Monday, December 6, 2010

Letters from Michigan - 40

မစ်ရှီဂန်မှပေးသောစာ အမှတ် - ၄၀
အောင်ဝေး
ဒီဇင်ဘာ ၇၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ အရင်တစ်ပတ်က မျိုးဆက်သစ်တွေအကြောင်း၊ လူငယ်တွေအကြောင်း ကျနော်ပြောခဲ့တယ်။ တစ်ဆက်တည်း ဒီနေ့ခေတ် လူငယ်တွေရဲ့ ခေတ်ပြိုင်ဖြတ်သန်းမှု ပုံရိပ်တွေကိုလည်း ကျနော်မြင်ယောင်လာတယ်။

ကိုဒေါင်းကြီး၊ ခင်ဗျားလည်း ဆရာမင်းကျော်ရဲ့”ငါတို့ခေတ်နှင့်အပြိုင်”၀တ္ထုကြီးကို သတိရဦးမှာပေါ့။ အခု ကျနော်တို့မျက်မှောက်မှာ လူငယ်တွေဟာ ဇွဲနဲ့မာန်နဲ့၊ မကြောက်တရာ စွမ်းအား သတ္တိနဲ့ ခေတ်ကို ပြိုင်ပြီး၊ ရင်ဆိုင်ပြီး ရဲရဲရင့်ရင့်ဖြတ်သန်းနေကြတယ်။

အဲဒီလို ခေတ်ပြိုင်ဖြတ်သန်းနေကြတဲ့ လူငယ်တွေရဲ့ ထူးခြားဝိသေသဖြစ်တဲ့ အချက်၂ချက်ကို ကျနော် သတိပြုမိလာပါတယ်။ တစ်နည်းအားဖြင့် လူငယ်တွေ ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ စိန်ခေါ်မှုကြီး၂ရပ်ပဲ ဆိုပါတော့။

ကိုဒေါင်းကြီး၊ ဒီနေ့ခေတ်ကိုပညာခေတ်လို့ ဆိုကြတယ် မဟုတ်လား။ Knowledge is Power လို့ ဆိုကြတဲ့ခေတ် မဟုတ်လား။ အဲဒီပညာခေတ်ကြီးက လူငယ်တွေကိုစိန်ခေါ်နေတယ်။

လူငယ်တွေဟာ ပညာခေတ်ကြီးကို အမီလိုက်နိုင်ဖို့ ကြိုးစားလာရတယ်။ လူငယ်တွေဟာ ပညာခေတ်ကြီးနဲ့ ရင်ပေါင်တန်းနိုင်ဖို့ အားထုတ်လာရတယ်။ ဒီတော့ ခေတ်ရဲ့တောင်းဆိုမှုအရ၊ ခေတ်ပြိုင်ရဲ့ လိုအပ်ချက်အရကိုပဲ လူငယ်တွေဟာ တိုးတက်တဲ့ပညာတတ်တွေ ဖြစ်လာကြတယ်။

နောက်တစ်ချက်က၊ ဒုတိယ စိန်ခေါ်မှုကြီးက၊ တစ်ပြိုင်နက်တည်းမှာပဲ စစ်အာဏာရှင် ကြီးစိုးတဲ့ ခေတ်ကြီးကပါ လူငယ်တွေကို အကြီးအကျယ် စိန်ခေါ်နေပြန်တယ်။ လူငယ်တွေဟာ အမှန်တရားမြတ်နိုးတယ်။ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ လူငယ်တွေရဲ့ကောင်းမြတ်တဲ့ အနာဂတ်ကို၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ရှိတဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကပဲ ကောင်းကောင်း အာမခံချက်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။

အထူးသဖြင့်၊ ကျောင်းသားလူငယ်တွေဟာ ဖက်ဆစ်သံဖနောင့်အောက်က မလွတ်လပ်တဲ့ ဘ၀ကို နိဂုံးချုပ်ချင်ကြပြီ။ လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို မလိုချင်ဘူး။ စစ်အာဏာရှင် စနစ်အောက်က ပြည်သူတွေ လွတ်မြောက်ဖို့ ခေတ်အဆက်ဆက် ကျောင်းသားလူငယ်တွေဟာ မမှိတ်မသုန် ရုန်းကန် လှုပ်ရှားခဲ့ကြတယ်။

စစ်အာဏာရှင်ကြီးစိုးတဲ့ ခေတ်ကြီးကလည်း လူငယ်တွေကို စိန်ခေါ်နေတယ်။ လူငယ်တွေကလည်း အဲဒီစစ်အာဏာရှင်စနစ်ကြီးကို အပြီးအပြတ် မြေမြှုပ်ပစ်ချင်တယ်။ ဒီတော့ ပညာခေတ်ကြီးကို အမှီလိုက်နေတဲ့ လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကြီးကို ဆန့်ကျင် ဖြုတ်ချပစ်မယ့် ခေတ်ပြိုင်အင်အားစုတွေ ဖြစ်လာတာပါပဲ ကိုဒေါင်း။

နယ်ချဲ့နဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လူငယ်တွေဟာလည်း ဒီအတိုင်းပါပဲ။ တက္ကသိုလ်ကျောင်းသား သမဂ္ဂ လူငယ်၊ တို့ဗမာအစည်းအရုံးလူငယ်၊ ရဲဘော်သုံးကျိပ်လူငယ်၊ ဘီအိုင်အေလူငယ်၊ ပြောက်ကျားစစ် လူငယ်၊ ဖဆပလလူငယ် စသည်ဖြင့်သူတို့ဟာလည်း သူတို့ခေတ်ပြိုင်ကို ဖြတ်သန်းခဲ့ကြတဲ့ လူငယ်တွေပါပဲ။

များများ မကြည့်ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်ဗဟိန်းတို့ကို ကြည့်ပါ။ ဗိုလ်ချုပ်တို့၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းတို့ ကျဆုံးတဲ့အချိန်မှာ အသက်၃၀ကျော်တွေပဲ ရှိကြသေးတဲ့ လူငယ်တွေပါ။ တကယ်တော့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ဆိုတာ၊ လူငယ်တွေရဲ့တိုက်ပွဲလို့တောင် ဆိုနိုင်တာပါ။

ဟုတ်ပြီ ကိုဒေါင်း။ လူငယ် ဆိုပေမဲ့၊ လူငယ်တိုင်းတော့ တိုးတက်တဲ့ ဒီမိုကရေစီအင်အားစု
ဘက်မှာ မရှိဘူး ဆိုတာတော့ ကျနော်တို့ သတိပြုရမယ်။ ကျနော်တို့ ကျောင်းသားဘ၀တုန်းက လမ်းစဉ်လူငယ် ဆိုတာ ရှိခဲ့တယ် မဟုတ်လား။ ကျောင်းသားထုကြီး တစ်ရပ်လုံးက၊ မဆလ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အချိန်မှာ၊ အဲဒီလမ်းစဉ်လူငယ် ဆိုတဲ့ကျောင်းသားတချို့က မဆလဘက်က ရပ်တည် ကာကွယ်ပေးခဲ့ကြတာပါ။ နောက်ဆုံးတော့ အဲဒီလမ်းစဉ်လူငယ်တွေလည်း မဆလအစိုးရနဲ့အတူ ပြိုလဲ ပျက်စီးသွားရတာပါပဲ။

မဆလခေတ်ကြီးကို ဖြိုလှဲဖျက်ဆီးပစ်ခဲ့တဲ့ လူငယ်မျိုးဆက်ဟာ၊ ဆက်လက်ပြီး န၀တ- နအဖခေတ်ကြီးကိုပါ ဖြိုလှဲဖျက်ဆီးပစ်ဖို့ ကြိုးစားနေကြတာပါ။ ဒီနေ့လူငယ်တွေရဲ့ တိုက်ပွဲဟာ ကြမ်းတမ်း ခက်ထန်လှပါတယ်။ စစ်အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲစဉ်ကြီးထဲမှာ လူငယ်တွေဟာ အသက်ပေါင်းများစွာ စတေးခဲ့ကြရတယ်။ ပေးဆပ်မှု အင်မတန်များတဲ့ တိုက်ပွဲပါ။ လူငယ်တွေ အမြောက်အမြား အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင်ခံနေရတယ်။ စွန့်လွှတ် အနစ်နာခံမှုတွေ ပြည့်နှက်နေတဲ့တိုက်ပွဲပါ။

ဒီနေ့လူငယ်တွေဟာ ၊ တိုင်းပြည်က ငါတို့အတွက်။ အကောင်းဆုံး ဘာလုပ်ပေးနိုင်သလဲလို့ မမေးကြ၊ မစဉ်းစားကြပါဘူး။ ဒီလူငယ်တွေဟာ ၊ ငါတို့ကသာ၊ တိုင်းပြည်အတွက်၊ အကောင်းဆုံး ဘာလုပ်ပေးနိုင်မလဲလို့ပဲ မေးကြ၊ စဉ်းစားကြတဲ့ လူငယ်တွေပါ။

ကိုဒေါင်းကြီး၊ ကျနော်တို့ တိုင်းပြည်ရဲ့လက်ငင်း အခြေအနေအရ၊ နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲလေပြင်းမုန်တိုင်းထဲမှာ လဲတဲ့သစ်ပင်တွေလည်း လဲကုန်ကြပြီ။ ပြိုတဲ့သစ်ပင်တွေလည်း ပြိုကုန်ကြပြီ။ မလဲမပြိုဘဲ ကျန်ရစ်တဲ့ သစ်ပင်တွေကတော့ စစ်မှန်တဲ့ မျိုးဆက်သစ်လူငယ်တွေပါပဲ။ သူတို့ဟာ မုန်တိုင်းရဲ့ဒဏ်ကို ညွှတ်ကွေးပြီး ကြံ့ကြံ့ခံနိုင်တဲ့၊ မုန်တိုင်းကို အန်တုရင်ဆိုင်ရင်း မတ်မတ် ပြန်ထူထောင်နိုင်တဲ့ မိုးမခပင်တွေနဲ့ တူပါတယ်။

ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူငယ်တွေအပေါ်မှာ-
“အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အနာဂတ်ကို တက်လှမ်းပြီး၊ တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့်မားမားနဲ့ စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်တာ ကျမမြင်တွေ့လိုပါတယ်” လို့ နဂိုကတည်းက မျှော်လင့်ချက်ရှိထားတာပါ။

ကိုဒေါင်းကြီး၊ ခေတ်ကတောင်းဆိုလာပြီဆိုလေတော့၊ ခင်ဗျားတို့၊ ကျနော်တို့လည်း ပြန်ငယ်ကြဖို့ မလိုပေဘူးလားဗျာ။
အားလုံးကို သတိရလျက်-

အောင်ဝေး
အောက်တိုဘာ ၂၂ - ၂၀၁၀။

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

Thursday, December 2, 2010

Letters from Michigan - 39

မစ်ရှီဂန်မှပေးသောစာ - ၃၉
အောင်ဝေး
ဒီဇင်ဘာ ၂၊ ၂၀၁၀
မျိုးဆက်သစ် လူငယ်များ -
ကျော်ကိုကို၊ ဟန်နီဦး၊ စည်သူမောင်
ဒီငြိမ်းလင်း၊ နန့်ဇိုရာဖန်း၊ ဝေနှင်းပွင့်သုန်

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါရဲ့နော်။ ဒီတစ်ခါတော့ ကျနော်တို့ လူငယ်ဘ၀က အကြောင်းတွေနဲ့ ဒီကနေ့ လူငယ်တွေ အကြောင်း စဉ်းစား တွေးတောမိတာလေး တချို့ ခင်ဗျားကို ပြောကြည့်ချင်လာတယ်။

တစ်ခါတုန်းကတော့ ကျနော်တို့လည်း ငယ်ခဲ့ကြဖူးတာကိုး ကိုဒေါင်းရဲ့။ သမိုင်းရဲ့ သံကြိုးကွင်းဆက် သဘောတရားနဲ့ ပြောရရင်၊ အခုလက်ရှိ ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့ ၂၀၀၇ ရွှေဝါရောင် ဗကသ မျိုးဆက် မတိုင်ခင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ရှစ်ဆယ့်ရှစ်-ရှစ်လေးလုံး အရေးတော်ပုံ ကျောင်း သားမျိုးဆက်၊ အဲဒီ မတိုင်ခင်က ၁၉၇၄-၇၅-၇၆ အလုပ်သမား၊ ဦးသန့်၊ ရွှေတိဂုံ၊ မိုင်းရာပြည့် စတဲ့ အရေးအခင်းတွေဆီက ကျနော်တို့ မျိုးဆက်၊ ကျနော်တို့ မတိုင်ခင်က ၁၉၆၂ ဆဲဗင်းဂျူလိုင် မျိုးဆက်၊ စတဲ့-စတဲ့ မျိုးဆက် ရေစီးကြောင်းကြီးကို ထင်ထင်ရှားရှား တွေ့ရလိမ့်မယ် ကိုဒေါင်း။

၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နောက်ပိုင်း ၇၀ ခုနှစ်တွေမှာ တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ မျိုးဆက်ခေတ်ဟာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွေ တင်းကျမ်းပြည့်၊ လှိုင်းထန် လှုပ်ရှားခဲ့တာ လူတိုင်းအသိပါ။ ဒီမျိုးဆက်ဟာ သမိုင်းမှာ အထိအနာဆုံး မျိုးဆက်ဖြစ်ခဲ့တယ်လို့လည်း ဆိုကြတယ် မဟုတ်လား။ ဒီမျိုးဆက်ခေတ်မှာ ကျောင်းသားတွေအမြောက်အမြား ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ ကျောင်းသားတွေ အများအပြား အကျဉ်းထောင်တွေထဲကို ရောက်ခဲ့ကြရတယ်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်။

အခု NLD က ခွဲထွက်ပြီး သီးခြားပါတီထောင် ရပ်တည်နေတဲ့ ကိုကြည်ဝင်း-ဦးကြည်ဝင်း ဆိုရင် ကျနော်တို့ မျိုးဆက်ထဲကပါ။ ကိုကြည်ဝင်းဟာ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်းမှာ ဦးဆောင်ခဲ့တဲ့ ထိပ်တန်း ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါ။ ဆိုပါတော့၊ အဲဒီ ဦးသန့် အရေးအခင်းတုန်းက ကိုကြည်ဝင်းနဲ့ အတူပဲ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ခဲ့ကြတဲ့ ကိုမောင်မောင်တိတ်- ကိုတိတ်ကြီး ဆိုရင် အခု လွတ်မြောက်နယ်မြေက ABSDF ကျောင်းသား တပ်မတော်မှာ ရှိနေတယ်။ ကိုစောလှငွေ ဆိုရင် အခု ဗိုလ်မှူးကြီးစောလှငွေ အဖြစ်နဲ့ KNU ကရင် အမျိုးသား အစည်းအရုံးမှာ အတွင်းရေးမှူး ဖြစ်နေတယ်။

၁၉၈၈ - ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်က အဲဒီ ၇၄-၇၅-၇၆ ထောင်ထွက် ကျောင်းသား ခေါင်းဆောင်တွေဟာ မဆလ အစိုးရ ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှု UG အလုပ်တွေ ဆက်လုပ်ခဲ့ကြတယ်။ UG ပေါက်လို့ ပြန်အဖမ်းခံရတဲ့ သူတွေလည်း အဖမ်းခံရတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာတဲ့ အခါ အဲဒီ ၇၄-၇၅-၇၆ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေဟာ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်လာကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ကို အနီးကပ် ၀ိုင်းရံပေးခဲ့ကြတယ်။

ဆိုပါတော့၊ ၁၉၈၈ခုနှစ်၊ သြဂုတ်လ၂၇ရက်၊ ရန်ကုန်တက္ကသိုလ်၊ ဆဲဗင်းဂျူလိုင်ရင်ပြင်မှာ ကျင်းပတဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ပြန်လည် ဖွဲ့စည်းတဲ့ အခမ်းအနားမှာ မိန့်ခွန်းပြောသူ တစ်ဦးကတော့ ဘိုကလေးဦးလှရွှေပါ။ သူဟာ ၁၉၆၂ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင် ဗကသ - တကသ ကျောင်းသားခေါင်းဆောင် ကိုလှရွှေပေါ့။

ကိုဒေါင်းကြီး၊ မျိုးဆက်ဆိုတာ သမိုင်းသံကြိုးကွင်းဆက် သဘောတရားအတိုင်း အဲဒီလို မျိုးဆက် တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက် သယ်ဆောင်သွားခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ကတည်းက နီရဲချွန်မြခဲ့တဲ့ ခွပ်ဒေါင်းအစဉ်အလာဟာ ဒီကနေ့အချိန်အထိ ရာဇ၀င် အဆက်ဆက် ထက်မြက် ရှင်သန်နေဆဲပဲ မဟုတ်လား ကိုဒေါင်း။

အရင်တုန်းက ၇၀ ခုနှစ်တွေမှာ တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ ၇၄-၇၅-၇၆ တိုက်ပွဲဝင် မျိုးဆက်ဟာ အထိအနာဆုံးလို့ အထင် ရောက်ခဲ့ကြဖူးတယ်။ အခုတော့ ဒီအထင်ဟာ မှားသွားပြီ ကိုဒေါင်း။ ကျနော်တို့နောက် မျိုးဆက်တွေကမှ ကျနော်တို့ထက် ပိုပြီး အထိနာခဲ့တယ် ဆိုတာ ဒီကနေ့ တွေ့နေရပြီ မဟုတ်လား ကိုဒေါင်း။

ကိုမင်းကိုနိုင်တို့မျိုးဆက်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားတဲ့ အချိန်တုန်းကလည်း အကျဉ်းထောင် အသီးသီးမှာ နှစ်ပေါင်း ၂၀ လောက်စီ နေခဲ့ကြရတယ်။ သူတို့ ပထမ တစ်ကြိမ် ထောင်ကပြန်လွတ်လာပြီး သိပ်မကြာလိုက်ဘူး၊ နောက်တစ်ခါ ဒုတိယအကြိမ်အနေနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး မတိုင်ခင်မှာ သူတို့ အားလုံး ပြန်အဖမ်းခံရပြီး၊ အခု နယ်ဝေးထောင်တွေထဲမှာ အနှစ် ၆၀ ကျော် ၇၀ အကျဉ်းကျခံနေရပြန်ပြီ။

သူတို့မျိုးဆက်လောက် အထိနာတဲ့ မျိုးဆက် မြန်မာပြည်မှာ ရှိနိုင်ပါဦးမလား ကိုဒေါင်းရယ်။ ဒီလိုပဲ သူတို့ ကိုမင်းကိုနိုင်တို့ မျိုးဆက်နောက်မှာ ပေါ်ထွန်းလာတဲ့ ဗကသ မျိုးဆက်သစ်တွေ ဖြစ်ကြတဲ့ ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့၊ ဟန်နီဦးတို့ ဆိုရင်လည်း အခုအချိန်မှာ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ နယ်ဝေး အကျဉ်းထောင် အသီးသီးမှာ ရောက်နေတာပဲ မဟုတ်လား။

တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ ကိုဒေါင်း။ မျိုးဆက်တွေလည်း တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းလို့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြတုန်းပါ။ မျိုးဆက်ဟောင်းတွေ အကျဉ်းထောင်ထဲရောက်၊ အဝေးရောက် ဖြစ်နေတဲ့ အချိန်မှာ၊ မျိုးဆက်သစ်တွေက ပြည်တွင်းမှာ၊ ပြည်ပမှာ ရဲရဲရင့်ရင့် ပေါက်ဖွားလာနေကြတုန်းပါ။

လူငယ်ဆိုတာ အသက်ငယ်တိုင်းကို လူငယ် ခေါ်တာ မဟုတ်ဘူး။ မျိုးဆက်သစ်ရဲ့ အဓိပ္ပာယ်ဟာ တော်လှန်တဲ့ သမိုင်းအစဉ်အလာကို ဆက်ခံနိုင်စွမ်းရှိတဲ့ လူငယ်တွေကိုပဲ ဆိုလိုတာပါ။ လူက ငယ်ပေမဲ့ သမိုင်းသိစိတ်မရှိဘူး၊ တော်လှန်တိုးတက်တဲ့ အရိပ်လက္ခဏာ မတွေ့ဘူး၊ ပိုဆိုးတာက ဖောက်ပြန်တဲ့ အင်အားစုဘက်မှာလည်း ရောက်နေမယ်ဆိုရင် အဲဒီလိုလူငယ်မျိုးကိုတော့ မျိုးဆက်သစ်လို့ လုံးဝ မခေါ်ထိုက်ပါဘူး။

အခုအချိန်မှာ ရဲရဲတောက် တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းက NLD လူငယ်တွေဟာ မျိုးဆက်သစ်ရဲ့ အကောင်းဆုံး ပြယုဂ်ပါပဲ။ ကျဆုံးသွားတဲ့ တိုင်းရင်းသားခေါင်းဆောင် ဖထီးပဒိုမန်းရှာရဲ့ သမီး နန့်ဇိုရာဖန်း၊ အထိန်းသိမ်းခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ သမီး မဝေနှင်းပွင့်သုန်၊ သူတို့လို လူငယ်တွေဟာလည်း ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးမျိုးဆက်သစ် ပြယုဂ်တွေပါပဲ။

လူငယ်အားလုံးကို လေးစားယုံကြည်လျက်-

အောင်ဝေး
အောက်တိုဘာ ၁၂-၂၀၁၀။

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

Wednesday, December 1, 2010

Letters from Michigan - 38

မစ်ရှီဂန်မှပေးသောစာ(၃၈)


"---ပြည်သူ့ဘက်ကလို့ ကျနော်တို့ ယုံကြည် ထင်မှတ် လေးစားခဲ့တဲ့ အနုပညာရှင် တချို့၊ ပြည်သူကို ကျောခိုင်းသွားကြပြီ ထင်ပါရဲ့---"


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာကြပါရဲ့ဗျာ။ မိုးသံလေသံတွေကြားမှာ၊ လေးသံမြားသံ တစ်စွန်းတစ်စကိုလည်း ဟိုကဒီက ကြားနေရတုန်းပါ ကိုဒေါင်း။ ဒီအသံတွေထဲမှာ တိတ်တိတ်ကလေး ဆူညံနေတဲ့ အသံတစ်သံလည်း ရှိနေလေရဲ့ ကိုဒေါင်းရေ။ အဲဒီအသံကတော့ နအဖ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဆိုတဲ့ အသံပဲ မဟုတ်လားဗျာ။

ကဗျာဆန်ဆန် ပြောရရင် မြို့ကြီးဟာ ဒီအသံတွေနဲ့ပဲ တိတ်ဆိတ်စွာ ဆူညံနေတော့တယ်လေ။ ဒီအသံတွေ ဆူညံနေဖို့ လိုတယ် ကိုဒေါင်း။ ဒီအသံတွေ ဆူညံနေမှဖြစ်မယ် ကိုဒေါင်း။

ဒီအသံတွေ ပျောက်ကွယ် ဆိတ်သုဉ်းသွားတဲ့ တစ်ခဏ၊ ကျနော်တို့ ပြည်သူတွေရဲ့ ဘ၀တွေ ကျဆုံးသွားပြီ လို့သာ မှတ်တော့ ကိုဒေါင်းရေ။

မဟုတ်ဘူးလားဗျာ။ ဒီ နအဖရဲ့၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကြီးဟာ ဒုက္ခပင်လယ် ဝေနေတဲ့ ကျနော်တို့ တိုင်းသူပြည်သားတွေကို ပင်လယ်တင်မက၊ သမုဒ္ဒရာပါ ဝေအောင်၊ ပြောရရင် ဒုက္ခ သမုဒ္ဒရာ ဝေအောင် လုပ်မယ့် မကောင်းဆိုးရွား အန္တရာယ်ကြီး တစ်ခုပဲ မဟုတ်လား ကိုဒေါင်း။

ကျနော်တို့ ဒီလောက် ခုခံဆန့်ကျင်နေတဲ့ ကြားက အဘိဓမ္မာ မခိုင်မာတဲ့ သစ်ရွက်တချို့လှလှပပကြီးကို အကြွေခံလိုက်ပြန်ပြီ ကိုဒေါင်းရေ။ စိတ်နာတယ်ဗျာ။ လေရိုင်းကပြင်းပြင်းမှ မခြွေရသေးဘူး၊ ကိုယ်တို့ထဲက တချို့သစ်ရွက်တွေခမျာ မခြွေခင်က ကြွေနှင့်သွားကြပြီ။ မခြွေခင်က အကြွေခံလိုက်ကြပြီ။ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး အခြွေခံသွားလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့မိမှာတုံးဗျာ။ ကိုယ့်လူရင်းတွေထဲက တစ်စတစ်စ ပဲ့ပဲ့ပါသွားတာတွေ၊ ကျနော် ရင်နာလို့ မဆုံးဘူး။

ဒါကြောင့် ကျနော်တို့ အစောကြီးကတည်းက စာပေနဲ့ အနုပညာသည်တွေ သတိကြီးကြီးထားဖို့ လိုတယ် လို့ တွင်တွင် ပြောခဲ့တာပါ။ စာပေနဲ့ အနုပညာသည်တွေ ဒီ နအဖ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ မှန်မှန်ကန်ကန် မြင်နိုင်အောင် ကြိုးစားကြပါ လို့ ကျနော်တို့ တဖွဖွ တိုက်တွန်း နှိုးဆော်ခဲ့တာပါ ကိုဒေါင်း။

ဘယ်လိုမှ ထင်မှတ်မထားတဲ့၊ ကျနော်တို့နဲ့တင် မဟုတ်ပါဘူး၊ စာပေလောက တစ်ခုလုံးနဲ့လည်း သိပ်ပြီး ကျွမ်းဝင်တဲ့၊ နိုင်ငံရေး အရောင်အသွေးလည်း ကင်းတဲ့၊ ရိုးရိုးအေးအေး စာရေးဆရာ တစ်ယောက်၊ မဲဆန္ဒနယ် တစ်ခုကနေ ကြံ့ဖွံ့ပါတီ အမတ်လောင်းအဖြစ် ၀င်ရောက် အရွေးခံမယ် ဆိုတဲ့ သတင်း ကြားလိုက်ရတဲ့ အချိန်မှာ၊ ကျနော်အတော့်ကို စိတ်မကောင်း ဖြစ်မိသွားတယ် ကိုဒေါင်းရေ။

ကျနော် နှမြောတာပါ။ နဂိုကတည်းက နအဖကို မျက်စပစ်နေတဲ့ စာရေးဆရာ ဆိုရင်လည်း ထားပါတော့။ ခုဟာ က ဘယ်လို မလွန်ဆန်နိုင်တဲ့ အကြောင်းတွေ ရှိနေလို့များလဲဗျာ။ မဟုတ်မှ လွဲရော၊ အမျိုးသားညီလာခံတုန်းက၊ နယ်ကနေ တိုင်းရင်းသားကိုယ်စားလှယ် ဆိုပြီး၊ နအဖ ဖိအားပေးလို့ တက်ခဲ့ရတဲ့ နောက်ကြောင်းကြောင့်ပဲလား။ မသိတော့ ပါဘူးဗျာ။ မစွမ်းရင်းကလည်းရှိ ဆိုတော့၊ ကန်စွန်းခင်းက ငြိပြီပေါ့ဗျာ။

ဘာတတ်နိုင်မှာလဲ ကိုဒေါင်း။ ကျနော်တို့ တိုင်းပြည်မှာ ဒီလိုဖြစ်အောင်ကို နအဖက တမင် ဖန်တီး လုပ်ဆောင်နေတာပဲလေ။ ပြည်တွင်းမှာ၊ ပြည်ပမှာ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်း၊ ရဲဘော်ရဲဘက်တွေ စိတ်ဝမ်းကွဲအောင် လုပ်တာ ဒီရွေးကောက်ပွဲပဲ ဗျ။ ဒီစစ်အာဏာရှင်ပဲ ဗျ။ ဒီ နအဖ ၂၀၁၀ ရွေးကောက်ပွဲကြီးပေါ်လာတဲ့ အချိန်မှာ ကျနော်တို့တွေ အနည်းနဲ့အများတော့၊ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကွဲကြပြဲကြ၊ ကင်းကြ ကွာကြ ဖြစ်ကုန်ကြတာပဲ မဟုတ်လား ကိုဒေါင်း။ ဒါ မကောင်းတဲ့ လက္ခဏာပဲဗျာ။

ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတစ်ခွန်း၊ အခုနေမှာ ကျနော် အားလုံးကြားအောင် ပြန်ပြောချင်တယ်။ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး ၉၀ ရွေးကောက် ပွဲအနိုင်ရခဲ့တဲ့ အဋ္ဌမ နှစ်ပတ်လည် ၁၉၉၈ ခုနှစ်၊ မေလ(၂၇)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲကပါ ကိုဒေါင်း။

"ကျမတို့ နိုင်ငံရဲ့ အတွေ့အကြုံအရ ဖြည့်စွက် ပြောဆိုလိုတာကတော့၊ ရွေးကောက်ပွဲ ကျင်းပပြီး၊ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖော်တာဟာ၊ ထမင်းစားဖိတ်ပြီး၊ ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်းပြီးမှ၊ မစားရဘူး ဆိုပြီး၊ ထမင်းတွေ ဟင်းတွေ ပြန်ပြီး သိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့ လုပ်ရပ်ပါ။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ၊ ပြည်သူ တစ်ရပ်လုံးကို လိမ်လည် လှည့်ဖြား စော်ကားရာ ရောက်တယ်။ အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ် ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ် ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ် ဆိုရင်တော့၊ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာ ရောက်ပါလိမ့်မယ်။

တိုင်းပြည်ရဲ့ အနာဂတ် ဆိုတာဟာ ကစားရမယ့်အရာ မဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့် အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်" တဲ့။

ကိုဒေါင်းကြီး၊ ဒါ ၁၉၉၈ တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ဒီ မိန့်ခွန်းနဲ့တင် အခု နအဖ၂၀၁၀ရွေးကောက်ပွဲ ဘာလဲ၊ ဘယ်လဲ ဆိုတာ ကြည့်မြင် သုံးသပ်လို့ ရနေပါပြီဗျာ။ ခုတော့ ဒီလို မဟုတ်ဘူး ကိုဒေါင်းရာ။ ဒီ ရွေးကောက်ပွဲစနက်ကြောင့်ပဲ၊ ပြည်သူ့ဘက်ကလို့ ကျနော်တို့ ယုံကြည် ထင်မှတ် လေးစားခဲ့တဲ့ အနုပညာရှင် တချို့၊ ပြည်သူကို ကျောခိုင်းသွားကြပြီ ထင်ပါရဲ့ ဗျာ။

"ကြံ့ဖွံ့ပါတီ မဲဆွယ်စည်းရုံးရေးမှာ နာမည်ကြီး ရုပ်ရှင် မင်းသား မင်းသမီး တချို့ ပါဝင်" ဆိုတဲ့ သတင်းကတော့ ကျနော့်အတွက် အမင်္ဂလာသတင်းပါပဲ ကိုဒေါင်း။
စိတ်မကောင်းခြင်း ကြီးစွာဖြင့် -

အောင်ဝေး
အောက်တိုဘာ ၆-၂၀၁၀။
[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]