Thursday, June 5, 2008

စုစုနွေး ဖတ်ဖို့ ကဗျာရှည်တပုဒ်


လေဆန်မှာ မြားတန်းလန်းနဲ့
ပျံသန်းရဲတဲ့ ငှက်သာ
မနက်ဖြန်အတွက် ဖြစ်တယ်။

ညီမလေး
ငါတို့ကတော့
တနှစ်အတွင်း အနိုင်တိုက်ရေး
အာဏာသိမ်းပိုက်ရေးပဲ ညီမလေး။

ဒီည
ငါ သတိရနေတယ်။

ညီမလေး
စိမ်းမှောင်မှောင် ပုန်းရှောင်နေရတဲ့
ဝပ်ကျင်းကလေးထဲကနေ
ငါ သတိရနေတယ်။

ဒီည
လရောင်က ငါ့မှာ မရှိဘူး။

ညီမလေး
အပြင်ဘက်မှာ လရောင်က
လုံခြုံရေးတွေ အတင်းအကျပ်ချထားတဲ့
အနိဌာရုံတွေပေါ်မှာ
အလုံးအရင်းနဲ့ သွန်ကျနေမပေါ့။


စစ်တပ်က အတင်းဝင်ရောက် စီးနင်းခဲ့တဲ့
ဘုန်းကြီးကျောင်းတွေပေါ်မှာ
ဂျပန်သတင်းထောက် ကန်ဂျိနာဂအိ
လဲကျ သေဆုံးသွားတဲ့ နေရာ
အနော်ရထာလမ်းပေါ်မှာ
ညီမလေး …
ရွှေတိဂုံ အရှေ့မုခ် လမ်းမပေါ်မှာ
ဆူးလေဘုရား ပရိဝုဏ်တ၀ိုက်မှာ
တာမွေ အထက(၃) ကျောင်းရှေ့မှာ
ညီမလေး …
ရန်ကုန်မြို့ နေရာအနှံ့က
မခြောက်သေးတဲ့ သွေးကွက်တွေပေါ်မှာ
လရောင်က
နာကြည်း ခံပြင်းစွာပဲ
ထိုးကျနေမှာပေါ့ ညီမလေး။

ဝပ်ကျင်းကလေးထဲ
ငါ စဉ်းစားနေမိရဲ့
ဒါဟာ
“သွေးစွန်းသော ငွေလမင်း” ပါပဲ ညီမလေးရယ်။

ငါ မဖြေသိမ့်နိုင်ဘူး။
ငါ ခွင့်မလွှတ်နိုင်ဘူး။

ညီမလေး
ငါတို့ကတော့
တနှစ်အတွင်း အနိုင်တိုက်ရေး
အာဏာသိမ်းပိုက်ရေးပဲ ညီမလေး။

ငါတို့ မကျေအေးနိုင်ဘူး။
ငါတို့ မစေ့စပ်နိုင်ဘူး။

ညီမလေး
ငါတို့ကတော့
အဲဒီ “လရောင် သွေးစွန်းမှု” အပေါ်
တရားမျှတမှု အတွက်
တရားမျှတမှုနဲ့ပဲ
တရားစီရင်ရမှာပဲ ညီမလေး။

ငါတို့ အချိန်မဆိုင်းနိုင်တော့ဘူး။
ငါတို့ အချိန်မဖြုန်းနိုင်တော့ဘူး။

ညီမလေး …
“စက်တင်ဘာ သွေးချောင်းစီးမှု” အပေါ်
တာဝန်ရှိတဲ့ မည်သူမဆို
စစ်ဗိုလ်၊ စစ်သား၊ လုံထိန်းရဲ
ကြံ့ဖွတ်၊ စွမ်းအားရှင်၊ သတင်းပေး
မိစ္ဆာဒိဌိ လွတ်လမ်းမမြင်သူတွေ
ညီမလေး …
ဘုရားသားတော်တွေ သံဃာတွေကိုတောင်
မရှောင် ရိုက်နှက် သတ်ဖြတ် ပစ်ခတ်
ငရဲကြီး ရှစ်ထပ်
အ၀ီစိ ဂျိုးကပ်မယ့်
စစ်တပ်က အာဏာရှင် လက်တဆုပ်စာ
ညီမလေး …
တရားမျှတမှုအတွက်
တရားမျှတမှုနဲ့
သူတို့ကို မညှာမတာ
လူထုခုံရုံး တင်ရမှာပဲ။

ငါတို့ မစောင့်နိုင်တော့ဘူး။
ငါတို့ လက်လွတ်မခံနိုင်တော့ဘူး။

ညီမလေး
စစ်အစိုးရဟာ
တနှစ်အတွင်း ပြုတ်ကျသွားစေရမယ်။

ညီမလေး
လူထုအစိုးရဟာ
တနှစ်အတွင်း ပေါ်ထွန်းလာစေရမယ်။

ဒီည
ငါ ယုံကြည် မျှော်လင့်နေတယ် ညီမလေး။

ငါ ပုန်းအိပ်နေတဲ့
ဝပ်ကျင်းကလေးထိပ်မှာ
မျှော်လင့်ချက် အရိပ်အယောင်တွေ
ပြည့်သိပ် ထွန်းလင်းနေတယ် ညီမလေး။

ငါ့အခန်း ကျဉ်းကျဉ်းကလေး
ပြတင်းပေါက်ကနေ
အပြင်ဘက်ကို ကြည့်လိုက်ရင်
ဝိုးတ၀ါး လရောင်အောက်မှာ
ဘူးစင်ကလေး တစင်
မြင်နေရတယ်။

ဘူးညွန့်နွယ်ကလေးတွေ
လေထဲမှာ တလွင့်လွင့်
စင်ပေါ်ကို
အဆင့်ဆင့် ကြိုးစား တွယ်တက်နေကြတာပေါ့။

တော်လှန်ရေးကို
ငါ မြင်နေရတာပါကွယ်။

လရောင် ကြယ်ရောင် အောက်ကနေ
နေရောင် တောက်ပတဲ့ တနေ့
အဲဒီဘူးညွန့် စိမ်းစိမ်းကလေးတွေ
စင်ပေါ်ကို ကျိန်းသေရောက်မှာပဲ။

ညီမလေးရယ်
တော်လှန်ရေးကို ငါမြင်နေရပါပေါ့။

“Evolutionary revolution” တဲ့
တို့တတွေ
ဘူးညွန့်နွယ်လေးတွေလို
အဆင့်ဆင့် တော်လှန်ပြောင်းလဲခဲ့ကြပြီ။

ဒီတခါ
တို့ တော်လှန်ပြောင်းလဲဖို့ကတော့
တနှစ်အတွင်း အနိုင်တိုက်ရေး
အာဏာသိမ်းပိုက်ရေးပဲ ညီမလေး။

အားမငယ်ပါနဲ့ ညီမလေး
“အာဇာနည်မျိုး သေရိုးမရှိ” တဲ့။

တိုက်ပွဲရဲ့ အဘိဓမ္မာ
တိုက်ပွဲရဲ့ အနုပညာတွေ
တို့မှာ အပြည့်
ဘူးနွယ်ညွန့်လေးတွေ
စင်ပေါ်ရောက်တဲ့ တနေ့
“၈၈ မျိုးဆက်”
“အန်အယ်လ်ဒီ လူငယ်”
“သုံးရောင်ခြယ်”
“အကြမ်းမဖက်”
“ဗကသ”
“တကသ”
… … …
တို့မောင်နှမတွေ
“ဒေါ်အောင်ဆန်းစုကြည်” ရဲ့ အလံတော်အောက်မှာ
တယောက်ကို တယောက်
ပြန်လည် တောက်ပနိုင်ကြမှာပါ။

အခုတော့ ညီမလေးရေ
မင်းလည်း ပုန်းနေပါဦး
အိုးဝေရဲသိန်းနိုင်ကိုလည်း စောင့်ရှောက်ပါဦး
အားမွေးထားပါဦး။

စစ်အစိုးရဟာ
မကြာခင်မှာ
ဘုန်းဘုန်းလဲပြိုသွားရတော့မယ်။

လူထုအစိုးရ
တို့ အစိုးရဟာ
မကြာခင် အောင်ပွဲခံဖို့ သေချာနေပြီ။

ယုံကြည်ပါ ညီမလေး
လေဆန်မှာ မြားတန်းလန်းနဲ့
ပျံသန်းရဲတဲ့ ငှက်သာ
မနက်ဖြန်အတွက် ဖြစ်တယ်။

အောင်ဝေး (၂၈-၉-၂၀၀၇)
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

(မူရင်း - ဒေါက်တာလွဏ်းဆွေဘလော့ဂ် )

(ဓာတ်ပုံ - Tharaphi's photostream )

Related Posts:

  • aung way in LA - 2ဆရာမောင်သာရ ဆရာမောင်စွမ်းရည်တို့နှင့် အမှတ်တရ… Read More
  • စုစုနွေး ဖတ်ဖို့ ကဗျာရှည်တပုဒ်လေဆန်မှာ မြားတန်းလန်းနဲ့ပျံသန်းရဲတဲ့ ငှက်သာမနက်ဖြန်အတွက် ဖြစ်တယ်။ညီမလေးငါတို့ကတော့တနှစ်အတွင်း အနိုင်တိုက်ရေးအာဏာသိမ်းပိုက်ရေးပဲ ညီမလေး။ဒီညငါ သတိရနေတယ်… Read More
  • ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၃ ) မင်းထင် မင်းက ဒါရိုက်တာ ဆိုပြီး ပလူအုံကိုမှ ကလို့ဇပ်* သွားရိုက်မိတာကိုး။ ။ ေ အ ာ င္ ေ ဝ း (ေမ ၁၄၊ ၂၀၁၉) * close-up (အနီးကပ္ရိုက္ခ်က္)[unicode] ချ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၄ ) ချစ်လှစွာသော ပြည်ပြေး။ လေးသံ မြားသံ စဲခဲ့ပေမဲ့ ဆဲသံ ဆိုသံ ညံနေဆဲမို့ (မစ်ရှီဂန် မှာ) လူလည်း အိမ် မပြန်နိုင်သေး ကဗျာလည်း လွမ်းမိုး မစဲနိုင်သေး။ ။ … Read More
  • From Michigan with mask The mask. If you think this is uncomfortable. Inconvenience, or infection?… Read More

0 comments: