၃၃ လမ်းမှ ဒေါင်းရင်ပြင်သို့
ဖေဖော်ဝါရီ ၂၉၊ ၂၀၀၈
ဒီနေ့မနက် ငှက်တေးသံတွေကြားမှာ ကျနော် အိပ်ရာက နိုးလာခဲ့တယ်။ မနက်ခင်းလေးမှာ ကျနော် လေညင်းကလေးကို နှုတ်ဆက်လိုက်ပါတယ်။ မဲဆောက်မြို့ရဲ့အရုဏ်ဦးဟာ ဖူးငုံစ နှင်းဆီပန်းကလေးလို ရောင်ခြည်နုနုကလေး သောင်ရင်း မြစ်ဒီဘက်ကမ်းကို ကူးလာခါစပါ။
ကျနော် ၀ိညာဉ်ကိုယ်လက် သန့်ကျင်းပြီးပါပြီ။ ကျနော် ဒေါင်းရင်ပြင်အလယ်မှာ မတ်မတ်ရပ်ပြီး နေမင်းကြီးကို ကြိုဆိုဖို့ အသင့်ဖြစ်နေပါပြီ။ ပြီးရင် ရောင်စုံသစ်ခွပန်းဥယျာဉ်ကလေးထဲမှာ ကျနော် ဘ၀ကို လွမ်းအားပိုရပါဦးမယ်။
ညတညဟာ လှပရွှန်းပြက်တဲ့ အိပ်မက်တွေနဲ့ ကုန်ဆုံးလွန်မြောက်သွားတာလည်း ရှိခဲ့ပါတယ်။ တခါတလေ မဆုံးနိုင်တဲ့ အိပ်မက်ဆိုးတွေ၊ ချောက်အိပ်မက်တွေနဲ့ ညတာရှည်လွန်းတာလည်း ရှိခဲ့သပေါ့။ တခါတခါကျတော့လည်း ပျောက်ဆုံး သွားတဲ့ညကို လိုက်ရှာရင်း မိုးစင်စင် လင်းခဲ့ရပြန်တယ်လေ။ အခုအချိန်မှာ ကျနော် အမှတ်ရဆုံးညတွေကတော့ ပုန်းခို ကျင်းထဲက ညတွေပါပဲ။
စက်တင်ဘာအရေးတော်ပုံကြီး ဖြိုခွဲခံရပြီးစ ရန်ကုန်မြို့ရဲ့ ညတွေ ညတွေမှာ တနေရာပြီးတနေရာ ရင်တထိတ်ထိတ်နဲ့ ပြောင်းရွှေ့ပုန်းအောင်းခဲ့ရတဲ့ အဖြစ်ဟာ မြစ်တစ်မြစ်လိုဆိုရင် နိုင်းမြစ်ကြီးထက်တောင် ရှည်နေပါလိမ့်ဦးမယ်။ စစ်ပွဲ တပွဲလိုဆိုရင် ဒုတိယကမ္ဘာစစ်ကြီးထက်မက ခက်ထန်ကြမ်းရှနေပါလိမ့်ဦးမယ်။
ပုန်းခိုကျင်းထဲကနေ အပြင်ဘက်က ဘူးစင်ကလေးတခုအပေါ် ကျထင်နေတဲ့ လရောင်ကို ခိုးပြီးကြည့်ခဲ့ရတဲ့ ညတည ဟာ ကဗျာတပုဒ်တော့ ဖြင့် ကျနော့်ကို ထိုက်ထိုက်တန်တန် ပြန်ပေးခဲ့ဖူးပါရဲ့။ “စုစုနွေးဖတ်ဖို့ ကဗျာတပုဒ်” ဆိုတာဟာ နအဖ စစ်ခွေးတွေ လိုက်လံချောင်းမြောင်း သတ်ဖြတ်နေတဲ့ကြားက လွတ်ထွက်လာတဲ့ ငွေလရောင်ကလေးက ပေးတဲ့ ကဗျာပေါ့။
ဘူးညွန့်နွယ်ကလေးတွေလေမှာ တလွင့်လွင့်စင်ပေါ်ကို အဆင့်ဆင့် ကြိုးစားတွယ်တက်နေကြတာပေါ့၊ တော်လှန်ရေးကိုငါ မြင်နေရတာပါကွယ်၊ လရောင် ကြယ်ရောင်အောက်ကနေ နေရောင် တောက်ပတဲ့တနေ့ အဲဒီ ဘူးညွန့်စိမ်းစိမ်းကလေးတွေ စင်ပေါ်ကို ကျိန်းသေရောက်မှာပဲ၊ ညီမလေးရယ်တော်လှန်ရေးကို ငါ မြင်နေရပါပေါ့၊ Evolutionary revolution တဲ့ တို့တတွေ ဘူးညွန့်နွယ်လေးတွေလို အဆင့်ဆင့် တော်လှန် ပြောင်းလဲခဲ့ကြပြီ၊ ဒီတခါတို့ တော်လှန်ပြောင်းလဲဖို့ကတော့ တနှစ်အတွင်း အနိုင်တိုက်ရေး အာဏာသိမ်းပိုက်ရေးပဲ ညီမလေး…။
ဟိုတုန်းကတော့ ကျနော်လွမ်းစရာက ၃၃လမ်းပါ။ အခုတော့ လင်ပစ်မလို စုတ်တီးစုတ်ဖတ် ဖြစ်ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကြီး ရယ်။ တခုသော နေရာဟာ ကျနော်တို့ရဲ့ ဌာနချုပ်ပါပဲ။
၁၉၈၈ မတိုင်မီက ရွှေကြည်အေးခေတ်။ ၁၉၈၈ နောက်ပိုင်းကျတော့ လေထန်ကုန်းခေတ်။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဒီ ၃၃ လမ်းကလေးပေါ်မှာပဲ ကျနော်တို့ကဗျာတွေ၊ ကျနော်တို့စာတွေ၊ မွေးဖွားခဲ့ကြ ဖြတ်သန်းခဲ့ကြတာပေါ့။ ၃၃လမ်း ဟာ လမ်းတိုကလေးပါ။ ဒါပေမယ့် ကျနော်တို့စာပေသမားတွေရဲ့ ဒုက္ခကတော့ ရှည်လျားလွန်း လှပါတယ်။ ဒုက္ခကို ရယ်မောပစ်နိုင်တဲ့သူဟာ ယောက်ျားကောင်းလို့ဆိုရင် ကျနော်တို့ကဗျာဆရာတွေဟာ အကုန်လုံး ယောက်ျားကောင်း ယောက်ျားမြတ်တွေ ဖြစ်နိုင်တာပေါ့။
ခေတ်ကို ကဗျာနဲ့တိုက်ခိုက်ကြတဲ့ ကဗျာဆရာတွေ၊ စစ်ကို သေနတ်မကိုင်ဘဲ ကလောင်ကိုင်ပြီး တိုက်နေကြတဲ့ ကဗျာ ဆရာတွေ၊ ရှစ်လေးလုံး သမိုင်းသစ် အရေးတော်ပုံကြီးတုန်းကလည်း ဒီနေရာမှာ ဌာနချုပ်ဖွင့်ပြီး ကဗျာဆရာတွေ တိုက်ပွဲ ၀င်ခဲ့ကြတာပါပဲ။ ဟော … ပြီးခဲ့တဲ့ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကြီးမှာလည်း ဒီနေရာ ဒီ ၃၃လမ်း ဒီစခန်းမှာပဲ ဌာနချုပ်ဖွင့်ပြီး ကဗျာဆရာတွေ တိုက်ပွဲဝင်ခဲ့ကြတာပေါ့။
စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းပစ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်ဟာ တော်လှန်တဲ့ကဗျာဆရာတွေရဲ့ ရိုးရာ ယဉ်ကျေးမှုပဲပေါ့။ ဒီရိုးရာ ဒီယဉ်ကျေးမှုအောက်မှာ ၃၃လမ်းဟာ ခံတပ်တခုလည်း ဖြစ်ခဲ့တယ်။ ရဲတိုက်တခုဆိုရင်လည်း မမှားဘူးပေါ့။ ဒီခံတပ် ဒီရဲတိုက်ထဲကနေ လွတ်လပ်မှုအတွက် အသက်ပေးသွားခဲ့ကြသူတွေ၊ တရားမျှတမှုအတွက် ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့သူတွေ၊ ငြိမ်းချမ်းရေးအတွက် ဒုက္ခကို ခါးစည်း ခံနေရတဲ့သူတွေ။
ဒီမနက်ခင်းမှာ ကျနော် ၃၃လမ်းပေါ်က ကဗျာဆရာ ညီတော် နောင်တော်အပေါင်းကို အထူးပင် သတိရနေပါတယ်။ နေရောင်ခြည်အောက်မှာ ကျနော် ကြံ့ကြံ့တည်တည် ရပ်နေပါတယ်။ ယုံကြည်ချက်ကို မတ်မတ်ခိုင်အောင် ကျနော် စိုက်ထူ နေပါတယ်။ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံ မလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲ စတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း၊ အလံမလှဲစတမ်း။
အခု ကျနော်ရပ်နေတဲ့မြေကြီးကို ဒေါင်းရင်ပြင်လို့ခေါ်ပါတယ်။ မဲဆောက်မြို့က ဒေါင်းရင်ပြင်ဟာလည်း လွတ်မြောက် နယ်မြေက ကဗျာဆရာတွေရဲ့ ဌာနချုပ်ပါပဲ။ ဒေါင်းရင်ပြင်က ကဗျာဆရာအများစုကတော့ သေနတ်ကိုလည်း ကောင်း မွန် ကျွမ်းကျင်စွာ ကိုင်တွယ်ပစ်ခက်တတ်တယ် ဆိုတဲ့ အချက်ကတော့ ကျနော်မလေးစားဘဲ နေလို့မရတဲ့ အချက်ပေါ့။
တိုက်ပွဲဆိုတာ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲတိုက်တိုက် ဘုံရန်သူကို တိုက်ခိုက်နေခြင်းသာ အဓိကပဲ မဟုတ်လား။ နအဖ စစ်အုပ်စုကို မမှိတ်မသုန် တိုက်ခိုက်နေဖို့ပဲ အရေးကြီးပါတယ်။ သေနတ်နဲ့ပဲတိုက်တိုက်၊ ကဗျာနဲ့ပဲ တိုက်တိုက်၊ ဘာနဲ့ပဲ တိုက်တိုက် စစ်အာဏာရှင်စနစ် ပြုတ်ကျသွားဖို့ လိုရင်းပါပဲ။
ကဗျာဆရာဆိုတာလည်း တဦးတယောက်တည်းနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်တခုပါပဲ။ A poet is an army of one တဲ့။ ထို့အတူပဲ A poet is a rival government တဲ့။ ကဗျာဆရာတယောက်ဟာလည်း စင်ပြိုင်အစိုးရတရပ်ပါပဲ။ ကဲ … ဘယ်လောက် တက်ကြွချိုမြိန်ဖို့ ကောင်းတဲ့ အဆိုအမိန့်ပါလဲ။
မဲဆောက်မြို့ရဲ့ နံနက်ခင်းဟာ နွေဦး နှင်းမြူတွေနဲ့ လင်းလူနေပါပြီ။ ဟိုးအဝေးက ဘန်ကောက်မြို့တော်ကြီးဘက်ကို မှန်းဆလွမ်းတနေတဲ့ တောင်တန်းရှည်ကြီးတွေပေါ်မှာ နေရောင်တွေ နှင်းနဲ့ ရွှဲစိုလို့ ချမ်းပဲချမ်းနေရော့လေမလား။ ဒေါင်း ရင်ပြင်ပေါ်မှာတော့ နှင်းဝေေ၀တွေက အာဇာနည်တွေရဲ့ သွေးတွေသွေးတွေနဲ့ လိမ်းကျံရောစပ်လို့ ပန်းရောင် ယှက်သန်း နေပါပြီ။
၃၃လမ်းမှာတုန်းကလည်း ကဗျာဆရာတွေဟာ ခေတ်ကြီးကို သယ်ပိုးနိုင်သလောက် ထမ်းပိုးသယ်ဆောင်ခဲ့ကြပါပြီ။ ခေတ်ပြိုင်ခံစားမှု၊ လူထု ရင်ခုန်သံ၊ ပဉ္စမ မြန်မာနိုင်ငံတော်နှင့် … တော်လှန်သော အနုပညာ။ ဒီဒေါင်းရင်ပြင်မှာလည်း ကဗျာဆရာတွေဟာ ခေတ်ကြီးတခုလုံးကို သယ်ပိုးနိုင်သလောက် ထမ်းပိုးသယ်ဆောင်နေကြပါပြီ။ ဒါဟာ ဆရာဗန်းမော် တင်အောင်ရဲ့ အလိုကျပဲ မဟုတ်လား။
“လူတယောက်ရဲ့ တန်ဖိုးကို သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ”
ဆရာဗန်းမော်တင်အောင် မကွယ်လွန်ခင် ရန်ကုန်ဆေးရုံကြီးပေါ်မှာ သားတွေကို နောက်ဆုံးပြောခဲ့တဲ့ စကားတွေပဲပေါ့။ ဆရာဗန်းမော် တင်အောင် (၁၉၂၀-၁၉၇၈) ၂၃-၁၀-၇၈ နေ့ ကွယ်လွန်ပါတယ်။
သမိုင်းကို တာဝန်ယူရဲသူတွေအဖို့တော့ ၃၃လမ်းဟာလည်း ၃၃လမ်းသက်သက် မဟုတ်ပါဘူး။ သမိုင်းတာဝန် ကျေပွန် လို သူတွေအဖို့တော့ ဒေါင်းရင်ပြင်ဟာလည်း ဒေါင်းရင်ပြင်သက်သက် မဟုတ်ပါဘူး။ ၃၃လမ်းပဲဖြစ်ဖြစ်၊ ဒေါင်းရင်ပြင် ပဲဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို အသေ အကြေတိုက်ခိုက်နေတဲ့၊ ဒီမိုကရေစီ နိုင်ငံတော်ကိုထူထောင်ဖို့ ကြိုးပမ်းနေတဲ့ တော်လှန်သော အနုပညာရှင်တွေရဲ့ ဘူမိနက်သန်နေရာ မှန်ရင် တနေ့ ဗိုလ်ဝင်ခံရမှာပါပဲ။ အောင်စည်ဆော်လော့၊ ပြည်တော်ဝင်ခန်း ရောက်ချေပြီ။
မဲဆောက်မြို့ရဲ့ နံနက်ခင်းလေးဟာ နေရောင်အောက်မှာ ပိုပြီး အသက်ဝင်လာပါတယ်။ ဘ၀ဟာ ပိုပြီး ခိုင်မာလာပါတယ်။
ဒေါင်းရင်ပြင် ပန်းဥယျာဉ်ကလေးထဲက သစ်ခွပွင့်ရောင်စုံတွေကြားမှာ ကျနော် ရပ်ငေးတွေးသီရင်း လွမ်းနေ မိပါရဲ့။
ချန်ချင်းကို လွမ်းတာပဲလား။ယာမာဂူချီကို လွမ်းတာပဲလား။ယင်အန်းကိုပဲ ငါ ရောက်နေတာလား။ ကျနော် မဝေခွဲတတ်တော့ပါဘူး။ ။
(မူရင်း-ဧရာဝတီ)
Wednesday, June 4, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment