Saturday, November 26, 2011

Aung Way - The Path Follows


လမ်းရဲ့ သယ်ဆောင်ရာ
အောင်ဝေး
ကိုခင်ဝမ်း
ခင်ဗျားသီချင်းလေး
ကျနော်လွမ်းတယ်။

မြစ်က
လမ်းရွေး မမှားဘူး
ခေတ်က
ကြမ်းတာပါ။

"ရွေးလမ်း"တဲ့
ဘယ်သူတွေရွေးတဲ့လမ်းလဲ။

အောင်ဆန်းစုကြည်လား
သံဒုတ်လား
သံခဲလား
လွဏ်းဆွေလား
အောင်ဝေးလား
နော်အုန်းလှလား။

တံတားအောက်မှာ
မြစ်ရေတွေ စီးဆင်းသွားကြပြီ။

ကိုခင်ဝမ်း
ခင်ဗျားသီချင်း
ကျနော် သတိရတယ်။

အဖြစ်က
မနှစ်ကနဲ့ မတူ။

ခေတ်က
စစ်နဲ့ ငြိမ်းချမ်းရေး
အစေးမကပ်။

မှတ်ထား
မြစ်က
ဘယ်တော့မှရေနစ်မခံ။

မင်းကိုနိုင် အစ
မစုစုနွေး အဆုံး
အားလုံးဟာ မြစ်တစင်း။

မကျေနပ်ဘူးလား
လဲသေလိုက်။

မြစ်က
လမ်းကိုရွေးတာမဟုတ်
လမ်းက
မြစ်ကိုရွေးတာ။

တောင်တန်းနဲ့တောအုပ်က
မြစ်ရဲ့လမ်းကိုရွေးတယ်။

ကျောက်ဆောင်နဲ့ချောက်ကမ်းပါးက
မြစ်ရဲ့လမ်းကိုရွေးတယ်။

လွင်ပြင်နဲ့ရာဇ၀င်က
မြစ်ရဲ့လမ်းကိုရွေးတယ်။

ယုံကြည်ချက်နဲ့အိပ်မက်က
မြစ်ရဲ့လမ်းကိုရွေးတယ်။

နာကြည်းမှုနဲ့ သောကက
မြစ်ရဲ့ လမ်းကိုရွေးတယ်။

တရားမျှတခြင်းနဲ့လွတ်လပ်ခြင်းက
မြစ်ရဲ့လမ်းကိုရွေးတယ်။

ဗုဒ္ဒံ သရဏံဂန်းစာမိ က
မြစ်ရဲ့လမ်းကိုရွေးတယ်။

နရသိန်နဲ့အိမ်လွမ်းစိတ် က
မြစ်ရဲ့လမ်းကိုရွေးတယ်။

တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ
ဖိနှိပ်သူကရွေးချယ်စမြဲ။

အောင်ဆန်းစုကြည်ကမရွေးဘူး
သံဒုတ်က မရွေးဘူး
သံခဲက မရွေးဘူး
လွဏ်းဆွေက မရွေးဘူး
အောင်ဝေးက မရွေးဘူး
နော်အုန်းလှကမရွေးဘူး။

ကိုခင်ဝမ်း
ခင်ဗျားလည်းမရွေးဘူး
ရန်သူကပဲ ရွေးတာ။

ညှပ်ရိုးကျဉ်းတဲ့မိန်းမ
မွေးဖွားရ ခက်သတဲ့။

ကျောက်တောင်နဲ့ညှပ်
သေအောင်သတ်လည်း
အနာဂတ်မြစ်က မသေ။

ကိုခင်ဝမ်းရေ-
တနေ့ 
ကျနော်တို့ 
ပင်လယ်ကိုရောက်မယ်။

ချစ်သူတို့ 
မြစ်ကို ၀ှမ်းအောင်
လွမ်းကြစို့ ။ ။

နိုဝင်ဘာ၂၂၊ ၂၀၁၁
(photo credit - http://pixdaus.com)

Related Posts:

  • ချစ်လှစွာသောပြည်ပြေး ( ၈ ၅ ) ကိုမြင့်ဦးဦးမြင့် ရယ် ဒီအသက် ဒီအရွယ်ကြီး ကျမှ အချစ်အကြောင်း ပြောရတာ တိုင်းပြည်က အမုန်းဒဏ် သင့်နေလို့ပါ။ ။ အောင်ဝေး (၁၁-၁၈-၁၉) ##ခ် စ္ လွ စြ ာ ေ သ ာ… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၈ ၇ ) အိုင် စီ ဂျေ * ဝံပုလွေ တော။ (မုဆိုးမ တစ်ယောက်) မကြောက် တရား၊ ဓားထက် ထက်သော။ ။ အောင်ဝေး (၁၁-၂၄-၁၉) * I C J - International Court of Justice ခ် စ္ လ… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၈ ၆ ) ခေတ်သစ်စကားပုံပေါ့ မောင်သုန် လှံစွပ် က ခဲတံ ကို ကြောက်တယ် ကျည်ဆန် က သံချပ် ကို ကြောက်တယ် ငမွေဒိုး * တွေက အနုပညာ ကို ကြောက်ကြတယ်လေ။ ။ အောင်ဝေး (၁၁-… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၈ ၉ ) ခေတ်ကြီး တစ်လျှောက်၊ အချစ် စည်းဖောက် စစ်မီး တောက်နေမှဖြင့် (သိမ်းတင်သား ရေ ... ) ငါ့နှလုံးသား အစိမ်း ကင်စား လိုက်ပေတော့။ ။ အောင်ဝေး   (၁၁… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၈ ၈ ) အချစ်၊ ငြိမ်းချမ်းရေး၊ အလှတရား လမ်းတိုင်းဟာ နယ်သာလန် * ကို ဦးတည်နေတယ် လမ်းဆုံးတော့ အမှန်တရား တွေ့ကြပြီပေါ့။ ။ အောင်ဝေး (၁၁-၂၇-၁၉) * The Hague, Net… Read More

0 comments: