{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }
မြန်မာကဗျာသမိုင်းကို လေ့လာသူတိုင်းဟာ ‘ခေတ်စမ်း’ကဗျာ အကြောင်းကို ထည့်မပြောဘဲ နေလို့မရပါဘူး။
အဲဒီလို ခေတ်စမ်းကဗျာအကြောင်းကို ပြောပြီဟေ့ ဆိုလို့ရှိရင်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့၊ နဂါးနီတို့အကြောင်းတွေကို ချန်လှပ်ထားပစ်ခဲ့လို့ မရပြန်ပါဘူး။
ပြီးတော့လည်း ခေတ်စမ်းကဗျာ၊ ခေတ်စမ်းစာပေဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ဖြစ်ပေါ်လာ၊ အချိန် တစ်ချိန်မှာ ငြိမ်သက် ရပ်တန့်၊ အားအင် ကုန်ဆုံး၊ ဇီဝိန် လျှော။ အဲဒီလို မဟုတ်ဘဲ ‘စာပေသစ်’ ခေတ်ထဲကို ရေအလျဉ် တစ်ဆက်တည်း ၀ိညာဉ်ပြောင်းပြီး ဆက်လက်စီးဆင်းသွားခဲ့တယ် ဆိုတဲ့ အချက်ကိုလည်း မေ့ထားလို့ မရပေဘူး။
ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းမှာ ပထမဆုံး စာပေ ပြောင်းလဲ လှုပ်ရှားခဲ့တဲ့ ခေတ်စမ်းဟာ ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး အခြေအနေတွေကြားမှာ ထူးခြားမှုတွေ ရှိနေခဲ့တာကို တွေ့ရပါတယ်။
ပထမအချက် ခေတ်စမ်းခေတ်မှာ ခေတ်စမ်းကဗျာရဲ့ အဓိက ခေါင်းဆောင်ဖြစ်တဲ့ ဆရာဇော်ဂျီ နဲ့ ဆရာမင်းသုဝဏ်တို့ ကဗျာဆိုနေတဲ့ အချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း စာဆိုနေတယ် ဆိုတဲ့ ခေတ်စမ်းနဲ့ သခင်ကိုယ်တော်မှိုင်း ခေတ်ပြိုင် အခြေအနေ။
ဒုတိယအချက် ခေတ်စမ်းကဗျာ ခေါင်းဆောင်တွေရဲ့ အရေးအဖွဲ့၊ ကဗျာပုံသဏ္ဌာန်၊ ခံစားမှု၊ ကဗျာအကြောင်းအရာနဲ့ ဆရာကြီးရဲ့ ကဗျာ(လေးချိုးကြီး)တွေဟာ မတူကြဘူး။
နောက်တစ်ခါ တတိယအချက် အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းနေကြတဲ့ ၁၉၃၀ ခုနှစ်များ ကာလမှာ ခေတ်စမ်းက အမျိုးသား စာပေသစ်၊ ရသစာပေသစ် ထွန်းကားရေး လုပ်နေခဲ့သလို နဂါးနီစာအုပ်အသင်း (နဂါးနီစာပေလှုပ်ရှားမှု) ကလည်း အမျိုးသား လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး အသိသစ်၊ အမြင်သစ်တွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေခဲ့တယ် ဆိုတာပါပဲ။
အဲဒီလို ခေတ်စမ်းရဲ့ ခေတ်ပြိုင် ထူးခြားချက် သုံးရပ်ကို တွေ့ရမှာပါပဲ။ (ဒီဆောင်းပါးမှာတော့ ဆရာကြီး ‘မှိုင်း’ နဲ့ ‘ခေတ်စမ်း’ အကြောင်းကိုပဲ အဓိကထား တင်ပြသွားပါမယ်။ ‘နဂါးနီ’ အကြောင်းကိုတော့ သိသာရုံမျှပါ)
ခေတ်စမ်းရဲ့ ရေခံမြေခံဟာ ၁၉၂၀၊ ရန်ကုန်တက္ကသိုလ် ပထမကျောင်းသားသပိတ် ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီ အမျိုးသားလူထုလှုပ်ရှားမှုဟာ ခေတ်စမ်းကဗျာ ပေါ်ပေါက်လာဖို့ ခင်းကျင်းလိုက်တဲ့ လမ်းစ ဆိုရင် မမှားပေဘူး။
အဲဒီမှာ အမျိုးသားရေး လှုပ်ရှားမှုထဲကနေ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ စာဆိုတွေ ပေါ်ထွန်းလာခဲ့တယ်။ (သိပ္ပံမောင်ဝက စကားပြေ၊ ကဗျာအနေနဲ့ ဇော်ဂျီက ခေါင်းဆောင်ပါတယ်။)
အဲဒီအချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆိုလိုက်တဲ့ စာက -
‘(ထ)ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
(ထီ)မထင် ကျောင်းတော်သားတွေသို့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့’
(ယူနီဘာစီတီဘွဲ့လေးချိုးကြီး၊ ဒေါင်းဋီကာသစ်)
ခေတ်စမ်းကဗျာ ခေါင်းဆောင် ဆရာဇော်ဂျီဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကြားမှာ ကြီးပြင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၂၀မှာ ဆရာဇော်ဂျီ ရန်ကုန်တက္ကသိုလ်ကို မရောက်ဖူးသေးပါဘူး။ ၁၉၂၅-၂၆ ကျမှ ရောက်တာပါ။
ဆရာမင်းသုဝဏ်ကတော့ ၁၉၂၉ (အသက်၂၀)မှ ရန်ကုန်တက္ကသိုလ်ရောက်ပြီး သိပ္ပံမောင်ဝ၊ ဇော်ဂျီတို့နဲ့ တွေ့ဆုံ ပူးပေါင်းမိတာပါပဲ။
ပထမဆုံး ခေတ်စမ်းကဗျာဟာ ၁၉၂၈ ကျမှ ပေါ်ပေါက်ခဲ့တာပါ။ သမားရိုးကျ ရေးရိုးရေးစဉ်လမ်းကို စွန့်ပြီး စိတ်ကူးသစ်နဲ့ စတင် ရေးလိုက်တဲ့ ဆရာဇော်ဂျီရဲ့ ‘ပိတောက်ပန်း’ ကဗျာကို ပထမဆုံး ခေတ်စမ်းကဗျာရယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။
အဲဒါကို နောင်အခါမှာ ဆရာမင်းသုဝဏ်က (ဆရာဇော်ဂျီနဲ့ပတ်သက်လို့)-
“ပိတောက်ပန်း ကဗျာကို ၁၂၉၀ ပြည့်၊ တန်ခူးလထုတ် ယူနီဗာစီတီ ကောလိပ် မဂ္ဂဇင်းမှာ စတင် ပုံနှိပ်ပါတယ်။ ၁၉၃၁ ခု၊ ဒီဇင်ဘာ ဂန္ထလောက မဂ္ဂဇင်းမှာတော့ ‘ကြောင်မနက်ပြာ’၊ ‘စံပယ်ဖြူ’၊ ‘ချိန်တော်ရောက်လျှင်’၊ ‘၀မ်းဘဲငှက်’ ကဗျာတွေကို ဖော်ပြ ပုံနှိပ်ခြင်း ခံရပါတယ်။ အဲသည် ကဗျာတွေဟာ ဘာသာပြန် ကဗျာတွေလည်း မဟုတ်ပါဘူး။ ရှေးကဗျာတွေလည်း မဟုတ်ဘူး။ အကြောင်းရပ် အနေနဲ့ရော၊ အတွေ့အကြုံအနေနဲ့ရော၊ အမျိုးအစားအနေနဲ့ရော၊ ရှေးကဗျာတွေနဲ့ မတူဘဲ ထိုးလိုးထောင်ထောင် ကန့်လန့်ဖြစ်နေတာကိုလည်း တွေ့ရတယ်” လို့ ပြန်ပြောပြဖူးပါတယ်။
ဆရာမင်းသုဝဏ်ရဲ့ ‘ကာလပေါ် လေးလုံးစပ် လင်္ကာသမိုင်း’ စာတမ်းထဲမှာ ‘ကြောင်မနက်ပြာ’ကဗျာကို ပထမဆုံး လေးလုံးစပ်ကဗျာဖြစ်တယ်လို့ မှတ်တမ်း တင်ခဲ့ပါတယ်။
၁၉၂၀ တစ်ဝိုက်မှာ ဆရာကြီးမှိုင်းက -
‘ဘဂ၀ါ ဘုရာ့စက်ပျံ နိဗ္ဗာန်ကောင်းကင်စခန်းပေပေါ့
ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခမ်းတွင်မှ
ခအောင်းကညင် သဖန်းငဲ့ပြင်
ထနောင်းပင်တစ်နန်းရယ်တဲ့ ၀နာကဘယံအငူ
(အိုကွယ်) အပေါင်းဘ၀င် ချမ်းစေဖို့
အကောင်းတမင် မှန်း မှန်းပြီး
ဒေါင်းအဆင်ဆန်းတွေနဲ့ ပ၀ါအလံထူ’
(ဒေါင်းဋီကာသစ်)
စတဲ့ ကဗျာတွေ ဖွဲ့နေတဲ့ အချိန်မှာ ခေတ်စမ်းကဗျာ ပေါ်ပေါက်မလာသေးဘဲ ၁၉၂၈ ကျမှ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။ (ဇော်ဂျီ - ပိတောက်ပန်း)
ခေတ်စမ်းကဗျာ ပေါ်ပေါက်ပြီး ၁၉၃၁ မှာ ဆရာဇော်ဂျီ ရေးတဲ့ ‘ကြောင်မနက်ပြာ’ ကဗျာဟာ ပုံသဏ္ဌာန် တော်လှန်မှု အရှိဆုံး လို့ ပြောရမယ့် ပထမဆုံး လေးလုံးစပ်လင်္ကာ ဖြစ်ပါတယ်။
ခေတ်စမ်းက ‘ကြောင်မနက်ပြာ’ နဲ့ ကဗျာပြောင်းလဲမှုပြုတဲ့ အချိန်မှာ ဆရာကြီးမှိုင်းကတော့ ၁၉၃၁ ဂဠုန်ပြန် ဒီပနီဋီကာမှာ အခုလို ရေးပါတယ်။
‘ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်
ဥုံအရဟံ သစ္စာကတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့’
အဲဒီ ဆရာကြီးနဲ့ ခေတ်စမ်းတို့ ခေတ်ပြိုင်စာဆိုနေကြရင်းမှာပဲ ၁၉၃၄ ခုနှစ်၊ ဇူလိုင်လမှာ ‘ခေတ်စမ်းကဗျာများ’ စာအုပ် ထွက်ပေါ်လာပါတယ်။
အဲသလို ခေတ်စမ်းကဗျာတွေကို ပုံနှိပ်ထုတ်ဝေလိုက်တာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မှတ်ချက်နှစ်ခု ရှိပါတယ်။
တစ်ခုကတော့ ဆရာကြီး ဦးဖေမောင်တင်ရဲ့ မှတ်ချက်ပါ။
‘ယခု ပုံနှိပ်အပ်သော ကဗျာများသည် လူငယ်များ ရေးသားကြသည့်အတိုင်း ဆန်းသစ်သော ကဗျာများလည်း ဖြစ်ကြသည်။ ဆန်းသစ်သည် ဆိုရာ၌ အဖွဲ့အမျိုးအစား ဆန်းသစ်သည်ဟု မဆိုလို၊ စိတ်ကူးဆန်းသစ်သည်ကိုသာ ဆိုပါသည်’လို့ ဆရာကြီး ဦးဖေမောင်တင်က မိတ်ဆက်အမှာ ရေးပါတယ်။
သိပ္ပံမောင်ဝရဲ့ မှတ်ချက်ကတော့ -
‘အမျိုးသားကျောင်းများမှ ချပေးလိုက်သော မျိုးစေ့ကလေးများမှာ ဦးဖေမောင်တင်၏ လက်သို့ ရောက်သောအခါ ထွားထွားကျိုင်းကျိုင်း သန်သန်မာမာ ဖြစ်၍ လာကြပေ၏။ အသီးအပွင့်တွေပင် သီးပွင့်နေကြလေပြီ။ အမျိုးသားကျောင်းများ၏ လုံ့လ၊ ဦးဖေမောင်တင်၏ လုံ့လကြောင့် ၁၄ နှစ်အတွင်း မြန်မာစာပေအသီးအပွင့်တို့ကို ဆွတ်ယူစားသုံးကြရပေပြီ။
သို့သော် ၎င်းအသီးအပွင့်တို့မှာ ရှေးမြန်မာစာပေ အပင်ကြီးများ၏ အသီးအပွင့်များနှင့်မတူ။ အနောက်နိုင်ငံမှလာသော မြေသြဇာများဖြင့် စိုက်ပျိုးသော အပင်တို့မှ သီးပွင့်သော အသီးအပွင့်များ ဖြစ်သောကြောင့် တစ်မျိုးဖြစ်လျက် နေပေသည်’ တဲ့။
(ခေတ်စမ်းစာပေအထွေထွေ)
‘ခေတ်စမ်းကဗျာများ’စာအုပ် ၁၉၃၄ ဇူလိုင်မှာ ထွက်လာပြီးတဲ့နောက် မရှေးမနှောင်းမှာပဲ ဆရာကြီးမှိုင်းက ဘာတွေ ရေးနေသလဲ၊ ဘယ်လို ရေးနေမလဲ ဆိုတာကို ပြန်ကြည့်လိုက်တော့-
‘တို့ဗမာ အရှင်သခင် ထိုအကျော်အမော် ဂိုဏ်းတွင်ဖြင့်
မျှို့ရတနာ သခင် အကြင် ဗြဟ္မာစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုရ်သော် တနှိုင်းပေပ
ဇမ္ဗူသမိုင်း ပျော်စရာ့အခြေ
(အိုကွယ်) “သခင်ကိုယ်တော်မှိုင်း”ရယ်လို့ လူတိုင်း ခေါ်ကြစေ’
(သခင်ဋီကာ၊ ၁၉၃၅)
ဆရာကြီး အသက် ၆၀ အရွယ်၊ တို့ဗမာအစည်းအရုံး ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံ (ရေနံချောင်း) မှာ ရေးလိုက်တဲ့ ဆရာကြီးရဲ့ ကဗျာပါ။
ကဲ ဒီနေရာလောက်နေ ပြန်ကောက်ကြည့်ရရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရော၊ ခေတ်စမ်းပါ နှစ်ဦးနှစ်ဖက်စလုံးဟာ အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးထဲမှာ စာဆိုခဲ့ကြတာဖြစ်တယ် လို့ ဆိုရမယ်။
ခေတ်စမ်းက အမျိုးသားစာပေသစ်၊ ရသစာပေသစ် ဖြစ်ထွန်းရေးကို ‘ဇောင်း’ ပေးတယ်။ ဆရာကြီးမှိုင်းက အမျိုးသားယဉ်ကျေးမှုသစ်၊ အမျိုးသားနိုင်ငံရေးလမ်းသစ်နဲ့ လွတ်လပ်ရေးကို ‘ဇန်း’ တင်တယ်။
ဒီလမ်းကြောင်း နှစ်ခုလုံးတို့ စာဆိုခဲ့ကြတဲ့ စေတနာဟာ အမျိုးသားရေး စေတနာ၊ လွတ်လပ်ရေး စေတနာတွေနဲ့ချည်းပါပဲ။
ကဗျာပုံသဏ္ဌာန် အရေးအဖွဲ့ပိုင်းမှာ မတူဘူး။ ကွဲပြားကြတယ်။ သို့သော် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ဆိုတဲ့ အဓိက ဦးတည်ချက်မှာ စုပေါင်း အားဖြည့်ခဲ့ကြတာပါပဲ။
ခေတ်စမ်းရဲ့ စာပေတော်လှန်မှုအစ ‘ပိတောက်ပန်း’ (၁၉၂၈)ဟာ သံချိုကဗျာပုံသဏ္ဌာန်။
ခေတ်စမ်းကသာ ဂန္ထ၀င်နဲ့ သမားရိုးကျစာပေတွေကနေ လမ်းခွဲလိုက်တဲ့ တော်လှန်မှု မလုပ်ခဲ့ဘူးဆိုရင် ဒီနေ့ မြန်မာကဗျာရဲ့ သမိုင်းကြောင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်နေနိုင်ပါတယ်။ စာပေသစ် (၁၉၅၀)၊ မန္တလေးတက္ကသိုလ်ကဗျာခေတ်(၁၉၆၀)၊ မိုးဝေကဗျာခေတ်(၁၉၇၀)၊ ပြီးတော့ ဒီနေ့ခေတ်ပေါ်ကဗျာအထိဟာ ရေအလျဉ်သဘော စီးဆင်းလာခဲ့တာပါပဲ။ ဒါကြောင့် ခေတ်စမ်းဟာ မြန်မာစာပေရဲ့ ကဗျာတော်လှန်မှုမှာ အရေးပါတဲ့ မုခ်ဦးဖြစ်တယ်ဆိုတဲ့ အချက်ကို သတိချပ်ရပါလိမ့်မယ်။
အဲဒီလို ပုံသဏ္ဌာန် တော်လှန်မှုရှိတဲ့ ‘ခေတ်စမ်း’ နဲ့ ‘မှိုင်း’ တို့ဟာ စာဆိုကြပုံ ဖွဲ့ပုံ ဖွဲ့ပန်း မတူပါဘူး။
ခေတ်စမ်းရဲ့ အသစ်ဆုံး ပုသဏ္ဌာန် (အသုံးအများဆုံးပုံစံလို့လည်း ဆိုနိုင်တယ်) ဟာ သံချိုနဲ့ လေးလုံးစပ်။
ဆရာကြီးမှိုင်းကတော့ အစဉ်အလာစာပေထဲက ‘ငိုချင်း’ နဲ့ ‘ဇာတ်လင်္ကာသွား’ ကို တီထွင် ဆန်းသစ်ပြီး ‘လေးချိုးကြီး’ ဆိုတဲ့ ပုံသဏ္ဌာန် ရောက်အောင် ရေးဖွဲ့သူပါ။
ဆရာကြီးရဲ့ ကဗျာပုံသဏ္ဌာန် (လေးချိုးကြီး)ကို အဲဒီခေတ်တုန်းက မလိုတဲ့သူတွေကလည်း -
‘တေးမျိုးအပြီး မသာမယာကို
လေးချိုးကြီး မဟာကဗျာရယ်လို့’ ဆိုပြီး ဝေဖန် ရှုတ်ချခဲ့ကြသေးတယ်။ (‘ခေတ်စမ်း’ဘက်ကတော့ မဟုတ်ပါ)
ဆရာကြီးမှိုင်းက ဇော်ဂျီတို့ မင်းသုဝဏ်တို့ ရေးဖွဲ့နေကြတဲ့ သံချိုနဲ့ လေးလုံးစပ် ဆိုတဲ့ ယေဘုယျအဖြစ်ဆုံး ပုံသဏ္ဌာန်တွေကို မရေးခဲ့ပါဘူး။
အဲဒီ ငိုချင်းနဲ့ ဇာတ်လင်္ကာသွား၊ နဘေထပ် ကဗျာများကိုပဲ ရေးခဲ့တာပါ။
ဆရာကြီးဟာ အဲဒီခေတ်က မြန်မာပြည်သူလူထု ရင်ထဲက ပါတော်မူ ခံစားမှု၊ လွတ်လပ်ရေး အလွမ်းဓာတ်ခံ၊ ကိုလိုနီ နာကြည်းချက်တွေကို သိပါတယ်။ ပြည်သူလူထုက ကိုယ့်ထီးကိုယ့်နန်းကို နှမြောတသလို့၊ လွတ်လပ်ရေးကို လွမ်းဆွတ်လို့ ‘ငို’ချင်နေကြတဲ့ အချိန်မှာ ဆရာကြီး ကိုင်စွဲတဲ့ ကဗျာနည်းကတော့ ‘ငိုချင်လျက် လက်တို့’တဲ့ နည်းပါပဲ။ ဒါကြောင့် ငိုချင်းဇာတ်လင်္ကာသွားကို ဆရာကြီးက လေးချိုးကြီးတွေအဖြစ် ပြောင်းလဲ ဆန်းသစ်ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။
လူထုအသံ၊ လူထုဟန်၊ လူထုဘာသာစကား၊ အရပ်သုံးစကား နဲ့ ဇာတ်နိပါတ်ပုံပြင်၊ နဘေကာရန်တွေဟာ ဆရာကြီးရဲ့ ကဗျာနည်းပါပဲ။
ဆရာကြီးရဲ့ ကဗျာတွေက မြန်မာပြည်သူလူထုကို ‘လွမ်း’စေပါတယ်။ အလွမ်းတွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲမှာ အင်အားအဖြစ် ပြောင်းလဲသွားကြပါတယ်။ ပြောရရင် မှိုင်းရဲ့ အလွမ်းတွေ၊ ခေတ်စမ်းရဲ့ အလွမ်းတွေနဲ့ အမျိုးသားနိုင်ငံရေးသစ်၊ အမျိုးသားစာပေသစ်ဟာ ဖြစ်ထွန်းလာခဲ့တယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ စာပေသစ် လှုပ်ရှားမှု ပေါ်လာတယ်။ စာပေသစ်ကို ဦးဆောင်တာကတော့ ဆရာ ဒဂုန်တာရာပါပဲ။
အဲဒီအထိ ပြန်ကြည့်ရရင် ဆရာကြီးမှိုင်းနဲ့ ‘ခေတ်စမ်း’ တို့ဟာ ပုံသဏ္ဌာန် မတူခဲ့ဘူး ဆိုတာ အထင်းသား မြင်ရမယ်။
ခေတ်စမ်းက ဆရာကြီးရဲ့ ဇာတိမာန် အစဉ်အလာ သြဇာကို ခံခဲ့တယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ ကဗျာဟန်ကို မတုပခဲ့ဘူး။
(ကဗျာ) ပုံသဏ္ဌာန်ချင်း မတူဘူး။ ပုံသဏ္ဌာန်ချင်း မတူရကောင်းလား ဆိုပြီး (မတူလို့ ဆိုပြီး) ခေတ်စမ်း (အဓိကခေါင်းဆောင်ဇော်ဂျီနဲ့မင်းသုဝဏ်)က ဆရာကြီးမှိုင်းကို ဆန့်ကျင်ခဲ့ပါသလား။ ပြစ်တင် ရှုတ်ချခဲ့ပါသလား။ အသိအမှတ်မပြုဘဲ နေခဲ့ပါသလား။
အဲဒီလို မဟုတ်ဘူး။ ခေတ်စမ်းက မှိုင်းကို မဆန့်ကျင်ခဲ့ဘူး။ မရှုတ်ချခဲ့ဘူး။ အသိအမှတ်မပြုဘဲလည်း မနေခဲ့ဘူး။ မှိုင်းပုံသဏ္ဌာန်က မှိုင်းပဲ။ ခေတ်စမ်း ပုံသဏ္ဌာန်က ခေတ်စမ်းပဲ။ မတူဘူး။ မတူတာကို နားလည်တယ်။ လက်ခံ အသိအမှတ်ပြု၊ တန်ဖိုးထားတယ်။ ဒါကို အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်းက သက်သေခံနေပြီးသား။
ပထမဆုံး ခေတ်စမ်းကဗျာ (၁၉၂၈)၊ ခေတ်စမ်းကဗျာစာအုပ်(၁၉၃၄) ပေါ်ထွက်ခဲ့ပြီးလို့ နောင် လွတ်လပ်ရေးရပြီးစ (၁၉၄၉)မှာ ခေတ်စမ်းရဲ့ အဓိက ခေါင်းဆောင် ကဗျာဆရာဖြစ်တဲ့ ဆရာဇော်ဂျီက ဆရာကြီးမှိုင်းရဲ့ စာပေနဲ့ သမိုင်းတန်ဖိုးကို ‘သခင်ကိုယ်တော်မှိုင်းဋီကာ’ဆိုပြီး ရေးသားဖော်ထုတ်ကာ ချီးကျူး ဂုဏ်ပြုခဲ့ပါတော့တယ်။
၁၉၆၄ (၂၃-၇-၆၄) ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တော့ ခေတ်စမ်းကဗျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာမင်းသုဝဏ်က ‘ဆရာကြီးသာ စာမဆိုခဲ့သော်’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်တည်းနဲ့တင် မှိုင်းရဲ့ ဂုဏ်ပုဒ်ကို ဖော်ပြနိုင်ခဲ့ပေတယ်။
ဒီလိုပဲ မှိုင်းနဲ့ ခေတ်စမ်း၊ ပြီးတော့ ခေတ်ပေါ် နဂါးနီ၊ အဲဒီစာပေနဲ့ သမိုင်းလှုပ်ရှားမှုတွေဆီကနေ အမြစ်တွယ်ပြီး ရှင်သန်ကြီးပြင်းလာတဲ့ စာပေသစ်ကကော ဆရာကြီးမှိုင်းအပေါ် ဘယ်လို သဘောထားပါသလဲ။
စာပေသစ်ခေါင်းဆောင် ဆရာ ဒဂုန်တာရာက ဒီလိုပြောခဲ့ပါတယ်။
‘ယနေ့ခေတ် မြန်မာ့နိုင်ငံရေးသမိုင်းကို ရေးသားမည်ဆိုပါက ဆရာကြီးသည် ပြည်သူတို့က သံသယ ကင်းရှင်းစွာ သူမတူအောင် လေးစားအပ်သော ပြည်သူ့ခေါင်းဆောင်ကြီးအဖြစ် ကမ္ပည်းထိုးရမည် ဖြစ်သကဲ့သို့၊ ယနေ့ခေတ် မြန်မာစာပေသမိုင်းကို ပြုစုသောအခါ၌လည်း တိုးတက်သော ကဗျာနှင့်စကားပြေ စာပေ အမွေအနှစ်တို့ကို ထားရစ်ခဲ့သူ၊ ပြည်သူ့စာပေခေါင်းဆောင်ကြီး အဖြစ် မှတ်တမ်းတင်ရမည်သာ ဖြစ်ပါသည်’ တဲ့။
(ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၉၅ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုစာတမ်း)
အဲဒါကြောင့် ခေတ်သစ် မြန်မာစာပေသမိုင်း၊ မြန်မာကဗျာသမိုင်းမှာ အလျဉ်မပြတ် ကောင်းမြတ်တဲ့ အစဉ်အလာနဲ့ တသွင်သွင် စီးဆင်းနေတဲ့ ရေစီးကြောင်းဟာ ခေတ်စမ်းကနေ ပြန်ပြောရရင် ...
သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာမှသည် ယနေ့အထိ ကဗျာဆရာ အဆက်ဆက်၊ ကဗျာလှုပ်ရှားမှုအဆက်ဆက်ပဲ ဖြစ်ပါတယ်။
[ရုပ်ရှင်တေးကဗျာ၊ စက်တင်ဘာ ၁၉၉၇]