Tuesday, February 8, 2011

Letters from Michigan - 53

မစ်ရှီဂန်က ပေးတဲ့ စာ(၅၃)

ဒေါ်အောင်ဆန်းစုကြည် ရေးသားသော စာအုပ်တအုပ် မျက်နှာဖုံး


မိတ်ဆွေကြီး ကိုဒေါင်း-
ကျန်းခံ့သာလို့မာကြပါရဲ့နော်။ ဒီတခါတော့၊ ပြည်ပရောက်နေတဲ့ မိသားစုတွေကနေ မွေးဖွားလာတဲ့ အဝေးရောက် မြန်မာကလေးငယ်တွေရဲ့ အားရ ကျေနပ်စရာကောင်းတဲ့ အချက်တချို့ ကျနော် ပြောပရစေ။
ကိုဒေါင်းရေ၊ အရင်တခါက ပြည်ပရောက် မြန်မာကလေးတွေ၊ ပြည်ပမှာ မွေးဖွားလာတဲ့ မြန်မာ ကလေးငယ်တွေ၊ မြန်မာစကား မပြောတတ်ကြတော့တဲ့ အကြောင်း၊ မြန်မာစာ မသင်ကြရတဲ့ အကြောင်း၊ ကိုဒေါင်းကို ကျနော်ပြောခဲ့တာရှိတယ် မဟုတ်လား။

အခု ကျနော် ပြောမယ့် အချက်ကလည်း အဲဒီလို ဘာသာစကား ကိစ္စပါပဲ။ တိတိပပ ပြောရရင် Second language လို့ ဆိုတဲ့ ဒုတိယ ဘာသာစကား ကိစ္စပါ။ ကိုဒေါင်းရေ ပြည်ပက မြန်မာကလေးတွေ မြန်မာစာ-မြန်မာစကား မတတ်ကြတော့ဘူး ဆိုတော့ လူကြီးတွေက ရှေ့ရေးကို တွေးမျှော်ပြီး စိတ်ပူတာပေါ့ဗျာ။ ရင်လေးတာပေါ့ဗျာ။ မိဘတွေက အနာဂတ်ကို လှမ်းကြည့်ပြီး စိုးရိမ်ကြတာပေါ့ဗျာ။

ဒီတော့ ပြည်ပရောက် မြန်မာမိဘတွေက သူ့ သားသမီး၊ ကိုယ့်သားသမီး မြန်မာ စကား တတ်ဖို့၊ မြန်မာစာ သင်ဖို့ ကြိုးပမ်း အားထုတ်လာကြတာပေါ့ဗျာ။ ဒါလည်း ကောင်းပါတယ်။ မြန်မာစာ-မြန်မာဘာသာစကားက ကိုယ့်မိခင် ဘာသာစကား(Mother’s tongue)ပဲ မဟုတ်လား။

ကျနော်တို့လူကြီးတွေ၊ မိဘတွေအတွက်တော့ အင်္ဂလိပ်စာ-အင်္ဂလိပ်စကားဟာ ဒုတိယဘာသာစကား ဟုတ်တယ်။ ဒါပေမဲ့ ကလေးတွေအဖို့ကတော့ လူကြီးတွေ၊ မိဘတွေနဲ့မတူဘူး။ အင်္ဂလိပ်စာ-အင်္ဂလိပ်စကားဟာ သူတို့အတွက် ပထမဘာသာစကား ဖြစ်နေတာပဲ ကိုဒေါင်းရေ။ သူတို့ရဲ့ မူရင်းဘာသာစကားလို ဖြစ်သွားတာပေါ့။ အဲဒီမှာပြောင်းပြန်၊ မြန်မာစာ-မြန်မာစကားက အဲဒီကလေးတွေ အတွက်တော့ ဒုတိယဖြစ်သွားတာပဲဗျာ။

အဲဒီတော့၊ ဒီက အင်မတန် ကျေနပ်အားရစရာ ကောင်းတဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကြောင့်လည်း ပါတယ် ဆိုပါတော့ဗျာ။ ဒီမှာ ကျောင်းတက်နေကြတဲ့ မြန်မာကလေးငယ်တွေဟာ ပင်ကိုကလည်း ဉာဏ်ရည်က မနိမ့်လေတော့၊ ပြောရမယ်ဆိုရင် မြန်မာကလေးအများစုဟာ ပညာအရည်အချင်းမှာ သာမန်ရဲ့အထက်ကို ရောက်နေကြတာပါ။

ဒီက ဒေသခံကလေးတွေ၊ တချို့ ကိုယ့်လိုပဲ တိုင်းတပါးက ရွှေ့ ပြောင်း ရောက်လာကြတဲ့ ကလေးငယ်တွေနဲ့တန်းတူ၊ ကိုယ့်ကလေးတွေကလည်း ပညာရေးမှာ ထူးချွန်ထက်မြက်ကြတာပါ ကိုဒေါင်း။

ဆိုရရင်တော့ဗျာ၊ အဲဒီ ကျနော်တို့မြန်မာကလေးတွေက အဲဒီ ကျနော်တို့ မြန်မာမိဘ လူကြီးတွေထက် အင်္ဂလိပ်စာ ပိုကောင်းနေတာပါပဲ။ ဒါ ကျနော်တို့ဘယ်လိုမှ ငြင်းပယ်လို့ မရတဲ့ ကလေးတွေရဲ့ အားကောင်းချက်ပဲ။ အဲဒီကလေးတွေ သူများရေ၊ သူများမြေမှာ သူတို့ မကြောက်မရွံ့ ၊ မတွန့် မဆုတ် ထိုးဖောက် နေရာယူနိုင်ကြတယ်။ ကလေးတွေ မညံ့ဘူး ဆိုတာ လူတိုင်းအသိ။ လက်တွေ့ပဲ။ ဒါ ဘာကြောင့်လဲ ဆိုတော့ အဲဒီကလေးတွေ အင်္ဂလိပ်စာကောင်းလို့ပဲ။

ဒီတော့ ကျနော်က ဒီက စာပေဟော ပြောပွဲတွေမှာကျလို့ရှိရင် ကလေးတွေ မြန်မာစကား မပြောတတ်လို့၊ ကလေးတွေ မြန်မာစာ မသင်ရလို့၊ ကြေကွဲဝမ်းနည်း စိတ်လက်မအေး ဖြစ်နေကြတဲ့ လူကြီးမိဘတွေကို တတ်နိုင်သလောက် ဖြေသိမ့် အားပေးရပါတယ်။

ကိုဒေါင်းရေ၊ ဒီမှာကိုယ့်စာ-ကိုယ့်ဘာသာစကား သင်ကြားဖို့ ဆိုတာကလည်း အခြေအနေနဲ့ အခွင့်အလမ်းက လိုသေးတယ်။ ဒီမှာက ကလေးတွေ ကျောင်းမှာ စိန်ခေါ်မှုတွေ များတယ်ဗျာ။ ယှဉ်ပြိုင်မှုတွေ များတယ်ဗျာ။ ကိုယ်က သူ့ နိုင်ငံသား-သူ့ နိုင်ငံဖွား မဟုတ်တော့၊ တချို့ မမြင်ရတဲ့၊ မထင်ရတဲ့ အခက်အခဲလေးတွေက နံရံပါးပါးလေး ခြားနေတာမျိုးလည်း ကျနော်တို့ မြန်မာကလေးငယ်တွေ တွေ့ကြုံ ရင်ဆိုင်ရတာပါ။

ဒီတော့ဗျာ၊ အဲဒီ စိန်ခေါ်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ၊ နံရံပါးပါးလေးတွေကို အောင်အောင် မြင်မြင် ကျော်လွှားသွားနိုင်ဖို့၊ သူတို့ကျောင်း၊ သူတို့ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ အသေအလဲ၊ အသည်းအသန် ကြိုးစားနေကြရတာဆိုတော့၊ ကိုဒေါင်းရေ၊ ဒါကိုတော့ ကျနော်တို့ လူကြီးမိဘလုပ်တဲ့ သူတွေက နားလည် စာနာပေးရတာပဲပေါ့။

ကျနော်တို့ကလေးတွေ ထိုးဖောက်နေရတဲ့ ပတ်ဝန်းကျင်က၊ လူမှုအသိုင်းအ၀ိုင်းက အင်္ဂလိပ်စာ တွင်ကျယ်တဲ့၊ အင်္ဂလိပ်စကားပြောတဲ့ ၀န်းကျင်အသိုင်းအ၀ိုင်း ဖြစ်နေတာကိုး။ ဒီဘက်မှာတော့ ကျနော်တို့ မြန်မာကလေးငယ်တွေ ကောင်းကောင်း စွမ်းဆောင်နိုင်ကြပါတယ်။ ဒါ သူတို့အားသာချက် တချက်။

ပြီးတော့ ရှိသေးတယ်။ ပြည်ပရောက် မြန်မာကလေးတွေ အားလုံး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကြောင်း အနည်းနဲ့အများ သိကြပါတယ်။ သူတို့လေးတွေ အမေစု ကို ကောင်းကောင်း သိတာပေါ့ဗျာ။ ရွှေဝါရောင်တော်လှန်ရေးကို သူတို့သိတယ်။ နာဂစ်မုန်တိုင်းကို သူတို့သိတယ်။ အခုနောက်ဆုံး သူတို့အမေကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီကွန်ရက် ဆိုတာကိုလည်း သူတို့သိတယ်။

ဒီက ကလေးတွေဟာ ရုပ်ရှင်မင်းသားကျော်သူ လုပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း သိတာပဲ။ မဖြူဖြူသင်းတို့ရဲ့ တောင်ဒဂုံက HIV ဝေဒနာသည်တွေ အကြောင်းလည်း သိတာပဲ။ ယုတ်စွအဆုံး၊ လူကြီးတွေတောင် တချို့မသိတဲ့ ပြည်တွင်းက တချို့ကိစ္စတွေ ဆိုရင်၊ ဒီကလေးတွေက အရင် သိနှင့်နေတာပါ ကိုဒေါင်း။ အဲဒါ ဘာကြောင့်လည်း ဆိုတော့၊ အီးမေးလ်တို့၊ ဖေ့စ်ဘွတ်တို့၊ ၀က်ဘ်ဆိုက်တို့ ဆိုတဲ့ အင်တာနက်ကြောင့်ပဲ ကိုဒေါင်း။

အဲဒီတော့၊ ဒီက ပြည်ပက မြန်မာကလေးသူငယ်၊ လူငယ်တွေ အင်္ဂလိပ်စာ ကောင်းတယ်။ အင်တာနက်ကို ကောင်းကောင်း အသုံးချနိုင်တယ်။ ဒါတွေဟာ သူတို့လေးတွေရဲ့ အားကောင်းချက်တွေပဲ။ ကျနော်ကတော့ ဒိထက် ပိုအားကောင်းတဲ့ အချက် ရှိသေးတယ်လို့ ပြောလိုက်ချင်သေးတယ်။ အဲဒါကတော့ အမျိုးသားစိတ်ပဲ ကိုဒေါင်း။ လွမ်းဖို့ကောင်းတဲ့၊ တက်ကြွဖို့ကောင်းတဲ့ အမျိုးသားရေးစိတ်ပါ။ ကလေးတွေမှာ ဒီစိတ် ရှိတယ်။

ကိုဒေါင်းရေ၊ ကျနော်တို့လူကြီးတွေမှာ အတိတ်ပဲရှိတယ်။ ကလေးတွေကတော့ အနာဂတ် ရှိတယ်လေ။ ဒီကကလေးတွေ မြန်မာစာ-မြန်မာစကား ကောင်းကောင်း မတတ်လို့လည်း သိပ်ပြီး ရင်ထုမနာ မဖြစ်ကြစေချင်ဘူး။ တတ်ရင်တော့ အတိုင်းအထက် အလွန်ပေါ့ဗျာ။ သိပ်ကောင်းတာပေါ့ဗျာ။ အဓိက အကျဆုံးက ကလေးတွေရဲ့ အားကောင်းချက်ဖြစ်တဲ့ အင်္ဂလိပ်စာတို့၊ အင်တာနက်တို့ကို အမျိုးသားစိတ်ကလေးနဲ့ ပေါင်းချိတ်ပေးနိုင်ဖို့ပဲ မဟုတ်လား။

ဆိုပါတော့ဗျာ၊ ဒီက ကလေးတွေ ဒေါ်အောင်ဆန်းစုကြည် မြန်မာလိုရေးတဲ့ ကဗျာတွေ၊ စာတွေကို မဖတ်နိုင်ကြဘူး။ ဒါမှန်တယ်။ သို့ပေမဲ့၊ ဒီကလေးတွေ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးတဲ့ဟာ မှန်သမျှ အကုန်လုံး ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ အရေးကြီးတာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကြောင်း ဒေါ်အောင်ဆန်းစုကြည်ပဲ ရေးရေး၊ ဘယ် နိုင်ငံခြားပညာရှင်ကပဲ ရေးရေး၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေ၊ ကလေးတွေ လက်လှမ်းမီရာမှာ ရှိနေဖို့၊ အတတ်နိုင်ဆုံး လူကြီးမိဘတွေက အနီးကပ် စီမံ ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်-

ကိုဒေါင်းရေ၊ ကျနော် စိတ်ကူးယဉ်တာတော့ မဟုတ်ပါဘူး။ လက်တွေ့ဖြစ်နေတာ၊ ဖြစ်နိုင်တာကို စိတ်ကူးကြည့်တာပါပဲဗျာ။

အားလုံးကို သတိရလျက်-
အောင်ဝေး (ဇန်န၀ါရီ ၁၂-၂၀၁၁)
မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

0 comments: