Wednesday, August 24, 2016
ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က
ခေတ်ကလည်း မကောင်းဟန်၊ စနစ်ကလည်း ညောင်းပြန်၊ အဖြစ်ကလည်း ဟောင်းတန်သလောက် တော့ ဟောင်းနေပါပြီ။ ဒါပေမဲ့၊ မမေ့နိုင်သေးပါ။
၂၀၀၆ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်။
မန္တလေးမြို့၊ အိုရီယင်တယ်ဟောက်စ်ခန်းမ။
အဲဒီမှာ ကျနော်တို့တွေ နှဲမှုတ်ခဲ့ကြတဲ့ အကြောင်းလေးပါ။
အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်များ ကူညီစောင့်ရှောက်ရေးရန်ပုံငွေ၊ အဖြူရောင် သက်တံကဗျာရွတ်ဆိုပွဲ။
ရန်ကုန်မှာ ကျနော်တို့ ပထမဆုံးပွဲကို ၂၀၀၆၊ မေလ(၆)ရက်၊ ဆရာစံလမ်း၊ မစ္စတာဂစ်တာ ကဖေးမှာ ကျင်းပခဲ့။ ဒီ ပထမဆုံးပွဲမှာ ရန်ပုံငွေ (၆၇)သိန်းကျော် အလှူခံရရှိခဲ့။
ဒီတုန်းက ဒေါက်တာခင်မေစုတို့၊ ဆရာမစုထားတို့၊ ဆရာမသန်းမြင့်အောင်တို့ “သုခရိပ်မြုံ” မှာ လက်ခံပြုစုစောင့်ရှောက်ထားတဲ့ အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေက စုစုပေါင်း (၁၃)ယောက်ပဲရှိသေး။ (ယခု ၁၃၀ မျှမကကျော်ပြီ။ မန္တလေးသုခရိပ်မြုံဆိုတာလည်းတိုးလာသည်)
ဒီတော့၊ မန္တလေးပွဲမှာရွတ်ဖို့ ကျနော်က ကဗျာတစ်ပုဒ် အသေအချာပြင်ဆင်ရေးဖွဲ့ထားလိုက်သည်။ အောက်ပါအတိုင်း။
ကေ လး တ စ် ဒါ ဇ င် နဲ့  တ စ်ေ ယာ က်
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
လူတွေက ဂလိုဘယ်တော့ဆန်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
လူတွေက မုန့်လုံးတော့ စက္ကူကပ်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
လူတွေက ဂျင်ဆန်းမီနဲ့တော့ လမ်းလျှောက်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး။
“Rainbows are multi-colored.
Our performance is not divided by colors,
But all white and pure.
That’s why we called it ‘white rainbow’.” [ * ]
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
အဲဒီကလေးတွေဟာ
မိဘမေတ္တာ ငတ်နေတဲ့ကလေးတွေပေါ့ ။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
အဲဒီကလေးတွေဟာ
အကြင်နာ ကရုဏာလိုအပ်နေတဲ့ကလေးတွေပေါ့ ။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
အဲဒီကလေးတွေဟာ
အပြစ်မဲ့တဲ့ ဓားစာခံကလေးတွေပေါ့ ။
[ * ]
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
ကမ္ဘာကြီးက လမ်းပြမြေပုံအတိုင်းသွားဖို့ပြောနေတယ်
ကလေးတွေခမျာ ပန်းတိုင်ပျောက်နေရပြီ။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
ကမ္ဘာကြီးက အေ၊ အိုင်၊ ဒီ၊ အက်စ် တိုက်ဖျက်ရေးဆွေးနွေးနေတယ်
ကလေးတွေခမျာ အိတ်ခ်ျ၊ အိုင်၊ ဗွီ ပိုး ကူးစက်ခံနေရပြီ။
[ * ]
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
သူတို့လေးတွေ ပျော်ရွှင်ချမ်းမြေ့သွားဖို့
ကျနော်တို့ရဲ့ပျော်ရွှင်ခြင်းကို မျှဝေရမယ်။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
သူတို့လေးတွေ အိပ်ရေးမပျက်စေဖို့
ကျနော်တို့ရဲ့ညတွေကို လုံခြုံပေးရမယ်။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်လေ။ ။
(၂၀၀၆)
သို့သော် … ။ မန္တလေးမှာ စစ်ပဒေသရာဇ်ကြီးရဲ့တစ်ချက်လွှတ်အမိန့်နဲ့၊ ပွဲမှာ သီချင်းပဲ ဆိုခွင့်ရ။ ကဗျာရွတ်ဆိုခွင့်မရ၊ လုံးဝ မရခဲ့။
သို့သော် … ။ ကျနော်တို့ ဒီမန္တလေးပွဲမှာ ရန်ပုံငွေ (၁၀၂)သိန်း အလှူခံရအောင်၊ ပွဲကို စီစဉ် တင်ဆက်နိုင်ခဲ့။
မန္တလေးတိုင်း ထွေ/အုပ် က တာဝန်ကြီးကြီးရှိသူကိုယ်တိုင် ခန်းမထဲက ရှေ့ဆုံးခုံတန်းမှာ အကျအနထိုင်ပြီး ပွဲကို လာစောင့်ကြည့်နေသည်။ လာထောက်လှမ်းနေသည်။
ဘယ်ရမလဲ။ သူ့မျက်စိရှေ့မှောက်မှာ ကျနော်တို့ကဗျာတွေ တွင်တွင်ရွတ်ခဲ့ကြသည်။ ကဗျာမြစ်ရေ သွင်သွင်စီးခဲ့လှပြီ။ ကျနော်တို့ကဗျာရွတ်နေတာကို အနှီပုဂ္ဂိုလ်မသိ။
ပွဲအဖွင့်မှာ၊ ဖယောင်းတိုင်မီးထွန်းပါဖောမန့်နှင့်အတူ ဆန်းထွဋ်နှင့်ချောအိသိမ်းတို့၊ ဇော်သက်ထွေး ရေးပေးထားတဲ့ကဗျာကိုရွတ်ပြီး စင်ပေါ်တက်လာသည်။ သီချင်းပဲ ဆိုခွင့်ပြုထားတဲ့စင်ပေါ်မှာ၊ လူတိုင်းက ကဗျာတွေ တက်တက်ရွတ်နေကြသည်။
အခမ်းအနားမှူး (မ)တင်မိုးလွင်ကအစ၊ မန္တလေးကပွဲစီစဉ်သူတွေအလယ်၊ ရန်ကုန်ကလိုက်လာကြတဲ့ သျှီ၊ သင်ဇာဝင့်ကျော်၊ ငွေစင်သွန်း စတဲ့ကလေးတွေအဆုံး၊ အားလုံးဟာ ကဗျာဖြစ်နေကြတော့သည်။
တင်မိုးလွင်ဖိတ်ခေါ်လိုက်တော့ ကိုစောဝေ စင်ပေါ်တက်လာသည်။ သူက ဘာကဗျာမှ မရွတ်ပါ။ သူ့ကိုယ်လုံး၀၀ကြီးကိုယ်နှိုက်က ကဗျာတုံးကဗျာခဲကြီးဖြစ်လို့နေသည်။
ပွဲပြီးခါနီးလာတော့၊ ကဗျာဆရာတွေ စင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ကျနော်က ကျနော်၏ ကလေးတစ်ဒါဇင်နဲ့တစ်ယောက်ကဗျာထဲက-
“Rainbows are multi-colored.
Our performance is not divided by colors,
But all white and pure.
That’s why we called it ‘white rainbow’.”
အင်္ဂလိပ်စာပိုဒ်ကို အကျယ်လောင်ဆုံး အော်ဟစ်ရွတ်ဆိုပစ်လိုက်သည်။
ပွဲပြီးတော့၊ ကျနော်တို့အားလုံး စုပေါင်းဓာတ်ပုံရိုက် အောင်ပွဲခံကြသည်။ ပွဲပြီးပြီးချင်း၊ မန္တလေးတိုင်း စစ်ပဒေသရာဇ်ကြီးရဲ့အထူးစောင့်ကြည့် ထွေ/အုပ်ပုဂ္ဂိုလ်ခမျာ မျက်စိမျက်နှာပျက်ပျက် နှင့် ထိုင်ရာက ထပြန်သွားတာတွေ့လိုက်ရသည်။
ကျနော်တို့ ပွဲတစ်လျှောက်လုံး နှဲမြိုင်မြိုင်မှုတ်နေတာကို ဘာမှန်းမသိထိုင်ကြည့်ရင်း၊ ပွဲပြီးတော့မှ ထိုပုဂ္ဂိုလ် သတိထားမိသွားပုံရပါသည်။
ဟုတ်တယ်လေ။ သူတို့က ဒီအခန်းထဲမှာ တယောမထိုးရလို့ တားမြစ်အမိန့်ထုတ်ထားတယ်။
ကျနော်တို့ကလည်း သူတို့တားမြစ်ထားသလို တယောမထိုးပါဘူး။ ဒါပေမဲ့၊ ကျနော်တို့အားလုံး နှဲတွေ
ပြိုင်တူ မှုတ်ခဲ့ကြတယ်။ အားရစရာပါပဲ။ ကြည်နူးစရာပါပဲ။ လွမ်းလွမ်းနဲ့မှုတ်လိုက်ကြတဲ့ နှဲသံတွေကလည်း ချောလိုက်ပါဘိသနဲ့။
“နှဲချောတော့ တယော” လို့ ဆိုကြတယ် မဟုတ်လား။
ဟုတ်ကဲ့ပါ။ တယော မထိုးရ ဆိုတဲ့ မန္တလေးမှာ ကိုရွှေအောင်ဝေးတို့လူသိုက် နှဲမှုတ်ခဲ့ကြတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်လေးပါ။
အားလုံးကို လွမ်းပါတယ်။ ။
ေ အ ာ င္ ေ ၀ း
သြဂုတ် ၂၃- ၂၀၁၆။
Monday, August 22, 2016
ပန်း နု ရောင် အို ဋီ ကာ ၊ ဒဂုန်တာရာ (၁၉၁၉ - ၂၀၁၃)
“အိုနု ပျိုရင့်
သူနှင့်ချယ်ရီ၊ ရီဝေယစ်သန်း
ပန်းနုရောင်အို ...”
(ဒဂုန်တာရာ)
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားတယ်။
သခင်ကိုယ်တော်မှိုင်း
ဇော်ဂျီ
မင်းသုဝဏ်
ဒဂုန်တာရာ
ကြီးလေးကြီးအစဉ်အလာ
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားခဲ့တယ်။
ပါဘလိုနီရူဒါရေ...
ဂုဏ်ပြုအပ်တဲ့
မိတ်ဆွေတစ်ယောက်ကို
ဆီးကြိုပါတော့။
ဝင်းမော်ဦးရေ...
သမီးရေ...
နွေဦးအမတ
မသေညမှာ
သည်းတို့ အဘကို
ထကြိုပါဦး။
သမီးတို့ အတန်းက
ရှေ့ ဆုံးခုံတန်းလေး
ထိုင်သူဝေးခဲ့တာ။
သက်ဝင်းအောင်ရေ...
နေရောင်တစောင်း
မင်းတို့ ကျောင်းက
ခွပ်ဒေါင်းအလံကလေး
သွေးစွန်းခဲ့တာ။
ငှက်ရေ...
ရာဇ၀င်ဖြတ်သန်း
အိပ်မက်တင်းကျမ်း
ခေတ်ရဲ့ လမ်းမှာ
ပန်းတွေ ကြယ်တွေ
ကြွေနေခဲ့တာ။
ဟောဒီ
ကြယ်အကြွေကြမ်းတဲ့
သြဂုတ်လသရမ်း
ဇာတ်ဝင်ခန်းမှာ
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။
အဝေးကလွမ်း
ဟိုး... အောင်ပန်း
မဲနယ်တောင်တန်း
အမှောင်သန်းချိန်
ငြီမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။
မိုးဝေးရေ...
ငါတို့ ဆရာ ကွယ်လွန်ခဲ့ပြီ။
အေးမင်းစောရေ...
အစ်ကိုတို့ ဖခင် ကွယ်လွန်ခဲ့ပြီ။
မမခင်ဦးစံပယ်ရေ...
ကျနော်တို့ ခေါင်းဆောင် ကွယ်လွန်ခဲ့ပြီ။
မြရာတောကြီးတစ်ခုလုံး
မီးဟုန်းဟုန်းတောက်
လမ်းပျောက်တဲ့ မြိုင် ရေ...
“ဌေးမြိုင်”လာပြီလေ။
“ကိုဌေးမြိုင်
ကျနော်တို့ ဘက်က
ရပ်တည်ပေးတဲ့အတွက်
ကျေးဇူးတင်တယ်”
(သန်းထွန်း)
တောထဲကလာတဲ့စာလေးတစ်စောင်ရယ်
တော့ ကာ သာ ဘဲ ရယ်နဲ့ 
ဆရာဗန်းမော်တင်အောင်ရယ်
ဆရာမြသန်းတင့်ရယ်
သခင်မြသန်းရယ်
အဘလေထီးဦးအုန်းမောင်ရယ်
ကျဆုံးလေပြီးသောပန်းပွင့်များရယ်
၃၉ လရောင်
ကိုလိုနီနှောင်ကြိုးအောက်က
လားရှိုးလမ်းမကြီးရယ်
မတ်လတော်လှန်ရေးရယ်
စာပေသစ်ရယ်
လွမ်းရစ်တော့သက်လှယ်ရယ်။
ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
အောင်ဆန်းကလည်း ချစ်တာပဲ
အောင်ဆန်းသမီးကလည်း
ချစ်တာပဲ။
ဆရာ့ ကိုဆိုရင်
(ကိုဌေးမြိုင်ဆိုရင်)
ဗဟိန်းကလည်း ချစ်တာပဲ
ဗဟိန်းဇနီး
မခင်ကြီးကလည်း ချစ်တာပဲ။
အမေလူထုဒေါ်အမာရယ်
ဆရာ့ ကိုဆိုရင်
တောကြိုအုံကြား
ဘုံကျွန်တွေအလား
အခြေခံလူတန်းစား
အလုပ်သမား လယ်သမား
ငသြတွေ ငဘတွေ
ပြည်သူတွေကလည်း ချစ်တာပါပဲ။
ပြည်သူတွေလက်နဲ့ 
အထက်သန်ဆုံး
နှလုံးသားမြှုပ်ကူ
(ဆရာ့ ရဲ့ )
ငြိမ်းချမ်းရေးအုတ်ဂူမှာ
ရန်သူတွေ ဒူးထောက်ရစေသား။
ဒဂုန်တာရာ
ဘုံကဗျာကို
လင်းယုန်စောင့်ရှောက်ပါစေသား။
သစ်ခွပြာရိုင်း
မိုးလုံးမှိုင်းတွေ
ဒုန်းစိုင်း ဒုန်းစိုင်း
အို...မြင်းရိုင်းတွေ
တောရိုင်းတောင်ရိုင်း
မြစ်တံတိုင်းတွေ
ရေရိုင်းမြေရိုင်း
ပင်လယ်လှိုင်းတွေ
သမိုင်း သမိုင်း
တို့ သမိုင်းမှာ
“မှိုင်း” နဲ့ ”ဆန်း” ရဲ့ 
အတိုင်းမဲ့အလွမ်းတွေ
“ဆန်း” နဲ့ ”ဟိန်း” ရဲ့ 
လွမ်းဖွဲ့ ယိမ်းနွဲ့ 
ငြိမ်းချမ်းရေးက
လေနုအေးက
တနွဲ့ နွဲ့ နော့နေဆဲလား။
မေရေ...
မေရေ...
နွေဦးသေပြီ။
ကြည်အေးရဲ့ မီ
တီဘီ ရေ...
နွေဦးသေပြီ။
နှင်းဆီ နှင်းဆီ
အနီထဲက
နွေဦးသေပြီ။
အချစ်ရေ...
မျက်ရည်တစ်စ
ကြွေမကျနဲ့ 
ညဆိုတာ
မှောင်မှာပဲလေ။
မှောင်တာကိုက
အလင်းရောင်ပဲလေ။
အမှောင်ထဲမှာမှ
ကြယ်တွေရဲ့ အလှကို
မြင်ခွင့်ရ
ဘ၀ဟာ ညပဲ။
မြရာပင်ထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြပြီ။
ဆိတ်ဖလူးရနံ့ တောမှာ
ကြယ်တွေ ကြွေလျှောခဲ့ကြပြီ။
အဓိပတိလမ်းပေါ်မှာ
ကြယ်တွေကြွေရော်ခဲ့ကြပြီ။
ဧရာဝတီရေ...
ကြယ်ကြွေရေဆန်
မုန်တိုင်းထန်ပါလော့ ။
ပုန်ကန်နွယ်တို့ အဖေရေ...
မေရဲ့ ကဗျာဆရာကို
အပြာတို့ အ၀ါတို့ နဲ့ ကြိုပါတော့။
အစ်ကိုသခွပ်ရေ...
“ဒဂုန်တာရာကစ
မောင်လေးအောင်အဆုံး
ပန်းတစ်ကုံးပဲ”
ရေးပါဦးလား
နောက်ဆုံးတိုက်ပွဲ
ကဗျာပဲလေ။
ဟေမာနေ၀င်းရေ...
ဒိုရာသန်းအေး
လှေကလေးနဲ့ 
ဆွေးပါဦးလား။
နှလုံးသားထဲ
မြားဝင်ထုတ်ချင်း
မြစ်တစ်စင်းဟာ
ရင်တွင်းလှိုင်းရိုက်
ဦးညွှတ်လိုက်ပါရဲ့ ။
ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
မောင်ယဉ်မွန်ကလည်းကြိုမယ်
ဖော်ဝေးကလည်းကြိုမယ်
ဒေါင်းနွယ်ဆွေကလည်းကြိုမယ်
အောင်လင်းကလည်းကြိုမယ်
နိုင်ဝင်းဆွေကလည်းကြိုမယ်
ခင်ဝမ်းကလည်းကြိုမယ်
မောင်ချောနွယ်ကလည်းကြိုမယ်
တင်မိုးကလည်းကြိုမယ်
ကြည်အောင်ကလည်းကြိုမယ်
မောင်ရန်ပိုင်ကလည်းကြိုမယ်
မင်းလူကလည်းကြိုမယ်
မောင်ဝံသကလည်းကြိုမယ်။
ဆရာရေ..
ဆရာနဲ့ ကျနော်တို့ တွေ
ရုပ်မြင်သံကြားတယ်လီဖုန်းကနေ
တွေ့ ကြမယ်လေ။
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထူထားခဲ့ပါတယ်။
ဟံသာဝတီဦးဝင်းတင်အစ
ဒေါ်အောင်ဆန်းစုကြည်အလယ်
မင်းကိုနိုင်အဆုံး
အားလုံးကို အကြောင်းကြားပါရဲ့ ။
အခုအချိန်ကစပြီး
ငြိမ်းချမ်းရေးဟာ
ထွက်ခွာသွားပါပြီ။
“အကောင်းကိုရှာ၏
အကောင်းကားမရှိတော့”
အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့။ ။
(ဒီကဗျာဟာ ဆရာဒဂုန်တာရာ၏ခြေအစုံက မြေမှုန်ငယ်တမျှသာပါ)
အောင်ဝေး
သြဂုတ် ၂၀- ၂၀၁၃
ခေတ္တ- မစ်ရှီဂန်။
(သရုပ်ဖော် - ဂရပ်ဖစ် ကိုမျိုး+)
Saturday, August 13, 2016
သြ ဂု တ် လ ( ၁ ၄ ) ရ က်ေ န့  မ န က် ခ င်း သြ ၀ါ ဒ
"ငှက်သို့လျှင်
ပေါ့ ပါးသော အသက်မွေးမှုကို
ပြုရာ၏"
(ေ မ တ္တ သု တ် )
---------------
ငှက်သို့လျှင်
ချစ်ခြင်းမေတ္တာနှင့်ဥာဏ်ပညာကို
တန်ဖိုးထားရာ၏။
--------------
ချစ်ခြင်းအားဖြင့်ပင်-
ေ အ ာ င္ ေ ၀ း ။
တို င်း ပြု ပြ ည် ပြု အ ရ က် သ မား (နှမငယ်ထွေး၊ ဖြူနှင်းဖွေးသို့)
မောင်သင်းခိုင်ရေးခဲ့ဖူးတဲ့ ၁၉၈၀ ကျော်လောက်က မိုးဝေကဗျာတစ်ပုဒ်ကို ပြန်အမှတ်ရတယ်။ “အရက်မြစ်ထဲ၊ လက်ပစ်ပဲ ကူးနေချင်” အစချီတဲ့ “အရက်ဖြစ်သွားတဲ့နာရီ” ကဗျာ။ အကုန်အစင် မမှတ်မိတော့ပါဘူး။ နောက်ဆုံးစာကြောင်းကိုတော့ မှတ်မိနေတယ်။ “ပုဇွန်တောင်မှာ မော့ဖို့လေ” တဲ့။ ဟုတ်တယ်လေ။ ပုဇွန်တောင်မှာ မောင်လေးအောင် စောင့်နေရော့မယ်လေ။
အောက်ပါမေးခွန်းများကိုဖြေပါ
————————————
နှမငယ်ထွေး၊ ဖြူနှင်းဖွေးရေ။ ညည်း ဖြေကြည့်ပါ။
(၁) မောင်လေးအောင် ကို သိလား။
(၂) ငြိမ်းသစ် ကို သိလား။
(၃) မောင်တင်သစ် ကို သိလား။
သူတို့ အားလုံးဟာ ကဗျာဆရာတွေပါပဲကွယ်။ သူတို့အားလုံးဟာ (ညည်းစွပ်စွဲတိုက်ခိုက်သလို) အရက်သမားတွေပဲပေါ့ ။
မြန်မာကဗျာဆရာ(အများစု)ဟာ အရက်အိုးထဲ ခေါင်းစိုက်နေတဲ့သဘော ညည်း အဝေဖန်စော ခဲ့တယ်။ “ဒါကတော့ ပုလိပ်အမြင်ကိုး ဦးဘချစ်ရဲ့” လို့ ဗိုလ်အောင်ဒင်ပြောသလို ပြောရတော့မယ်။
တို့ အနုပညာမှော်ရုံတောမှာတော့၊ တို့  ကဗျာဆရာတွေကြားမှာတော့၊ စန္ဒရားသံ တလဲ့လဲ့ ကြားမှာ ဖန်ခွက်ချင်းတိုက်သံလည်းကြားရမယ်။ ဖန်ခွက်ခွဲသံ၊ ဖန်ခွက်ကွဲသံ၊ ရန်ဘက်ဆဲသံလည်းကြား ရမယ်။ ကဗျာဆရာမှန်ရင် ဒီအသံတွေ ကြားရစမြဲ။ သူတို့ ဟာ အရက်ကြိုက်တတ်တဲ့ ပုရိသအနွယ်ဝင် သူတော်စင်တွေပါဗျာ။
သူတို့ ဟာ အရက်ကိုးမောင်းသောက်ပြီး၊ ဖိနှိပ်တဲ့ စစ်အစိုးရကို ဖော်လံဖား ဘောမ နေတဲ့ ဖောက်ပြန်ရေးသမားတွေလည်း မဟုတ်ကြပါဘူး။ သူတို့ဟာ အရက်ဇိမ်ခံသောက်ပြီး၊ အဖိနှိပ်ခံပြည်သူ တွေအပေါ် စော်ကားမော်ကားပြုနေကြသူတွေလည်း မဟုတ်ရပါ။ သူတို့ ဟာ တိုင်းပြည်နဲ့လူမျိုး စစ်အာဏာရှင်စနစ်သံဖနောင့်အောက်မှာ ပြားပြားဝပ် ဒုက္ခပင်လယ်ဝေနေတာကို မသိကျိုးကျွန်ပြုနေကြတဲ့ တစ်ကိုယ်ကောင်းအတ္တသမားတွေလည်း လုံးဝ မဟုတ်ကြကြောင်းပါ။
သူတို့ ဟာသူတို့၊ လူပီပီ၊ ပုထုဇဉ်ညီညီ အရက်သေစာကြိုက်ကောင်း ကြိုက်ကြပါလိမ့်မယ်။ အရက်သေရည်သောက်ကောင်း သောက်ကြပါလိမ့်မယ်။ ဒါပေမဲ့၊ သူတို့ဟာ တိုင်းပြည်ဖျက်သူတွေ၊ အမျိုးဖျက်သူတွေတော့ မဟုတ်ရေးချ မဟုတ်ရပါဗျာ။
အရက်ဟာ သူတို့ ဘ၀ရဲ့အပြစ်အနာအဆာလို့ဆိုရင်တောင်၊ သူတို့အပြစ်ကြောင့် ဘယ် အဖိနှိပ်ခံပြည်သူတစ်ဦးတစ်ယောက်မှ မထိခိုက် မနစ်နာခဲ့ကြပါဘူး။ သူတို့ကို အဲဒီအပြစ်အနာအဆာကြောင့်၊ ကမ္ဘာကြီးအပြင်ဘက်ကို မောင်းထုတ်လိုက်ကြမယ်ဆိုရင်၊ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိဖုံးပြီး ကျန် ရစ်ခဲ့တော့မှာ။
ဒါကြောင့် ပြောတာပါ။ ကဗျာဆရာတွေကို ချစ်တဲ့စိတ်နဲ့သာကြည့်ပါ။ သူတို့ ဟာ ဘယ်သူ့ကိုမှ အနာတရဖြစ်အောင် မလုပ်တတ်ကြပါဘူးရယ်။
ဟောဒီကဗျာ ဖတ်ကြည့်
—————————–
အချစ်ဖြင့်စီးဆင်းနေသောနှလုံးအိမ်
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်၊ တေးအလင်္ကာ
ကဗျာတစ်စ၊ သည်အလှလေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်၊ ဟိုအဝေးမှ
နှမရွယ်လူး၊ ငါ့ ချစ်ဦးလေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူလေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်
သေရည်မူးမူး၊ လူမူးမူးလေ
မူးယစ်ခြင်းကို ချစ်တတ်သူ။
မည်သို့ပင်ဖြစ်စေ
အချစ်အားလုံး၊ ငါ့ နှလုံးမှာ
ဖွဲ့ရုံးစုစည်း၊ အားမာန်ကြီးသည်
မပြီးဆုံးတဲ့အချစ်လေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်၊ သွေးသံလှိုင်းကြွ
ငါ့ ရင်ဝမှ၊ အလှရုပ်လွှာ
ငါ ငါ တသနေဆဲပါလား။ ။
မောင်လေးအောင်
(၁၉၇၇ ဇွန်၊ မိုးဝေမဂ္ဂဇင်း)
` ဒါ မောင်လေးအောင် မကွယ်လွန်ခင် နောက်ဆုံးရေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ။ မောင်လေးအောင် ၁၉၇၇ ခုနှစ်၊ မေလ(၁၉)ရက်နေ့ ကွယ်လွန်ပါတယ်။ သူ ၀န်ခံခဲ့ပါတယ်။ “သေရည်မူးမူး၊ လူမူးမူးလေ
မူးယစ်ခြင်းကို ချစ်တတ်သူ” တဲ့။
မောင်လေးအောင်ကို အရက်သမားပဲဆိုပြီး ဘယ်သူပစ်ပယ်ရဲသလဲ။ ခေတ်သစ်မြန်မာကဗျာ
သမိုင်းမှာ မောင်လေးအောင်နာမည် မပါရင် ပြည့်စုံနိုင်မှာတဲ့လား။
နှမငယ်ထွေး၊ ဖြူနှင်းဖွေးရေ၊ ညည်းကိုတော့ အိမ်စာပေးရတော့မယ်။ မောင်လေးအောင်ရဲ့ “ဒီဇင်ဘာ ၂၀” ကိုရှာဖတ်။ မောင်လေးအောင်ရဲ့ “နစ်ကဆင်နဲ့စစ်တုရင်ကစားခြင်း” ကိုရှာဖတ်။ မောင်လေးအောင်ရဲ့ “ချစ်သူတို့ရဲ့အလှဆုံးခေတ်ဦးသို့” ကိုရှာဖတ်။
ခေတ်ကို ကဗျာထဲထည့်ခြင်း
——————————–
သမိုင်းခေတ်အဆက်ဆက်၊ ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှုအဆက်ဆက်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အရေးတော်ပုံအဆက်ဆက်၊ မြန်မာကဗျာဆရာတွေဟာ ခေတ်ကို ကဗျာထဲ သေသေသပ်သပ် ထည့်ခဲ့ကြပါတယ်။
ကဗျာဆရာတွေဟာ ခေတ်ကိုလုပ်နိုင်ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့၊ ကဗျာဆရာတွေက
သူတို့ကဗျာတွေမှာ ခေတ်ကို ရာဇ၀င်မြောက် ထင်ဟပ်နိုင်၊ ထည့်ပြနိုင်သူတွေပါ။
ကဲ … ၊ နှမငယ်ထွေး၊ ဖြူနှင်းဖွေးကို၊ လူဆိုးဗိုလ်ကြီးရွှေရွှေတို့ခေတ်က လူမဆန်တဲ့အဖြစ် အပျက်တစ်ခုပြောပြမယ်။ ညည်းတို့ကြားဖူးကြပါ့ မလား။ မော်လမြိုင်အကျဉ်းထောင်ထဲမှာ ဖြစ်ပျက်ခဲ့
တာလေ။ ဗိုလ်ကြီးဝင်းဗိုလ် တဲ့။ ထောင်ကျနေတဲ့ပြည်သူ့ဘက်သား တစ်ယောက်ပေါ့ ။ ထောင်အာဏာပိုင်တွေနဲ့ ခင်ညွန့်စစ်ထောက်လှမ်းရေးတွေ ၀ိုင်းရိုက်လို့ ထောင်ထဲမှာ အသက်ဆုံးခဲ့ရတယ်။ ဒီအကြောင်း ဘယ်သတင်းစာထဲပါခဲ့လို့လဲ။ ဘယ်ဂျာနယ်ထဲထည့်ခဲ့လို့လဲ။ ဒါပေမဲ့၊ ဒီအကြောင်း အဖိနှိပ်ခံပြည်သူတွေသိသွားကြတယ်။ ကမ္ဘာကြီးတစ်ခုလုံး သိသွားကြတယ်။ ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ(၂၆)ရက်၊ မော်လမြိုင်အကျဉ်းထောင်ထဲက အဖြစ်အပျက်ပေါ့ ။
ဖြူနှင်းဖွေးရေ၊ ညည်းက အရက်သမားတွေပါလို့သတ်မှတ်ထားတဲ့ ကဗျာဆရာတစ်ယောက်က အဲဒီအဖြစ်အပျက်ကို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင် ပြောပြနိုင်ခဲ့တယ်လေ။ သူကိုယ်တိုင် အဲဒီ မော်လမြိုင်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်အဖြစ်နဲ့ဖြတ်သန်းနေခဲ့တဲ့ အချိန်ကပေါ့ ။
တစ္ဆေကြီး
———–
အမှောင်တွေ ခပ်သည်းသည်းထိမှန်နေတဲ့ည
တစိမ့်စိမ့်ယိုကျလာတာကလည်းအမှောင်
အဲဒီအိစိုဝင်းပနေတဲ့အမှောင်ထဲ
မည်းခနဲပျို့တက်လာတဲ့ကြေကွဲမှုဝိသေသ
ဖွဖွညင်ညင်ခိုးဝင်လာခဲ့
ခင်ဗျားလာပါ
ကျနော်မအိပ်ဘဲထိုင်စောင့်နေတာ
ခင်ဗျားအပြုံးကိုပါပဲ။
မီးမောင်းတွေထိုးထားတဲ့ကြားက
ကမ္မဇိတ္ထိတန်ခိုးနဲ့အမိုးစွန်းကိုတွဲခို
ရုတ်ဆို ခင်ဗျားပျောက်သွားပြန်ရော
ကြိုးတိုက်ဘက်ကနေ
အုတ်တံတိုင်းကိုလွှားခနဲကျော်ချ
ဝါဒါတွေလန့်အော်ပြီး ထွက်ပြေးကြရဲ့။
မနေ့ညကလည်း
ဝါဒါတစ်ယောက် လက်ဖက်ရည်အိတ်ဆွဲလာတာကို
ခင်ဗျားလိုက်လုတယ်၊ ပြီးတော့
“လက်ဖက်ရည်သောက်ချင်လို့” တဲ့
ရဲဘော်တွေကိုခင်ဗျားလိုက်ပြောတယ်
တစ္ဆေကြီးရေ
ကျနော်တို့လည်း ခင်ဗျားလိုငတ်နေကြတာပါပဲ။
ခင်ဗျား တရားမှတ်ဖြစ်ရဲ့လား
ကလေးတွေနဲ့တွေ့ပြီးပြီလား
ခင်ဗျားအမေ့ထဘီကော လျှော်ပေးခဲ့သေးလား
ခင်ဗျားကိုအကျဉ်းချထားဆဲလား
ခင်ဗျားကိုယ်တိုင်က ရဲဘော်တွေကိုကာကွယ်စောင့်ရှောက်ဖို့
ရဲဘော်တွေနဲ့လာနေတာလား။
နားပါတော့ဗျာ
ခင်ဗျားပင်ပန်းလှပါပြီ
အကျဉ်းသားအားလုံးလွတ်မြောက်ဖို့လှုံ့ဆော်ရင်း
ခင်ဗျားကိုယ်တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်လာခဲ့ရ
ထောင်ထဲရောက်တော့လည်း
အဓမ္မလိင်တူဆက်ဆံခံရတဲ့
အကျဉ်းကျ ကလေးစစ်သားတွေကိုကာကွယ်စောင့်ရှောက်ရင်း
ထောင်အာဏာပိုင်တွေရဲ့နောက်ပြန်လက်ထိတ်ခတ်
လည်ပင်းနင်းပြီးရိုက်သတ်တာခံရပြန်ရော။
ဒါဟာ မင်းမဲ့စရိုက်
ဒါဟာ ဥပဒေမဲ့ပြုကျင့်မှု
အဘူဂါရိပ်အကျဉ်းထောင်က
ရက်စက်ညှဉ်းပန်းသူ(၇)ယောက်ကိုရုံးတင်ခဲ့တယ်
ခင်ဗျားကိုရိုက်သတ်တဲ့(၂၃)ယောက်
တစ်ယောက်မှရုံးမတင်ခဲ့ဘူး
ကျနော်တို့အားလုံးညံ့ခဲ့ကြတယ်
စာကလေးကို ကျီးထိုးသုတ်တာမြင်ပါလျက်
လှန့်မထုတ်နိုင်တဲ့ဘ၀မျိုးနဲ့
ကျနော်တို့ညံ့ခဲ့ကြတယ်။
တစ္ဆေကြီးရေ
ခင်ဗျားဟာ “ရှင်” မထူးခဲ့ဘူး
ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့ဘူး
ခင်ဗျားဟာ ရန်သူဘက်ကနေ
မိမိဘက်ကို ကူးပြောင်းလာသူ
ဟောဒီနံရံတံတိုင်းတွေပေါ်မှာ
ခင်ဗျားရဲ့ကြီးမြတ်ခမ်းနားမှုကို
ခင်ဗျားကိုယ်တိုင်ကမ္ပည်းထိုးနိုင်ခဲ့
ကောင်းကင်ပေါ်ကကြယ်ပွင့်တွေဟာ
မြေပြင်မှာကျခဲ့ရတဲ့
ခင်ဗျားရဲ့ရွှန်းလက်တဲ့သွေးစက်တွေပေါ့ ။
အဲဒါကို
ပထမဆုံးတွေ့မြင်သူဟာ
ခင်ဗျားကိုယ်တိုင် မဟုတ်နိုင်တော့ဘူး။
တစ္ဆေကြီးရေ
မကြာခင် ကျနော်တို့ပြန်ကြတော့မယ်
ခင်ဗျားက နေကျန်ခဲ့မှာလား။ ။
ငြိမ်းသစ်
(၂၀၀၀)
ဒီကဗျာကို၊ ဒီကဗျာဆရာကသာ ကဗျာလောကထဲ မထည့်ဝင်ခဲ့ရင်၊ ပြည်သူတွေကြားထဲ မစိုက်ထည့်ခဲ့ရင်၊ ဗိုလ်ကြီးဝင်းဗိုလ်လို ပြည်သူ့ဘက်ကရပ်တည်ပြီး၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဘယ်သူတွေက သိနိုင်ကြမှာတဲ့လဲ။
သူတို့ဟာ ထောင်ထွက်တွေ
——————————–
ခေတ်မကောင်းတော့၊ ကဗျာဆရာအတော်များများလည်း ထောင်ထွက်တွေဖြစ်ခဲ့ကြရတယ်။
ပြည်သူ့ဘက်ကရပ်တည်တဲ့၊ တိုးတက်တော်လှန်တဲ့ ကဗျာဆရာအများစုဟာ ထောင်အုတ်ရိုး သေးပန်း နေကြတာပါ။ သူတို့အများစုဟာ သူတို့ရဲ့စာတွေ၊ ကဗျာတွေကြောင့်ရော၊ သူတို့ရဲ့နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုတွေကြောင့်ပါ မင်းမျက်သင့်ကြ၊ မင်းပြစ်မင်းဒဏ်ခံကြရပါတယ်။ ထောင်ထဲရောက်တော့ လည်း သူတို့ဟာ “ထောင်ကျတော့၊ စောင်ရတာပေါ့ ” လို့ ဒုက္ခကို ဟားတိုက်ရယ်မောပစ်နိုင်တဲ့ သူတွေပါ။
အဲဒီအထဲက တစ်ယောက်။ မောင်တင်သစ်။ သူ မြောင်းမြထောင်က ပြန်ခဲ့တယ်။ သူ ၂၀၀၇ မှာ ကဗျာတစ်ပုဒ်ရေးလိုက်တယ်။
ဒီနေ့ဟာ အစဖြစ်တယ်
————————-
ဒီနေ့ဟာ အစဖြစ်တယ်
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ပါတဲ့လေလို
မြို့ကြီးထဲ
ငါတို့ဝင်ရောက်ကြပါစို့။
နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့ အိမ်အမိုးစွန်းကိုဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။
သစ်ပင်တွေဟာ
ရေစိုလို့၊ သူတို့အမွေးအတောင်တွေကိုဖြန့်ပြီး
က နေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်တည်းတီးလိုက်ကြပေါ့ ။
ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။
ငါတို့ဟာ
လေညင်းနဲ့အတူပါလာတဲ့ ပန်းရနံ့တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင်ဓာတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့
အားလုံးဟာ
တည်ကြည်ခံ့ညားကြလို့ပေါ့ ။
မြို့အနှံ့ကခေါင်းလောင်းတွေဟာ
အနှစ်နှစ်အလလ ဆွံ့အနေခဲ့တဲ့သူတို့အသံ
သူတို့ပြန်ရပြီမို့
ဝမ်းသာမဆုံးဖြစ်လို့
(အပြုံးမျက်နှာတွေဟာ
ပြန်ပြီး တည်လို့မရတော့သလိုမျိုး)
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်
အပိုအလိုမရှိဘူး
ရုပ်ရှင်မရိုက်ဘူး
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကိုစောင့်နေကြပြီ။
ကျားတွေဖြတ်ဖို့
တောမှာ
လမ်းခင်းထားရိုး မရှိဘူး။
ချောင်းတွေ့ရင်
ခုန်ကျော်သွားဖို့ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့မယ်။
ဒီနေ့ဟာ အစဖြစ်တယ်
အရာအားလုံး
အစက ပြန်စမယ့် အစဖြစ်တယ်။
ဒီနေ့ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့တွေထဲက တစ်နေ့ဖြစ်တယ်။
ဒီနေ့ဟာ
စစ်ပွဲစတင်တဲ့နေ့မဟုတ်ဘူး
စစ်ပွဲပြီးဆုံးတဲ့နေ့မဟုတ်ဘူး။
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့
မေတ္တာအောင်နိုင်တဲ့နေ့ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ဖြစ်ရဲ့။
ဒီနေ့မှာ
စစ်နိုင်သူမရှိဘူး
စစ်ရှုံးသူမရှိဘူး။
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှ မရေးခဲ့တဲ့ လူတစ်ယောက်နဲ့
ဘာထူးဦးတော့မလဲ။ ။
မောင်တင်သစ်
(၂၀၀၇ ဧပြီ၊ စံပယ်ဖြူမဂ္ဂဇင်း)
၂၀၀၇ စက်တင်ဘာမှာ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တာဆိုတော့၊ ဒီကဗျာဟာ ရွှေဝါရောင်တော်လှန်ရေးကိုများ ကြိုတင် နိမိတ်ဖတ်ခဲ့လေသလား။
လူဆိုးဗိုလ်ကြီးရွှေရွှေတို့လက်အောက်မှာ ဒီကဗျာဟာ သိုသိုသိပ်သိပ်နေခဲ့ရတယ်။ ရွှေဝါရောင်တော်လှန်ရေးကြောင့် စစ်အုပ်စုရဲ့အပြောင်းအလဲတွေမြန်ဆန် လာရတော့တယ်။ လူဆိုးဗိုလ်ကြီးရွှေရွှေနဲ့ အပေါင်းပါတွေ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို မြန်မြန်တက်သုတ်ရိုက် အတည်ပြု၊ ၂၀၁၀ ဂီရိ ရွေးကောက်ပွဲ အမြန်လုပ်ပြီး၊ မြွေအရေခွံလဲခဲ့ကြတယ်။
၂၀၁၀ နိုဝင်ဘာ(၁၃)မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်။ နောက် မကြာခင် ကိုမင်းကိုနိုင်တို့ လွတ်မြောက်လာတယ်။မောင်တင်သစ်ရဲ့ကဗျာ(ဒီနေ့ဟာအစဖြစ်တယ်)ဟာအဲဒီအချိန်မှာ အသက်ဝင် ရုန်းကြွလာခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ၊ ပြည်သူတွေလွတ်မြောက်ဖို့အတွက် လမ်းစဖြစ်တယ်မဟုတ်လား။
မောင်တင်သစ်ရဲ့ဒီကဗျာဟာ ခေတ်သမိုင်းကို ကောင်းကောင်း မော်ကွန်းတင်လိုက်တဲ့ကဗျာပါပဲ။ ဒီကဗျာ ဘယ်သူရေးသလဲ။ ဖြူနှင်းဖွေးရယ်၊ အရက်သမားတွေပါလို့ ညည်းအထင်မြင်သေးနေတဲ့ ကဗျာဆရာထဲက တစ်ယောက် ရေးတာပါလေ။ ထောင်ထွက်တစ်ယောက်က ရေးတာပါလေ။
ယဉ်ကျေးမှုမြှင့် ဂုဏ်ပြုကြစို့
—————————————–
နှမငယ်ထွေး၊ ဖြူနှင်းဖွေးရေ။
ညည်းက ကဗျာဆရာတွေကို အရက်သမားတွေပါလို့ပဲ စွပ်စွဲပုတ်ခတ်တာပါ။ သူတို့တွေဟာနိုင်ငံရေးအကျဉ်းသား၊ စစ်အာရှင်စနစ်ကိုဆန့်ကျင်တဲ့ထောင်ထွက်တွေပါလားလို့တော့၊ ညည်း ဂုဏ်တင်ဖို့ မေ့နေတယ်ထင်ပါရဲ့ကွယ်။
နိုင်ငံရေးအကျဉ်းသား၊ ထောင်ထွက်တွေရဲ့ဘ၀က မလှပ မခံ့ညားပေမဲ့လည်း၊ ယဉ်ကျေးမှုမြှင့်
ပြီး သူတို့ကို ပြည်သူ့သူရဲကောင်းတွေလို့ အသိအမှတ်ပြု၊ ဂုဏ်ပြုထိုက်တယ် မထင်ဘူးလား။
အခုဆိုရင်၊ အဲဒီအရက်သမား၊ အဲဒီထောင်ထွက်၊ အဲဒီကဗျာဆရာတွေဟာ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေလည်း ဖြစ်နေကြပြီလေ။ လွှတ်တော်ထဲမှာ သူတို့ဟာ ဥပဒေပြုနေကြပြီလေ။
ကဗျာဆရာငြိမ်းသစ်(ဦးသောင်းထွန်း)က မန္တလေး မဲဆန္ဒနယ်တစ်ခုက။
ကဗျာဆရာမောင်တင်သစ်(ဦးရည်မွန်)က နေပြည်တော် မဲဆန္ဒနယ်တစ်ခုက။
ဖြူနှင်းဖွေးရေ။
ညည်းပြောတဲ့ အရက်သမားတွေ၊ ဥပဒေပြုတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးထဲမှာ။ သူတို့ဟာ ကဗျာဆရာတွေအဖြစ်နဲ့ ခေတ်ကိုဖြတ်သန်းနေကြဆဲပါ။
ဂုဏ်ပြုပါတယ် ရဲဘော်တို့။ ။
ေ အ ာ င္ ေ ၀ း
(သြဂုတ် ၁၁- ၂၀၁၆) 
Sunday, August 7, 2016
ဖု န်း ဆိုးေ တး
ရှစ်လေးလုံး ဆိုတာ
အဖြစ် အနှေးဆုံး သစ်တစ်ပင်လား။
....................
အခုထိ
အသီး မဆွတ်နိုင်သေး။ ။
ေ အ ာ င္ ေ ၀ း
(၈- ၈- ၁၆)
Photo - Law Eh Soe