Sunday, August 8, 2010

Letters from Michigan - 16

မစ်ရှီဂန်မှပေးသောစာ(၁၆)
အောင်ဝေး
သြဂုတ် ၈၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါစ။ အခု ဒီမှာ နေရောင်ပူနွေးတဲ့ မေလ။ မေလမှာ မေလတွေကို ကျနော် ပြန် အမှတ်ရနေတယ်။ ကျနော်တို့ ရဲဘော်ကြီး၊ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ သစ္စာပန်းများနဲ့ မေလ။ ကျနော်တို့ ပြည်သူတွေနဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ ၉၀ ရွေးကောက်ပွဲ အနိုင် ရခဲ့တဲ့ မဟာမေလ။ ၁၉၉၀ မေလမှာ ကျနော်တို့ အောင်ပွဲခံခဲ့တယ်။ ဟော-အခု၂၀၁၀မေလမှာ ကျနော်တို့ စိန်ခေါ်ခံနေရပြန်ပြီ။

နအဖ စစ်အာဏာရှင် လက်တစ်ဆုပ်စာရဲ့ ၂၀၁၀ ထောင်ချောက်။ ဒီထောင်ချောက်ကို ကျနော်တို့ပြည်သူ တစ်ရပ်လုံး ဘယ်လို ဖောက်ထွက်မလဲ ဆိုပြီး တွေးခေါ် စဉ်းစားနေတဲ့ တစ်ပြိုင်နက်တည်း၊ တစ်ချိန်တည်းမှာပဲ တစ်ဖက်မှာလည်း ဒီ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံပြီး မမြင်ရသေးတဲ့ လွှတ်တော်ထဲ ဘယ်လို ၀င်ရမလဲလို့ စဉ်းစား တွေးခေါ်နေတဲ့သူတွေလည်း ရှိတာပဲ ကိုဒေါင်း။ ဒါကတော့ သဘာဝ ကျပါတယ်။ လောကကြီးမှာက အစဉ်အမြဲ ဒီလို အမြင်နှစ်မျိုးက ရှိစမြဲပဲ မဟုတ်လား။

ကိုဒေါင်းကြီး၊ ဒီတစ်ခါတော့ လူကြီးတွေ အတွက် ပုံပြင်လေး တစ်ပုံ လောက်တော့ စကားကြုံတုန်း ပြောပြပရစေ။

တစ်ခါတုန်းကပေါ့ ဗျာ။ ငှက်တစ်ကောင်နဲ့ ဖားတစ်ကောင် ရှိတယ်ပေါ့ ။ တစ်နေ့သားမှာ တုံးအောက်က ဖားက ခုန်ဆွ ခုန်ဆွနဲ့ ရေတွင်းပျက်တစ်ခုထဲ ပြုတ်ကျသွားပါရောတဲ့။ တွင်းအောက်ခြေကနေ ဖားက ရေတွင်းဝကို မော့ကြည့်ပြီး အကျယ်ကြီး အော်ပြောလိုက်ပုံက”သြော်” တဲ့၊ အင်မတန် ကျယ်ပြောလှပါတယ် ဆိုတဲ့ ကောင်းကင် ဆိုတာကြီးကလည်း ငါ့ ရေတွင်းဝလောက်ပဲ ရှိပါလား တဲ့။

ဖား ဒီလိုအော်ပြောလိုက်တာကို ငှက်ကကြားသွားတယ်။ ဒီတော့ ဒီလောက်တောင် အသိ ဥာဏ် အမြော် အမြင် နည်းလွန်းတဲ့ ဖားပဲ ဆိုပြီး ငှက်က ဖားကြားအောင် ပြန်ပြောလိုက်တာက - ဟေ့ဒီမှာ နားထောင်၊မင်းတို့ ဖားငတုံးတွေ ငါ သင်ပေးလိုက်မယ်၊ နောင် ဆင်ခြင်ပြီးပြော။ ကောင်းကင်၏ အစိတ် အပိုင်းကလေး တစ်ခုသည် ရေတွင်းဝလောက် ရှိသည်။ ကောင်းကင်ကြီး တစ်ခုလုံးမှာမူအလွန် ကျယ်ပြောလှပါသည်၊ နောင် ဒီလိုပြော ငတုံးရဲ့- တဲ့။

အဲဒီလို ပြောပြီး ငှက်က သူ့အိပ်တန်းရှိရာကို ပြန်သွားတယ်တဲ့။ ဖားကတော့ ရေတွင်းပျက်ထဲကနေ ပြန်မတက်နိုင်တော့တာ ဒီကနေ့အထိပါပဲ တဲ့။

ကိုဒေါင်းရေ ပုံပြင်ကလေးကတော့ ဒါပဲဗျာ။ လောကမှာ အရိုးဆုံးနဲ့ အခြေခံ အကျဆုံး အမြင်နှစ်မျိုးပဲ ရှိတယ်။ ဒီပုံပြင်ထဲက ငှက်ရဲ့ လောက အမြင်ဟာ အနုပဋိလောမ အမြင်ကို ကိုယ်စားပြုတာပါပဲ။ ဖားကတော့ တက္ကဗေဒသမားတွေရဲ့ လောက အမြင် ပြယုဂ် ဆိုပါတော့။ ကျနော်တို့ကိုယ် ကျနော်တို့ မေးရတော့မယ်။ ငါတို့ဟာ ငှက်တွေလား။ ဖားတွေလား။ သေချာတာကတော့ နအဖ စစ်အုပ်စုရဲ့၂၀၁၀ ထောင်ခြောက်ကို သေနင်္ဂဗျူဟာမြောက် ဖောက်ထွက်ဖို့ စဉ်းစား တွေးခေါ်နေကြတဲ့ ပြည်သူ တစ်ရပ်လုံး ငှက်တွေပါပဲ။

ဥပမာ ကိုဒေါင်း။

အနုပဋိလောမအမြင်၊ တစ်နည်း တိုးတက်တဲ့ အမြင်အနေနဲ့ သစ်တောကြီး တစ်တောလုံးကိုလည်း မြင်တယ်။ ဒါ အပူပိုင်း မိုးသစ်တော၊ ဒါ အမြဲစိမ်းသစ်တော။ ဒါ အအေးပိုင်း ကုန်းပြင်မြင့်သစ်တော စသည်ဖြင့်။ တစ်တောလုံးကို လွှမ်းခြုံပြီး မြင်တဲ့အမြင်။ ပြီးတော့ အဲဒီ သစ်တောကြီးထဲက သစ်ပင် တစ်ပင်ချင်းကိုလည်း သူက ခွဲခြမ်း စိတ်ဖြာပြီး မြင်တယ်။ ဆိုပါတော့ ဒါက ကျွန်း၊ ဒါက ပျဉ်းကတိုး၊ ဒါ သစ်ယာ၊ ဒါ အင်ကြင်း၊ ဒါ ထင်းရှူး ဆိုပြီး မြင်တယ်။ ဒီလိုအမြင်ကို တိုးတက်တဲ့ အမြင်၊ အနုပဋိလောမ အမြင် လို့ ဆိုတာပဲ မဟုတ်လား။ ဒီလို မဟုတ်ဘဲ တက္က ဗေဒသမားတွေအဖို့ရာကျတော့ သစ်တောကြီး တစ်ခုလုံးကို မြင်ချင် မြင်ပေမဲ့၊ သစ်ပင် တစ်ပင်ချင်းကိုကျတော့ မမြင်ပြန်ဘူး။ ဒီလိုပဲ သစ်ပင် တစ်ပင်ချင်းကို မြင်ပြန်ရင်လည်း သစ်တောကြီး တစ်ခုလုံးကို မမြင်နိုင်တော့ပြန်ဘူး။ ဒီအမြင်ဟာ မတိုးတက်ဘူး၊ ဖောက်ပြန်တဲ့ အမြင်ပဲ လို့ ဆိုကြတယ် မဟုတ်လား။

အခုလက်ငင်း ကျနော်တို့ ပြည်သူတွေ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ နိုင်ငံရေး အကျပ်အတည်းက တစ်ပင်ချင်း ကိစ္စ မဟုတ်ဘူး။ တစ်တောလုံး ကိစ္စ။ တစ်ခုချင်းကိစ္စ မဟုတ်ဘူး။ တစ်ခုလုံးကိစ္စ။

ဘုံရန်သူ စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးဟာ ကျနော်တို့ ဆင်နွှဲနေတဲ့ တိုက်ပွဲရဲ့ ဦးတည်ချက်ပဲ။ တစ်ခုလုံးကိစ္စ ဆိုတာ ဒီဦးတည်ချက်ပဲ မဟုတ်လား ကိုဒေါင်းရဲ့။

ဦးတည်ချက်ကို သွားတဲ့၊ ဦးတည်ချက်ကို အကောင်အထည် ဖော်တဲ့ ပုံသဏ္ဍာန်၊ တစ်နည်း တိုက်ပွဲရဲ့ ပုံသဏ္ဌာန် ဆိုတာက တစ်ခုချင်း ကိစ္စပါပဲ။

ဆိုပါတော့၊အခု NLD နဲ့ တိုးတက်တဲ့ တိုင်းရင်းသား အင်အားစုတွေရဲ့ ပါတီ မှတ်ပုံတင်တယ် မှတ်ပုံ မတင်ဘူး ဆိုတဲ့ ကိစ္စက တစ်ခုချင်း ကိစ္စ္ပပါ။ တိုက်ပွဲရဲ့ ပုံသဏ္ဍာန် တစ်ရပ်၊ တစ်နည်း နည်းပရိယာယ် တစ်ရပ်ပါ။ တစ်ခုလုံးကိစ္စ မဟုတ်ပါဘူး။

တစ်ခုလုံး ကိစ္စ၊ တစ်နည်း သေနင်္ဂဗျူဟာ ကိစ္စက ခုနက ပြောခဲ့တဲ့ ဘုံရန်သူ စစ်အာဏာရှင် စနစ် ဆန့်ကျင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ ပြည်သူ့ အစိုးရ ပေါ်ထွန်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ဒါပဲ မဟုတ်လား။

အခုအချိန်မှာ ကျနော်တို့ဟာ ပြည်သူ အချင်းချင်းကြားမှာ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ ကြားမှာ မှတ်ပုံတင်ခြင်း မတင်ခြင်း၊ အလံထောင်ခြင်း မထောင်ခြင်း ဆိုတဲ့ တစ်ခုချင်း ကိစ္စကို အချိန်ကုန်ခံပြီး အငြင်း ပွားမနေသင့်တော့ပါဘူး။

အလွန်အရေးကြီးတဲ့ တစ်ခုလုံးကိစ္စ ကိုပဲ ကျနော်တို့ ပြည်သူတစ်ရပ်လုံး အာရုံ စိုက်သင့်ပြီ မဟုတ်လား ကိုဒေါင်း။ အတောင်ပံတူတဲ့ ငှက်တွေ တစ်အုပ် တစ်ဖွဲ့တည်း ပျံသန်းဖို့ အချိန်တန်ပြီ ကိုဒေါင်း။ ရေတွင်းပျက်ထဲမှာ ဖားတွေကို ထားရစ်တော့။

အားလုံးကို သတိရလျက်-
အောင်ဝေး

(၅ - ၄ - ၁၀)

( အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည့် ကဗျာဆရာအောင်ဝေး၏ မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၁၆ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

0 comments: