Saturday, February 6, 2010

book review

လွမ်းသူရဲ့တေး

ပြည်ပကိုရောက်နေတဲ့ စာရေးဆရာ ကဗျာဆရာတွေထဲမှာ ဆရာမောင်သာရတို့ ဆရာ မောင်စွမ်းရည်တို့ ဆိုတာ ကျန်တဲ့ငယ်သူတွေက ဦးထိပ်ထားရ ရိုသေလေးစားရတဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့နှစ်ဦးစလုံး (၇၀) ကျော်တန်းတွေပါ။ ဆရာမောင်သာရက လာ့စ်ဗေးဂတ်မြို့မှာ နေပါတယ်။ ဆရာမောင်စွမ်းရည်က နယူးယောက်မြို့မှာ နေတာပါ။

နှစ်ဦးစလုံး အာရ်အက်ဖ်အေတို့ ဘီဘီစီတိုလို ရေဒီယိုတွေမှာ အသံလွှင့်ဆောင်းပါးတွေ လွှင့်နေကြပါတယ်။ ဆန်ဖရန်စစ္စကို အခြေစိုက် “မိုးမခ” မီဒီယာဝက်ဆိုက်တို့ လော့အိန်ဂျယ်လိစ် အခြေစိုက် “မန္တလေးဂေဇက်” ရတနာပုံနေပြည်တော် သတင်းစာတို့မှာလည်း စာရေးကြတဲ့အခါ ရေးကြသပေါ့။

ပြည်တွင်းမှာတုန်းကတော့ ဆရာမောင်သာရက လုံးချင်းဝထ္ထုတိုရေးသူပီပီ စာအုပ်အထွက်ကြမ်းခဲ့တဲ့ စာရေးဆရာပါ။ ခုပြည်ပမှာတော့ ကျနော်လက်လှမ်းမီသလောက် ဆရာမောင်သာရရဲ့ “ကျဉ်တုပ်ခံဝံ့ မခံဝံ့” ၀ထ္ထုကောင်းတအုပ်ပဲ ဘန်ကောက်အခြေစိုက် “ခေတ်ပြိုင်” သတင်းနဲ့ စာအုပ်တိုက်က ပြန်ထုတ်တာတွေ့ရပါရဲ့။
ဆရာမောင်စွမ်းရည်ကတော့ ပြည်တွင်းမှာ ကဗျာ၊ ၀ထ္ထုတို၊ စာပေဝေဖန်ရေး၊ စာစီစာကုံး စတဲ့ စာအုပ် ဆယ်အုပ် ကျော်ကျော်တော့ ထွက်ခဲ့ပါတယ်။ ပြည်ပရောက်မှတော့ ဆရာ မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့ မောင်စွမ်းရည်” ဆိုတဲ့ ဆောင်းပါးပေါင်းချူပ် တအုပ်လဲ အရင်ကတွေ့ခဲ့ဖူးတာပါ။ ၂၀၀၇ တုန်းက ထွက်ခဲ့တာဖြစ်ပါတယ်။

အခု ၂၀၀၉ မကုန်ခင်မှာတော့ ပြည်ပရောက် မြန်မာ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ စာပေလက်ရာ တခုအနေနဲ့ ဆရာမောင်စွမ်းရည်ရဲ့ “မှိုင်းမှသည် မိုးထိအောင်” လို့ အမည်ပေးထားတဲ့ ကဗျာပေါင်းချူပ် စာအုပ်ထွက်ပေါ်လာခဲ့ပါပြီ။ ထုတ်ဝေသူက ၀ါရှင်တန်ဒီစီအခြေစိုက် “ဓူဝံ” စာပေပဲ ဖြစ်ပါတယ်။

ပြည်တွင်း ဖြတ်သန်းခဲ့ဖူးတဲ့ ထုတ်ဝေရေးလောက အတွေ့အကြုံအရဆိုရင်တော့ဖြင့် ပြည်တွင်းမှာက ကဗျာစာအုပ်တအုပ် ထုတ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒုလ္လဘပါပဲ စာဖတ်ပရိသတ် သိပ်မရှိတဲ့ အမြတ်အစွန်းမပြောနဲ့ ထုတ်လိုက်ရင် အရှုံးပြတဲ့ ပြောရရင်ဈေးကွက် သိပ်မ၀င်တဲ့ ကဗျာလုံးချင်း စာအုပ်တွေကို ဘယ်ထုတ်ဝေသူကမှ မထုတ်ချင်ကြပါဘူး။ လက်ရှောင်ကြပါတယ်။

(စောင်ရေ သိန်းချီပြီး ဆယ်ကြိမ်မက ပြန်ပြန်ရိုက်ရတဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုံး) ရဲ့ “သောကခြေရာ ရတနာ” ကဗျာစာအုပ်လိုမျိုးကတော့ ခြွင်းချက်ပေါ့။ မြန်မာပြည်မှာ စောင်ရေ သန်းချီပြီး ရိုက်ရတဲ့ ကဗျာစာအုပ်ကတော့ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ရဲ့ “သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ” ကဗျာများ ပါပဲခင်ဗျာ)
ဆရာမောင်စွမ်းရည်အနေနဲ့ကတော့ ပြည်တွင်းမှာ ကဗျာ လုံးချင်းစာအုပ်က (၁) စိတြ (ဆရာကြည်အောင်နဲ့တွဲ၍) ၁၉၆၀။ (၂) အနီနှင့် အပြာ (အမျိုးသားစာပေဆုရရှိ) ၁၉၆၄။ (၃) ဟိုချီမင်း၏ အကျဉ်းထောင်ကပုလွေသံ (ဘာသာပြန်) ၁၉၆၄။ (၄) မန္တလေးမြို့ရဲ့ မနက်ခင်း ၁၉၇၁။ (၅) ဖိုးဝ နှင့် ဖိုးလှ(ကလေးကဗျာစု) ၁၉၉၉ - ဒါလောက်ပဲ ထွက်နိုင်ခဲ့တာပါ။

ဆရာမောင်စွမ်းရည် ပြည်ပကို ထွက်မလာခင် ပြည်တွင်းစာနယ်ဇင်းတွေမှာ ရေးခဲ့တဲ့ ကဗျာတွေက မနည်းပါဘူး။ နောက်ပိုင်းမှာ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ် ထွက်မလာခဲ့ တော့ပါဘူး။ အခုပြည်ပကို ရောက်လာပြီး အချိန်နည်းနည်းရလာတော့မှ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ်အသစ်ကို ကျနော်တို့ ဖတ်ခွင့်ကြုံရတာပါ၊ ဒါလည်းဒုလ္လဘပါပဲ။ ပြည်တွင်းမှာထုတ်ဝေခွင့် မရနိုင်တဲ့ ကဗျာတွေ အများဆုံးပါတဲ့ စာအုပ်ကို ပြည်ပမှ ထုတ်ရတယ်ဆိုတာကတော့ ထူးပြီး မဆန်းတော့ပေဘူးနော်။

ပြည်တွင်းမှာပဲ ထုတ်ထုတ်၊ပြည်ပမှာပဲထုတ်ထုတ် မြန်မာဘာသာစကားနဲ့ ရေးသားထုတ်ဝေလာတဲ့ စာအုပ်ဟာ မြန်မာစာပေဘဏ္ဍာသိုက်အတွက် ထည့်ဝင်မှု။ ယနေ့ မြန်မာစာပေသမိုင်းအတွက် စိုက်ထည့်မှု့ တခုပဲ မဟုတ်လား။ ဒီအတွက် ဆရာမောင်စွမ်းရည်ရဲ့ စာအုပ် (မှိုင်းမှသည် မိုးထိအောင်)ကို ကျနော်တို့စာဖတ်သူတွေ စာရေးသူတွေက လှိုက်လှိုက်လှဲလှဲကြို ဆိုကြရမယ်။

ဆရာမောင်စွမ်းရည်ရဲ အခုစာအုပ်သစ်မှာ ထူးခြားချက်ကတော့ “ကြည်ညိုဂုဏ်ပြု ကဗျာစု” လို့ ရည်ညွှန်းဖေါ်ပြထားတာပါပဲ။ ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုကဗျာ ဖွဲ့ထားတာမို့ ဒီစာအုပ်ထဲမှာ ရုပ်ပုံလွှာအဖွဲ့အနွဲ့ဆန်တဲ့ ကဗျာတွေချည်းပဲ ရွေးဖတ်ကြရမှာပါ။ ဒါကြောင့် ဒီစာအုပ်ထဲမယ်တော့ ဆရာမောင်စွမ်းရည်ရဲ့ ရကန်အရေးအသားဆန်တဲ့ သရော်တဲ့ ဝေဖန်တဲ့ (ဥပမာ- အင်တာနက်သူရဲကောင်းများကဗျာတို့ နယူးယောက်ကျောက်ကပ်ဆေးနဲ့ ကဗျာတို့လို) သီးခြား ကဗျာကောင်း အများကြီးကိုတော့ ဖတ်ခွင့်မရှာဘူးပေါ့။ အဲ့ဒီသီးခြားကောင်းတာတွေကို သီးသန့်စုစည်းပြီး စာအုပ်ထုတ်ပါဦးလို့ ဓူဝံကိုအောင်ကျော်ဦးနဲ့ ဆရာစွမ်းတို့ကို တိုက်တွန်းချင်ပါတယ်)။

မြန်မာစာပေမှာ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဆိုတာကတော့ အထုပ္ပတ္တိစာပေ အမျိုးအစားထဲမယ် ပါပါတယ်။ ဆရာဒဂုန်တာရာရဲ့ “အောင်ဆန်း(သို့)အရိုင်း” တို့ “ဗဟိန်း(သို့)ကဗျာ” တို့စတဲ့ လူကိုလေ့လာခြင်း ဆောင်းပါးတွေဟာ ရုပ်ပုံလွှာအဖွဲ့အနွဲ့တွေပါ။ တနည်း အတ္ထုပ္ပတ္တိဟန် ရသစာတန်းတွေပါပဲ။

ဒီလိုပဲ အတ္ထုပ္ပတ္တိဟန် ၀ထ္ထုတို့ ဆိုတာလည်း တချို့ စာရေးဆရာတွေ ရေးကြတာရှိပါတယ်။ (ဥပမာ-ဆရာညီပုလေးရဲ့“ မြေးသူကြီး” ဆိုတဲ့ စာအုပ်က အတ္ထုပ္ပတ္တိဟန် ၀ထ္ထုပါ။ ၀ထ္ထုစာအုပ်ပါပဲ။ ဆရာကြီးရွှေဥဒေါင်းရဲ့ “တသက်တာအတွေးအခေါ်မှတ်တမ်း” ဆိုရင် ၀ထ္ထုဟန်အတ္ထုပ္ပတ္တိလို့ ရည်ညွှန်းနိုင်ပါတယ်။ ဆရာကြီးက သူ့အတ္ထုပ္ပတ္တိကို ရသနဲ့ဝထ္ထုလို ဇတ်လမ်းဖွဲ့ ရေးထားတာကလား)
ပြောရရင် ဆရာမောင်စွမ်းရည်ရဲ့ အခု“မှိုင်းမှသည် မိုးထိအောင်” ကဗျာစာအုပ်ထဲက ကဗျာအားလုံး( စုစုပေါင်း ၈၅ ပုဒ်)ဟာ ကဗျာအဖွဲ့ခံပုဂ္ဂိုလ်တွေရဲ့ ရုပ်ပုံလွှာပါပဲ။ တချို့ လျှပ်တပြက် ရုပ်ပုံလွှာ။ တချို့ ကန်လန့်ဖြတ်ဘေးတိုက် ရုပ်ပုံလွှာ။ တချို့ ခဲခြစ်ကောက်ကြောင်းရုပ်ပုံလွှာ။ တချို့ တကြောင်းဆွဲ။ တချို့ စုတ်ပြားခတ် ရုပ်ပုံလွှာ။ တချို့ ပန်းချီလိုဆိုရင်တော့ တချို့ကဗျာတွေက Portrait ဖြစ်မယ်။ တချို့ကဗျာတွေကိုတော့ sketch လိုပဲ ဆိုချင်တယ်။ တချို့ကဗျာတွေဟာ ဆေးရောင်စုံ တက်ခနီကာလာ၊ တချို့ကဗျာတွေကတော့ အဖြူအမည်း ဘက်လက်ခ်အင်ဝှိုက်၊ ရုပ်ရှင်လို ပြောပြန်ရင် - တချို့ကဗျာတွေကတော့ Long Shot။ တချို့ကဗျာတွေက Close up ဆိုပါတော့။ ကဗျာတွေကတော့ ရသအစုံစုံ ဒဿန အဖုံဖုံပါပဲ။ တချို့ အနံ့တသင်းသင်း တချို့အဆင်းတလှလှ။

ဒီစာအုပ်မှာ ဖွဲ့သူနဲ့ အဖွဲ့ခံသူ ပုဂ္ဂိုလ်နှစ်ဦးနှစ်ဖက်ရဲ့ အဆက်အစပ်က အင်မတန် အရေးကြီးပါတယ်။ ဖွဲ့သူမောင်စွမ်းရည် ဘာလဲ ဘယ်လဲ၊ အဖွဲခံပုဂ္ဂိုလ်တွေ ဘာလဲ ဘယ်လဲ၊ ဖွဲ့သူကတော့ အခုနေမှာ ပြောရရင် သူပုန်ကဗျာဆရာပါပဲ။ (အနုပညာသူပုန်စိတ် ဆိုတာကတော့ ပြည်တွင်းမှာကတည်းက ကျနော်တို့ ကဗျာဆရာတွေ ရှိပြီးသားပါ)။

နအဖ စစ်အာဏာရှင် စနစ်ကို ခြေဆုံးခေါင်းဖျား ပုန်ကန်နေတဲ့ ကဗျာဆရာ။ Exile Poet ။ ဒါဖွဲ့သူရဲ့ ရပ်တည်ချက်ပါ။ အစိုးရ ဆန့်ကျင်ရေးသမား ဒီမိုကရေစီ လှုပ်ရှားရေးသမားဖြစ်နေတာကလဲ ကဗျာဆရာရဲ ဂုဏ်ပုဒ်ဖြစ်နေပါပြီ။

ဆရာမောင်စွမ်းရည် ကဗျာဖွဲ့ ဂုဏ်ပြုတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ပြန်တော့ ယောမင်းကြီးဦးဖိုးလှိုင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးဖေမောင်တင်၊ ဇော်ဂျီ ၊ မင်းသုဝဏ်၊ ဗိုလ်ချူပ်အောင်ဆန်း၊ ဆရာမောင်ထင်၊ ဆရာတော်ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ လူထုဒေါ်အမာ၊ ဂျွန်တကာမီ (ဂျပန်)၊ ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ)၊ ဒေါက်တာသန်းထွန်း၊ တင်မိုး၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်)၊ လူထုစိန်ဝင်း၊ လေးမောင်(မြင်းခြံ)၊ နီမောင်၊ ဒဂုန်တာရာ၊ပါရဂူ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကြည်အေး၊ ဗိုလ်မှုးချူပ်ကျော်ဇော၊ ဒေါ်ခင်မျိုးချစ်၊ ဗိုလ်ချူပ်ကတော် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချူပ်ကြီး(ဟောင်း)သူရဦးတင်ဦး၊ (ဦး)၀င်းတင် (ဟံသာဝတီ)၊ ကြေးမှုံဦးသောင်း (အောင်ဗလ)၊ ကိုဖုန်းသစ်၊ မောင်အောင်ပွင့်၊ ငြိမ်းသစ်၊ မင်းကိုနိုင်၊ ထက်မိုး၊ ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင်ကျော်သူ၊ ရဲဘော်ဘိုဇံ၊ ဖဒိုမန်းရှာလဖန်း၊ မာမာအေးနဲ့ ကာယကံရှင်၊ ဆရာမောင်စွမ်းရည်ရဲ့ မိဘနှစ်ပါး (ဦးသိန်းဖေ၊ ဒေါ်တင်ကြည်)။

ကဗျာဖွဲ့ခံပုဂ္ဂိုလ်တွေဟာ မြန်မာ့နိုင်ငံရေး တလျှောက်မှာ မြန်မာစာပေရေစီးကြောင်း တလျှောက်မှာ၊ သူ့ခေတ် သူ့အနေနဲ့သူ ကြီးကျယ်မြင့်မြတ်ခဲ့ကြတဲ့သူတွေပါပဲ။ အဖွဲ့ခံပုဂ္ဂိုလ်တွေ ဘက်က သမိုင်းဝင်ပြီးသားပါပဲ။

ကျနော်တို့ ဒီစာအုပ်မှာ အကဲဖြတ်ကြရမှာက သမိုင်းဝင်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ကဗျာတွေဟာ သမိုင်း ၀င် မ၀င်ဆိုတဲ့ ကိစ္စပါပဲ။ တရုတ်ခေါင်းဆောင်ကြီးလဲဖြစ် ကဗျာဆရာလဲဖြစ်တဲ့ မော်စီတုန်းက သူ့အနေနဲ့ “တော်လှန်တဲ့သမိုင်းကို တော်လှန်တဲ့ ခံစားမှုနဲ့ ကဗျာရေးတာပါပဲ …” လို့ပြောဖူးပါတယ်။ ပထမအချက်အနေနဲ့က ဆရာမောင်စွမ်းရည်ရဲ့ ဒီကဗျာတွေမှာ တော်လှန်တဲ့ ခံစားမှုအမြင် အပြည့်အ၀ရှိနေတာပါပဲ။

ကျနော်တို့ဟာ စာပေ (ရသစာပေ)နဲ့ သမိုင်းကို မော်ကွန်းတင်ကြတယ်ဆိုရာမယ် အနုပညာမြောက် “တင်” နိုင်ဖို့ဆိုတာကလဲ သိပ်ကိုအရေးကြီးလှတဲ့ အချက်ပဲ။ ကျနော်တို့ ရေးဖွဲ့ မော်ကွန်းတင်တဲ့ သမိုင်း(လူထုသမိုင်း)ဟာ ရသမြောက် ပရိသတ်ရင်ထဲကို စွဲမြဲရောက်ရှိသွားရတယ်။ ဒီပေတံနဲ့ တိုင်းမယ်ဆိုရင်လဲ ဆရာမောင်စွမ်းရည်ရဲ့ အခုစာအုပ်ထဲက ကဗျာတွေမှာ အနုပညာမြောက်မှုကို တွေ့ရမယ်။ တော်လှန်တဲ့ အမြင်လဲရှိတယ်၊ အနုပညာမြောက်မှုကိုလဲ တွေ့ရတယ် ဆိုရင် ဒါပြည့်စုံနေပါပြီ၊ ဒါမျိုးကို တော်လှန်စာပေ၊ တော်လှန်အနုပညာလို့ခေါ်တာပါပဲ။

ကဗျာရေးဖွဲ့သူရဲ့ ခံစားမှုအတွေးအခေါ်က တနည်း ရင်ခုန်သံဒဿနက တော်လှန်ရေး ကျရမယ်၊ ပြည်သူ့ဖက်က ပြတ်ပြတ်သားသားရပ်တည်ရမည်၊ ဒီမိုကရက်တစ်ဖြစ်ရမယ်၊ ဒီနေရာ ပြောစရာရှိတာက ဒီလိုတော်လှန်ရေးကျ ပြည်သူ့ဘက်ကရပ် ဒီမိုကရက်တစ်တဲ့ အတွေးအခေါ် ဒဿနတွေ ရင်ခုန်သံ ခံစားမှုတွေနဲ့ ရေးဖွဲ့တိုင်း ကဗျာကောင်းဖြစ်လာမယ်ရယ်လို့တော့ မျှော်မှန်းလို့ မရဘူးဆိုတာပါပဲ။

ကဗျာဆရာရဲ့ ကဗျာဖွဲ့ပုံဖွဲနည်း အလင်္ကာအလုပ်ကလဲ အရေးတကြီး လိုအပ်နေသေးမင့်ပဲ ဟာကိုး။ ကဗျာဆရာက ပရိသတ်ရင်ထဲ အသည်းထဲရောက်အောင် ရသမြောက် ရေးနိုင် သီနိုင် ဖွဲ့နိုင်ဖို့ အတတ်ပညာ အားထုတ်မှုပြုဖို့ လိုပါသေးတယ်။

ဆရာမောင်စွမ်းရည်ဟာ ၀ါရင့် သမ္ဘာရင့် ကဗျာဆရာကြီးတဦးပါ၊ နိုင်ငံရေးခေတ်မျိုးစုံ၊ စာပေခေတ် မျိုးစုံကိုလည်း ဖြတ်သန်းလာခဲ့ပြီးပါပြီ။ အခုစာအုပ်ထဲက ကဗျာတွေကို အထူးတလည် ညွှန်းဆိုနေစရာ ချီးမွမ်းနေစရာ မလိုအပ်လှပါဘူး။ ပရိသတ်ကိုယ်တိုင်ကသာ စာအုပ်ရှာကြည့်ပြီး ခံစားကြည့်ကြပါတော့။

ဒီကဗျာစုဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း (မှိုင်း) ကနေပြီး ဆရာဦးတင်မိုး (မိုး) အထိ ဆရာမောင်စွမ်းရည် ဖြတ်သန်းခဲ့ရတဲ့ သမိုင်းခေတ်တွေထဲက ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ဖွဲ့ထားတာ ဆိုပေတဲ့ တကယ်က ဒီကဗျာတွေဟာ မြန်မာ့နိုင်ငံရေးသမိုင်း၊ အမျိုးသားဒီမိုကရေစီလှုပ်ရှားမှုသမိုင်း၊ လူထုတော်လှန်ရေးသမိုင်းကို ကောင်းကောင်း ထင်ဟပ်နေတယ်ဆိုတာပါပဲ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တခေတ်တခါတုန်းက သခင်စိုးနဲ့ သခင်သန်းထွန်းတို့ နှစ်ယောက်ကို ရည်ညွှန်းပြီး (ဂရုဏာဒေါသောနဲ့)၊
“ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့
စိုး နဲ့ သန်း” လို့ ရေးဖွဲ့ခဲ့တာကို ဆရာမောင်စွမ်းရည်က ဒီစာအုပ်ထဲမှာ
“ကိုယ်ကျိုးမငဲ့စတမ်း
နထိုးနဲ့ ဇဂျမ်းဆီက
မိုး နဲ့ စွမ်း” ဆိုပြီး ဖွဲ့ထားပါတယ်။ (တင်မိုးနဲ့ မောင်စွမ်းရည်ကို ရည်ညွှန်းတာပါ)
ဒီစာအုပ်ထဲမှာ အကျုံးဝင်ပေမဲ့ ဆရာမောင်စွမ်းရည်က သူ့ရဲ့အကျော်ကြားဆုံး အကောင်းဆုံး လက်ရာဖြစ်တဲ့ “အမေခေါ်သံ” ကဗျာကိုတော့ ပြန်ထည့်မထားပါဘူး။

ဆရာမောင်စွမ်းရည်ဟာ ခေတ်ကို မျက်ခြေမပြတ်ဘူး ၊ အမိမြေကို မမေ့လျော့ဘူး။ ဖိနှိပ်သူ အစိုးရ အကြောင်းလဲ သိတယ်။ အဖိနှိပ်ခံ ပြည်သူတွေ အကြောင်းလဲ သိတယ်။ ဝေးခရီးကပေမဲ့ အရေးကြီးရင် သွေးစည်းတယ်။ ဒီကဗျာကို ဖတ်ကြည့်လိုက်ပါ။

ဒီမိုဂါထာ
ငရဲလားချင်
စစ်ထဲဝင်။
ကုသိုလ်ယူချင်
ကျော်သူနဲ့တိုင်ပင်။
ကြောက်မွေးပါ
ဇာဂနာနဲ့ နှုတ်။
တနေ့ သုံးခါ
ရွတ်ဆိုပါ
ဂါထာ ဤ သုံးပုဒ်။ ။ ( ၂၀၀၇ အောက်တိုဘာ ၆)

ဒါဟာ ရွှေဝါရောင်တော်လှန်ရေးကြီးပြီးစမှာ ရေးလိုက်တဲ့ ကဗျာပါပဲ။ ဒီနေ့အထိ ဆရာမောင်စွမ်းရည်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကဗျာတွေ မပြတ် ရေးနေဆဲပါ။ အခုစာအုပ်ထဲက ကဗျာတွေအပြင် ဆရာမောင်စွမ်းရည် ရေးခဲ့တဲ့အခြားကဗျာတွေပါ အားလုံးဟာ ဘယ်အပေါ်မှာ အခြေခံတာလဲဆိုရင်တော့ အဖြေက တခွန်းတည်းပါပဲ။ အဲဒါ “အိမ်လွမ်းစိတ်” ပဲ။

နည်းနည်း ထပ်ပြီး ပြောမယ် ဆိုရင်တော့ “အိမ်လွမ်းစိတ် အမှန်တရား” ပါပဲ။
အင်္ဂလိပ်ကဗျာဆရာ ရှယ်လီရဲ့ “ငါတို့ရဲ့ အကောင်းဆုံးတေးတွေ ဆိုတာ၊ အဆွေးဆုံးအတွေးကို ပြောပြတဲ့ တေးတွေပေါ့” ဆိုတဲ့ စာသားကို ကိုးကားပြီး ပြောရမယ် ဆိုရင်တော့ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာတွေဟာ အလွမ်းဆုံးအတွေးကို ပြောပြတဲ့ တေးတွေပဲ မဟုတ်ပါလား။
လွမ်းသူရဲ့ တေး၊ လွမ်းတေး ပေါ့။
လွမ်းတေး မဆုံးပါစေနှင့် ဆရာစွမ်း ခင်ဗျား။ ။

(ဒီဇင်ဘာ ၂၈၊ ၂၀၀၉)

2 comments:

နွေဆူးလင်္ကာ said...

ဆရာမောင်သာရရဲ့ ကျဉ်တုပ်ခံဝံ့မခံဝံ့ ကို အရမ်းကြိုက်ပါတယ်။ ခွပ်ဒေါင်းအလံ မျက်နှာဖုံးနဲ့လေ။s

blue said...

ခေါင်းစဉ်တော့ မတပ်တော့ဘူး
(တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။

သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။

အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။

ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။
A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)
http://tayzathura.blogspot.com/