စက်တင်ဘာ ပတ်ပျိုး
ခြေဆင်း
ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့် ကြံ့ကြံ့မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရတာလဲ ဆိုသည့် မေးခွန်းမှာ ကျနော်လွတ်မြောက်နယ်မြေသို့ ရောက်လာလာချင်း အမေးခံရသည့် မေးခွန်းဖြစ်ပါသည်။ ထိုမေးခွန်းကို ကျနော် ဉာဏ်မီသလောက်၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့သည့် တိုက်ပွဲအထိအတွေ့အလျောက် ကျနော်ကြုံရာဆုံရာ စကားဝိုင်းတွေမှာ တော်သလို သင့်သလို ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နောက်တခါ စစ်အစိုးရ ပြုတ်ကျသွားဖို့ဆက်ပြီး တိုက်ပွဲဝင်သွားရန် ဘာတွေဘယ်လို ပြင်ဆင် ရမလဲဆိုသည့် မေးခွန်းကိုလည်း ကျနော်အတတ်နိုင်ဆုံး ကြိုးစားပြီး စဉ်းစားသုံးသပ် ဖြေကြားခဲ့ပါသည်။ (အောင်ဝေး စစ်တမ်း - တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ် - ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်တွင် ကြည့်ပါရန်)
ရွှေဝါရောင် ပဲ့တင်
ယခု ကျနော့် ကိုယ်ပိုင်အမြင်တချို့ကို တင်ပြ ကြည့်ချင်ပါသည်။ မှားလျှင် ပညာရှင်များ ပြင်ဆင်ပေးကြပါ။ စက်တင်ဘာလ အရေးတော်ပုံကို “ရှုံးနိမ့်သွားတယ်” လို့တော့ ကျနော် မသတ်မှတ်ပါ။ ကျနော်တို့ မရှုံးပါ။ ကြံ့ကြံ့ မခံနိုင်ခဲ့တာကိုတော့ ကျနော်လက်ခံပါသည်။ သို့သော် တိုက်ပွဲဆက် ပြတ်မသွားကြောင်း၊ လူထုတိုက်ပွဲ အရှိန်သေမသွားကြောင်း ကျနော်ယုံကြည်ဆဲ ဖြစ်ပါသည်။ ဘာကြောင့် တိုက်ပွဲမှာ ကျနော်တို့ ကြံ့ကြံ့မခံနိုင်ခဲ့တာလဲ။ ကျနော့်အမြင်က ဒီလိုဖြစ်ပါသည်။
ပထမအချက် -
ကျနော်တို့ ရန် - ငါ မပြတ်ခဲ့ဘူး။ ရန် - ငါ မပြတ်လို့ သံဃာအသတ်ခံရတာ ဖြစ်သည်။ ဒါဟာ အတွေးအခေါ်နှင့် ဆိုင်သည်။ Without revolutionary theory there can be no revolutionary movement. တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ကမ္ဘာ့သမိုင်း လက်တွေ့ကြားက စကားဖြစ်ပါသည်။ ဘုံရန်သူ ချေမှုန်းရေး တိုက်ပွဲတွင် ကျနော်တို့ တိုက်ပွဲ အတွေးအခေါ်ကို ခိုင်မာပြတ်သားအောင်၊ သံမဏိသားကျအောင် မစည်းရုံး မစုစည်းနိုင်ခဲ့ပါ။ (စည်းရုံး စုစည်းနိုင်ခွင့်လည်း ပိတ်ပင်ချုပ်ချယ် ခံထားရပါသည်။)
ထိုအခါ ကျနော်တို့ ရန် - ငါ စည်း မပြတ်ဘဲ တွေတွေဝေဝေနှင့် နအဖ စစ်အစိုးရအပေါ် လျှော့တွက်မိခဲ့သည်။ အဲဒီမှာ ရန်သူက လက်ဦးမှု ရယူသွားပြီး၊ ရက်ရက်စက်စက် အကြမ်းဖက် ချေမှုန်းလိုက်တာပဲ ဖြစ်သည်။ စက်တင်ဘာ ၂၄ - ၂၅ သံဃာပင်လယ်၊ လူပင်လယ် ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကို အထွေထွေသပိတ် လမ်းကြောင်းပေါ်သို့ ဆွဲတင်သွားရန် ကျနော်တို့ ကြိုတင်စီစဉ်ထားချက် မရှိမဟုတ် ရှိပါသည်။ သို့သော် ကျနော်တို့ ရန်သူက ဆန္ဒပြပွဲကို တုံ့ပြန်ဖြိုခွင်း လာလျှင် အလွန်ဆုံး မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်လောက်ကိုသာ ရင်ဆိုင်ရမည်ဟု ကြိုတင် တွက်ဆ ထားခဲ့ပါသည်။ ကျနော်တို့ နောက်နှစ်ရက် သုံးရက်အတွင်း ရွှေတိဂုံအရှေ့မုခ်၊ ကြေးသွန်းဘုရားက ယာယီ သပိတ်စခန်းကို၊ ပို၍ ခိုင်မာလုံခြုံ ကျယ်ဝန်းသော နေရာကြီးတခု (ဘုန်းကြီးကျောင်းတိုက် တခု ဖြစ်ပါသည်။ အမည်ထုတ်ဖော် ပြောဆိုရန် မသင့်၍ ခွင့်လွှတ်ပါ) သို့ ပြောင်းရွှေ့ဖွင့်လှစ် အခြေစိုက်ပြီး တိုက်ပွဲကို အရှိန်မြှင့်တင်သွားရန် လျှို့ဝှက် ကြံစည်ပြီး ဖြစ်ပါသည်။
သို့ရာတွင် ကျနော်တို့ ဆန္ဒပြပွဲထဲတွင် မျောပါပြီး အချိန်ဆွဲသလို ဖြစ်သွားခဲ့ပါသည်။ ရန်သူက အငိုက်ဝင် တိုက်ခိုက်လိုက်သည့်အခါ ကျနော်တို့ အထိနာခဲ့ရပါသည်။ ဤသည်မှာ ရန် - ငါ မပြတ်ခဲ့၍ ဖြစ်သည်။ တော်လှန်သော တိုက်ပွဲဝင် အတွေးအခေါ် ရာနှုန်းပြည့် မခိုင်မာ၊ မပြတ်သားသောကြောင့် ဖြစ်သည်။
ဒုတိယအချက် -
ကျနော်တို့ အရေးတော်ပုံ ကြံ့ကြံ့မခံနိုင်ခဲ့ခြင်း အကြောင်းရင်းများထဲတွင် ကျနော်တို့မှာ လူထုအုံကြွမှုကို စုစည်း ဦးဆောင်နိုင်စွမ်းသော တော်လှန်သော၊ ညီညွတ်သော တပ်ဦး တခုမရှိခဲ့သော အချက်လည်း ပါဝင်သည်ဟု ကျနော်ယူဆပါသည်။ တော်လှန်သော တပ်ဦးတခု အခိုင်အမာ မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံကြီး အောင်ပွဲမခံနိုင်ပါ။ ကမ္ဘာ့သမိုင်း လက်တွေ့သင်ခန်းစာ ရှိပါသည်။ ယခု အရေးတော်ပုံမှာ ပြန့်ကျဲနေသော ဒီမိုကရေစီ အင်အားစု အသီးသီးကို ကျနော်တို့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် မစုစည်းနိုင်ခဲ့တာကို အမှန်အတိုင်း ဝန်ခံရမည်။ ဥပမာ - Mass Alliances for Democracy (လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့) ဆိုတာလိုမျိုး ကျနော်တို့ တပ်ပေါင်းစု(တပ်ဦး) မဖွဲ့နိုင်ခဲ့ပါ။
ကျနော်တို့ ရန်သူကို လျှော့တွက်ခဲ့သဖြင့်၊ တိုက်ပွဲကို အချိန်ဆွဲခဲ့သဖြင့် တပ်ပေါင်းစု (တပ်ဦး) ဖွဲ့ဖို့ အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါသည်။ နအဖလို ရက်စက်ကြမ်းကြုတ် လှည့်ဖျား ကောက်ကျစ်သော ဘုံရန်သူကို သူသေကိုယ်သေ တိုက်ရသည့် တိုက်ပွဲမျိုးမှာ ခိုင်မာပြတ်သားသည့် ညီညွတ်သော တပ်ပေါင်းစုမျိုး ဦးစီးဦးဆောင်မှု မရှိမဖြစ် မလွဲမသွေ လိုအပ် နေပါသည်။ ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီတိုက်ပွဲ မပြီးသေးပါ။ ဆက်ပြီး တိုက်ပွဲ ဝင်သွားကြရပါဦးမည်။ ဒီအတွက် ကျနော်တို့ ဘာတွေပြင်ဆင်ရဦးမလဲ ဆိုလျှင်တော့ -
(၁) ဒီတခါ ရန် - ငါ ပြတ်မှ ဖြစ်မည်။
(၂) တပ်ပေါင်းစု (တပ်ဦး) တခု အခိုင်အမာ ဖွဲ့ရမည်။သားသုံးသား ပေါင်းစည်းရေးကို အလေးအနက်ထား ဆောင်ရွက်ရမည်။ဥပဒေတွင်း၊ ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ရမည်။ (ပြည်တွင်း ပြည်ပ နိုင်ငံတကာ ဖိအား)
သဖြန်
တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ခဲ့သည့် အပေါ်မှာ ကျနော် မည်သူ့ကိုမျှ အပြစ်တင်နေခြင်း မဟုတ်ပါ။ ကျနော်၏ ခံစားချက်ကို ကျနော် ရိုးသားစွာ တင်ပြကြည့်ခြင်းသာ ဖြစ်ပါသည်။ ယခု စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲသည် အဖွဲ့အစည်းတရပ်၊ လူထုတပ်ဦးတဖွဲ့၊ စစ်မျက်နှာတခု စသည်ဖြင့် တဖက်တခုတည်းနှင့် တိုက်နေသည့် အထီးကျန်တိုက်ပွဲ မဟုတ်ပါ။ ယခု တိုက်ပွဲမှာ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများ အားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များ စည်းလုံးညီညွတ်စွာ မဆုတ်မနစ် တိုက်သွားရမည့် တိုက်ပွဲ ဖြစ်ပါကြောင်း …။
အောင်ဝေး
မြန်မာနိုင်ငံ ကဗျာဆရာ
(မူရင်း-မဇ္ဈိမ၀က်ဘ်ဆိုက်)
Wednesday, June 4, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment