Sunday, September 22, 2013

ခ ရီ း သြ ာ း က ဗ် ာ ေ ခၚ မ လ ာ း ၊ ဘ ယ္ လို ေ ျပ ာ မ လဲ


ေ အ ာ င္ ေ ၀ း 
စ က် တ င် ဘာ ၂ ၂ ၊ ၂ ၀ ၁ ၃ 


၈၀ ခုနှစ်တွေတုန်းက ဆရာဒဂုန်တာရာက “မိမိကိုယ်မိမိ မဲဇာသို့ ပို့ ခြင်း” ဆိုတဲ့ကဗျာတစ်ပုဒ် ရေးခဲ့ဖူးတယ်။ ဆရာမကြီးဒေါ်ခင်နှင်းယုကတောင် “မဲဇာမြိုင်မှ ဆရာအိုသို့ ” ဆိုပြီးပြန်ရေးခဲ့ဖူးသေးတဲ့ ကဗျာပဲပေါ့ ။ ဖတ်ဖူးသူတွေ ရှိကြမှာပါ။
အခုလည်း ဘာထူးလဲ။ ကျနော်လည်း ကျနော့်ကိုယ်ကျနော် မစ်ရှီဂန်မဲဇာကို ပို့ ထားခဲ့တာ ဆယ်စုနှစ်တစ်ဝက်ကျော်လာခဲ့ပြီ။
လူက ဒီမှာ၊ အဝေးအရပ်မှာ၊ တခြားဘာနဲ့ မှ အသက်ရှင်ရပ်တည်နေတာ မဟုတ်ပါဘူး။ ဒီမှာ အသက်ရှင်နေတာ၊ ရပ်တည်နေတာအိမ်လွမ်းစိတ်နဲ့ ပါ။ တခြား ဘာနဲ့ မှ မဟုတ်ပါ။ အိမ်လွမ်းစိတ်ဆိုတာကလည်း ဓားလှံလက်နက်လိုပဲ၊ အမြဲထက်နေအောင် သွေးနေရတယ်။ အိမ်လွမ်းစိတ်က ရပ်တည်ရှင်သန်ဖို့ လက်နက်လို့ ဆိုရင်၊ ကဗျာကတော့ ရန်သူကိုရင်ဆိုင်ထိုးနှက်ဖို့ အတွက် လက်နက်ပဲပေါ့ နော်။ နို့ - မဟုတ်ဘူးလား။
ကျနော်တို့ ဟာ လက်နက်ကိုင်တွေပဲ။ ကဗျာလက်နက်ကိုင်၊ အိမ်လွမ်းစိတ်လက်နက်ကိုင်တွေပေါ့ ။ ဆရာဦးတင်မိုးဆိုရင်၊ ဝေးမြေရပ်ခြား သူတစ်ပါးနိုင်ငံမှာ သေတဲ့အထိတိုင်၊ ဒီလက်နက်နှစ်ခုကို ကိုင်စွဲသွားခဲ့တာပါ။
မသေလို့ ကျန်နေသေးပေတဲ့၊ ကျနော် အသက်အရွယ်ကလည်း တဖြည်းဖြည်းရလာပြီ။ အသက်ကြီးလာပြီ။ ၁၉၅၄ ခုဖွား။ ရှေ့ နှစ်ဆိုရင်(၆၀)တင်းတင်းပြည့်ပြီ။ အသက်ကြီးလာလေ၊ လွမ်းအားပိုလာလေလို့ ပဲ ဆိုရမလား။ ကျနော့်အဖို့ မှာ၊ တိုင်းပြည်ကို မလွမ်းဘဲနေမိတဲ့ရက် တစ်ရက်မှမရှိပါဘူး။ ယုံပါ။ လူမျိုးကို မဆွေးဘဲနေမိတဲ့နေ့ လည်း တစ်နေ့ မှ မရှိပါဘူး။ တကယ်ပါ။
ဒီမှာက မိသားစု၊ ဘ၀၊ ရပ်တည်ရေးအတွက် အထိုက်အလျောက်တော့ရုန်းကန်ကြရတာပဲ။ ဘယ်သူမဆို အများသူငါလို အလုပ်တစ်ခု မဟုတ်တစ်ခုတော့ လုပ်ကြရစမြဲ။ အလုပ်ထဲမှာလည်း ကျနော်က ကျနော့်တိုင်းပြည်နဲ့ ကျနော့်လူမျိုးကိုလွမ်းနေတာပဲ။ တိုင်းပြည်နဲ့ လူမျိုး အကြောင်းအလုပ်ထဲမလည်း အလုပ်ထဲမို့ ၊ အိမ်ကျတော့လည်း အိမ်မို့ လို့ ၊ အမြဲတွေးနေ၊ ဆွေးနေ။
အိမ်မှာ အလွမ်းပြေကြည့်ဖို့ ၊ ဧည့်ခန်းထဲမှာ ပန်းချီမျိုးမြင့်လက်ရာ ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကား(ဗီနိုင်းပိုစတာ) အကြီးကြီး ချိတ် ထားတယ်။ ဖထီးပဒိုမန်းရှာကိုယ်တစ်ပိုင်းဓာတ်ပုံ(ဗီနိုင်းပိုစတာ) အကြီးကြီးချိတ်ထားတယ်။ အစ်မဒေါ်စမ်းစမ်းအောင်(ရွှေကြေးစည်) မဲဆောက်ကနေတကူးတကလူကြုံနဲ့ ထညိ့ပေးလိုက်တဲ့ N L D ပိုးသားအလံ အကြီးကြီးချိတ်ထားတယ်။
ဆယ့်နှစ်ရာသီလွမ်းနေတာပါပဲအရပ်ကတို့ ။ အလွမ်းကတော့ ဘယ်တော့လွမ်းလွမ်း၊ ဘယ်လောက်လွမ်းလွမ်း၊ အလွမ်းပြေတယ်ရယ်လို့ လည်း မရှိပါဘူး။ ဟူး... လွမ်း၍လွမ်းသော အလွမ်းများ။ တမ်းတမ်းတတ အလွမ်းများ။ ဆိုပါတော့။ မစ်ရှီဂန်မဲဇာမှာ အလွမ်းများနှင့် နေထိုင်ခြင်းပေါ့ ။
အဲဒီလို နဂိုကမှ ငိုချင်ရက် လက်တို့ ၊ လွမ်းဖို့ လူဖြစ်လာတဲ့သူကို၊ လွမ်းတယ်၊ လွမ်းလိုက်တာ၊ လွမ်းပါတယ်ဆိုနေမှ၊ အဝေးကနေ တုတ်နဲ့ လှမ်းတို့ ပြီး၊ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း လွမ်းခိုင်းတဲ့သူက ပေါ်ဖြစ်အောင်ပေါ်လာသေးတယ်ဗျာတို့ ရယ်။
ဘယ်သူရှိမလဲ။ ဘယ်သူနေမလဲ။
နာမည်ကျော်စာရေးဆရာကြီး ဆရာနေ၀င်းမြင့်ကြီးရယ်ပေါ့ ဗျာ။ အဲဒီချစ်စရာ မည်းမည်းတူးတူး မီးသွေးခဲတုံးကြီး ကိုနေ၀င်းမြင့်ပဲပေါ့ ။
(သူက လူကသာ မီးသွေးခဲ။ နှလုံးသားက လွှတ်လှ၊ လွှတ်လွမ်းတတ်တဲ့သူကြီးပေါ့ ဗျာ) သူက မန္တလေးရွှေမြို့ တော်ကြီးဆီကနေပြီး၊ ဖေ့ စဘုတ်ဆိုတဲ့မျက်နှာစာအုပ်ထဲကနေလှမ်းပြီး တုတ်နဲ့ တို့ လွမ်းခိုင်းလိုက်တာ။ အောင်ဝေးမှာ ကျောကော့အောင်ခံရတော့တာပေါ့ ဗျာ။ ကြည့်ပါဦး။ သူ (ဖဘ) မှာ ရေးတင်လိုက်တဲ့စာ။ (လွမ်းလို့ နေမှာ)
“ချစ်သောဆရာဝေး(အောင်ဝေး)
၂၀၀၃ ခုနှစ်က မြစ်ကြီးနား-တနိုင်း ခရီးစဉ်မှာ ခင်ဗျားလက်ရေးနဲ့  လက်တန်းရေးပေး ခဲ့တဲ့ ကဗျာလေးတွေ...။ ၁၀-နှစ်ရှိခဲ့ပြီကောဗျာ...။ ဒီနေ့ ဖိုင်တွေရှင်းရင်းနဲ့ တွေ့ လို့ ...။
နေ၀င်းမြင့်(၁၉-၉-၂၀၁၃) “ တဲ့။
လူက နဂိုကမှသူ့ အလိုလို လွမ်းချင်ချင်ဖြစ်နေရတာ။ အလွမ်းနဲ့ အငွေ့ ပျံ အရည်ပျော်နေတဲ့ကောင်။ ပြည်ပြေးကောင် ကဗျာဆရာ။
ဆရာကိုနေ၀င်းမြင့်တင်ပေးလိုက်တဲ့ (ဖဘ) အခေါ် 3 photos ဆိုတာကို Clik ပြီးဖတ်လိုက်တာ၊ ကျနော် အဲဒီနေ့ က ကိုယ့်ဘ၀ကိုယ် နာနာကျင်ကျင်လွမ်းဆွတ်ကြေကွဲသွားမိပါတယ်။ တစ်ပြိုင်နက်တည်း ကိုယ့်ဘ၀ကိုယ် လှိုက်လှိုက်လှဲလှဲတမ်းတပီတိဖြစ်ခဲ့ရပါတယ်။
ဟုတ်တယ်။ လွန်ခဲ့သော(၁၀)နှစ်။ အဲဒီဆယ်နှစ်တုန်းက ဆရာနေ၀င်းမြင့်တို့ ၊ ဆရာမ ခင်ခင်ထူးတို့ ဇနီးမောင်နှံနဲ့ ကျနော်၊ ဗမာပြည်မြောက်ပိုင်း မြစ်ကြီးနား-တနိုင်း စာပေဟောပြောပွဲသွားခဲ့ကြတယ်။ မြစ်ကြီးနားမြို့ အခြေစိုက် ဥတ္တရလမင်း စာချစ်သူအဖွဲ့ က စီစဉ်တဲ့ခရီးပါ။ ဦးသန်းဆွေ၊ဗိုလ်ကြီးခင်မောင်စိုး(ငြိမ်း)၊ ရှေ့ နေကြီးဦးခင်မောင်၊ ရွှေကုန်သည်ကြီး တနိုင်းစံ စတဲ့ ဥတ္တရလမင်းအဖွဲ့ သားတွေက နေရာစုံလိုက်ပို့ ပေးကြတဲ့အထဲမှာမေခ-မလိခ မြစ်ဆုံလည်းပါတယ်။ တနိုင်းမြို့ အထက်၊ အိန္ဒိယ-ဗမာနယ်စပ် နန်းယွန်း-ပန်ဆောင်ဘက်သွားတဲ့ တ၀မ်ခချောင်းအထိလည်းရောက်တယ်။
ဟောတာပြောတာကတော့ အရင်ဆုံး တနိုင်းမြို့ မှာတစ်ည။ တနိုင်းကပြန်လာတော့မှ မြစ်ကြီးနားမှာ နောက်တစ်ည။
အဲဒီတုန်းက ရောက်ရှိခံစားခဲ့ရတဲ့ မေခ-မလိခ မြစ်ဆုံက ဒီကနေ့ အထိ၊ ဒီလိုမစ်ရှီဂန်မဲဇာလိုနေရာကိုရောက်နေတဲ့တိုင်၊ ရင်ထဲမှာစွဲလမ်း
တမ်းတနေမိတုန်းပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဧရာဝတီ-မြစ်ဆုံအရေးအခင်းဖြစ်တော့၊ ကျနော်ဘယ်လိုမှ မနေနိုင်ဘူး။ ဧရာဝတီကိုကယ်တင်ရမယ်ဆိုတဲ့ခံစားချက်နဲ့ ၊ ဧရာဝတီအတွက်တိုက်ပွဲဝင်ရမယ်ဆိုတဲ့ခံယူချက်နဲ့ ”ဧရာဝတီရေဆန်” ဆိုတဲ့ ကဗျာအရှည်ကြီးတစ်ပုဒ်ရေးခဲ့ပါတယ်။
အင်္ဂလန်-လန်ဒန်မှာနေတဲ့ ကျနော်တို့ ရဲဘော်ကြီး ပန်းချီထိန်လင်း အမေရိကကို အလည်လာတော့၊ အင်ဒီယားနားပြည်နယ်-ဖို့ တ်ဝိန်းမြို့ က အဆိုတော်ကြီးဒေါ်မာမာအေး ခြံထဲမှာ၊ ကျနော်တို့  POETRY PERFORMANCE FOR BURMA ဆိုတဲ့နာမည်နဲ့ အနုပညာပေါင်းစုပွဲလေးတစ်ခု လုပ်ကြတော့၊အဲဒီ ဧရာဝတီရေဆန် ကဗျာကြီးကို ကျနော်ကိုယ်တိုင် လူငယ်(၅)ယောက်နဲ့ တွဲပြီး စုပေါင်းရွတ်ဆိုတာမျိုး(GROUP RECITATION) လုပ်ခဲ့ပါသေးတယ်။
ပြီးတော့တစ်ခါ၊ ကျနော်က တိုင်းပြည်ကထွက်ပြေးမလာခင်(၂၀၀၇ ရွှေဝါရောင်မတိုင်ခင်) တစ်နှစ် နှစ်နှစ်လောက်ကလည်း၊ အင်းတော်-မန်လည် မဃဒေ၀ နှစ်(၁၀၀)ပြည့် စာပေဟောပြောပွဲကအပြန်၊ ကသာ ကနေ မန္တလေးအထိ၊ ဧရာဝတီကို သင်္ဘောနဲ့ စုန်ဆင်းခဲ့ဖူးတာမို့ ၊ ဧရာဝတီရဲ့ ဝိညာဉ်က ကျနော့်ရင်ထဲ ခုထိ ပူးဝင်ကပ်ငြိနေတုန်းပဲလို့ ပြောရမယ်။
ဒိတော့...ကျနော်လည်း အဝေးကနေ၊ ဒီကနေ၊ ဧရာဝတီထိ ဓားကြည့် ဖြစ်ရတာပေါ့ ။ တရားပါတယ်နော်။
ဆရာနေ၀င်းမြင့်ပြောတဲ့ ၂၀၀၃ ခုနှစ်တုန်းက မြစ်ကြီးနား-တနိုင်း ခရီးစဉ်ကလည်း လွမ်းစရာကောင်းခဲ့ပါတယ်။ အခု ဆရာနေ၀င်းမြင့်တို့ ၊ဆရာမ ခင်ခင်ထူးတို့ ပွားစည်းလာတဲ့ သမီးကလေး ဖွေးဖွေးနေ၀င်းမြင့် ဆိုတာ အဲဒီကစခဲ့တာပါပဲ။
အဲဒီတုန်းက ကျနော့်အဖြစ်က၊ အဲဒီ မည်းမည်းတူးတူးကြီးနဲ့ ဖြူဖြူဖွေးဖွေးကြီး(ဆရာမ ခင်ခင်ထူးက အညာသူ မြင်းခြံသူဆိုပေမင့် အောက်သူတွေလို အသားဖြူတယ်၊ လတ်တယ်လေ) အဲဒီ ဒွိယံ ဒွိယံကြားမှာ၊ ဗိုက်ထဲကဟာလေးအတွက် ပူရပန်ရတာလည်း အမောပါပဲ။ ခဏခဏပါပဲ။ မပူ နေနိုင်မလား။ လမ်းက ကြမ်းတာကိုး။ ခရီးက ပန်းတာကိုး။ သွားနေတာက ဟိုး...ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုန်းက အမေရိကန်မဟာမိတ်တပ် စစ်ဗိုလ်ချုပ်ကြီး စတီးဝဲလ် ဖောက်လုပ်ခဲ့တဲ့ စစ်သုံးလမ်းကြမ်း တရုတ်-ဗမာလမ်းမကြီးပေါ်မှာ။ တချို့ က စတီးဝဲလ်ဖောက်ခဲ့လို့  စတီးဝဲလ်လမ်း၊ အများကတော့ ဒေသခံတွေခေါ်ကြတဲ့ လီဒိုလမ်း။ သွားနေရင်း ကားကမြွေဖြစ်သွားလိုက်၊ လမ်းကမြွေဖြစ်သွားလိုက်။ ခရီးကပန်း၊ လမ်းကကြမ်းတော့၊ သဇင်ကလည်းနွမ်းရှာတာပေါ့ ဗျာ။
အခု ဒီဆောင်းပါးအစမှာပြောခဲ့တဲ့ (ဖဘ)မှာ ဆရာနေ၀င်းမြင့်တင်ပေးလိုက်တဲ့ ကဗျာ(၂)ပုဒ်ကဖြင့်၊ အဲဒီတုန်းက အဲဒီ အသစ်စက်စက်ဖခင်လောင်း၊ မိခင်လောင်းကြီးနှစ်ယောက်အတွက်တော့ တစ်စုံတစ်ရာအနွမ်းပြေဖြေဆည်ရာဖြစ်ခဲ့လိမ့်မယ်ထင်ရပါရဲ့ ။
ကျနော်ကိုယ်တိုင်လည်း ပြန်ပြီးလွမ်းမိပါရဲ့ ။
မေခ-မလိခ မြစ်ဆုံကို...။
လီဒိုလမ်းမကြီးကို...။
ပြီးတော့... ဥတ္တရလမင်းကိုရောပေါ့ ။
အခု စာဖတ်ပိတ်သတ်ကြီးလည်း နားနဲ့ မနာ၊ ဖ၀ါးနဲ့ နာ၊ ဆရာကိုနေ၀င်းမြင့်(ဖဘ)မှာတင်ပေးလိုက်တဲ့၊ ၂၀၀၃ တုန်းက ရေးခဲ့တဲ့ ကဗျာလေး(၂)ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ လွမ်းတတ်သူများ လွမ်းကြပါစေကုန်။
++++++++
မြ စ် ကြီး နား ပီ ယာ နို
နှလုံးသားနှင့်အနီးတစ်ဝိုက်
မီးမြိုက်လိုက်သလို
(လုဂျာရေ...)
ညည်းတိုက်တဲ့ တို့ ရိုးရာ “စ,ပီ” ၀ိုင်။
မေခ-မလိခ
မြစ်ဆုံမှာ
အချစ်လှုံရအောင် တဲ့
ဖြစ်ပုံက
ငါးကင်တစ်ဖဲ့ ကမ်း
ပါးပြင် တစ်လှည့်နမ်း
တို့ အလွမ်း သစ္စာတိုင်။
သြော်... ပြည်ထဲရေးနှင့်
ဝမ်းရေးတို့ ထက်
လွမ်းရေးခကိသတဲ့
အိပ်မက်လို့ ဖြင့် မဆုံးနိုင်
အင်ခိုင်ဘွမ်တောင်ကြီး ပခုံးနဲ့ ထမ်း။
၁၀ နှစ်
၂၆ နှစ်
အနှစ် ၄၀
ခေတ်ကြီးတစ်ခြမ်း ခြားပြီးကာမှ
မင်း ချစ်ခရီး ခမ်းနားလှချည်ရဲ့ 
(လုဂျာရယ်... ကိုယ့်မှာဖြင့်)
မြစ်ကြီး စန္ဒရားအမှတ်နဲ့  ခလုတ်တွေဘာတွေစမ်း။    ။
(၂ ဒီဇင်ဘာ ၂၀၀၃၊ မေခ-မလိခ မြစ်ဆုံ)
++++++
လီ ဒို အ လွ မ်း
တောသည် ညှို့ ၏
ငါ့ ကို
စပါးကျီးမြွေ ကဲ့သို့ ။
တောင်သည် မြှူ၏
ငါ့ ကို
ဂျနီဖာလိုပက်ဇ် လို။
လမ်းသည် ဆွယ်၏
ငါ့ ကို
ချစ်သူရှိရာ ဆီ။
ဟူးကောင်းတောင်ကြား
ငါ့ တရားနှင့်
ငါကား မဂ်ဖိုလ်ဆိုက်တော့မည်။
(မြစ်ကြီးနားမှ တနိုင်းသို့ အသွား၊ လီဒိုလမ်းမကြီးပေါ်၊ ၃ ဒီဇင်ဘာ ၂၀၀၃)
ေ အ ာ င္ ေ ၀ း

စ က် တ င် ဘာ ၂ ၁ - ၂ ၀ ၁ ၃ ။

Related Posts:

  • ညိုမီ ဂုမ္ဘာန်​ ညများ   ဂုမ္ဘာန် ညီမ​လေး ညိုဂုမ္ဘာန်​ရဲ့ မင်းနှုတ်​ခမ်း​တွေက ညှို့ငင်​ မင်းမျက်​လုံး​တွေနဲ့ ပစ်​လွှတ်​လိုက်​တဲ့ အနှစ်​နှစ်​အလလ အမြစ်​စွဲေ… Read More
  • ကာ န ယ် နဲ့  ပ န်း ချီ ဆ ရာ ။ "ကာနယ်က ငါ့ ဆရာကွ" ဈာပနယာဉ်တန်း ကမ္ဘာအေးလမ်းမှာ သူ လွမ်းပြော ပြောတယ်။ လောကနတ် ကာနယ်ကြည်မောင် ဓမ္မိကဘသန်း ပန်းဆိုးတန်း လွမ်းမိုးသန်းစရာ … Read More
  • The Day I Died at Mandalay Bay Was Sunday Today is Monday I died a day ago O! Las Vegas The day I died at Mandalay Bay was Sunday   Sunday night Was it a starry, starry night,… Read More
  • Sailing Read More
  • LAND AGAINST THE TERRORISTS This is our land, Land of Aung San Suu Kyi, National leader. .... This is our land, Land of the "doves," Not of the "hawks." ... This is our land,… Read More

0 comments: