Wednesday, June 4, 2008

ဗျာဒိတ်

တနေ့သော်
ဤမြေပေါ်မှာ
ပင်လယ်အော်သံတို့လည်း
တိတ်ဆိတ်သွားလိမ့်မည်။

တနေ့သော်
ဤမြေပေါ်မှာ
တိုက်ပွဲခေါ်သံတို့လည်း
ပျောက်ကွယ်သွားလိမ့်မည်။

တနေ့သော်
ဤမြေပေါ်မှာ
တော်လှန်ရေးတို့လည်း
ရပ်တန့်သွားလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် …
ထိုရောအခါ
ဧရာဝတီ၊ ဗေဒါစီ၍
ဤမြေတခို၊ ပြည်ဗဟိုရ်မှာ
ဒီမိုကရေစီတို့လည်း ထွန်းကား
ကြောက်စိတ်တို့လည်း မဲ့ကင်း
လွတ်လပ်ခြင်းသာ
အနာဂတ် နိုင်ငံတော်သစ်
ဖြစ်တည်လာမည်။

စစ်အာဏာရှင်စနစ်
အမြတ်ပြတ် ချေမှုန်း
အဆုံးသတ် မြေမြှုပ်
နိဂုံးချုပ်မည်။

ကျဆုံးသူတို့ ရင်ပြင်နီ၌
ပန်းများပွင့်မည်။

ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ တဖန်စိုက်မည်။

ရန်သူ မရှိ
မိတ်ဆွေသာ ရှိမည်။

အမုန်း မရှိ
အချစ်သာ ရှိမည်။

တိုက်ပွဲ မရှိ
ငြိမ်းချမ်းရေးသာ ရှိမည်။

နောက်ထပ် တော်လှန်စရာ
ဘုံရန်သူ မရှိ
ချစ်သူသာ ရှိမည်။

ထိုနေ့မိုးသောက်
စစ်ဖိနပ်အောက်က
လွတ်မြောက်ပြီးလျှင်
ပင်လယ်ကမ်းစပ်၊ ခြေစုံရပ်၍
လွတ်လပ်စွာပင်၊ လှိုင်းပေါ်တွင်
သင် … သင့်ချစ်သူ၏ အမည်နာမကို
လှပစွာ ရွတ်ဆို ဂုဏ်ပြုလိုက်ပါတော့ …။ ။

အောင်ဝေး
၁၄-၁၂-၂၀၀၇

(ဒေါင်းအိုးဝေ မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်)

(မူရင်း - ဒေါက်တာလွဏ်းဆွေဘလော့ဂ်)

Related Posts:

  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၂ ) သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့ တစ်ခါတစ်ရံမှာ နည်းပရိယာယ်ရေး အရှုံးပေးရကောင်း ပေးရတတ်တယ်။ နိုင်ငံရေးမှာ ဒီလိုဆိုတယ် မမခင်ဦးစံပယ်။ စစ်ရေးခြောက်စောင်တွ… Read More
  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၄ ) "ခမ်းကို ချစ်ရင် ပဲပုပ်ကိုလည်း ချစ်ရမယ်" ရှမ်းပြည်ရောက် ဧည့်သည်ရယ် မပြန်ပါနဲ့ကွယ် ငယ်ငယ်တုန်းက ရုပ်ရှင်။ အနုပညာလေ ရင်ထဲ တကယ်ရောက်ရင် သေနင်္ဂဗျူဟာ … Read More
  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၅ ) သေသူ ကို၊ ရှင်သူ မနာလို အိုင်ဗင်ဟို * ဝတ္ထုထဲမှာ ဆိုတယ် မမခင်ဦးစံပယ်။ "People envy those who died, under the tyrant kings." တဲ့ မမခင်ဦးစံပယ်ရယ် မင်… Read More
  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၃ ) လူဟာ အသက်ကြီးလာ လေလေ လေးဖက် ထောက် လေလေပဲ တဲ့။ ချစ်လှစွာသောပြည်ပြေးဟာ ဟိုတုန်းခါ ဖွတ်ကျား(ရဲနွယ်)ချောင်းဖျားက အဘိဓမ္မာကိုလည်း လွမ်းပြန်တယ် မမခင်ဦးစံ… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၉ ၈ ) ဟေ့ကောင် ခန့်မင်းထက် ကျောင်းသားသမိုင်းဆိုတာ၊ သူတောင်းစားသမိုင်း မဟုတ် ကျောင်းသားသမိုင်းဆိုတာ၊ ဒေါင်းများ သမိုင်း အမျိုးသားလွတ်မြောက်ရေး၊ စစ်အာဏာရှင်… Read More

0 comments: