Thursday, August 28, 2008

ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ် အမှာစာ

စာရေးသူအမှာ

ယခုစာအုပ်မှာ ကျွန်တော်ရေးသားခဲ့သော စာပေနှင့်အနုပညာဆိုင်ရာ ဆောင်းပါးများထဲမှ ကဗျာအကြောင်း၊ တစ်နည်း ခေတ်ပေါ်ကဗျာ သို့မဟုတ် ကဗျာသစ်အကြောင်း လေ့လာစူးစမ်း ရေးသားခဲ့သည့် ဆောင်းပါးများချည်း ရွေးနုတ် စုစည်းကာ ထုတ်ဝေခြင်း ဖြစ်ပါသည်။

ကျွန်တော်၏ ကဗျာဆရာဘ၀မှာ ၁၉၈၂ ခုနှစ် နိုဝင်ဘာလထုတ် မိုးဝေမဂ္ဂဇင်းပါ “မိုးရေထဲက၀တ္ထု” ကဗျာ နှင့် စတင်ပါသည်။ ကဗျာဆရာတစ်ယောက် အနေနှင့် ကျွန်တော် ပထမဦးဆုံး ရေးသားခဲ့သော ဆောင်းပါးမှာ ဆရာဒေါင်းနွယ်ဆွေသို့ တုန့်ပြန်ခဲ့သော “ကာရန်မဲ့ ကာရန်ပျက် ပြဿနာ” (မိုးဝေ၊ ဒီဇင်ဘာ ၁၉၈၄) ဖြစ်ပါသည်။ ကျွန်တော် ဆက်ရေးသားဖြစ်သော ဒုတိယမြောက် ဆောင်းပါးမှာ ၁၉၈၆ ခုနှစ် ဧပြီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်းပါ “လှပသော ပဋိပက္ခ” ဖြစ်ပါသည်။ ယင်း ဆောင်းပါးမှာ ဆရာဦးအောင်သင်းကို တုံ့ပြန်ရေးသားချက် ဖြစ်ပေသည်။ ထိုနောက်ပိုင်း ကျွန်တော် ကဗျာများနည်းတူ အခါအားလျော်စွာ စာပေ နှင့် အနုပညာဆိုင်ရာ ဆောင်းပါးတွေကိုလည်း အစဉ်အဆက် ရေးဖြစ်သွားတော့သည်။

ကဗျာဆရာတစ်ယောက်အဖို့ အခက်ခဲဆုံးအလုပ်မှာ စကားပြေကို စကားပြေနှင့်တူအောင် ရေးရသော အလုပ်ပဲ ဖြစ်မည်ဟု ကျွန်တော် ယနေ့တိုင် ခံယူထားပါသည်။ ကဗျာဆရာတစ်ဦးအနေနှင့် စကားပြေ (ဆောင်းပါး၊ ၀တ္ထု၊ ရသစာတမ်း စသည်) ရေးရတာ ကျားမြီးဆွဲရသလို၊ မြွေမြီးဖမ်းရသလိုပဲလို့လည်း ကျွန်တော် အရွံ့အကြောက် ရှိခဲ့ပါသည်။ ရွံ့ရွံ့ကြောက်ကြောက် နဲ့ပဲ ကျွန်တော် စကားပြေ (၀တ္ထု၊ ဆောင်းပါးတွေ) ရေးဖြစ်ခဲ့တာပါလား ဟု ယခုနေအခါ ပြန်သုံးသပ်ရမိပါသည်။

ယခုစာအုပ်တွင် ကျွန်တော်ရေးသားခဲ့သော ကဗျာဆောင်းပါးများထဲမှ အစောဆုံး ၁၉၉၅ ခုနှစ်၊ သြဂုတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါး (ကဗျာနှင့်ဒီမိုကရေစီ) မှသည်၊ နောက်အကျဆုံး ၁၉၉၉ခုနှစ် သြဂုတ်လထုတ် မြားနတ်မောင် မဂ္ဂဇင်းတွင် ရေးသားခဲ့သည့်ဆောင်းပါး (ခေတ်ပေါ်ကဗျာရဲ့စည်း) အထိ စုစုပေါင်း ဆောင်းပါး (၁၉)ပုဒ်ကို စုစည်းဖော်ပြထားပါသည်။

ထိုဆောင်းပါး (၁၉)ပုဒ်ကို မာတိကာစဉ်သောအခါ အကြောင်းအရာ တူရာတူရာများကို တစ်ကဏ္ဍစီ စုဖွဲ့၍ အခန်း (၅)ခန်းခွဲကာ ဖော်ပြထားပါသည်။

ယခု စာအုပ်ထုတ်ဝေမည် စီစဉ်နေချိန်တွင် ဆရာတစ်ဦး ကျွန်တော့်ကို ပြောခဲ့ဖူးသော စကားတစ်ရပ်ကို ကျွန်တော် ပြန်လည်အမှတ်ရမိပါသည်။ တစ်ခါတုန်းက ကလျာမဂ္ဂဇင်း (၁၉၉၇ ဒီဇင်ဘာလ) စာအုပ်အင်တာဗျူးတစ်ခုတွင် ဆရာသည် ကျွန်တော့်အား ...

“... အကျိုးအကြောင်းနဲ့ အကိုအကားတွေ ပြပြီး ဆောင်းပါးရေးပါဦး လို့ပဲ တိုက်တွန်းလိုပါတယ်။ ကြုံရင် စိတ်ဝင်စားရင်ပေါ့လေ။ ကိုယ်ကတော့ မောင်ရင် အသေးစိတ် ရေးပြီး သုံးသပ်တာကို ဖတ်ချင်ပါသေးတယ်။ မောင်ရင်က ကဗျာဝေဖန်ရေးကို အက္ကဲဒမစ်ကျကျ၊ တက္ကသိုလ်ဂုဏ်မြောက်အောင် ပြောချင်ဆိုချင်တတ်တယ်။ လေးဘမ်းမဆန်ချင်ဘူး ဆိုပါတော့” ဟူ၍ ပြောခဲ့ဖူးသည်။ ယင်းသည် ဆရာက ကျွန်တော့်ကို သမိုင်းရေး တောင်းဆိုလိုက်တာ၊ သို့မဟုတ် ဝေဖန်တွန်းတင်လိုက်တာပဲ ဟု ခံစားမိပါသည်။ အားလည်း နည်းနည်း တက်သွားမိခဲ့ပါသည်။

ခေတ်ပေါ်ကဗျာ နှင့် ပတ်သက်၍ ကျွန်တော်၏ စိတ်ဝင်စားမှု ရှိသလောက်ကို ကျွန်တော် ဉာဏ်မီသမျှ လေ့လာတင်ပြထားပါသည်။ ကျွန်တော်၏ ရေးသားချက်များအပေါ် သဘောမတူနိုင်ဖွယ်များလည်း ရှိကောင်း ရှိနိုင်ပါသည်။ ပညာရှင်များ ဝေဖန် ဖြည့်စွက်ပေးကြပါ။

အောင်ဝေး

၂၀၀၂ ခုနှစ်၊ မတ်လ

ရန်ကုန်



Related Posts:

  • ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ် အမှာစာ စာရေးသူအမှာယခုစာအုပ်မှာ ကျွန်တော်ရေးသားခဲ့သော စာပေနှင့်အနုပညာဆိုင်ရာ ဆောင်းပါးများထဲမှ ကဗျာအကြောင်း၊ တစ်နည်း ခေတ်ပေါ်ကဗျာ သို့မဟုတ် ကဗျာသစ်အကြောင်း လေ… Read More
  • ၃၃ လမ်းမှ ဒေါင်းရင်ပြင်သို့ဖေဖော်ဝါရီ ၂၉၊ ၂၀၀၈ဒီနေ့မနက် ငှက်တေးသံတွေကြားမှာ ကျနော် အိပ်ရာက နိုးလာခဲ့တယ်။ မနက်ခင်းလေးမှာ ကျနော် လေညင်းကလေးကို နှုတ်ဆက်လု… Read More
  • စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းဟာ 'ခေတ်စမ်း'ကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။ ပထမဆုံး ခေတ်စမ်း… Read More
  • စက်တင်ဘာ ပတ်ပျိုးခြေဆင်း ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့် ကြံ့ကြံ့မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရတာလဲ ဆိုသည့် မေးခွန်းမှာ ကျနော်လွတ်… Read More
  • the death of a poet ကဗျာဆရာကွယ်လွန်ခြင်း အောင်ဝေး ဇန်န၀ါရီ ၂၊ ၂၀၀၉ ကဗျာဆရာသည် ကွယ်လွန်လေ၏။ လူသည် သေ၏။ ကြယ်သည် ကြွေ၏။ ငှက်သည် ပျံရင်း သေသည် မဟုတ်ပါလား။ သေခြင်းသည် ဘဝအ… Read More

0 comments: