Wednesday, June 4, 2008


မဲဆောက် ကွန်မြွန်း

ကြောက်တတ်ရင်
မဲဆောက်ဟာ
ဖြဲခြောက်တယ်။

မကြောက်တတ်ရင်
မဲဆောက်မှာ
နောက်ထပ် ကွန်မြွန်းတခု
ပေါ်လာမယ်။

မဲဆောက် … တဲ့
အမြဲသောက်ရင်
အသည်းခြောက်မယ်ဆိုတဲ့
ဆရာတင်မိုးကို လွမ်းတယ်။

မဲဆောက် … တဲ့
အမြဲသောက်ပေမယ့်
ရဲရဲတောက်တဲ့
ပုန်ကန်နွယ်တွေကို လွမ်းတယ်။

မဲဆောက် … ပေါ့
မဲဆောက်ဟာ
လွတ်မြောက်ခဲ့ပါတယ်။

မဲဆောက် … ပေါ့
မဲဆောက်ဟာ
လွမ်းလောက်ခဲ့ပါတယ်။

အို … မဲဆောက်ရဲ့
ခါးထောက်ပြီး မကြည့်ပါနဲ့။

နောက်ထပ် ကွန်မြွန်းတခုကို
ရဲရဲကြီး ကြိုစမ်းပါလော့။

ဒီမှာ
လွတ်မြောက်တဲ့ နှလုံးသားတွေက
လွတ်မြောက်တဲ့ တေးကိုပဲ
သီကြတယ်။

ဒီမှာ
အာဇာနည်တွေက
မသေမြစ်ကိုပဲ
ဆန်တက်နေကြတယ်။

ဟုတ်တယ်
မဲဆောက်ဟာ
ယူဂျင်းပေါ်တီယာရဲ့ မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
ဟိုတုန်းက လီနင်နဲ့တွေ့ပြီး
အခု လင်ကွန်းနဲ့ တွေ့ချင်သူတွေရဲ့
မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
ဒီမိုကရက်တစ် မဲဆောက်ပေါ့။

ဟုတ်တယ်
မဲဆောက်ဟာ
စစ်အာဏာရှင်စနစ်ကို
အမြစ်ပြတ် ချေမှုန်းပစ်မယ့်
မုန်တိုင်းသစ်တွေရဲ့ မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
မြစ်ဧရာပေါ်မှာ
လွတ်လပ်ခြင်းကို စီးဆင်းစေမယ့်
မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
ပေါင်းစည်းရင်း ကွဲလွဲခွင့်ရှိပြီး
ကွဲလွဲရင်း ပေါင်းစည်းနိုင်တဲ့ မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
စစ်အစိုးရလက်အောက်မှာ
အနာဂတ် အိပ်မက်ကို
တောင်းယူလို့မရ
တိုက်ယူမှ ရမယ်လို့ ယုံကြည်သတဲ့။

ဟုတ်တယ်
မဲဆောက်ဆိုတာ
နအဖ စစ်သားလေးသိန်းကို
ရွှေ့ပြောင်းအလုပ်သမား နှစ်သန်းနဲ့
ဖို့သတ်လို့ရတဲ့ မဲဆောက်ပေါ့။

အို … မဲဆောက်ငဲ့
မကြောက်မရွံ့သာ
တောက်ပ လိုက်ပါတော့။

နောက်ထပ် ကွန်မြွန်းတခု
လူထုရင်ခုန်သံ
နိုင်ငံတကာ…။

အို … မဲဆောက်
မှားယွင်းတဲ့ ခေါင်းဆောင်မှုကို
ပုန်ကန်ရန် အခွင့်အရေးရှိတယ်
မဲဆောက်။

မဲဆောက်
တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာ ဖြစ်တယ်
မဲဆောက်။

မဲဆောက်
ရန်သူဆန့်ကျင်ခံရခြင်းဟာ
ကိစ္စဆိုးမဟုတ်
ကိစ္စကောင်း ဖြစ်တယ် မဲဆောက်။

မဲဆောက်
တော်လှန်တဲ့ အတွေးအခေါ်တရပ် မရှိဘဲ
တော်လှန်တဲ့ အရေးတော်ပုံတရပ် မရှိနိုင်ဘူး
မဲဆောက်။

တော်လှန်တဲ့ တပ်ဦးတခုတော့
လိုသပေါ့ မဲဆောက်ရယ်။
နှောင်ကြိုးကလွဲလို့
ဆုံးရှုံးစရာ ဘာမှမရှိဘူး။

၉၀ ရွေးကောက်ပွဲ ရလဒ်ကလွဲလို့
ဘာမှ လက်ခံနိုင်စရာ မရှိဘူး။

အကုန်ရရင်ရ
မရရင် ဘာမှမလိုချင်ဘူး။

အို … မဲဆောက်
အရေးအကြီးဆုံးက
လက်နက်မချရေး
ညီညွတ်ရေးပဲ မဲဆောက်။

ချစ်သူတွေ ရန်မဖြစ်ကြနဲ့
မဲဆောက်။

နောက်ဆုတ်ရန် ချန်ထားတဲ့
တံတားကို မီးရှို့ပစ်လိုက်
မဲဆောက်။

အတ္တဆိုလို့ `မခင်ဦး'ကို ချစ်မိတာ
တခုပဲ ရှိသတဲ့
မဲဆောက်။

အို … မဲဆောက်
ဒေါ်အောင်ဆန်းစုကြည် အကြောင်း
တွေးရတာလောက်
ဘယ်ပင်လယ်မှ လှိုင်းမထန်ဘူး။

မင်းကိုနိုင်တို့ မျိုးဆက်လောက်
ဘယ်ကောင်းကင်မှ ကြယ်မစုံဘူး။

ကျော်ကိုကိုတို့ ခေတ်မှာ
လူဖြစ်ရကျိုးနပ်တဲ့
မဲဆောက်ပေါ့။

မဲဆောက်ဟာ
ဖဒိုမန်းရှာနဲ့လည်း ညစာစားခဲ့တယ်။

မဲဆောက်ဟာ
လင်းယုန်ငှက်တွေကိုလည်း
ဂုဏ်ပြုခဲ့တယ်။

အို … မဲဆောက်ရဲ့
တချို့က တော်လှန်ရေးကို
တယောပေါ် တင်ကြတယ်။

တချို့က ဗုံပေါ်တင်ကြသတဲ့
အချို့ကျတော့
ဗုံနဲ့တယော ရောဖွဲ့ဂီတကို
နှစ်သက်သတဲ့။

အဲဒီလို မဲဆောက်ရဲ့
တော်လှန်ရေးမှာ အနုပညာပါရသတဲ့
ရေတွင်းလေးထဲ ငုံ့ပြီး

နှင်းရေ … လို့ အော်လိုက်
ခေတ်ကို ကဗျာနဲ့လည်း တိုက်လို့ရတယ်။

အို … မဲဆောက်
ဒေါနတောင်ကြီးကို မှောက်လှန်ပစ်မယ့်
မဲဆောက်။

အို… မဲဆောက်
သောင်ရင်းမြစ်ကို ဗြောင်းပြန်လှန်မယ့်
မဲဆောက်။

အို… မဲဆောက်
ကမ္ဘာပေါ်မှာ
ကျောင်းသားအစိုးရဆိုတာ
ဒီမှာပဲ ရှိလာမယ့် မဲဆောက်ပေါ့။

မဲဆောက်ရယ်
ခါးထောက်မကြည့်ပါနဲ့။

လမ်းလျှောက်သင်ခါစ
ကလေးတယောက်
ထမြောက်သွားသလိုမျိုး
တော်လှန်ရေးဆိုတာ
လဲလိုက် ထလိုက်တော့ ရှိမှာပေါ့။

မြွေမှန်ရင်
တွင်းဝင်ဖြောင့်မှာပဲ
အသည်းက ယုံကြည်ရင်
အဆုံးသတ်အောင်ပွဲကို မြင်ကြမယ်။

… ညဦးယံ၌ ငိုကြွေးခြင်းသည်
လာ၍ တည်းခို၏
နံနက်ယံ၌ကား
သီချင်းဆိုရသော အခွင့်ရှိ၏…
မဲဆောက်ရဲ့
အခုလက်ငင်းဆိုရမယ့် သီချင်းက
တနှစ်အတွင်း အနိုင်တိုက်ရေး
အာဏာသိမ်းပိုက်ရေးပေါ့။

အို … ရဲဘော်အပေါင်းတို့ …
ပြည်သူ့အကျိုး ဆောင်ကြ။
ပေဖြစ်ခံရဲရုံသာမက
တူဖြစ်အောင်လည်း လုပ်ကြ။

လူထုတိုက်ပွဲ အရှိန်မြှင့်ကြ။
ဘုံရန်သူကို ချေမှုန်းကြ။
အို… မဲဆောက်ငဲ့
နောက်မကျသေးပါဘူး။

အို… မဲဆောက်ငဲ့
ဆုံးခန်း မရောက်သေးပါဘူး။

အို…မဲဆောက်ငဲ့
ငှက်တေးကောက်ရင်
ရှင်ပြန်ထမြောက်ရမှာပေါ့။

ရန်-ငါ မပြတ်လို့
သံဃာအသတ်ခံရတာ
အို … မဲဆောက်ရဲ့
ဒီတခါ
ရန်-ငါ ပြတ်မှ ဖြစ်မယ်။

အရေးအကြီးဆုံးက
လက်နက်မချရေး
ညီညွတ်ရေးပဲ။

မဲဆောက်
မဲဆောက်
မဲဆောက်
မဲဆောက်
အို … မဲဆောက်
နောက်ဆုံးမှာ
ချစ်သူကို ပခုံးပေါ်တင်ပြီး
ရှင်လောင်းလှည့်သလို
ဗိုလ်ဝင်ခံပစ်မယ့် မဲဆောက်ရဲ့။

အစွမ်းကုန်သာ
ဖူးပွင့်လိုက်ပါတော့။

နောက်ထပ် ကွန်မြွန်းတခု
လူထုရင်ခုန်သံ …
နိုင်ငံတကာ …။ ။

အောင်ဝေး

၁၅၊ ၁၂၊ ၀၇

(မူရင်း-ကိုမိုးသီးဘလော့ဂ်)

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၅၆) ဝင်း နဲ့ ဇော် တိုင်းပြည်က ရေကြီးနေတယ် (တချို့က လှေကြုံစီးနေတယ်) လေဟုန်စီးပြီး ရွှေတိဂုံကို မင်းတို့ပြန်လာမယ်၊ ယုံတယ်။ ။ အောင်ဝေး (စက်တင်ဘာ ၂၊ ၂၀၁၉)#… Read More
  • ချစ်လှစွာသောပြည်ပြေး (၅၅) စံပယ်ဖြူနု ရေ ... စစ်ပွဲတွေက လူတွေကို သေစေတယ် (လူတွေက စစ်ပွဲတွေကို ရှင်စေတယ်) လူသေတွေ ရှင်ပါစေ၊ စစ်ပွဲရှင်တွေ သေပါစေ။ ။ အောင်ဝေး (သြဂုတ် ၃၀၊ ၂၀၁၉) … Read More
  • ချစ်လှစွာသောပြည်ပြေး (၅၉) ဂေါဝိန္ဒ အိပ်မက်အခွံကို မျှောချလိုက် အိပ်မက်အခွံတွေ မျှောပစ်လိုက် မြစ်ညာမှာ အိပ်မက်သစ်တို့ ညို့နေပြီ။ ။ အောင်ဝေး (စက်တင်ဘာ ၁၇၊ ၂၀၁၉)##ခ် စ် လှ စွာ… Read More
  • ချစ်လှစွာသောပြည်ပြေး (၅၄) စစ်ကျွန်ခေတ်မှာ၊ လူလွန်မသားတွေက မြစ်ကို သွန်ပစ်ခဲ့ကြ စစ်ကျန်မြစ်မှာ၊ တို့ခေတ်ဟာ နွံနစ်ရပေါ့ ခင်ဘုန်းဝေဇော်။ ။ အောင်ဝေး (သြဂုတ် ၂၅၊ ၂၀၁၉) ## ချ စ်… Read More
  • ချစ်လှစွာသောပြည်ပြေး (၅၇) မိကောက် တိုင်းပြည်အတွက်ဆို ဘာမှ မလိုဘူး ကိုယ်စီ ရင်ထဲ အချစ်ပင်လေးသာ ရှင်အောင်မွေး ဘယ်တော့မှ စစ်မပြင်လေနဲ့။ ။ အောင်ဝေး (စက်တင်ဘာ ၈၊ ၂၀၁၉) ## ခ် စ္… Read More

0 comments: