပါတယ်။ ဒေါက်တာ လွဏ်းဆွေတို့ ၊ ခင်မင်းဇော်တို့ ၊ ဆရာမမေငြိမ်းတို့ သူတို့ဘလော့ဂါတွေ လုပ်နေကိုင်နေတာတွေကို ကျနော် အကဲခတ်လေ့လာနေပါတယ်။ မောင်လွမ်းဏီရဲ့ အကူအညီနဲ့ ကမ္ဘာအရပ်ရပ်ကလာတဲ့ အီးမေးလ်တွေကို ကျနော် ဖွင့်ဖတ်နေပါတယ်။

အခုကျနော် ခရမ်းပြာမြင်းရိုင်း ဆိုတဲ့နာမည်နဲ့ ကဗျာစာအုပ်လေးတအုပ် ထုတ်ဖို့လုပ်နေပါတယ်။ ထုတ်ဝေသူက ဂျပန်က အာဟာရစာစောင်အယ်ဒီတာအဖွဲ့ပါ။ အဲဒီအတွက် မဲဆောက်နဲ့တိုကျို အီးမေးလ်တွေအပြန်ပြန် အလှန် လှန် သွားရပါတယ်။ အီးမေးလ်ကတဆင့် ကျနော့်ကဗျာစာအုပ်ကိစ္စတွေ လုပ်နေရပါတယ်။

ဟိုတလောကတော့ ဒေါက်တာလွဏ်းဆွေ အီးမေးကတဆင့် ကျနော့်ဆီကို ဆန်ဖရန်စစ္စကို မိုးမခမီဒီယာအဖွဲ့က ဆရာမောင်ရစ်တို့ ပို့လိုက်တဲ့အီးမေးလ်တစောင် ကျနော်ဖတ်ရပါတယ်။ အီလီနွိုက်စ် တက္ကသိုလ်က ကျနော့်ဆရာ ကလည်း တလောကပဲ ကျနော့်ဆီဖုန်းဆက်တုန်းက ဟေ့ကောင် အီးမေးလ်လိပ်စာလေးလုပ်ထားဦးကွလို့ အထူး သတိပေးသွားခဲ့ပါ သေးတယ်။
အခုတော့ ကျနော့်မှာ ကိုယ်ပိုင်အီးမေးလ် လိပ်စာလေးတခု ရှိနေပါပြီ။ မိုးမခအဖွဲ့ကပဲ ကိုဇာနည်ဝင်းမဲဆောက် ရောက်တုန်းခဏ ကျနော့်ကိုကွန်ပျူတာရှေ့ အတင်းဆွဲခေါ်ပြီး ချက်ခြင်းတည်ဆောက်ပေးလိုက်လို့ ကျနော် အီးမေးလ်လိပ်စာ ပိုင်သွားတာပါ။ ကိုဇာနည်ဝင်း အားချင်းသင်ပေးလိုက်လို့ အီးမေးလ် ဖွင့်တာပိတ်တာ စာပို့တာ တော့ ကျနော်ထမင်းစားရေသောက် တတ်နေပါပြီ။
ခုလောလောဆယ် ကျနော်ခင်မင်းဇော်တို့ လင်မယားဆီမှာ အင်္ဂလိပ်စာလက်ကွက် အရင်သင်ရမယ်။ ဒါမှ အီးမေးလ်နဲ့ ကိုယ်မက်ဆေ့ခ်ျ ပို့ချင်တဲ့ဟာ ကိုယ်ရေးလို့ရမယ်။
(မြန်မာလက်ကွက်ကတော့ ပျင်းပျင်းနဲ့ ဖြည်း ဖြည်းချင်း သင်ရဦးမှာပါပဲ) ကိုယ့်စာကိုယ်စီပြီး ကိုယ်ကိုယ်တိုင် အီးမေးလ်နဲ့ ပို့ချင်ရာပို့နိုင်ရင် အကောင်းဆုံး ပေါ့။
ခုတော့ ကျနော်အွန်လိုင်းကဗျာဆရာ၊ ဒါပေမယ့် အိုင်တီ သူငယ်တန်းကျောင်းသား ပါပဲဗျာ ။ ။

(မူရင်း-ဧရာဝတီ)

0 comments: