Monday, August 15, 2011

ဧရာဝတီရေဆန်



သြဂုတ် ၁၄၊ ၂၀၁၁၊ ထူးအိမ်သင် ကွယ်လွန်တဲ့ (၇) နှစ်ပြည့်နေ့အမှတ်တရ



ဧရာဝတီရေဆန်
ကြယ်ကြွေရေဆန်။

သစ္စာမှန်ရင် ဆန်လိမ့်မည်
သစ္စာမှားရင် စုန်လိမ့်မည်။

အို ... ဧရာဝတီ
သင့်ကို သူတို့ 
သတ်ကြတော့မည်
သို့သော် သင်ကားမသေ
ကမ္ဘာမကျေ။

အိုဘယ့်ဘယ် .. အိုဘယ့် ဧရာဝတီ
သင်သည်စီးဆင်း၊ တို့ရင်တွင်းမှာ
မြင်းခွာဖြောင်းဖြောင်း၊ ဖုန်ထောင်းထောင်းနှင့်
စစ်မောင်းဟည်းမြည်၊ တပ်ကြီးချီလော့
နီနီရဲရဲ၊ သင့်အသည်းကို
မခွဲတုံလော .. ခွဲတုံလော။

ဘင်္ဂလားပင်လယ်အော်မှာ
မုန်တိုင်းရှိသည်။

မေခ မလိခ
မုန်တိုင်းကျပြီ။

သင့်ကို သူတို့ 
သတ်ကြတော့မည်
သို့သော် သင်ကားမသေ
ကမ္ဘာမကျေ။

အို ..ဧရာဝတီ
ဒီတညမှာ
လက တိမ်ဖုံးနေဦးမည်။

ကမ္ဘာတည်သရွေ့ 
ဒီကနေ့မှာ
တကွေ့ တော့ တွေ့ ကြဦးမည်
ဧရာဝတီ။

နတ်နွယ်ရဲ့ 
မြန်မာပြည်မြောက်ပိုင်း
မောင်သွေးသစ်ရဲ့ 
မြောက်ပိုင်းမိုး
ဒုန်းစိုင်းရစ်ပေဦး ဧရာဝတီ။

ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
မနက်ဖြန်ကြားနေရဦးမည်။

ဧရာဝတီခေါ်သံ
တို့  ကြားနေရဦးမည်။
အို-ဧရာဝတီ

သင့်ကို သူတို့ 
သတ်ကြတော့မည်
သို့သော် သင်ကားမသေ
ကမ္ဘာမကျေ။

အိုဘယ့်ဘယ် အိုဘယ့် ဧရာဝတီ
သင်သည်စီးဆင်း၊ တို့ရင်တွင်းမှာ
နှင်းဆီပွင့်တွေ၊ သည်းသည်းကြွေပြီ
ချွေလည်းရဲရဲ၊ ဝေရဲရဲမို့ 
နီနီရဲရဲ၊သင့်အသည်းကို
မခွဲတုံလော-ခွဲတုံလော။

ဘင်္ဂလားပင်လယ်အော်မှာ
မုန်တိုင်းရှိသည်။
မေခ-မလိခ
မုန်တိုင်းကျပြီ။

သိပံ္ပမောင်ဝရဲ့ ဧရာဝတီ။
တိုက်စိုးရဲ့ ဧရာဝတီ။
ခင်ဝမ်းရဲ့ ဧရာဝတီ။
ထူးအိမ်သင်ရဲ့ ဧရာဝတီ။
ဗန်းမော်တင်အောင်ရဲ့ မြစ်ဧရာပေါ်ဝယ်။
ဒဂုန်တာရာရဲ့ စိမ်းမြဧရာ။

ဗန်းမော်ကနေ ကသာ
ဖြတ်သန်းလာတဲ့
အောင်ဆန်းရဲ့ လမ်း
ဧရာဝတီဟာ ခမ်းနားခဲ့ဖူးတယ်။

အင်းဝမင်းခေါင်နဲ့ 
ရာဇာဓိရာဇ်
ပြည် ရွှေဆံတော်ဘုရားမှာ
လဘံစားဖို့ 
ဧရာဝတီက ကမ်းလှမ်းခဲ့ဖူးတယ်။

မြင်းခွာတချက်ပေါက်
မီးဟုန်းဟုန်းတောက်ဖို့ 
ဗဟိန်း (သို့မဟုတ်) ကဗျာ
ဧရာဝတီကို ဆန်ဖူးတယ်။

မင်းသစ်ရဲ့ 
စစ်ကိုင်းအက်ပီဂရမ်
ရဲဘော်သိန်းတန်ကို
ဧရာဝတီ အလေးပြုတယ်။

အနောက်ကြည့်ကျွန်းဟာ
အလောင်းကြည့်ကျွန်းဖြစ်ပြန်သတဲ့
ရှစ်ဆယ့်ရှစ်ရဲ့စစ်ကိုင်း
ဧရာဝတီမှာ သမိုင်းရှိတယ်။

ဒုဋ္ဌ၀တီမှ ဧရာဝတီ
ပြည်သူကမွေး
ပေးတဲ့နာမည်

ကြည်အောင်။
ကြည်အောင့်သွေးနဲ့ 
ရေးတဲ့ကဗျာ
လမင်းတရာ
မြစ်ဧရာပေါ်သာလိမ့်မည်။

ဒီမြစ်ကမ်းမှာ ခေတ်တွေလည်းဝှမ်းခဲ့။
ဒီမြစ်ကမ်းမှာ စစ်နဲ့ ငြိမ်းချမ်းရေး
သွေးနဲ့ မျက်ရည်လည်းလွှမ်းခဲ့။

ဧရာဝတီရေဆန်
ကြယ်ကြွေရေဆန်။
သစ္စာမှန်ရင် ဆန်လိမ့်မည်
သစ္စာမှားရင် စုန်လိမ့်မည်။

သင့်ကို သူတို့ 
သတ်ကြတော့မည်
သို့ သော် သင်ကားမသေ
ကမ္ဘာမကျေ
ဧရာဝတီ။

တရုတ်လာသည်
ယိုင်ယိုင်လော ယိုင်ယိုင်
မြားမိုးရွာသည်
ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်။
သူ့ နိုင်ငံသား၊ သံမှုန့်စားမှ
တို့ဓားတုံးမည် ဧရာဝတီ။

ဧရာဝတီကို
သတ်ဖို့ ကြံရင်
ကြံတဲ့ရန်သူ
ဘယ်သူမဆို
တို့  တိုက်မည်။

တရုတ်လာသည်
ယိုင်ယိုင်လော ယိုင်ယိုင်
မြားမိုးရွာသည်
ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်။

သူ့ နိုင်ငံသား၊ သံမှုန့်စားမှ
တို့ဓားတုံးမည် ဧရာဝတီ။

ဧရာဝတီရေဆန်
ကြယ်ကြွေရေဆန်။
သစ္စာမှန်ရင် ဆန်လိမ့်မည်
သစ္စာမှားရင် စုန်လိမ့်မည်။

အို-ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည် အစရှိသည်-

အို-ဧရာဝတီ
ဦးခွန်ထွန်းဦး အစရှိသည်-

အို-ဧရာဝတီ
ကိုမင်းကိုနိုင် အစရှိသည်-

အို-ဧရာဝတီ
သင်သည် ပြည်သူ ပြည်သူဟာ သင်။

သင်သည်
တိုင်းရင်းသားပေါင်းစုံပဲ ဧရာဝတီ။

အို-ဧရာဝတီ
သင်ဟာ အချုပ်အခြာအာဏာ။

အို-ဧရာဝတီ
သင်ဟာ နိုင်ငံတော်။

တို့အချုပ်အခြာအာဏာ တို့ကာကွယ်ရမည်။
တို့နိုင်ငံတော် တို့စောင့်ရှောက်ရမည်။

အို-သူရဲကောင်း
သံလွင် စစ်တောင်း တပ်ချင်းပေါင်းလော့။

အို-သူရဲမျိုး
ချင်းတွင်းမြစ်ရိုး ခေါင်းလောင်းထိုးလော့။

အစိမ်းအစိမ်း ထူပိန်းရိုးမ
တိုက်ပွဲစလော့

နိုးလော့ ထလော့ ဧရာဝတီ။

အို-ဧရာဝတီ
ဒီတညမှာ လက တိမ်ဖုံးနေဦးမည်။

ကမ္ဘာတည်သရွေ့
ဒီကနေ့မှာ တကွေ့တော့တွေ့ ကြဦးမည်

ဧရာဝတီ။
အိုဘယ့်ဘယ် အိုဘယ့်ဧရာဝတီ
သင်သည်စီးဆင်း၊ တို့ရင်တွင်းမှာ
မြင်းခွာဖြောင်းဖြောင်း၊ ဖုန်ထောင်းထောင်းနှင့်
စစ်မောင်းဟည်းမြည်၊ တပ်ကြီးချီလော့
နီနီရဲရဲ၊ သင့်အသည်းကို
မခွဲတုံလော-ခွဲတုံလော။

အို-ဘယ့်ဘယ်-အိုဘယ့် ဧရာဝတီ
သင်သည်စီးဆင်း၊ တို့ရင်တွင်းမှာ
နှင်းဆီပွင့်တွေ၊ သည်းသည်းကြွေပြီ
ချွေးလည်းရဲရဲ၊ ဝေရဲရဲမို့ 
နီနီရဲရဲ၊ သင့်အသည်းကို
မခွဲတုံလော-ခွဲတုံလော။ ။


-

Related Posts:

  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၅  သေနတ်ဆန့်ကျင်ရေးကဗျာ။THE DAY I DIED AT MANDALAY BAY WAS SUNDAYAung WayThe day I died at Mandalay Bay was SundayToday is MondayI died a day… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၉ မစ်ရှီဂန်မှ စစ်တွေမစ်ရှီဂန်မှ စစ်တွေ။ရထားဖြစ်လားရထားဖြစ်လားဖြစ်ရင် အကြောင်းပြန်။အို ... ငါ့ရခိုင်ကမ်းရိုးတန်းလွမ်းမိုး မသန်းနိုင်ပါလား။အင်တာနက် … Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၈ဖရန့်စစ်ဖူကူယာမာ က "သမိုင်းနိဂုံးချုပ်ပြီ" ဟု ဆိုခဲ့စဉ်က၊ ကျနော်တို့၏ဆရာဒဂုန်တာရာ က "သမိုင်းသည် မဆုံးသေး" ဟူ၍ တုန့်ပြန်ပြောဆိုခဲ့ဖူးပါသည်။၁၉၁၈ က စမိန်… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၇ခေတ်ချင်းတူရင်အဖြစ်ချင်း တူတယ်။မစ်ရှီဂန်ကကိုဗစ်နဲ့စစ်တွေကကိုဗစ်။စစ်ကြီးထဲကွဲကွာသွားတဲ့မယားညီအစ်ကိုတွေပဲ။တတိယကမ္ဘာစစ်ကမဖြစ်တော့ပါဘူး။မြစ်ကပထမလှိုင်းမှာ… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ဝ အစွန်းရောက်အမျိုးသားရေးဝါဒ(EXTREME NATIONALISM)ဆိုတာဘာလဲ။EXTREME NATIONALISM ဟု ပြောလိုက်လျှင် ကျနော်တို့သည်ဟစ်တလာနှင့် ဂျူးလူမျိုး(၆)သန်းကို ပြ… Read More

0 comments: