Sunday, January 1, 2017

သ တ် ပုံ ကို မှ န်ေ အာ င်ေ ရး ကြ


အခုအချိန်ဟာ
တိုင်းပြည်တည်ထောင်စအချိန်လား
တိုင်းပြည်ပျက်တဲ့ အချိန်လား။

သတ်ပုံကိုမှန်အောင်ရေးကြ။
အခုကာလဟာ
ငြိမ်းချမ်းနေတဲ့ကာလလား
စစ်ပွဲတွေဖြစ်နေတဲ့ကာလလား။

သတ်ပုံကိုမှန်အောင်ရေးကြ။
ဒီနေ့အခြေအနေဟာ
ပန်းပေါင်းတစ်ရာပွင့်တဲ့ အခြေအနေလား
ပန်းခင်းကိုမြင်းစီးပြီးတက်နင်းတဲ့အခြေအနေလား။

သတ်ပုံကိုမှန်အောင်ရေးကြ။
ဒီနေ့အနေအထားဟာ
လရောင်အောက်မှာ မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့အနေအထားလား
ရွက်သင်္ဘောတစ်ထောင်ရေချ အလှတရားကိုစစ်ခင်းယူနေတဲ့အနေအထားလား။

သတ်ပုံကိုမှန်အောင်ရေးကြ။
ကျနော်ငယ်ငယ် ခုနစ်တန်းကျောင်းသားဘဝ
(ပုသိမ်မှာ)
စင်ပေါ်တက် ကြိုးဝိုင်းထဲ လက်ဝှေ့ဝင်ထိုးတော့
နည်းပြဆရာက ကျနော့်ကို
"မင်း သတ်ပုံကောင်းတယ်"
"မင်း သတ်ပုံကောင်းတယ်" လို့
အခါခါ ချီးကျူး
ကျနော် မော်ဖူးတယ်။
ဒီတုန်းမှာ
ဘားမားအုန်းရွှေ
လက်ဝှေ့ထိုးရင်း ကြိုးဝိုင်းထဲ
ဦးနှောက်သွေးကြောပြတ် သေသွားတော့
အဖေက ကျနော့်ကို
လက်ဝှေ့ထိုးခွင့်မပြုတော့ပါဘူး။

ကျနော်သတ်ပုံကောင်းတာ
အဖေ မသိပါဘူး။
ကျနော့်နည်းပြက အဖေ့ကို
"ဒီကောင် သတ်ပုံကောင်းတယ်" လို့ ထောက်ခံလည်း
အဖေ လက်မခံတော့ပါဘူး။
အဲဒီကစပြီး
ကျနော်သတ်ပုံကောင်းတာ
တခြားလူတွေ မမြင်ရတော့ပါဘူး။

ကြိုးဝိုင်းနဲ့ဝေးသွားတော့
ကျနော်လည်း သတ်ပုံတွေမေ့လာပါတယ်။

အချိန်ကြာတာနဲ့အမျှ
သတ်ပုံတွေလည်း ညံ့သွားပါတယ်။

ကျနော် ရှစ်တန်း
အချစ်စမ်းပြီ။

ကိုးတန်း ဆယ်တန်း
လွမ်းမိုးသန်းပေါ့။

ထွန်းထွန်းဝင်းက
ခင်သီတာထွန်းကို ချစ်တယ်
ခင်သီတာထွန်းက ထွန်းထွန်းဝင်းကို ပြန်မချစ်ပါဘူး။

ကျနော် အသည်းကွဲ
ဇီးဘိန်ဟိုတယ်အပေါ်ထပ်လှေကားက လိမ့်ကျ။

ချစ်သူစွန့်ပစ်
လှေကားထစ်မှာ
သုံးနှစ်သုံးမိုး။

ဒီလိုနဲ့ ဆယ်တန်းအောင်
ပုသိမ်ကောလိပ်ရောက်တော့
ကျနော် ကြိုးဝိုင်းထဲပြန်ရောက်သွားတယ်။

ဒီတစ်ခါတက်တဲ့ကြိုးဝိုင်းက
နိုင်ငံရေးကြိုးဝိုင်း။

မ ဆ လ စစ်အာဏာရှင်စနစ်နဲ့ထိုးရတဲ့
ကမ္ဘာမကြေကြိုးဝိုင်းပေါ့။

ဘိုင်းခနဲ
မှိုင်းရာပြည့်ပွဲမှာ
ကျနော် ထောင်ထဲ မှောက်သွားတယ်။

ထောင်ထဲမှာလည်း
ကြိုးဝိုင်းတွေအပြည့်
(ကြိုးတိုက်ထဲနေရတာကိုး)
ကျနော်လက်ရည်ပြန်တက်လာတယ်
သတ်ပုံတွေကောင်းလာတယ်။

ထောင်ကလွတ်တော့
ကျနော် ကဗျာဆရာဖြစ်လာ
သတ်ပုံတွေလည်းပိုကောင်းလာ။

ဒီတစ်ခါ ကျနော့်နည်းပြက
စစ်အာဏာရှင်စနစ်ကိုယ်တိုင်ပဲ
ဒဂုန်တာရာပြောတဲ့ မုဆိုးစိုင်သင်ပဲ။

ကျနော့်ကဗျာတွေ ခိုင်မာလာတဲ့တစ်နေ့
ကြိုးဝိုင်းပေါ်တက် စိန်ခေါ်ပစ်တယ်
၁ ၉ ၈ ၈ ။
၁ ၉ ၈ ၈
ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က
ငါတို့ပရိသတ်ပဲ။
(အခုတော့ ငါတို့က သူ့ပရိသတ်ဖြစ်သွားပြီ)
ရှစ်ဆယ့်ရှစ်မှာ
ဦးနေ၀င်းက တိုင်းပြည်ကို
အရေးကြီးတဲ့မိန့်ခွန်းတစ်ခုပြောတယ်။

တစ်တိုင်းတစ်ပြည်လုံးငတ်နေတဲ့အချိန်
ဦးနေ၀င်းက
အရေးကြီးတဲ့မိန့်ခွန်းကိုပြောတယ်။

............................
" သ တ် ပုံ ကို မှ န်ေ အာ င်ေ ရး ကြ " တဲ့။
.....................................
အရေးကြီးတဲ့မိန့်ခွန်းက ဦးနေဝင်းကိုပြောတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။

တယောက နီရိုးဘုရင်ကို ထိုးတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။

နီရိုးဘုရင်က ဦးနေဝင်းကိုထိုးတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။

ကျနော်သတ်ပုံကောင်းတာ
ဦးနေဝင်း သိမသွားရှာပါဘူး။

ဦးနေဝင်းအသုဘမှာလည်း
ကျနော် ခဲမပေါက်လိုက်ရပါဘူး။

ကျနော့်အဖေကတော့
သူမသေခင်
ကျနော် သတ်ပုံကောင်းမှန်း သိသွားခဲ့ပါတယ်။

သတ်ပုံကောင်းလွန်းတော့
ခွပ်ဒေါင်းအလံ ရွှေဝါရောင်စွန်းပြီး
ကျနော်လည်း ညောင်းရ ယွန်းရတော့တာပေါ့။

ဦးနေ၀င်းကို ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ ယူနီယံကိုလည်း
ကျနော်တို့ပြန်မဆောက်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်ဆောက်မယ်လို့ပြောထားတယ်)

ဦးသန်းရွှေကိုလည်း ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ ရန်ကုန်မြို့ကြီးကိုလည်း
ကျနော်တို့ ပြန်မပြုပြင်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ မဖြစ်မနေပြန်ပြင်မှာပါ)

ဦးသိန်းစိန်ကြီးကိုလည်း ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ပြည်ထောင်စုကိုလည်း
ကျနော်တို့ ပြန်မထူထောင်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်ထူထောင်ဖို့လုပ်နေပါတယ်)

သူပုန်မွေးပြီး တိုင်းပြည်အုပ်ချုပ်သွားတဲ့ဦးနေ၀င်းကို
ကျနော်ခွင့်မလွှတ်ပါဘူး။
ဦးသန်းရွှေတို့၊ ဦးသိန်းစိန်တို့ ဆက်မွေးခဲ့တဲ့ပြည်တွင်းစစ်ကိုလည်း
ကျနော် မချစ်ပါဘူး။

မိတ်ဆွေ-
ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေးကိုမှ မယုံကြည်ရင်
ခင်ဗျား ဘာကိုယုံကြည်မှာလဲ။

မိတ်ဆွေ-
ငြိမ်းချမ်းရေးကိုချစ်ရင်
စစ်ကိုဆန့်ကျင်ရမယ်။

အပြစ်မဲ့တဲ့ပြည်သူတွေအတွက်
အပြစ်ရှိတဲ့စစ်ပွဲတွေရပ်။

အနာဂတ်ရှိတဲ့နိုင်ငံတော်အတွက်
အနာဂတ်မဲ့တဲ့စစ်ပွဲတွေရပ်။

တရားတဲ့မျှော်လင့်ချက်တွေအတွက်
မတရားတဲ့စစ်ပွဲတွေရပ်။

ပြည်တွင်းဖြစ်စစ်ပွဲတွေ ချက်ချင်းရပ်
ပြည်တွင်းဖြစ်အမုန်းတရားတွေ ချက်ချင်းရပ်
ပြည်တွင်းဖြစ်သံသယတွေ ချက်ချင်းရပ်။

ပြည်တွင်းစစ်ကို ချစ်နေတဲ့သူတွေ
စစ်ဘေးသင့်လို့ မသေကြပါစေနဲ့။

ပြည်တွင်းစစ်ကို ပစ်ထောက်ခံနေတဲ့သူတွေ
စစ်ဒဏ်သင့်လို့ မသေကြပါစေနဲ့။

ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေး
အောင်မြင်ပါစေ။

ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေး
အဓွန့်ရှည်ပါစေ။

စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်
သေနတ်ပြောင်းက ပန်းများပွင့်စေ။

စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်
ကတုတ်ကျင်းက ပန်းနံ့သင်းစေ။

ဒီနေ့ဒီအချိန်က
ဒေါ်အောင်ဆန်းစုကြည်ကို "ချ စ်" ရမှာလား
ဒေါ်အောင်ဆန်းစုကြည်ကို "ပ စ်" ရမှာလား။
သတ်ပုံကို မှန်အောင်ရေးကြ။ ။

(၂၀၁၇ သို့ ....)
ေ အ ာ င္ ေ ၀ း
၁၂- ၂၇- ၁၆
ခေတ္တ- မစ်ရှီဂန်
အမေရိကန်ပြည်ထောင်စု။ 

Related Posts:

  • ဒုတိယ လွတ်လပ်ရေးတိုက်ပွဲသားရေလွတ်လပ်မှုဆိုတာလိုအပ်မှုကို သဘောပေါက် နားလည်ခြင်းပဲ။ဒီနေ့ဖေဖေတို့ ဘာလိုအပ်နေသလဲ။၁၉၄၈ပထမ စစီးခဲ့တဲ့မြစ်၁၉၆၂ မှာ ရေတိမ်နစ်ခဲ့ရတယ် …။၁၉၈၈သားတို့ခေတ်ရဲ… Read More
  • Twelve Lines to Our Leader1.Heroine behind bars2.“Aung San Suu Kyi”, she – the red star.3.Red star over Irrawaddy4.“Aung San Suu Kyi”, she – the tragedy.5.Tragedy in the dark6.… Read More
  • Escaped from State TerrorismAfter the violence,I make my way into non-violence.After the crack-down,I am on my way to liberated area now.In the recent old darkness,I hid my soul … Read More
  • စုစုနွေး ဖတ်ဖို့ ကဗျာရှည်တပုဒ်လေဆန်မှာ မြားတန်းလန်းနဲ့ပျံသန်းရဲတဲ့ ငှက်သာမနက်ဖြန်အတွက် ဖြစ်တယ်။ညီမလေးငါတို့ကတော့တနှစ်အတွင်း အနိုင်တိုက်ရေးအာဏာသိမ်းပိုက်ရေးပဲ ညီမလေး။ဒီညငါ သတိရနေတယ်… Read More
  • နောက်ဆုံးပေါ် ရောဂါဒီရောဂါဟာကုရာနတ္ထိ ဆေးမရှိ။ဒီရောဂါဟာမြန်မာပြည်ကလွဲလို့ကမ္ဘာမှာ မရှိသေးဘူး။ဒီရောဂါဟာလွှတ်ထားရင်ကမ်းကုန်အောင် ရက်စက်တယ်။ဒါပေမယ့်ဒီရောဂါမှာလူတွေကို ကြောက်တဲ… Read More

0 comments: