Wednesday, June 4, 2008

တော်လှန်သော ပြည်သူ့သူရဲကောင်းများ

“သူရဲကောင်း”
‘သူရဲကောင်း’နှင့် ‘သူရဲကောင်းဝါဒ’ ဟူသော ဝေါဟာရ နှစ်ရပ်မှာ အဓိပ္ပာယ်မတူပါ။ တချို့က သူရဲကောင်းဝါဒကို မနှစ်သက်ကြပါ။ သူတို့က သူရဲကောင်းဝါဒသည် တကိုယ်ကောင်းဆန်သည်။ တကိုယ်တော်စွန့်စားမှုဖြစ်သည်ဟု ဆိုပါသည်။ အချို့ကဆို သူရဲကောင်းဝါဒကို မိုက်ရူးရဲဆန်သည် ဟုပင် ဆိုပေသည်။ ဂျပန်သူရဲကောင်းဝါဒ ‘ဘူရှီဒို’ စိတ်ဓာတ်ကို သူတို့မကြိုက်ကြပါ။
သို့သော် ခြွင်းချက်တော့ ရှိပေမည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ အသက်စွန့် ကြိုးပမ်းရသော သူရဲကောင်းများ ရှိပါသည်။ သူတို့၏ လုပ်ရပ်သည် ကြောင်းကျိုးဆီလျော်ပြီး ဆင်ခြင်တုံတရားနှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရပေမည်။ မည်သို့ဖြစ်စေ သူရဲကောင်းဝါဒဟုဆိုလိုက်လျှင် တချို့က ဂယက်အနက်ကို မကြိုက်ကြပါ။ Bad sense အနက်ဆိုး ထွက်သည်ဟု ယူဆကြပါသည်။
သို့ရာတွင် ‘သူရဲကောင်း’ တွေကိုတော့ ပြည်သူတွေက နှစ်သက်ကြ ချစ်ကြပါသည်။ ထို့ကြောင့်ပင် လျှင် မြန်မာတိုင်း မြန်မာတိုင်း တွင်တွင် အော်ဆိုခဲ့ရသည့် “ဗိုလ်ချုပ်အောင်ဆန်း” သီချင်းထဲတွင် “ကျနော်တို့ မြန်မာပြည်ဝယ် … မိဘတိုင်းကကွယ် … ဗိုလ်အောင်ဆန်းလို … သူရဲကောင်းတွေ မွေးရမယ် …” ဟူ၍ ထည့်သွင်း ရေးဖွဲ့ထားသည် မဟုတ်လား။
ယခုအချိန်မှာကား မြန်မာ့ဒီမိုကရေစီတော်လှန်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းလို၊ ဒေါ်အောင်ဆန်းစုကြည်လို သူရဲကောင်းတွေ အမြောက်အမြား လိုအပ်နေသော အခါသမယလည်း မဟုတ် ပါလား။

“ပြည်သူ့သူရဲကောင်း”

တော်လှန်ရေးများသည် သူရဲကောင်းများကို မွေးဖွားပေးပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ချက်နိုင်ငံ နာဇီဟစ်တလာ လက်အောက်သို့ ကျရောက်သွားစဉ်ကဖြစ်သည်။ နာဇီဖက်ဆစ်များကို ခုခံဆန့်ကျင်ကြသည့် ချက်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကြီးတွင် သတင်းစာဆရာ ‘ဂျူးလိယက်ဖူးချစ်’ ကို မွေးဖွားလိုက်ပါသည်။ ဖူးချစ်သည် နာဇီဂက်စတာပို အကျဉ်းထောင်ထဲတွင် လူမဆန်အောင် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပါသည်။
နာဇီစစ်ဗိုလ်က ဖူးချစ်ကို ဖြောင့်ချက်ပေးခိုင်းသည်။ “မင်းလိမ္မာစမ်းပါ၊ ခေါင်းမမာစမ်းပါနဲ့” ဟု ဆိုသည်။ ထိုအခါ ဖူးချစ်က “ငါ့အဘိဓာန်ထဲမှာတော့ လိမ္မာခြင်းဆိုတာ သစ္စာဖောက်ခြင်းပဲ” ဟူ၍ ပြန်ပက်လိုက်ပါသည်။ ဖူးချစ်ကို သူတို့ ကြိုးပေးသတ်လိုက်ကြပါသည်။ သို့သော် ချက်ပြည်သူတို့၏ နှလုံးသားထဲတွင် ဖူးချစ်မသေပါ။
အလားတူ ဗီယက်နမ်စစ်ပွဲကာလတုန်းက တောင်ဗီယက်နမ်နိုင်ငံတွင်လည်း သူရဲကောင်းတဦး ထွန်းကားခဲ့ပါသည်။ သူကား “ငုယင်ဗန်ထရွိုင်း” ပင်တည်း။ ဗန်ထရွိုင်းသည် စက်ရုံအလုပ်သမား တယောက်ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်နာမားရားကို ဗုံးဖောက်ခွဲ သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အဖမ်းခံလိုက်ရသည်။
သူ့ကို ဆိုင်ဂုံ ရုပ်သေးအစိုးရက နှိပ်စက်ညှဉ်းပန်းသည်။ သူ့ဇနီး ဖန်သီကြူရင်နှင့် မျှားပြီး ဖြောင့် ချက်ပေးခိုင်းသည်။ ဗန်ထရွိုင်းက မပေးပါ။ အသေခံသွားပါသည်။
ဗန်ထရွိုင်းကို သေဒဏ် စီရင်သည့်နေ့က သူ့ကိုသေနတ်နှင့် မပစ်ခင် သူ့မျက်လုံးတွေပေါ်က စည်း ထားသော အ၀တ်စကို ဖယ်ပေးဖို့ အာဏာပိုင်များထံတောင်းဆိုသည်။ ဗန်ထရွိုင်းသည် သူ့မြေကို မမှိတ်မသုန် ကြည့်ရင်း သေနတ်ပြောင်းတွေကို ရင်ကော့ စိန်ခေါ်လိုက်သည်။ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီး ယမ်းငွေ့တွေ ပြယ်မသွားခင် ဗန်ထရွိုင်းသည် “သမ္မတကြီး ဟိုချီမင်း အဓွန့်ရှည်ပါစေ” ဟု ကြွေးကြော်သွားခဲ့ပါသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသော နိုင်ငံခြားသတင်းထောက်များ မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုကြွေးခဲ့ကြပါသည်။
ဗီယက်နမ် စစ်ပွဲကြီးပြီး၍ နောင်နှစ်ပေါင်း အစိတ်ကျော်ကျော် ကြာသည့်အချိန်တွင် မက်နာမားရားက “ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်တို့၏ အမှားဖြစ်ပါသည်” ဟု ၀န်ခံခဲ့ပါသည်။
ငုယင်ဗန်ထရွိုင်း မမှားပါ။ ပြည်သူ့ဘက်က ရပ်တည်သော သူရဲကောင်းများမှာ ဘယ်တော့မှ မမှားပါ။

“တော်လှန်သော ပြည်သူ့သူရဲကောင်း”
ယနေ့ ဗဟုဝါဒခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကမ္ဘာကြီးတွင် အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် ဘယ်နိုင်ငံ ဘယ်လူမျိုးက ဖြစ်ဖြစ်၊ လူငယ်ထုကြီးသည် “ချေဂွေဗားရား” ဆိုသော သူရဲကောင်းတယောက်အကြောင်းကို ကောင်းကောင်းသိကြပါသည်။ လေးစားမြတ်နိုး တန်ဖိုး ထားကြပါသည်။
ထိုလူငယ်များသည် ချေဂွေဗားရားကို သိမီလိုက်ကြသူများ မဟုတ်ကြပါ။ သူတို့ ရှေ့အထက် မျိုးဆက်နှစ်ဆက် သို့မဟုတ် သုံးဆက်ကျော်က သူရဲကောင်းတယောက်ကို ယနေ့ခေတ် လူငယ်တွေက ဘာကြောင့် စွဲလန်းဂုဏ်ယူကြတာပါလဲ။
ချေမှာ ၁၉၆၀ ပြည့် တ၀ိုက်က ကျူးဘားလွတ်မြောက်ရေး၊ ဘိုလီးဗီးယား လွတ်မြောက်ရေး တိုက်ပွဲများတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သော အာဂျင်တီးနား နိုင်ငံသား ဆရာဝန်တဦး ဖြစ်သည်။ ၁၉၆၇ တွင် ဘိုလီးဗီးယားစစ်အစိုးရတပ်က ချေကို ပစ်သတ် ဖမ်းဆီးခဲ့ကြပါသည်။
သို့ရာတွင် ချေသည် မသေပါ။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက အမျိုးသားလွတ်မြောက်ရေး ပြောက်ကျားတိုက်ပွဲများတွင် ချေ၏ ၀ိညာဉ်က လမ်းပြနေခဲ့ပါသည်။
မနေ့တနေ့ကတော့ ဘိုလီးဗီးယားနိုင်ငံ ကျေးရွာတခုအနီးတွင် မြှုပ်နှံထားသော ချေဂွေဗားရား၏ အရိုးစုကို တွေ့ရှိတူးဖော်ပြီး ကက်စထရိုကိုယ်တိုင် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာတွင် မြှုပ်နှံ ဂုဏ်ပြုခဲ့ပါသည်။
ချေသည် ကွန်မြူနစ် တယောက်၊ ပြောက်ကျား တယောက်၊ နိုင်ငံတကာဝါဒီ တယောက်။
သို့သော် ယနေ့လူငယ်ထုက သူ့ကို လေးစားကြသည်မှာ ထိုအချက်များကြောင့် မဟုတ်။ လူငယ် တွေက ချေကို လေးစားသည်မှာ ချေ၏ “ကိုယ်ကျိုးစွန့် အနစ်နာခံမှု” ကြောင့်သာ ဖြစ်သည်ဟု ဆိုပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် တော်လှန်သော ပြည်သူ့သူရဲကောင်းများ လိုအပ်နေပြီ ဖြစ်ပါကြောင်း။
(မူရင်း-ခေတ်ပြိုင်၊ စစ်မုန်းသူဘလော့ဂ်)

0 comments: