Wednesday, August 24, 2016

ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က




ခေတ်ကလည်း မကောင်းဟန်၊ စနစ်ကလည်း ညောင်းပြန်၊ အဖြစ်ကလည်း ဟောင်းတန်သလောက် တော့ ဟောင်းနေပါပြီ။ ဒါပေမဲ့၊ မမေ့နိုင်သေးပါ။

၂၀၀၆ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်။
မန္တလေးမြို့၊ အိုရီယင်တယ်ဟောက်စ်ခန်းမ။
အဲဒီမှာ ကျနော်တို့တွေ နှဲမှုတ်ခဲ့ကြတဲ့ အကြောင်းလေးပါ။

အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်များ ကူညီစောင့်ရှောက်ရေးရန်ပုံငွေ၊ အဖြူရောင် သက်တံကဗျာရွတ်ဆိုပွဲ။

ရန်ကုန်မှာ ကျနော်တို့ ပထမဆုံးပွဲကို ၂၀၀၆၊ မေလ(၆)ရက်၊ ဆရာစံလမ်း၊ မစ္စတာဂစ်တာ ကဖေးမှာ ကျင်းပခဲ့။ ဒီ ပထမဆုံးပွဲမှာ ရန်ပုံငွေ (၆၇)သိန်းကျော် အလှူခံရရှိခဲ့။

ဒီတုန်းက ဒေါက်တာခင်မေစုတို့၊ ဆရာမစုထားတို့၊ ဆရာမသန်းမြင့်အောင်တို့ “သုခရိပ်မြုံ” မှာ လက်ခံပြုစုစောင့်ရှောက်ထားတဲ့ အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေက စုစုပေါင်း (၁၃)ယောက်ပဲရှိသေး။ (ယခု ၁၃၀ မျှမကကျော်ပြီ။ မန္တလေးသုခရိပ်မြုံဆိုတာလည်းတိုးလာသည်)

ဒီတော့၊ မန္တလေးပွဲမှာရွတ်ဖို့ ကျနော်က ကဗျာတစ်ပုဒ် အသေအချာပြင်ဆင်ရေးဖွဲ့ထားလိုက်သည်။ အောက်ပါအတိုင်း။


ကေ လး တ စ် ဒါ ဇ င် နဲ့  တ စ်ေ ယာ က်

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

လူတွေက ဂလိုဘယ်တော့ဆန်ချင်တယ်

ကွန်ဒုံးတော့ မသုံးချင်ဘူး။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

လူတွေက မုန့်လုံးတော့ စက္ကူကပ်ချင်တယ်

ကွန်ဒုံးတော့ မသုံးချင်ဘူး။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

လူတွေက ဂျင်ဆန်းမီနဲ့တော့ လမ်းလျှောက်ချင်တယ်

ကွန်ဒုံးတော့ မသုံးချင်ဘူး။

“Rainbows are multi-colored.

Our performance is not divided by colors,

But all white and pure.

That’s why we called it ‘white rainbow’.” [ * ]


အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

အဲဒီကလေးတွေဟာ

မိဘမေတ္တာ ငတ်နေတဲ့ကလေးတွေပေါ့ ။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

အဲဒီကလေးတွေဟာ

အကြင်နာ ကရုဏာလိုအပ်နေတဲ့ကလေးတွေပေါ့ ။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

အဲဒီကလေးတွေဟာ

အပြစ်မဲ့တဲ့ ဓားစာခံကလေးတွေပေါ့ ။

[ * ]


အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

ကမ္ဘာကြီးက လမ်းပြမြေပုံအတိုင်းသွားဖို့ပြောနေတယ်

ကလေးတွေခမျာ ပန်းတိုင်ပျောက်နေရပြီ။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

ကမ္ဘာကြီးက အေ၊ အိုင်၊ ဒီ၊ အက်စ် တိုက်ဖျက်ရေးဆွေးနွေးနေတယ်

ကလေးတွေခမျာ အိတ်ခ်ျ၊ အိုင်၊ ဗွီ ပိုး ကူးစက်ခံနေရပြီ။

[ * ]

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

သူတို့လေးတွေ ပျော်ရွှင်ချမ်းမြေ့သွားဖို့

ကျနော်တို့ရဲ့ပျော်ရွှင်ခြင်းကို မျှဝေရမယ်။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

သူတို့လေးတွေ အိပ်ရေးမပျက်စေဖို့

ကျနော်တို့ရဲ့ညတွေကို လုံခြုံပေးရမယ်။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်လေ။ ။

(၂၀၀၆)


သို့သော် … ။ မန္တလေးမှာ စစ်ပဒေသရာဇ်ကြီးရဲ့တစ်ချက်လွှတ်အမိန့်နဲ့၊ ပွဲမှာ သီချင်းပဲ ဆိုခွင့်ရ။ ကဗျာရွတ်ဆိုခွင့်မရ၊ လုံးဝ မရခဲ့။

သို့သော် … ။ ကျနော်တို့ ဒီမန္တလေးပွဲမှာ ရန်ပုံငွေ (၁၀၂)သိန်း အလှူခံရအောင်၊ ပွဲကို စီစဉ် တင်ဆက်နိုင်ခဲ့။

မန္တလေးတိုင်း ထွေ/အုပ် က တာဝန်ကြီးကြီးရှိသူကိုယ်တိုင် ခန်းမထဲက ရှေ့ဆုံးခုံတန်းမှာ အကျအနထိုင်ပြီး ပွဲကို လာစောင့်ကြည့်နေသည်။ လာထောက်လှမ်းနေသည်။

ဘယ်ရမလဲ။ သူ့မျက်စိရှေ့မှောက်မှာ ကျနော်တို့ကဗျာတွေ တွင်တွင်ရွတ်ခဲ့ကြသည်။ ကဗျာမြစ်ရေ သွင်သွင်စီးခဲ့လှပြီ။ ကျနော်တို့ကဗျာရွတ်နေတာကို အနှီပုဂ္ဂိုလ်မသိ။

ပွဲအဖွင့်မှာ၊ ဖယောင်းတိုင်မီးထွန်းပါဖောမန့်နှင့်အတူ ဆန်းထွဋ်နှင့်ချောအိသိမ်းတို့၊ ဇော်သက်ထွေး ရေးပေးထားတဲ့ကဗျာကိုရွတ်ပြီး စင်ပေါ်တက်လာသည်။ သီချင်းပဲ ဆိုခွင့်ပြုထားတဲ့စင်ပေါ်မှာ၊ လူတိုင်းက ကဗျာတွေ တက်တက်ရွတ်နေကြသည်။

အခမ်းအနားမှူး (မ)တင်မိုးလွင်ကအစ၊ မန္တလေးကပွဲစီစဉ်သူတွေအလယ်၊ ရန်ကုန်ကလိုက်လာကြတဲ့ သျှီ၊ သင်ဇာဝင့်ကျော်၊ ငွေစင်သွန်း စတဲ့ကလေးတွေအဆုံး၊ အားလုံးဟာ ကဗျာဖြစ်နေကြတော့သည်။

တင်မိုးလွင်ဖိတ်ခေါ်လိုက်တော့ ကိုစောဝေ စင်ပေါ်တက်လာသည်။ သူက ဘာကဗျာမှ မရွတ်ပါ။ သူ့ကိုယ်လုံး၀၀ကြီးကိုယ်နှိုက်က ကဗျာတုံးကဗျာခဲကြီးဖြစ်လို့နေသည်။

ပွဲပြီးခါနီးလာတော့၊ ကဗျာဆရာတွေ စင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ကျနော်က ကျနော်၏ ကလေးတစ်ဒါဇင်နဲ့တစ်ယောက်ကဗျာထဲက-

“Rainbows are multi-colored.

Our performance is not divided by colors,

But all white and pure.

That’s why we called it ‘white rainbow’.”

အင်္ဂလိပ်စာပိုဒ်ကို အကျယ်လောင်ဆုံး အော်ဟစ်ရွတ်ဆိုပစ်လိုက်သည်။

ပွဲပြီးတော့၊ ကျနော်တို့အားလုံး စုပေါင်းဓာတ်ပုံရိုက် အောင်ပွဲခံကြသည်။ ပွဲပြီးပြီးချင်း၊ မန္တလေးတိုင်း စစ်ပဒေသရာဇ်ကြီးရဲ့အထူးစောင့်ကြည့် ထွေ/အုပ်ပုဂ္ဂိုလ်ခမျာ မျက်စိမျက်နှာပျက်ပျက် နှင့် ထိုင်ရာက ထပြန်သွားတာတွေ့လိုက်ရသည်။

ကျနော်တို့ ပွဲတစ်လျှောက်လုံး နှဲမြိုင်မြိုင်မှုတ်နေတာကို ဘာမှန်းမသိထိုင်ကြည့်ရင်း၊ ပွဲပြီးတော့မှ ထိုပုဂ္ဂိုလ် သတိထားမိသွားပုံရပါသည်။

ဟုတ်တယ်လေ။ သူတို့က ဒီအခန်းထဲမှာ တယောမထိုးရလို့ တားမြစ်အမိန့်ထုတ်ထားတယ်။

ကျနော်တို့ကလည်း သူတို့တားမြစ်ထားသလို တယောမထိုးပါဘူး။ ဒါပေမဲ့၊ ကျနော်တို့အားလုံး နှဲတွေ
ပြိုင်တူ မှုတ်ခဲ့ကြတယ်။ အားရစရာပါပဲ။ ကြည်နူးစရာပါပဲ။ လွမ်းလွမ်းနဲ့မှုတ်လိုက်ကြတဲ့ နှဲသံတွေကလည်း ချောလိုက်ပါဘိသနဲ့။

“နှဲချောတော့ တယော” လို့ ဆိုကြတယ် မဟုတ်လား။

ဟုတ်ကဲ့ပါ။ တယော မထိုးရ ဆိုတဲ့ မန္တလေးမှာ ကိုရွှေအောင်ဝေးတို့လူသိုက် နှဲမှုတ်ခဲ့ကြတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်လေးပါ။

အားလုံးကို လွမ်းပါတယ်။ ။

ေ အ ာ င္ ေ ၀ း
သြဂုတ် ၂၃- ၂၀၁၆။

Related Posts:

  • စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းဟာ 'ခေတ်စမ်း'ကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။ ပထမဆုံး ခေတ်စမ်း… Read More
  • စက်တင်ဘာ ပတ်ပျိုးခြေဆင်း ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့် ကြံ့ကြံ့မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရတာလဲ ဆိုသည့် မေးခွန်းမှာ ကျနော်လွတ်… Read More
  • ခေတ်ပေါ်ကဗျာလမ်းကြောင်း{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }‘ကနေ့ ခေတ်ပေါ်ကဗျာဟာ ဘယ်လမ်းကြောင်းကို သွားနေသလဲ၊ ဘယ်လို သွားနေသလဲ၊ တစ်ဦးချင်း သွားနေကြသလား၊ တစ်စုတစ်ဝေးနဲ့ သွားနြေ… Read More
  • ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ် အမှာစာ စာရေးသူအမှာယခုစာအုပ်မှာ ကျွန်တော်ရေးသားခဲ့သော စာပေနှင့်အနုပညာဆိုင်ရာ ဆောင်းပါးများထဲမှ ကဗျာအကြောင်း၊ တစ်နည်း ခေတ်ပေါ်ကဗျာ သို့မဟုတ် ကဗျာသစ်အကြောင်း လေ… Read More
  • the death of a poet ကဗျာဆရာကွယ်လွန်ခြင်း အောင်ဝေး ဇန်န၀ါရီ ၂၊ ၂၀၀၉ ကဗျာဆရာသည် ကွယ်လွန်လေ၏။ လူသည် သေ၏။ ကြယ်သည် ကြွေ၏။ ငှက်သည် ပျံရင်း သေသည် မဟုတ်ပါလား။ သေခြင်းသည် ဘဝအ… Read More

0 comments: