Tuesday, March 19, 2013

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့( ၇ ) ( နိ ဂံု း )

 
ရဲဘော်တို့ -
ဇာတ်ခုံပေါ်မှာတော့
ဗြောင်းဆန်ကုန်ပြီ။

ဇာတ်ရုံတစ်ခုလုံး
ရုန်းရင်းဆန်ခတ်။

ပြဇာတ်မင်းသားက
(အသံတိတ်)
နိုင်ငံခြားထွက်သွား။

မီးရောင်အောက်မှာ
အငြိမ့်မင်းသမီး တစ်ယောက်တည်း။

ဖြစ်ပါ့ မလား
လူပျက်(ပျက်)တွေ တစ်ပြုံကြီးနဲ့ 
အရုဏ်ကျင်းပါ့ မလား။

ရဲဘော်တို့ ဆက်လျှောက်။

ဒီတစ်ခါ
အရုဏ်တက်လို့ မှ
ဇာတ်မသိမ်းနိုင်သေးရင်။

ဟုတ်တည်း ရှင်ရင်း
ချင်းတွင်းမသေ
တို့ မသေ။

မြစ်ဆုံဆိုတာ
ဂုဏ်ကလေး တစ်ခုပေါ့ ။

ဘ၀ဆိုတာ
လှပတဲ့ပြဇာတ်တစ်ပုဒ်ပဲ ဖြစ်သင့်ပါတယ်။

ငါတို့ အားလုံး
ဇိအုန်တောင်ပေါ်မှာဆိုရင်
ပရိုမီးသီးယပ်စ်။

တစ်နေ့ 
ပရိုမီးသီးယပ်စ်လို
ငါတို့ လွတ်မြောက်ရမယ်။

ငါတို့ အားလုံး စပါးတားကပ်
ငါတို့ အားလုံး လက်ပံတောင်းတောင်။

ငါတို့ ဟာ
လိုင်ဇာမှာ
 အနာဂတ်ဖြစ်တယ်
 ငြိမ်းချမ်းရေးဖြစ်တယ်။

စစ်ဘေးဒုက္ခသည်များ
ငြိမ်းချမ်းကြစေသား။

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ
ကျန်းမာကြစေသား။

ရဲဘော်တို့ -

တွေ့ လား၊ တွေ့ လား
ရှေ့ မှာ မိုင်းကွင်း။

ဖောက်ပြန်ခြင်း
ကျောခိုင်းခြင်း
ကြေကွဲခြင်း
ငိုကြွေးခြင်း။

တစ်နေ့ 
တို့ မိုင်း ရှင်းရမယ်။

ကချင်က မိုင်းကွင်းတွေ
မနောကွင်းအဖြစ် ပြောင်းပစ်ကြ။

လိုင်ဇာဆိုတာ
လိုင်ဇာတစ်ခုတည်း မဟုတ်။

လက်ပံတောင်းဆိုတာ
လက်ပံတောင်းတစ်ခုတည်းမဟုတ်။

လိုင်ဇာပြဇာတ်မလှရင်
လက်ပံတောင်းမှာလည်း မလှ။

လက်ပံတောင်းမလှရင်
ဘယ်နေရာမှာမှ မလှ။

ဘ၀ဆိုတာ
လရောင်အောက်က အလှတရားလား။

မဟုတ်ဘူး
ဘ၀ဆိုတာ
လ၀န်းထဲ မီးလောင်ဗုံးကျတဲ့ည။

ရဲဘော်တို့ ရေ …
ဆက်လျှောက်။

တံတားအောက်
သွေး စီးသွားခဲ့ပြီ။

ပါဝါ ၅၄ မှာ
ပိတောက်ပန်းပွင့်ပါပြီလား။

တို့ ယာခရိုး
ချိုးကူသံ မကြားရ။

တို့ လယ်ကန်သင်း
လင်းပြာတွေ မနားကြ။

တို့ တောင်တန်းကို
သူတို့ ချိုင့်ဝှမ်းပစ်ကြတော့မယ်။

တို့ မြစ်ရေနဲ့ 
သူတို့ ခြေဆေးကြ။

တို့ မျက်ရည်နဲ့ 
သူတို့ ခြေဆေးကြ။

တရုတ်လာသည်
ယိုင်ယိုင်လော ယိုင်ယိုင်။

မြားမိုးရွာသည်
ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်။

မြစ်ကိုယူသည်
တောင်ကိုယူသည်
တောကိုပါယူသည်
ကိုလိုနီလော ကိုလိုနီ။

လယ်ကိုသိမ်းသည်
ယာကိုသိမ်းသည်
လူကိုပါသိမ်းသည်
ခရိုနီလော ခရိုနီ။

ထီးရိုးကို မိုးကြိုးပစ်အံ့
နဂါးကို ဂဠုန်သုတ်အံ့။

ဘ၀ဆိုတာ
ဇာတ်ဆရာ မယုံလို့ 
ဇာတ်ခုံ မီးနဲ့ ရှို့ တဲ့ညလား။

ရဲဘော်တို့  က ကြ။

ပန်းတိုင်ရောက်တဲ့ည
လိုင်ဇာရောက်တဲ့ည
ရဲဘော်တို့  က ကြ။

ကော့ဆက်မြင်းခွာသံတွေနဲ့ က ကြ
အာဖရိကန်ဗုံသံတွေနဲ့ က ကြ
က ကြ
ဝံပုလွေတွေနဲ့ ကခုန်ကြ။

တော်လှန်ရေးဟာ
မပြီးဆုံးသေးဘူးဆိုတဲ့ အတွေးနဲ့ 
က ကြ။

ကချင်ခေါင်ရည်ခွက်တွေမြှောက်ကြ။

ဟောဒီမှာ
လက်ပံတောင်းတောင်ကြီးအတွက် တစ်ခွက်။

ဟောဒီမှာ
ပညာမဲ့ ကျောမွဲများအတွက် တစ်ခွက်။

ဟောဒီမှာ
အမြဲတမ်းနောက်ကျနေတဲ့အမှန်တရားအတွက် တစ်ခွက်။

ဟောဒီမှာ
နှမြောတသလွမ်းဆွတ်ခြင်းများအတွက် တစ်ခွက်။     

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
မတ် ၁၇- ၂၀၁၃။

Wednesday, March 6, 2013

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် နေ သူ များ သို့  ( ၆ )


 

ရဲဘော်တို့ -

“ဟူဂို“ ကြီးတော့ ကြွသွားပြီ။

ဗင်နီဇွဲလားက
အာဏာရှင် ထွက်တယ်
အလှမယ် ထွက်တယ်။

ဗမာပြည်က
အာဏာရှင် ထွက်တယ်
ခရိုနီ ထွက်တယ်။

ဟူဂိုကြီးခမျာတော့ ကြွသွားရှာပြီ။

ရဲဘော်တို့  ဆက်လျှောက်။

အနာဂတ်ဟာ
မြင့်မြတ်တောက်ပဖို့ 
သုံးပေ သုံးလက်မပဲ လိုတော့တယ်။

နိုင်ငံတော်အကြမ်းဖက်ဝါဒ
ကျဆုံးရမယ်။

အမှောင်အောက်မှာ
နောက်ကျတဲ့ ခြေထောက်
သစ္စာဖောက်။

ရဲဘော်တို့  ဆက်လျှောက်။

နွေဦးပေါက်ရင်
ပန်းတိုင် ရောက်ရမယ်။

နိုင်ငံတော်အကြမ်းဖက်ဝါဒ
ကျဆုံးပါစေ။

သံဖနောင့်အောက်က
လွတ်မြောက်တဲ့ည
မိုးသောက်ထ
ရောင်နီမလာခင်...။

ဟူဂိုကြီးကတော့
မရဏပင်လယ်ပြင်မှာ
ရွက်နှင်သွားပါပြီ။

မုန်တိုင်းကို အကသင်
လေးညှို့ ကို ငင်ပြီးပြီ
မြားဦးမှာ မရပ်ချင်ပါနဲ့ အရှင်။

ခရိုနီတစ်ဇာတ်မှာ
နှစ်ကျပ်ခွဲရွာ
လ မသာ။

လက်ပံတောင်းတောင်
လရောင် မခ။

မအူပင် မလက်တို
အို… ဘာကိုထောက်
ကြောက်ရမှာလဲ။

ရဲဘော်တို့  ဆက်လျှောက်။

လိုင်ဇာ ရောက်ရင်
နွေဦး ပေါက်မယ်။

“လူငယ်တွေကတော့
ကောက်ရိတ်ပွဲတော်ကိုသွားဖို့ 
နွေဦးကို စောင့်စားနေကြပြီ“
                        (ဒဂုန်တာရာ)

ရဲဘော်တို့  ဆက်လျှောက်။

မကြောက် ည
မကြောက် နေ့ 
အရှေ့ ဦးဦး
မြောက်စူးစူးမှာ
ဘီလူးသွားကို လဖြဲတည်း။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
မတ် ၆-၂၀၁၃။   

Friday, March 1, 2013

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၅ )


 

ရဲဘော်တို့  -

အော်စလိုမှာ
မွန်းအောင် သီချင်းဆိုနေတယ်။

ငါတို့  ဒီမှာ
သီချင်းဆိုကြ။

ရဲဘော်တို့ 
မအူပင်မှာ
မစုစုနွေး ငိုနေတယ်။

ငါတို့  ဒီမှာ
ငိုကြ။

ရဲဘော်တို့  -
လက်ပံတောင်းတောင်ခြေ မီးလောင်မြေ
နွေဦး ကြိုနေတယ်။

ငါတို့  ဒီမှာ
နွေဦးကိုကြိုကြ။

တိုင်းပြည်က
ဘာတစ်ခုမှ မကောင်းတော့ဘူး။

ထီးချက်စောင့်နတ်သမီး
မုဒိမ်းအကျင့်ခံနေရတယ်။

ငါတို့ ခေါင်းဆောင်က
ငါတို့ ကို “ခေါင်း“ ရောင်းသွားပြီ။

လယ်သမားတွေ သေကြ။

အလုပ်သမားတွေ သေကြ။

ကျောင်းသားတွေ သေကြ။

သံဃာတော်တွေ ပျံလွန်တော်မူကြ။

ရဲဘော်တို့ 
အရုဏ်တက်ခါနီးလေ
ညဟာ မှောင်လေ။

ညက မှောင်လေ
ခရိုနီတစ္ဆေက ချောက်လေ။

ရဲဘော်တို့  ဆန့် ကျင်ကြ။

ခရိုနီဆိုတာ
န အ ဖ အဆက်
ရှဲဒိုးအစိုးရ။

“ပူတိန်းရှိန်“ ဆိုတာ
န အ ဖ အပျက်
ရုပ်သေးအစိုးရ။

ရဲဘော်တို့  ရှုတ်ချကြ။

ခရိုနီဖျက်လို့ 
တို့ အိပ်မက် မပျက်နဲ့ ။

ခရိုနီနှောက်လို့ 
တို့ လမ်း မပျောက်နဲ့ ။

ရဲဘော်တို့  ဆက်လျှောက်။

ပန်းတိုင် ရောက်ခါနီးလေ
စေတန်တွေက များလေ။

လိုင်ဇာ ရောက်ခါနီးလေ
မာရ်နတ်တွေက များလေ။

ရဲဘော်အားလုံး သတိ။

တောအတိကြမ်းတဲ့
ဟောသည့်လမ်းမှာ
လူဆိုးဗိုလ်ကြီးရွှေရွှေ စောင့်နေတယ်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၂၇-၂၀၁၃။