တော်လှန်ရေးသမား ကဗျာဆရာ အောင်ဝေးနှင့် တွေ့ဆုံမေးမြန်းခြင်း
မိုးကုပ်စက်ဝိုင်း
ဒီဇင်ဘာ ၂၃၊ ၂ဝဝ၇
ကဗျာဆရာအောင်ဝေးသည် စက်တင်ဘာလ လူထုလှုပ်ရှားမှုတွင် ထင်ထင်ရှားရှား ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ မကြာသေးမီက ထိုင်းမြန်မာနယ်စပ် လုံခြုံသည့် အရပ်ဒေသ တစ်ခုတွင် ရောက်ရှိနေသော ကဗျာဆရာအောင်ဝေးအား မိုးမခက တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။
တော်လှန်ရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကဗျာဆရာအောင်ဝေးသည် ကဗျာ၊ ဆောင်းပါးများ ဆက်လက်ရေးသားနေဆဲဖြစ်ပြီး၊ ယခုအခါ စာပေမြတ်နိုးရေးဖွဲ့သူ မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်များနှင့် အတူတကွ နေထိုင်လျက်ရှိသည်။
အမေးအဖြေအချို့ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
စက်တင်ဘာလှုပ်ရှားမှုမှာ အနုပညာသည်တွေ အများကြီး ပါဝင်လာတာ မတွေ့ရဘူး။ သူတို့ရဲ့နိုင်ငံရေးနိုးကြားမှုက ဘယ်လောက်အထိရှိသလဲ။
ကျနော်ကတော့ အပြစ် မတင်ဘူး၊ အခုကတော့ စည်းရုံးရေးအချိန်လည်း မရလိုက်ဘူး၊ တချို့လည်း လေ့လာတုန်း စူးစမ်းတုန်း။ အထတော့ နှေးတာပေါ့။ ၁၉၈၈ လူထုလှုပ်ရှားမှုတုန်းကဆို တစုတဝေးပဲလေ။ အနုပညာရှင်တွေ ပါတာပဲ။ ၁၉၈၈ နှစ်ဦးပိုင်းကတည်း ကျောင်းသားလှုပ်ရှားမှုတွေ ရှိခဲ့ သွေးမြေကျခဲ့တာ အနုပညာရှင်တွေလည်း မခံနိုင်တော့ဘူး။
ဒီနှစ်တော့ သံဃာတွေ ထွက်လာတော့ ကြောက်နေတဲ့သူတွေလည်း နည်းနည်းရဲလာတယ်။ အနုပညာသမားတိုင်းကတော့ နိုင်ငံရေးကို စနစ်တကျ လေ့လာတာလည်းမဟုတ်ဘူး၊ သို့သော်လည်း ပြည်သူလူထုအတွက် ဖြေဖျော်နေတယ်၊ လူထုရဲ့လက်ခုပ်သံကို သူလည်း လိုချင်တာပဲ၊ လူထုအားမပေးရင် သူ မအောင်မြင်ဘူးလေ၊ လူထုနဲ့ဆက်စပ်နေတာပဲ။
ဒါပေမယ့် အခုလိုအခြေအနေမှာကျတော့ လုပ်ငန်းကိုင်ငန်း အကျိုးစီးပွားတွေ ရှိတယ်။ သူတို့ကို အရမ်းကာရော အပြစ်မတင်ဘူး။ တချို့ ကျနော်တို့ကို ကမ်းလှမ်းတယ်။ ဖုန်းဆက်တယ်၊ လက်ခံတယ်၊ နာမည်တွေ အများကြီး ပေးကြတယ်။ တပြိုင်နက်တည်းမှာပဲ ရုပ်ရှင်အစည်းအရုံးက ကြပ်ပြီ၊ ဂီတအစည်းအရုံးက ကြပ်ပြီ။ အစည်းအရုံးတွေနဲ့က ကင်းလို့မရဘူးလေ။ အဲဒီမှာ အနုပညာရှင် တော်တော်များများက ပိတ်မိတယ်။
ကျနော်တို့လုပ်နေတာကို ထောက်ခံပါတယ်။ တကယ် သပိတ်မှောက်တော့လည်း လာတယ်၊ ရွှေတိဂုံကို အဆိုတော်တွေ လာတယ်၊ သူတို့မှာလည်း အကန့်အသတ်ရှိတော့ ချီတက်တဲ့အခါ မလိုက်နိုင်ဘူး။ လာပြီး မျက်နှာပြ အားပေးတယ်။ သီချင်းရေးဆရာ ကိုရဲလွင်၊ ရိုက်တာနှက်တာကို ထွက်မပြေးဘဲနဲ့ ကြံ့ကြံ့ခံရပ်ပြီး အဖမ်းခံတယ်၊ ထောင်ထဲရောက်တယ်၊ ပြန်ထွက်လာတဲ့အချိန်မှာလည်း ဘဝကိုစွန့်လွတ်ဖို့ ဆုံးဖြတ်ပြီးပြီလို့ သူ ပြောရဲတယ်။
ရုပ်ရှင်၊ ဂီတ၊ မော်ဒယ်လ်တို့ အထွက်နည်းသော်လည်းပဲ စာပေအသိုင်းအဝိုင်းက အင်နဲ့အားနဲ့ထွက်တယ်၊ ဒါကြောင့်လည်း ပြေးနေပုန်းနေရတာတွေ အများကြီးပဲ။ စာရေးခွင့်ပိတ်တာ ၂၂ယောက် စသဖြင့် ကြားမှာပါ။
၁၉၉၅-၉၆ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုဟောပြောပွဲတွေတုန်းကလည်း အနုပညာအသိုင်းအဝိုင်းက သွားပြီး လေ့လာတာ၊ အားပေးတာ သိပ်မတွေ့ရဘူး။
ကျနော်တို့ သွားပါတယ်။ ရုပ်ရှင်၊ ဂီတတို့ကျတော့လည်း နဂိုကတည်းက သူတို့က လူထုကြားထဲ သိပ်မသွားဘူး။ ခေတ်အဆက်ဆက်မှာ အစည်းအရုံးက ချုပ်နှောင်ထားတာတွေကိုလည်း ခံနေရတာ။
စက်တင်ဘာလ ဆန္ဒပြပွဲတွေမှာ နာမည်ကြီးလာတဲ့ စွမ်းအားရှင် ဆိုတဲ့အဖွဲ့တွေကို ဘယ်လိုထင်သလဲ။
စွမ်းအားရှင် ဆိုတာတွေကို ကြားတော့ ကြားနေတာပေါ့နော်၊ ၂ဝဝ၃ ဒီပဲယင်းမှာလည်း ပါခဲ့တယ်။ နောက်ပိုင်းမှာ ကျောင်းသားတွေရဲ့ အဖြူရောင်လှုပ်ရှားမှုကို ကြံ့ဖွံ့နဲ့စွမ်းအားရှင်တို့က ဟန့်တားတယ်၊ အဖွဲ့ချုပ် လူငယ်တွေရဲ့လှုပ်ရှားမှုတွေမှာ စွမ်းအားရှင်တွေက ရာနဲ့ချီပြီး စောင့်နေတယ်။ စစ်တပ်နဲ့ရဲကို မသုံးချင်လို့ စွမ်းအားရှင်ကို သုံးတယ်၊ အကြမ်းဖက်ရမယ့်နေရာမျိုးမှာ သူတို့နဲ့ မလုံလောက်လို့ဖြစ်မှာပေါ့။
ကျနော်တို့ စိတ်မကောင်းတာက လူမှုရေးလုပ်ငန်းလုပ်နေတဲ့ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်တွေ စွမ်းအားရှင်ထဲ ပါနေတယ်။
တော်လှန်ရေးတိုင်းမှာ အဲဒီလို အတွေးအခေါ်မရှိ၊ ပစ္စည်းဥစ္စာ၊ ပိုက်ဆံနဲ့မြူဆွယ်လိုက်ရင် လူထုကို ပြန်ရက်စက်တဲ့ ကလေကချေ လူတန်းစားရဲ့ အန္တရာယ်က အရမ်းကြီးတယ်။
လူထုက ရွံမုန်းတယ်၊ အော့နှလုံးနာတယ်၊ အနုနည်းနဲ့ပေါ့နော် အတတ်နိုင်ဆုံး ဆန့်ကျင်တာပေါ့။ ဖော့ကန်က စွမ်းအားရှင်တစ်ယောက်ရဲ့နာရေးမှာ သရဏဂုံတင်ဖို့ဘုန်းကြီးပင့်တာ ဘယ်ဘုန်းကြီးကမှ လက်မခံဘူးဆိုတာ သတင်းကြားလိုက်တယ်။ အဲဒီလိုနည်းနဲ့ ဆန့်ကျင်တယ်။ မဆက်ဆံဘူး။
စက်တင်ဘာလ ဆန္ဒပြပွဲတွေဖြစ်လာတဲ့အခါ ရဲတွေ၊ လုံထိန်းတွေ ရှိနေလျက်နဲ့ စွမ်းအားရှင် ဆိုတဲ့ အဖွဲ့တွေကို အာဏာပိုင်တွေက ဘာကြောင့် သုံးလာတာလဲ။
လူသားဒိုင်းကာ အဖြစ် ကာချင်ပုံရတယ်။ ပြည်သူတွေထဲမှာ အချင်းချင်း မသင့်မြတ်တာတွေ ဖြစ်နေပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ တော်လှန်ရေးကို သူတို့က အသရေဖျက်မယ်။
ကြံ့ဖွံ့ကို နိုင်ငံရေးပါတီတစ်ရပ်အသွင်ပြောင်းပြီး အနာဂတ်ကာလအစိုးရအဖွဲ့အဖြစ် စီစဉ်နေတယ်လို့ ယူဆချက်တွေတောင် ထွက်ပေါ်ခဲ့တယ်။ အခုလို လူထုကိုနှိပ်ကွပ်တဲ့အခါ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေကို ထုတ်သုံးတာမျိုးကတော့ အံ့အားသင့်စရာပဲ။
နိုင်ငံတကာဖိအားတွေ လျော့အောင်၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း မြန်မာပြည်က အထီးကျန်ဖြစ်လို့ မရသေးဘူး ဆိုတာ စစ်အစိုးရက သိတယ်။ ကျနော်တို့ မတွန်းချမချင်း သူတို့ မဆင်းဘူး။ သူတို့လက်ထဲကအာဏာကို လုမယူ တိုက်မယူ ရအောင်မယူနိုင်မချင်း သူတို့ ယူနီဖောင်းလည်း ချွတ်မှာမဟုတ်ဘူး၊ အာဏာလည်း လက်လွတ်မှာ မဟုတ်ဘူး၊ စစ်ဗိုလ်ချုပ်တွေက တချိန်ချိန်မှာ သူတို့အပြစ်ပေါ့အောင်၊ လွတ်လမ်းအတွက် ထိုးကျွေးဖို့ လုပ်ထားတာ။
ကြံ့ဖွံ့က နိုင်ငံရေးပါတီဖြစ်လာပြီး ရွေးကောက်ပွဲဝင်မယ် ဆိုတာ အမှန်တကယ်ကတော့ မဟုတ်ဘူး၊ ဒီအထိ သွားပြီးမတွက်နဲ့တော့။ သူတို့ ရွေးကောက်ပွဲလည်း လုပ်မှာမဟုတ်ဘူး၊ ၅၃ ဦး ကော်မရှင်နဲ့ အခြေခံဥပဒေရေးဦးမယ် ဆိုတာလည်း ရေးလို့ ပြီးမှာမဟုတ်ဘူး၊ ညီလာခံလုပ်ခဲ့တာတောင် ၁၄ နှစ် ကြာတယ်။ လူထုကို ချွေးသိပ်နေတာက "ရွေးကောက်ပွဲအသစ်လုပ်မယ်၊ အဲဒီအခါကျရင် ဝင်ပြိုင်ကြ။"
အခု ကြံ့ဖွံ့ဝင်မယ်၊ အဖွဲ့ဝင် အင်အား သန်း၂ဝ ရှိတယ်။ ရွေးကောက်ပွဲလုပ်ရင် ဒီမဲတွေ တကယ်ရမလား၊ တကယ်လုပ်ကြည့်၊ စစ်သားတွေလည်း ကြံ့ဖွံ့ကို ပေးမှာ မဟုတ်ဘူး။
တကယ်တမ်းတော့ သူတို့ ရွေးကောက်ပွဲလုပ်မှာ မဟုတ်ဘူး၊ သူတို့ ရွေးကောက်ပွဲ ဝင်ရဲတဲ့ အတန်းအစားတွေလည်းမဟုတ်ဘူး၊ မယှဉ်ပြိုင်ရဲဘူး။ ရှေ့မှာ ၁၉၉ဝရွေးကောက်ပွဲတုန်းက တစည ခွက်ခွက်လန်သွားတာ သူတို့အတွက် သင်ခန်းစာ။ ဒီတော့ စစ်အစိုးရအနေနဲ့ပဲ ရနိုင်သမျှ ဆက်ကိုင်ထားမှာပဲ၊ အဲဒါကိုတော့ ယုံ။
အခု လမ်းပြမြေပုံဆိုတာတွေက အလကားပဲလေ။ လမ်းပြမြေပုံက ကျနော်တို့ပြည်သူတွေကို မျှဉ်းသတ်နေတာ။ ကျနော်တို့ အသတ်ခံရပေါင်း များပြီ၊ မခံနိုင်တော့ဘူး၊ အဲဒီတော့ တော်လှန်ရေးပဲ၊ တော်လှန်ရေးဆိုတာ အကြမ်းဖက်ချင်လည်း ဖက်မှာပဲ။ ပြင်းထန်ရင်လည်း ပြင်းထန်မှာပဲ။
အကြမ်းဖက်တာဆိုလို့ လူထုဘက်ကပဲဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက်ပြီးတုန့်ပြန်တာတွေ ပေါ်လာနိုင်မလား။
ပေါ်လာမှာပဲ၊ မလွှဲမရှောင်သာဘူး။ ခေတ်က တောင်းဆိုတာပဲ။ လူထုက စတင် အကြမ်းဖက်တာမဟုတ်ဘူး၊ လူထုက ခုခံတာ။ ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းလာရင် လူထုက ခုခံရမှာပဲ။ ပြန်ခုခံခွင့်ရှိတယ်။ လူထုက ခံစားနေရတာတွေကို ရိုးသားစွာ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာ တရားတယ်။ ပြန်ခုခံတာဟာ အကြမ်းဖက်ဝါဒမဟုတ်ဘူး။
သားသုံးသား ပေါင်းစည်းညီညွတ်ဖို့လိုတယ်၊ တပ်မတော်သားတွေရဲ့အလှည့်ရောက်ပြီလို့ ကိုအောင်ဝေး ပြောခဲ့တယ်။
၁၉၈၈ တုန်းက တပ်မတော် ကြည်းရေလေ ထွက်တယ်၊ ဝန်ထမ်းတွေ ထွက်တယ်၊ ပြည်သူတွေနဲ့ ပူးပေါင်းတယ်၊ တိုက်ပွဲက ရက်တစ်ရာကျော်တာကိုး။ အစိုးရယန္တယားတွေ ရပ်သွားတယ်၊ အခုအချိန်မှာ ကျနော်တို့က အများကြီးမျှော်လင့်တယ်၊ သို့ပေမယ့် ကျနော်တို့က နှစ်ရက်တစ်ပိုင်းပဲ တိုက်လိုက်ရတော့ သူတို့လည်း တွေးတော စဉ်းစားနေမှာပေါ့။
ကျနော်ကိုယ်တိုင်က စစ်သား သားသမီး။ စစ်တပ်ထဲ အနှစ်၂ဝကျော်နေခဲ့တာ။ စစ်တပ်မှာ အမိန့် ဆိုတာကြီးက၊ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတာက အသားကျနေပြီ၊ အဲဒီအမိန့်တွေကို မချိုးဖောက်ရဲဘူး။ ချိုးဖောက်ရဲလာအောင် စာစောင်တွေဖြန့်၊ လျှို့ဝှက်ပြီးတော့ မြေအောက်လုပ်ငန်းတွေနဲ့ စည်းရုံးလို့လည်း မရတော့ဘူး။ ဘယ်လို အနေအထားမှ ရမလဲဆို အခုထက်မက လူထုက အုံကြွပြီး ဒီအစိုးရကို မလိုလားတော့ပါဘူးဆိုတဲ့အချိန်မှာ သူတို့ရင်ဘတ်ထဲကို ဒီခံစားမှုတွေ ရောက်မယ်။ ခံစားမှုကနေမှ ခံယူချက်ကို ပြောင်းရမယ်။ တပ်မှူးငယ်တွေက တကယ့်မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ဆင်ခြင်နိုင်တဲ့တချိန်ချိန်တော့ ရောက်လာမှာပါ။ သားသုံးသား ပေါင်းစည်းရေးဆိုတာ ကျနော်က မူတစ်ခုအနေနဲ့ ထားတာပါ။ ကျောင်းသားတွေ တာဝန်ကျေခဲ့ပြီ၊ ဘုန်းကြီးတွေ တာဝန်ကျေခဲ့ပြီ။
ခံစားချက်ခြင်း တူနေတာတောင် ဘာလို့ စစ်သားတွေက ကျနော်တို့ဘက်ကို မရောက်လာသေးတာလဲ။ အဲဒီအဟန့်အတားကို ကျနော်တို့ ဖျက်ပစ်ရမယ်။ ချေမှုန်းရမယ်။ ချေမှုန်းတဲ့အခါ အသံနဲ့လည်း ချေမှုန်းလို့ရတယ်၊ အမူအယာနဲ့လည်း ရတယ်။ လက်တွေ့က ပိုအရေးကြီးတယ်။
တကယ့် လူထုတိုက်ပွဲကြီးကို စစ်သားငယ်တွေ၊ တပ်မှူးငယ်တွေ ပြတ်ပြတ်သားသား မြင်လာတဲ့အချိန်ကျရင် ပြည်သူလူထုဘက်က ရပ်တည်မှာပဲ။ ဝန်ထမ်းတွေလည်း ဒီလိုပဲ။ ကျနော်တို့ ဆန္ဒပြသမားတွေက စိတ်ရှည်လက်ရှည်နဲ့ မလျှော့သောဇွဲနဲ့ သူတို့ကို စည်းရုံးနေရမှာပဲ။
ကိုအောင်ဝေး ရှောင်တိမ်းနေတဲ့ကာလမှာ ပြည်သူလူထုဆီကနေ အားရကျေနပ်စရာ အကူအညီတွေ ရခဲ့ရဲ့လား။
ရပါတယ်။ သူတို့ ကူညီလို့ ကျနော် လွတ်မြောက်နိုင်တာပေါ့။ မပြေးခင်မှာလည်း စဉ်းစားတာပေါ့၊ မပြေးဘဲနဲ့ဘယ်လို ဆက်တိုက်မလဲဆိုတာ စဉ်းစားတာပေါ့။ နဂိုကတည်းက မထွက်ရေးဘဲ ကျနော်တို့ကတော့။ ကြာခဲ့ပြီလေ။ မထွက်ဘဲ ရပ်တည်ပြီးတော့၊ ရသလောက် ရေးချွတ်၊ လျှို့ဝှက်လုပ်ကိုင်ခဲ့တာတွေ။ ဒီအချိန်မှာ အဲသလို ဆက်လုပ်ဖို့ မရတော့ဘူး။ အခြေအနေက မပေးတော့ဘူး။
ဆက်ပြီးတော့ မရပ်တည်နိုင်ဘဲနဲ့ ထွက်ပြေးရတဲ့အခြေအနေ ဖြစ်သွားတော့ တိုင်းပြည်အပေါ် တာဝန်မကျေသလို၊ အားနာစရာလို ဖြစ်သွားတယ်။ သို့သော် ပြည်သူလူထုက ခွင့်လွတ်တဲ့အပိုင်းတွေ အများကြီးရှိတယ်။ ကျနော်တို့ လုပ်နိုင်တဲ့အပိုင်းကို အသိအမှတ်ပြုတယ်၊ ကျနော်တို့ ရပ်တည်လို့ မရတော့တဲ့အတွက် ပြေးရမှာကို နားလည်တဲ့အတွက် ပြေးပေါက်ကို ပေးတယ်၊ ပြည်သူကသာ မကယ်ခဲ့ရင် ရန်ကုန်မှာ ကျနော် ရက်ပေါင်းများစွာ ပုန်းလို့ မရဘူး။ မရင်းတဲ့၊ မသိတဲ့ နေရာမှာလည်း ပုန်းရတယ်။
ပုန်းခိုကျင်းတစ်ခုမှာ ၂ရက်အပြင် ပိုနေလို့ မရဘူး။ သူတို့က လော်စပီကာနဲ့ အော်နေတယ်၊ "လွတ်နိုင်မယ်မထင်နဲ့၊ ဓာတ်ပုံတွေ ရှိတယ်၊ အတိအကျ။" ခြိမ်းခြောက်တယ်၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ ညဘက်ဆိုရင်။ ကျနော်တို့ကို ဝှက်ပေးထားတဲ့သူတွေလည်း ကြောက်တော့ ကြောက်တယ်။ ကိုယ်နဲ့ ဘာမှတော့ သွေးမတော် သားမစပ်ဘူး။ နယ်စပ်ဒေသကို ပြေးတဲ့အခါလည်း တိုင်းရင်းသားတွေက ကူညီတာ၊ ကယ်တင်တာ။
ကျနော် အားနာတယ်၊ သို့သော် ကျနော် ပြန်အားတင်းတယ်၊ ကျနော် အသက်ရှင်ချင်တာကိုး။ ကျနော် ထောင်သုံးခါ ကျခဲ့ပြီးပြီ၊ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီးပြီ။ အခု အသက် ၅ဝ ကျော်သွားပြီ။ ကျနော်တို့က ဆက်ချမယ်၊ ဆက်တိုက်မယ် ဆိုတဲ့စိတ် ရှိနေတော့ အဖမ်းမခံနိုင်ဘူး၊ အသက်ရှင်ဖို့ လိုတယ်။ သူတို့လက်ထဲရောက်သွားရင် အသက်အန္တရာယ်ရှိမယ်။ အသက်ရှင်နေသေးရင်၊ ခြေကုပ်တစ်နေရာရင် ပြန်ချမယ်ဆိုတဲ့စိတ်နဲ့ ထွက်ပြေးလာတာပဲ။ တိုက်ပွဲကို နိုင်အောင်မတိုက်နိုင်တဲ့ စစ်သားတစ်ယောက်ဟာ တိုက်ပွဲကို နိုင်အောင်ပြန်တိုက်မယ်ဆိုတဲ့စိတ် မကုန်သေးသလိုပေါ့။
တလျှောက်လုံး ကျနော်ပြောခဲ့တဲ့ အယူအဆတစ်ခုရှိတယ်၊ အပျော့ပြောင်းဆုံးလေးကိုင်းကို ဆွဲပြီးတော့၊ လေးညှို့ကို ရင်ဘတ်အထိ ဆွဲပြီးတော့ ပစ်လိုက်ရင် ဟိုး အဝေးဆုံးက ရန်သူရဲ့ ရင်ဘတ်ကို တည့်တည့်ထိတယ်။ ကျနော် အခု အဝေးဆုံးကိုရောက်အောင်တော့ ပြေးလိုက်ပြီ၊ အပျော့ပြောင်းဆုံးလေးကိုင်းနဲ့ အဝေးဆုံးက ရန်သူကိုထိအောင် ပြန်ပစ်မယ်။ ။
(မူရင်း-မိုးမခ)
Wednesday, June 4, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment