Saturday, November 2, 2013

နို င် ငံေ ရး အ ကျ ဉ်း သားေ ဟာ င်း ၊ ပြ ည်ေ ပြး က ဗျာ ဆ ရာ ၊ အ ေ ၀ း ေ ရ ာ က် မ င်း ဦးေ အာ င်ေ ၀း

EXILE PROSE # 3 B

အ ပို င်း – ၃ ခ ( နိ ဂုံး )


“နောက်ဆုတ်ရန် ချန်ထားတဲ့တံတားကို မီးရှို့ ပစ်ရဲသူသာ ဗော်ရှီဗစ် ပီသသူဖြစ်တယ်” (မာယာကော့ဖ်စကီး)
            လွမ်းတော်မူလို့ စာကိုစီ။
            ရန်ကုန်က ညီငယ်ရဲဘော်ကဗျာဆရာတွေကိုတော့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ မှာချင်သည်။
            ဘယ်သူလက်နက်ချချ၊ ကဗျာ မချနဲ့ ။
            ဘယ်သူ သစ္စာဖောက်ဖောက်၊ ကဗျာ မဖောက်နဲ့ ။
            ဘယ်သူ ၀ိညာဉ်ပျက်ပျက်၊ ကဗျာ မပျက်နဲ့ ။
            ညီလေးတို့ ရေ…၊ ကျန်းမာအောင်နေ။ ကျန်းမာမှ တိုက်ခိုက်နိုင်မယ်။
            ကျနော်က ဒါပဲတတ်နိုင်သည်။ အဝေးရောက်နေတဲ့သူဆိုတော့၊ ဘောလုံးကွင်းထဲမှာ၊ အရန်ခုံပေါ်ထိုင်နေတဲ့သူလိုပါပဲ။ ( မန်ယူမှာလို FERGI TIME ကျမှ ၀င်ရရင်လည်း ၀င်ရမယ့်သူ) ကျနော် နားလည်ပါသည်။ လွမ်းမြိုင်ကျေးရဲ့ ဟို့ အဝေးမှာ ကျနော်(တို့ ) ကောင်းကောင်းကြီး နားလည် သဘောပေါက်ခဲ့ကြတာ ကြာပါပြီ။ အဝေးရောက်တယ်ဆိုတာ၊ တကယ်က ဘေးရောက်သွားတာပါပဲ။
            ကျနော် ထွက်တော်မူ နန်းကခွာပြီး၊ လွတ်မြောက်နယ်မြေ ဆ၀ါဒီခပ်ကိုရောက်ရောက်ချင်း၊ နိုင်ငံရေးစစ်တမ်းတစ်စောင်ရေးခဲ့သည်။
စာတမ်းနာမည်က “အောင်ဝေးစစ်တမ်း” ။ “တစ်နှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး” ဟု ခေါင်းစဉ်ငယ်ပေးထားသည်။ ဒီစစ်တမ်းမှာ ကျနော်က ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအဆက် “သား သုံးသား” ပေါင်းစည်းရေးကို တောင်းဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်- န အ ဖ- တိုင်းရင်းသားများ သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးအဖြေရှာရေးကို မျှော်မှန်းထားသည်။ ကျနော်၏ ရွှေဝါရောင်မုန်တိုင်းအလွန် နိုင်ငံရေးစိတ်ကူးယဉ်မှုတစ်ခု။ ဟုတ်သည်။ ကျနော်စိတ်ကူးယဉ်ခဲ့တာပါပဲ။ ကျနော်မျှော်လင့်တွေးဆသလို ဘာတစ်ခုမှလည်း ဖြစ်မလာခဲ့။
            ဒီစစ်တမ်းကို ဒေါက်တာလွဏ်းဆွေက စိတ်ရှည်လက်ရှည်စာရိုက်ပေးပြီး၊ သူ့ ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ပေးခဲ့တာဖြစ်သည်။ နယ်စည်း မခြား ဘလော့ဂါများအဖွဲ့ က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်း သူတို့ ကိုကျေးဇူးတင်ရသည်။ အဲဒီကစ၊ ဒေါက်တာလွဏ်းဆွေဘလော့ဂ်ကနေ စပြီး၊ ကျနော်လည်း ဘလော့ဂါ ကဗျာဆရာဖြစ်သွားခဲ့တာဖြစ်သည်။ ယခု ကျနော်အွန်လိုင်းပေါ်မှာ။ ဖေ့စဘုတ် မုန်တိုင်းထဲမှာ။
            အမေရိကရောက်ရောက်ချင်း၊ ဆန်ဖရန်စစ္စကိုအခြေစိုက် “မိုးမခမီဒီယာ” က အယ်ဒီတာမင်း ဆရာမောင်ရစ်က WINDOWS VISTA- COMPAQ ကွန်ပျူတာတစ်လုံး အမြန်ဝယ်ပြီး၊ ကျနော့်ထံပို့ ပေးခဲ့သည်။ သူက ကုန်ကြမ်းပေးလိုက်ခြင်း။ သူ့ ဆီကိုကျနော်က ကုန်ချောအဖြစ် စာမူ တွေ တွင်တွင်ရေးပြီး ပြန်သွင်းရသည်။ သူ့ ကွန်ပျူတာဖိုးကျေအောင်၊ ကျနော်က ကဗျာနဲ့ တစ်မျိုး၊ ဆောင်းပါးနဲ့ တစ်ဖုံ သူ့ အကြွေးကုန်အောင်ဆပ်နေရ တာပေါ့ ဗျာ။
            မိုးမခအယ်ဒီတာအဖွဲ့ ထဲမှာ ကိုဇာနည်(ဇာနည်ဝင်း)ဆိုတာရှိတယ်။ (အခု သူ ရန်ကုန်ခဏပြန်ရောက်နေ) သူက ကျနော့်အတွက်သီးသန့်  “အောင်ဝေး” ဆိုတဲ့ ဘလော့ဂ် တည်ထောင်ပေးခဲ့သည်။ http://aungway.blogspot.com/  ပြီးတော့ သူကထပ်ပြီး အောင်ဝေးကို မုခစာအုပ်လုပ်ပေး ခဲ့သည်။ www.facebook.com/aung.way.1/
            အခုအချိန်မှာတော့ အဝေးရောက်မင်းဦးအောင်ဝေးလည်း ကိုယ်ပိုင်လက်ပတော့နဲ့ ၊ ကိုယ်ပိုင်ဘလော့ဂ်နဲ့ ၊ ကိုယ်ပိုင်ဖေ့စဘုတ်နဲ့ ။ ဒါပေမဲ့ ဘ၀ကတော့ ကိုယ်မပိုင်ဘူးဗျ။ အိုဘားမားပိုင်တာ။ ဒီမှာ ကိုယ်က သူ့ မျက်နှာကြည့်ပြီး၊ သူ့ အစိုးရကို အခွန်ပေးနေရတာ။ ကိုယ်က ကောင်းမွန်သော အခွန်ထမ်းဆောင်သူဖြစ်တဲ့အတွက်၊ အိုဘားမားအစိုးရက ကိုယ့်ကို ကောင်းကောင်း ပြန်စောင့်ရှောက်ထားတဲ့သဘောတော့ရှိပါတယ်။
            မစ်ရှီဂန်မဲဇာမှာတော့ ကျန်တာတွေ ဘာမှမဟုတ်ပါ။ ကဗျာမသေအောင် လှုပ်ရှားရုန်းကန်နေရတာပဲ ပြောစရာရှိပါသည်။ ကဗျာကတော့ သေလို့ မဖြစ်။ ကဗျာသေရင် ကျနော်ပါသေသွားလိမ့်မည်။
            တစ်ခါတစ်ခါ၊ အဲဒီလို မသေမရှင်ကဗျာကောင်က ရေးလိုက်တဲ့အခါကျတော့၊ ပြည်တွင်းက အထူးသဖြင့် စာနယ်ဇင်းသမားဆိုတဲ့ နောက်ပေါက်မျိုးဆက်ကလေးတွေက ဆွမ်းကြီးဝိုင်းလောင်းတာခံရသည်။ သူတို့ ရစရာမရှိအောင်ရေးတာကိုလည်းခံရသည်။ ၀ဋ်ပဲ။” မိုးသီးဇွန်”ကဗျာတုန်းက အဲဒီမှင်စာလေးတွေ ၀ိုင်းသမလိုက်ကြ၊ ၀ိုင်းဆဲလိုက်ကြတဲ့ သြဘာသံက၊ ကိုယ်မှီတင်းနေထိုင်နေရတဲ့ LAKE MICHIGAN ဆိုတဲ့ ကမ်းမမြင် လမ်းမမြင် ပင်လယ်တမျှကျယ်တဲ့ မဟာနန္ဒာကန်ကြီးတောင် လှိုင်းဘောင်ဘင်ရိုက်ခတ်သွားပါရဲ့ ဗျာ။ ဖျား၊ ဖျား။ ရန်ကုန်တောင် မပြန်ရဲတော့ဘူး။
            အဲဒီ ကဗျာမသေမရှင်ကောင်ကလည်း အမှတ်သညာကို မရှိပါဘူး။ နောက်တစ်ခါ “စန်းစန်းတင့်” ကဗျာရေးပြန်ရော။ ဟော…ခံရပြန်ရော။ ဒီတစ်ခါခံရတာကတော့ အမျိုးအရင်းကြီးတွေကပါ ကက်ကက်လန်အောင် နှုတ်”လှံ” ထိုးတော့တာပါပဲ။ ကျနော့် လစ်ထရေးချား နှမအရင်းခေါက်ခေါက် အယ်ဒီတာဆရာမကြီး ဒေါ်သင်းသင်းသာကများဆိုရင်( နားနဲ့ မနာ၊ ဖ၀ါးနဲ့ နာပါ ပိတ်သတ်ကြီး)
            “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်ထားတဲ့၊ အမေရိကန်ရောက် ကွန်မြူနစ်ကဗျာဆရာ အောင်ဝေးရဲ့ ဖောက်ပြန်တဲ့ကဗျာ…” ပါ တဲ့။ သေရော။ အောင်ဝေးတော့ ခွေးဖြစ်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ထိ ဓားကြည့် ဖြစ်နေတဲ့ ကျနော့်နှမတော်က ကျနော့်ကို ကွန်မြူနစ်တဲ့။
            ငါ့ နှမရယ်၊ သက်သက်ညှာညှာလေးတော့ပြောပါကွယ်။ ဒီမှာ ကိုယ်နေရတာက ကွန်မြူနစ်တစ္ဆေအလွန်ကြောက်တဲ့အရပ်မှာ နေနေရတာ။ တို့ ကွန်မြူနစ်တွေရဲ့ ဗမာပြည်ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲကလည်း၊ “၀” (နဲ့ ”ကိုးကန့် ”) တိုင်းရင်းသားတွေ ဖျက်ဆီးပစ်လို့  ပျက်စီးခဲ့ရပါပြီ။ အစ်ကိုတို့ လည်း ဗဟုရာဇ်ခေတ်ထဲမှာ၊ ဗဟုဝါဒမြစ်ကြီးထဲမှာ မြုပ်ချီပေါ်ချီ ယက်ကန်ယက်ကန်နဲ့ ဒီမိုကရက်တစ်ဖြစ်အောင် မနည်းလုပ် ယူနေကြရတာပါကွာ။
            ငယ်ငယ်တုန်းကတော့ ကွန်မြူနစ်။ ရိုးသားစွာဝန်ခံပါတယ်။ အခုတော့ ဒီမိုကရေစီလေချဉ်တက်တဲ့ ဒီမိုကရက်တစ်ခေတ်ထဲမှာ၊ ဒီမိုကရေစီ လိုလားသူဖြစ်နေပါပြီ။ ခက်တာက၊ ခက်တာက ဒီမိုးက ရေမစီးတာပါပဲ။
+ + + + + +
            ဒီမိုးက ရေမစီးတော့၊ မျက်မှောက်နိုင်ငံရေးကို စိတ်ပျက်လက်ပျက်ဖြစ်ချင်တဲ့စိတ် ၀င်ဝင်လာပါသည်။ အပမှီတာလား။ အမှန်အတိုင်းပြောတာပါ။ ဒီမိုးက ရေမစီးလို့ ၊ ဟိုမိုးကိုပြန်ပြီး ရေစီးရအောင်ကလည်း၊ ကျနော်တို့ မဟာအနီရောင်ခေတ်ကြီးက နောက်မှာကျန်ရစ်ခဲ့ပြီ။ ပြန်လမ်းမကြုံတဲ့ ယမုန်နာဦးဝယ် ဖြစ်ခဲ့ပြီ။ RIVER OF NORETURN ဖြစ်ခဲ့ပြီ။
            ခက်တာက၊ ချည်တိုင်ဟောင်းကို ပြန်ပြန်လွမ်းတဲ့ အစွဲအလမ်းပါပဲ။ ဒါကြောင့် ဒီကနေ့ ဒီမိုကရေစီတောင်းဆိုတဲ့ခေတ်ကြီးက အီလည်လည် ကြီးဖြစ်နေချိန်မှာ၊ ဟိုတုန်းက ရဲရဲတောက် ချွန်ချွန်မောင်းမောင်း တိုက်ပွဲဝင်ခဲ့တဲ့ဘ၀ဟောင်းကို ခြင်္သေ့လည်ပြန် တစ်ဖန်တမ်းတ လွမ်းဆွတ်မိတာပါပဲ။ တရားပါတယ်နော်။
            ဆရာဒဂုန်တာရာပြောခဲ့ဖူးတဲ့ “ဒုတိယချစ်သူနှင့်ကွဲမှ၊ ပထမချစ်သူခေတ်ကိုတမ်းတခြင်း” ဆိုတာ အဲဒါကိုများပြောတာပဲလား။
            မစဉ်းစားတော့ပါဘူးလေ။ မြစ်တစ်မြစ်တည်းမှာ ရေနှစ်ခါချိုးလို့ က ရတာမှ မဟုတ်တာပဲလေ။ ထားရစ်တော့။ လွမ်းရစ်တော့ သက်လှယ် ရယ်။ တကယ်တော့ အဲဒီလို အနီရောင်ရက်စွဲရဲရဲတွေ၊ ပန်းနုရောင်နှစ်ကာလပျစ်ချွဲချွဲတွေကို ထားရစ်ခဲ့ရတာလည်း ကြာပါပြီကော။
            ဟိုတုန်းကတော့ ဘ၀ဟာ-
            “ပဲဟင်း အ၀ါ
            စာအုပ်ပုံ အနီ”
            အဲဒီလို အ၀ါရောင်ခေတ်၊ အနီရောင်ခေတ်တွေနဲ့ ၊ ရီဝေယစ်သန်း၊ လွမ်းမိုးစွေခဲ့ပါသည်။ ပထမအကြိမ် ထောင်ကျတုန်းက အမေ့ရဲ့  (၂၂)နှစ်သားကလေး။ မာယာကော့ဖ်စကီးရဲ့ လူချောလူလှ(၂၂)နှစ်သားလေး။ ဒုတိယနဲ့ တတိယအကြိမ်တွေ ထောင်ကျတော့၊ ဘ၀မှာ ယာမာဂူချီက တစ်ခန်းမရပ်တဲ့ အလွမ်းဇာတ်ထဲ ၀င်ရောက်လာခဲ့ပြီလေ။
            “အာဒမ်က ဧ၀ကို
            ချစ်တယ်လို့ ပြောတယ်။
            ဧ၀က အာဒမ်ကို
            ချစ်တယ်၊ ချစ်တယ်လို့ ပြောတယ်။
            ဒီလိုနဲ့ အာဒမ်လည်း
            တစ်သက်တစ်ကျွန်း ကျပါရော
            နှစ်သက်ရှိရင် နှစ်ကျွန်းပေါ့ ”
            ဆရာမောင်စွမ်းရည်ကဗျာထဲကလိုပဲပေါ့ ။ ကျနော်လည်း တစ်သက်ကျွန်းကျသွားခဲ့ပါသည်။
အပြာရောင်မြစ်မဟာထဲကို ကျနော် လှလှပပကြီးကို လိမ့်ကျသွားခဲ့ပြီဖြစ်ပါသည်။
            “ပဲဟင်း အ၀ါ
            စာအုပ်ပုံ အနီ
            ယာမာဂူချီ အပြာ”
            အခု ကျနော် အပြာရောင်ဗော်ရှီဗစ်။ ပဲဟင်းလည်း မ၀ါတော့။ စာအုပ်ပုံလည်း မနီတော့။ ကျနော် အပြာရောင်ဖြစ်ပြီ။ ကျနော့်နှမ သင်းသင်းသာပြောခဲ့တဲ့ “အမေရိကန်ရောက် ကွန်မြူနစ်ကဗျာဆရာ” ဆိုတာ ကျနော်မဟုတ်ဘူး။ အဲဒါက အောင်ဝေးအတု။ အခု အောင်ဝေး အစစ်က၊ တရုတ်ပြည်ရောက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ( ဗ က ပ ) ကို၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီလို ပြည်တွင်းမှာ တရားဝင် ပြန်လည်အခြေချဖို့ တောင်းဆိုနေသူတွေထဲမှာ အစ်ကို မပါပါဘူး သင်းသင်းသာ။
            ကျနော်က ကျီးကန်းတွေ လန့် ထပျံသွားတဲ့ ဂျုံခင်းထဲက ဗင်းဆင့်ဗန်ဂိုးရဲ့ အ၀ါရောင်တွေကို စွဲလမ်းခဲ့တယ်။ ကျနော်က တဟီတီဆို တဲ့ ကျွန်းကလေးပေါ်က ဂေါ်ဂင်အနီ ကိုလည်းစွဲလမ်းခဲ့တယ်။ ကျနော်က ပါဘလိုပီကာဆိုရဲ့ အပြာရောင်ခေတ်ထဲက ဂစ်တာတီးနေတဲ့အဘိုးအို ကိုလည်း စွဲလမ်းခဲ့တယ်။ ကျနော် အစွဲအလမ်းကြီးသူပါလား။ သို့ သော်…။ စွဲလမ်းခဲ့သမျှဟာ၊ အသည်းကျွမ်းခဲ့ရပါပြီ။
            ၁၉၈၈ မှာ မုန်တိုင်းတင်ရတားက သံလမ်းချိန်းသွားခဲ့ပြီ။
            ၁၉၈၉- ဆိုဗီယက်ယူနီယံပြိုကွဲ၊ ဘာလင်တံတိုင်းဖြိုလှဲ။
            ဗဟုရာဇ်မြစ်ကြီး လူသေအလောင်းနှင့် ရာဇပလ္လင်တွေပေါ် ဖြတ်စီးသွားသည်။
            အနှစ်နှစ်အလလ ချစ်ခဲ့ရတဲ့ မတ်ဝါဒလည်း၊ ဂန္ထ၀င်ဖြစ်ပြီး ပြတိုက်ထဲရောက်သွား။
            ဘ၀က အခြားနားကြီး ခြားနားခဲ့ပြီကောကွယ်။ တစ်ခုတော့ရှိတယ် ငါ့ နှမလေး။ အစ်ကိုတို့ က ကွန်မြူနစ်တစ်ပိုင်းဖြစ်ခဲ့ဖူးတော့ ကွန်မြူနစ်ဝါဒအကြောင်းသိတယ်။ ညဲတို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနည်းချက်(လို့ ပြောနိုင်တဲ့)တစ်ခုက၊ ငါတို့ အစ်မတော်က၊ ဒေါ်အောင်ဆန်းစုကြည်က ကွန်မြူနစ်ဝါဒ၊ မတ်ဝါဒအကြောင်း မလေ့လာခဲ့တဲ့အချက်ပဲ။ စိတ်မဆိုးနဲ့ ။
            ၁၉၆၂ လွန်၊ ခေတ်အဆက်ဆက်၊ စစ်အစိုးရအဆက်ဆက်ကို၊ အသက်စွန့် ပြီး ရဲရဲတိုက်ခဲ့တဲ့သူတွေဟာ၊ လက်ယာဘက်က မလာဘူး။ လက်ဝဲဘက်က လာတဲ့သူတွေအများစုပဲ။ တော်လှန်တိုးတက်တဲ့ အတွေးအခေါ်ဆိုတာ လက်ဝဲနဲ့ လက်ဝဲနွယ်ဖွားတွေဆီမှာပဲရှိတယ်။ စစ်အာဏာရှင်
စနစ်ကို အပြီးတိုင်မြေမြှုပ်ပစ်ချင်တဲ့ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲတဲ့စိတ်ဓာတ်ရှိတဲ့သူရဲကောင်းတွေဟာ ဘယ်သူတွေလဲ။ အနီလား၊ အပြာလား။ ဒါတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သိထားသင့်တာပေါ့ ။
            ကျနော်တို့ ဟာ(အများအခေါ်) လက်ဝဲသမားအဟောင်းတွေပါ။ ကျနော်တို့ ဟာ ဗ က ပ အဟောင်းတွေပါ။ ဒါပေမဲ့။ အဲဒီအထဲမှာ ဘီစီပီကို ပြည်တွင်းခေါ်သွင်းချင်တဲ့ သူတွေထဲမှာတော့ ကျနော်မပါပါ။ ကျနော့်တစ်ဦးတည်းခံစားချက်ကတော့ ကျနော်တို့ ခေတ်က ကျဆုံးကျန်ရစ် ခဲ့ပြီလေ။ ကျနော်တို့ မြစ်က သေဆုံးပျောက်ကွယ်ခဲ့ပြီလေ။ မိခင်ဗမာပြည်ကွန်မြူနစ်ပါတီကြီးရဲ့ တောက်ပခဲ့တဲ့သမိုင်းတွေကို၊ တောက်ပခဲ့တဲ့အတိုင်း သမိုင်းမှာ တင်ကျန်ရစ်ပါစေတော့။
+ + + + + +
            မစ်ရှီဂန်မဲဇာ၏ မှုန်ပြာဝေရီသော တစ်ခုသောညနေဆည်းဆာသီသီဝယ်၊ ကနေဒါငန်းရိုင်းတစ်အုပ် လောကကိုနှုတ်ဆက်ပြီး အိပ်တန်း ပျံသွားကြလေသည်။
            “ညို့ ဆိုင်း၊ နက်ရှိုင်း၊ တောတန်းကဖြင့် လှပေသား။
            ဒါမဲ့၊ ငါ့ မှာ တည်ရမယ့် ကတိတွေနဲ့ ပါလား။
            မအိပ်ခင်သွားရမယ့် ခရီးမိုင်တွေနဲ့ ပါလား။
            သြော်… မအိပ်ခင်သွားရဦးမယ့် ခရီးတွေ၊ မိုင်တွေနဲ့ ပါလား”
            ရောဘတ် ဖရော့စ်တ် ၏ ကဗျာထဲကလို၊ ကျနော် ဘ၀ကို ရှေ့ ဆက် ခရီးနှင်ရပါဦးမည်။ လွမ်းစွာသော ခရမ်းပြာမော မြင်းရိုင်းကို ရှေ့ ဆက် စိုင်းနှင်ရပါဦးမည်။ မသေမချင်းပေါ့ ။ နှလုံးအခုန် ရပ်တဲ့အထိပေါ့ ။ ခရီးတွင်အောင်တော့ မြင်းကုန်နှီးပေါ်က ၀န်ထုပ်ဝန်ပိုးတစ်ခုကိုတော့ ကျနော် ချန်ထား ခဲ့ရတော့မည်။
            သြော်…။ ချစ်သူနဲ့ ခွဲရတဲ့အခါလည်း၊ အသည်းနှလုံးက တစ်ဝက်ပဲ ကြေကွဲနိုင်ခဲ့တယ်လေ။
            အချစ်ရေ…
            ရာဇ၀င်ထဲမှာ “မတ်” ကို ထားရစ်ခဲ့။     
( ပြီးပါပြီ )
ေ အ ာ င္ ေ ၀ း

နိုဝင်ဘာ ၂- ၂၀၁၃။

2 comments:

မိငြိဏ်းခက် said...

ဆရာရေ ရောက်ခဲ့ပါတယ်. . ပို့စ်တချို့လည်းအေးဆေးဖတ်ဖို့ မသွားပါတယ်

နတ်သျှင်နောင်(ဓါးရိုးတိုရင်ရှေ့တိုးခုတ်ပါ) said...

မျိုးဆက်ကွာဟပေမယ့်. . .
မသိတာတွေများနေသေးပေမယ့်. . .
အနုပညာ(ကဗျာ)သွေးစက် သက်သက်ဖြင့်
လေးစားအားကျလျှက်ပါဆရာ