မြရာပင်ထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
ဆိတ်ဖလူးရနံ့အောက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
ပင်လယ်လှိုင်းသံနဲ့
နားကြည်းတောက်ခေါက်သံတွေကြားမှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
အဓိပတိလမ်းပေါ်က
စိန်ပန်းပွင့်တွေထဲမှာ
ရွှေတိဂုံဘုရားခြေရင်းက
ကတ္တရာခင်းထားတဲ့
နှလုံးသားတွေထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
ဖထီးရေ ...
ဒီတခါကြွေတဲ့ကြယ်ကတော့
သောင်ရင်းမြစ်ပေါ်မှာပဲလေ။
နာကျင်ခံပြင်းတဲ့ ဒေါသနဲ့
ဒေါနတောင်တန်းကြီး
လှိုက်ခုန်ငိုညည်း
မျက်ရည်တွေ မီင်္းလျှံရဲရဲခုံးထ
ယူကြုံးမရတဲ့ ညနေခင်းဟာ
သောင်ရင်းမြစ်ကမ်းပါးမှာ ဖြစ်ခဲ့ပြီ၊
ကျနော်တို့ ငြင်းပယ်လို့ မရ
လက်မခံချင်လို့လည်း မရတဲ့ညနေ
တတောလုံးကွဲကြေ
တပင်ချင်း ကြေကွဲ
အနုပဋိလောမတရားကြီးလည်း
ငိုကြီးချက်မနဲ့
ဖထီးရဲ့ နာမည်ကို
အခါခါရေရွတ်နေတော့တယ်။
ဟောဟိုက
အမိမြေကောင်းကင်ယံမှာ
တော်လှန်ရေးရဲ့ နာမည်တွေ
ကဗ္ဗည်း ထိုးထားတယ်။
ဖထီးရဲ့
မြင့်မြတ်တဲ့ နာမတော်လည်း အပါအ၀င်ပေါ့။
အမိမြေဟာ
ဂုဏ်ပြုအပ်တဲ့ အိမ်သားတဦးကို
ဆီးကြိုဖို့
ဆို့နင့်ကြေကွဲနေပါပြီ။
ဖထီးရေ ...
ရှစ်ဆယ့်ရှစ်တွေကို ယုံကြည်လို့
စိတ်ချလက်ချထားသွားခဲ့တာလား။
ဖထီးရေ ...
ရွှေဝါရောင်တွေကို တော်လှန်ရေးသတိရှိဖို့
အသက်နဲ့လဲပြီး တပ်လှန်ခဲ့တာလား။
ဖထီးရေ ...
စစ်မှန်တဲ့ ပြည်ထောင်စုကို မျှော်လင့်လို့
အနာဂတ်ကို ပခုံးပြောင်းပေးခဲ့တာလား။
ကမ္ဘာမကြေဘူး ဖထီးရေ ...
ကမ္ဘာမကြေဘူး။
အမိမြေဟာ
ပထမလွတ်လပ်ရေးတိုက်ပွဲမှာလည်း
သမိုင်းရဲ့အချိုးအကွေ့ကြုံတဲ့အခါ
ပြည်သူ့ သူရဲကောင်းတယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။
အခုတခါ
ဒုတိယလွတ်လပ်ရေးတိုက်ပွဲ
သမိုင်းချိုးကွေ့
အောင်ပွဲနီးလာတဲ့အချိန်
ဖထီးကို
ကျနော်တို့ ဆုံးရှုံးလိုက်ရပြန်ပြီ။
မဖြေနိုင်ဘူး ဖထီးရေ ...
ကျနော်တို့ မဖြေနိုင်ဘူး။
ကျနော် ကဗျာဆရာပါ
ဖထီးနဲ့ကျနော်
ပထမဆုံး ဆုံတွေ့ရတဲ့ည
ဗန်းမော်တင်အောင်ရဲ့
ရိုးမတိုက်ပွဲ ၀တ္ထုကို
ကျနော် သတိရနေခဲ့တယ်။
ဝတ္ထုထဲ
ပဲခူးရိုးမ ဖက်ဆစ်ဆန့်ကျင်ရေး
ကရင်ပြောက်ကျားခေါင်းဆောင်ကြီး
တာကောဒီ နဲ့
မြို့ကလာတဲ့ ဗမာလူငယ် နိုင်ငံရေးသမား
ထွန်းနိုင်
အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ပုံတွေ
ရင်တခုန်ခုန်နဲ့
ယုံကြည်ခဲ့ပုံတွေ။
ဖထီးရေ ...
ဖထီးက တာကောဒီ ဆိုရင်
ကျနော်က ထွန်းနိုင်ပေါ့
ကျနော်စိတ်ကူးယဉ်ခဲ့ပုံတွေ။
ဖထီးရေ ..
ကျနော်တို့အဖြစ်က
ဝတ္ထုမဟုတ်ပါဘူး။
ဝတ္ထုထက်တောင် ပိုပြီး
ဝတ္ထုဆန်နေသေးတဲ့အဖြစ်
နာကြည်းမှုတွေက မျှစ်စို့ပေါက်လို
မြေကြီးထဲက ဖောက်ထွက်လာတဲ့ခေတ်။
ရေဆန်မြစ်ထဲ
ကြယ်ကြွေရတဲ့ခေတ်။
ဖထီးရေ ...
ခေတ်ဆိုးကြီးရဲ့ ဒီမနက်
တော်လှန်ရေးနဲ့ အမြင့်ဆုံးတောင်ကုန်းထက်မှာ
ဖထီးလက်နဲ့ လွှင့်ခဲ့တဲ့
စွန့်လွှတ်ခြင်းအလံတော်ကို
ကောင်းကင်နဲ့ထိအောင်
ကျနော်တို့ ထပ်ပြီး လွှင့်တင်လိုက်ကြတယ်။
ပြီးတော့ ကျနော်တို့
အလေးနီပြုလိုက်ကြတယ်။
ကျနော်တို့
ဘယ်တော့မှ လက်နက်မချပါဘူး ဖထီး ။ ။
အောင်ဝေး
၁၅.၂.၂၀၀၈
(မူရင်း - မဇ္ဈိမ )
ကြယ်ကြွေရေဆန်
Related Posts:
OUR BELOVED EXILE (62) Dear Kim, Legend never dies History made of pains and tears Aung San loves Aung Sans. AUNG WAY (Sept 25, 2019) … Read More
ချစ်လှစွာသောပြည်ပြေး ( ၆ ၃ ) လေပြေသုန် ကိုခင်ဝမ်းက "ရေစုန်မှာ ဆန်ကာ ပြန်ခဲ့ပြီ" တဲ့ မင်းကတော့ လေစုန်မှာ ဆန်ကာ ပျံသွားတာပဲ ညီလေး။ ။ အောင်ဝေး (စက်တာင်ဘာ ၂၇၊ ၂၀၁၉) ခ် စ္ လွ စြ ာ … Read More
ချစ်လှစွာသောပြည်ပြေး (၆၁) တစ်ဆောင်း သစ်ပြန်ပြီ ငှက်ရေ တစ်ကြောင်းခြစ်၊ နှစ်ကြောင်းခြစ်နဲ့ ပြည်ပြေး ဆယ့်တစ်နှစ် ငါ့နာမည်နဲ့မြစ် ဘယ်မှာလဲကွာ။ ။ အောင်ဝေး (စက်တင်ဘာ ၂၃၊ ၂၀၁၉) FI… Read More
ချစ်လှစွာသောပြည်ပြေး ( ၆ ၄ ) မဝိုင်း ရေ တို့ တိုင်းပြည်မှာ ကျေးဇူး အရှိဆုံးကလည်း သူ ဒီ တိုင်းပြည်မှာ ကျေးဇူး အကန်းခံရဆုံးကလည်း သူ "အောင်ဆန်း" အောင်ဝေး (၉-၃၀-၁၉) ခ် စ္ လွ စြ ာ… Read More
ချစ်လှစွာသောပြည်ပြေး ( ၆ ၅ ) ဖထီး ရေ "ကရင် တစ်ကျပ်၊ ဗမာ တစ်ကျပ်" မဟုတ် အခုခေတ်က ကရင် တစ်ဒုက္ခ၊ ဗမာ တစ်ဒုက္ခ။ အောင်ဝေး (အောက်တိုဘာ ၂၊ ၂၀၁၉) ခ် စ္ လွ စြ ာ ေ သ ာ ပြ ည်ေ ပြး ( ၆… Read More
0 comments:
Post a Comment