Friday, November 1, 2013

နို င် ငံေ ရး အ ကျ ဉ်း သားေ ဟာ င်း ၊ ပြ ည်ေ ပြး က ဗျာ ဆ ရာ ၊ အ ေ ၀ း ေ ရ ာ က် မ င်း ဦးေ အာ င်ေ ၀း

EXILE PROSE # 3 A – Aung Way








အ ပို င်း ( ၃ ) က

“တိုင်းပြည်ကရိုင်းတော့။ ပိတောက်တောင် မုန်တိုင်းနဲ့ မှ ပွင့်ရတယ်”
            ဒီစကားလေး၊ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ အမေရိကကိုရောက်နေတုန်း။ လူချင်းတွေ့ စဉ်က ကျနော်ပြောပြခဲ့သည်။
            “ဒီမိုကရေစီရရင်တော့၊ ကျမတို့ လည်း ရှပ်ပြေးငှားစီးခွင့်ရမှာပါ” တဲ့။ ၂၀၁၂၊ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၊ မြိတ်ကျွန်းစု ခရီးစဉ်မှာ ကျနော်တို့ အစ်မဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာဖြစ်ပါသည်။ ကျနော်ကြေကွဲရပါသည်။ မနေ့ တစ်နေ့ က “မုခစာအုပ်” ပေါ်မှာ အလွမ်းဆုံး
စကားအဖြစ် ကျနော်ဖော်ပြခဲ့သည်။ လွမ်းမြိုင်ကျေးရဲ့ ဟို့ အဝေးမှာ ကျနော်နာကျင်ပြိုလဲသွားပါသည်။ ငိုလည်းငိုချင်လာပါသည်။
            အစ်မဒေါ်အောင်ဆန်းစုကြည် အမေရိကလာတုန်းကတော့၊ အင်ဒီယားနားပြည်နယ်၊ ဖို့ တ်ဝိန်းမြို့ မှာ ကျနော်သွားရောက်ကြိုဆိုခဲ့ပါသည်။ လူချင်းတော့ တွေ့ ခွင့်မရခဲ့ပါ။ ဒီကိုရောက်မှ ကျနော်လူချင်းတွေ့ ခွင့်ရသလောက်က ကိုကျော်သူနဲ့ မရွှေဇီးကွက်။ သူတို့ ဇနီးမောင်နှံကို ကျနော် နယူးယောက်မြို့ မှာသွားတွေ့ ခဲ့သည်။ ကိုဇာဂနာကြီးဆုလာယူတုန်းကတောင် ကျနော်သွားတွေ့ ခွင့်မကြုံခဲ့ပါ။ ကျော်သူတို့ ၊ ကိုဇာဂနာတို့ ဆိုတာ၊ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံတုန်းက ရဲဘော်ရဲဘက်၊ တိုက်ဖော်တိုက်ဖက်တွေ။ အထူးပြောစရာ မရှိတဲ့ ဦးသြဘာတပည့်တွေ။ ဒီတုန်းက ကျနော်တို့  တစ်ယောက်ရဲ့ အသက်ကို တစ်ယောက်ဆီမှာ အပေါင်ထားပြီး၊ သံဃလှုပ်ရှားမှုကို ၀န်းရံအားဖြည့်ခဲ့ကြတာ။
            ကျနော့်အစ်မ ဆရာမသန်းမြင့်အောင်နဲ့ ကိုရဲလွင်(မဇ္ဈိမလှိုင်း)တို့ ၊ ဆောင်းဦးလှိုင်တို့  လာတုန်းကလည်း၊ ကျနော် လူချင်းသွားမတွေ့ နိုင်ခဲ့။
ဒီလိုပါပဲ။ ဆရာမောင်ဝံသ ရောက်နေတုန်းကဆိုလည်း ကိုယ်က ၀ါရှင်တန်ဒီစီ၊ နယူးယောက် စီးတီးတွေအထိ သွားမတွေ့ နိုင်ခဲ့။ ကိုနေမျိုးဆေးကကျတော့ သူအမေရိကရောက်တိုင်းလိုလို၊ စတည်းချရာမြို့ ကနေ ဖုန်းလှမ်းဆက် နှုတ်ဆက်တတ်ပါသည်။
            သူ့ လိုပဲ၊ ဆန်ဖရန်စစ္စကိုကဖြစ်ဖြစ်၊ လော့စ်အိန်ဂျယ်လိစ်ကဖြစ်ဖြစ်၊ မန္တလေးဂေဇက် သတင်းစာ တယ်လီဖုန်းနဲ့  လှမ်းနှုတ်ဆက်သူက ချိုချို။ ချိုချိုဆိုတာက အဆိုတော်၊ ရုပ်ရှင်မင်းသမီး ချိုပြုံးကို ပြောတာဖြစ်သည်။ ပိုင်သတို့ ၊ ကျနော်တို့ က သူ့ ကို ချိုချို လို့ ပဲခေါ်ခဲ့ကြသည်။ အဲဒီလို သူတို့ တစ်တွေက ကိုယ်ရှိရာ မစ်ရှီဂန်မဲဇာကမ်းကို ဖုန်းလှမ်းလှမ်းဆက်ကြတော့၊ ကိုယ်အမှန်လွမ်းရသည်။ ရန်ကုန်ကိုလွမ်းသည်။ ဘ၀ဟောင်းကိုလွမ်းသည်။
            ဒီမှာ ဘ၀သစ်က၊ မစ်ရှီဂန်မဲဇာတောမှာ၊ တတိယနိုင်ငံဆိုတာ ပထမနိုင်ငံမှ မဟုတ်တာ၊ မပျော်ပါဘူး။ ပျော်ရာမှာမနေ၊ တော်ရာမှာနေရ၊ ဒီလိုကလည်း မဟုတ်သေးပါဘူး။ ကိုယ့်တိုင်းပြည်မှာတုန်းကတော့ ကိုယ်က ကြက်ဖလေ။ ဒီရောက်တော့ သူများနိုင်ငံမှာ ကိုယ်က ကြက်မ ဖြစ်နေသည်။
ဒီအကြောင်းတွေ မင်းထက်မောင် အိုင်အိုဝါတက္ကသိုလ်ကို နိုင်ငံတကာစာပေရေးသားမှုအစီအစဉ်နဲ့ လာတုန်းက၊ သူနဲ့ ချီကာဂိုမြို့ မှာချိန်းတွေ့ ကြတော့၊ သူ့ ကိုပြောပြဖြစ်ခဲ့ပါသေးသည်။
            အိုင်အိုဝါကိုပဲ ဆရာဒေါက်တာခင်မောင်ညိုရောက်လာပြန်တော့လည်း၊ ဒေါက်ညိုနဲ့ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့ တွေမှာ စာပေဟောပြောပွဲအတူနွှဲရင်း၊ အမေရိကန်ထုံထိုင်းမှုတွေအကြောင်း ကျနော်ပြောပြခဲ့ပါသေးသည်။ (ဒေါက်ညိုကတော့ ဟောပြောပွဲမှာ၊ ကိုအောင်ဝေး ထွက်သွား ကတည်းက ရန်ကုန်မှာ အသုဘတွေမှာ မိန့် ခွန်းပြောတဲ့သူ မရှိဖြစ်သွားပါတယ်လို့ ထည့်ပြောသွားပါသည်)
            နောက်တစ်ခါ တစ်နှစ် အိုင်အိုဝါကို ကိုနေဘုန်းလတ်လာတော့ သူနှင့်ဖုန်းနှစ်ကြိမ်သုံးကြီမ်ပြောရသည်။ မကြာသေးခင်က ကဗျာဆရာ ကေဇော်(မန္တလေးသိန်းဇော်)လာတုန်းကလည်း သူက ဖုန်းအကြိမ်ကြိမ်ဖက်ပြီး ကဗျာအလွမ်းတွေဖြေသည်။ သူ့ ရဲ့ တောင်ကုန်းအဟောင်းများ လက်ဆောင်ထားခဲ့သည်။
            ဆရာကိုနေ၀င်းမြင့်နှင့် ဆရာကိုမျိုးမြင့်ညိမ်းတို့ လာကြတုန်းကဆိုရင်လည်း၊ ဒီမှာ ဘရောင်းယူနီဗာစီတီမှာ အစောကြီးကတည်းကရောက်နှင့်နေတဲ့ ဆရာမ မသီတာ(စမ်းချောင်း)ရဲ့ တယ်လီဖုန်းနဲ့ သူတို့  ကျနော့်ဆီလှမ်းနှုတ်ဆက်ကြ၊ စကားတွေ တစ်ဝကြီးပြောကြရသည်။ မအိမ်ကံကို သတိရသည်။
ဆရာနေ၀င်းမြင့်ပြန်သွားပြီး၊ မဟေသီမှာ ခရီးသွားအက်ဆေးရေးတော့၊  မေရိကန်က လူတွေအကြောင်းရေးတာတစ်ကွက်က “လူတိုင်း လက်ထဲမှာ ကော်ဖီတစ်ခွက် ကိုင်ထားတဲ့တိုင်းပြည်” တဲ့။ ဒါအမှန်ပါ။ အများပြည်သူသုံး ဘတ်စကားတွေပေါ်ကိုလည်း အဲဒီကော်ဖီခွက်တွေတကိုင်ကိုင် နဲ့ တက်လာကြတာပါ။
            ဒီမှာက ဆိုင်ထဲမှာ ထိုင်မသောက်ကြသလောက်ပဲ။ ထိုင်သောက်ဖို့ အချိန်ကလည်းမရှိဘူးထင်ပါရဲ့ ။ စားသုတ်သုတ်၊ သွားသုတ်သုတ်၊ သေသုတ်သုတ်၊ သုတ်သုံးကျမ်းတိုင်းပြည်။ ဒီတိုင်းပြည်မှာ အချိန်ကလွှတ်ဆင်းရဲတာ။ ငွေတော့နည်းနည်းပေါပါရဲ့ ၊ အချိန်က မပေါဘူး။ ဒီတော့ ဒီတိုင်းပြည် မှာက ကျနော်တို့ ရန်ကုန်မှာလို လက်ဖက်ရည်ဆိုင်ယဉ်းကျေးမှုဆိုတာ ဝေလာဝေး၊ မရှိ၊ နတ္ထိ။ ကျနော်တို့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ စရိုက် သဘာဝအတိုင်း၊ တစ်နေကုန် လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့အရသာက ဒီမှာဘယ်လိုမှ ရှာလို့ ကမရ။ စိတ်ပိန်တယ်။ ယမကာညနေခင်းဆိုပြန်ရင်လည်း ရန်ကုန်မှာလိုမဟုတ်။ ဒီမှာက ရာသီဥတုက အေးခဲလွန်းတော့ အဆောက်အအုံတွေက အလုံပိတ်။အရက်ဆိုင်၊ ကော်ဖီဆိုင်ကလည်း အလုံပိတ်။
ကျနော်က အလုံပိတ်အဖွဲ့ အစည်းလို့ နာမည်ပေးထားတယ်။
            အဲဒီလို အလုံပိတ်ဆိုဆိုက်တီးထဲမှာ ကြာလာတော့ ထုံထိုင်းမှုဖြစ်လာသည်။ အမေရိကန်ထုံထိုင်းမှု။ (ပြောလို့ သာပြောရတယ်။ ထိုင်းမှာ နေရတုန်းကတော့ နေလို့ ကောင်းတယ်။ ပျော်သလိုလိုလည်းရှိတယ်။ ဒုတိယနိုင်ငံပေမဲ့ လို့ သောင်ရင်းမြစ်တစ်ခုပဲခြားတာဆိုတော့၊ အိမ်ကိုလွမ်းရင် နောက်ဖေးပေါက်ခြံစည်းရိုးကနေ လှမ်းမျှော်ချောင်းကြည့်လို့ ရသေးတယ်လေ။
            ဘယ်နေရာ၊ ဘယ်ဘ၀ရောက်ရောက်ပါ၊ စာကတော့ မဖြစ်မနေရေးရသည်။ မရေးလို့ မရ။ ဘ၀ရပ်တည်ရေး၊ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရင်းတစ်ဖက်နဲ့ စာကိုကြိုးစားပြီး အသေအလဲ ရေးရသည်။ စာမရေးရင် အိမ်လွမ်းစိတ်သစ်ပင်ကလေး သေသွားမှာပေါ့ ။ ကဗျာမရေးဘဲနဲ့  အောင်ဝေးလို့ နာမည်ခံနေလို့ မရဘူးပေါ့ ။ စာရေးနေလို့ သာ၊ ကဗျာတွေရေးနေလို့ သာ၊ နို့ မို့ ဆိုရင် အောင်ဝေးလည်း အမေ့ခံသတ္တ၀ါတစ်ကောင် ဖြစ်နေလောက်ပြီ။
            ရွှေပြည်ကြီးမှာတုန်းက ဆိုရင်တော့ အောင်ဝေးဟာ ကဗျာသိပ်ရေး၊ ကဗျာသိပ်ရွတ်တဲ့ကောင်ပေါ့ ။ ကဗျာရွတ်ဆိုပွဲတွေ သူလုပ်ခဲ့တယ်။ ကိုစောဝေတို့ ၊ ကိုဇော်သက်ထွေးတို့ နဲ့ အတူ လုပ်ခဲ့တဲ့ ကဗျာရွတ်ဆိုပွဲတွေ။ နှင်းကကြိုး၊ အဖြူရောင်သက်တံ၊ ၀န်တင်လိပ်ပြာ။ တစ်ခုပြီးတစ်ခု၊ တစ်ပွဲပြီး
တစ်ပွဲ။ မနည်း။ ၂၀၀၆။ ၂၀၀၇။ ခုတော့ ကဗျာရွတ်တဲ့အောင်ဝေးဟာ အဝေးကိုရောက်နေပါရောလား။
            ဟိုးတုန်းက ကုန်းဘောင်ခေတ်နှောင်း မြန်မာစာပေမှာ၊ စာအဆိုကောင်း၊ ကဗျာအရွတ်အဖတ် ကောင်းတဲ့ “အဝေးရောက်မင်းဦးအောင်ကြီး” ဆိုတာထင်ရှားခဲ့တယ်။ မြန်မာ့အသံရေဒီယိုကနေ ဦးအောင်ကြီးနဲ့ အလင်္ကာကျော်စွာဒေါ်စောမြအေးကြည်တို့ ရှေးဟောင်းဂန္ထ၀င်ကဗျာတွေရွတ်ဆိုထား တဲ့ဓာတ်ပြားလွှင့်တာ မကြာမကြာ နားထောင်ခဲ့ရဖူးသည်။
            အခု၊ ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာတွေ အရွတ်ကောင်းတဲ့ ကဗျာဆရာအောင်ဝေးဟာလည်း POET OF EXILE အဝေးရောက်ဖြစ်နေ၊ အသက်အရွယ်ကလည်း အဘိုးကြီးဖြစ်လာ၊ လာမယ့် ဇူလိုင် ၂၃(၂၀၁၄)ဆိုရင် အောင်ဝေး (၆၀) ပြည့်မယ်၊ ဆိုတော့ကာ ကိုယ်လည်း ကိုယ့်အသက် အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ ဆိုရင် “အဝေးရောက်မင်းဦးအောင်ဝေး” လောက်တော့ဖြစ်နေပြီပေါ့ ။
(အဝေးရောက်မင်းဦးအောင်ကြီးလို့ ဆိုတာက EXILE လို့ ဆိုတဲ့ဟာတော့မဟုတ်ဘူးလို့ မှတ်သားရဖူးပါတယ်။ ဒီနေရာမှာ စကားအရသာ အဝေးရောက်မင်းလို့ ယူတာဖြစ်ပါတယ်။   ။ဤကား စကားချပ်)
+ + + + + +
            ကျနော် အပြေးကောင်းလို့ အမေရိကရောက်လာတာလို့ ဆိုချင်သည်။ မပြေးနိုင်လို့ ကတော့ လက်ပြဲကြီးထဲမှာ တွေးရဲစရာမရှိအောင် တောင်ဖြစ်သွားနိုင်သည်။
            ကျနော် ကျောင်းသားနိုင်ငံရေးဘ၀က လာတာဖြစ်သည်။ ကျနော် ၇၄- ၇၅- ၇၆ မျိုးဆက်။ ဦးသန့် အရေးအခင်း၊ ရွှေတိဂုံအထွေထွေသပိတ်၊ မှိုင်းရာပြည့်တွေထဲက။ နောက်တော့ ကျနော် ကဗျာနိုင်ငံရေးထဲ ရောက်သွားသည်။ ကျနော် ၁၉၈၂ မှာ ကဗျာဆရာဖြစ်လာသည်။ ကဗျာသည်(စာပေသည်) နိုင်ငံရေး၏လက်အောက်ခံဖြစ်သည်။ကျနော်(တို့ )ဒီလိုလက်ခံယူဆသည်။ ဒီတော့ ကျနော် နိုင်ငံရေးတွေကို ကဗျာထဲမှာရေးသည်။ ခေတ်ကို ကဗျာထဲထည့်သည်။ ကဗျာနှင့်နိုင်ငံရေးပေါင်းစပ်သည်။ နိုင်ငံရေးကို ကဗျာနဲ့ လုပ်သည်။
            ငယ်ငယ်တုန်းကတော့ ကျနော်ကွန်မြူနစ်။ ကွန်မြူနစ်လိုလားသူ။ ၈၈ မှာတော့ ကျနော် ဒီမိုကရက်တစ်ဖြစ်သွားသည်။ ကျောင်းသားဘ၀မှာ ဗ က ပ ကွန်မြူနစ်လိုလားသူအနေနဲ့ ပထမဆုံးအကြိမ် အဖမ်းခံရသည်။ ဒီမိုကရက်တစ် NLD ခေတ်မှာတော့ နှစ်ကြိမ် အဖမ်းခံရသည်။ မ ဆ လ စစ်အစိုးရလက်ထက်မှာ တစ်ကြိမ်၊ န ၀ တ စစ်အစိုးလက်အောက်မှာ နှစ်ကြိမ်ဆိုပါတော့။ အဖမ်းခံရတိုင်း အနည်းနှင့်အများတော့ ရုပ်ရော စိတ်ပါ နှိပ်စက်ညှဉ်းပန်းခံရတာချည်းဖြစ်သည်။ အော့ဇ၀စ်ငရဲခန်း။
            ပထမအကြိမ် ကျောင်းသားဘ၀၊ ပုသိမ်ကောလိပ် ၁၉၇၆ မတ်လအရေးအခင်း၊ မှိုင်းရာပြည့်တွေနှင့်အဖမ်းခံရစဉ်က၊ ပုသိမ် ရန်ကင်းတောင် စစ်ထောက်လှမ်းရေး(၄)က မြေတိုက်ခန်းထဲမှာ စစ်ကြောရေးနှိပ်စက်တဲ့ဒဏ်ခံရတာ၊ အဲဒီတုန်းက ပုသိမ်အကျဉ်းထောင်ထဲမှာ ဘယ်ဘက်မျက်လုံး ကွယ်မလိုဖြစ်လို့ ၊ လက်ထိတ်ကြီးတန်းလန်းနဲ့  တိုင်းဆေးရုံကြီးက မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဦးညွန့် ဝင်းနှင့် အကြိမ်ကြိမ်သွားသွားပြခဲ့ ရသည်။
            ဒုတိယမ္ပိအလည်ရောက်ခြင်း(ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေးခရီးစဉ်)မှာတော့ မဟုတ်ဘူး၊ တတိယမ္ပိအခေါက်(၁၉၈၉ အာဇာနည်နေ့  အရေးအခင်း)မှာ အဖမ်းခံရတော့၊ အဲဒီ တပ်မတော်ထောက်လှမ်းရေး(၄)ကပဲ ကတ္တီပါအိတ် ခေါင်းစွပ်ပြီး နှိပ်ကွပ်လိုက်တာ။ စစ်ကြောရေးမှာ ကိုယ်မမြင် ရတဲ့စစ်ဗိုလ်က ကျနော့်ကို “ဒေါ်အောင်ဆန်းစုကြည် လက်နက်ကိုင်တော်လှန်ရေးလုပ်လာနိုင်သလား” မေးသည်။ ကျွတ်။ အတော့်ကိုကြောင်တဲ့ကိစ္စပဲ။
ဟေ့ကောင်ဖြေစမ်းတဲ့။
ကျနော်ဖြေလိုက်တယ်။ “ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုအားကိုးမှာမဟုတ်ဘူး”။ အဲဒီမှာတင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကျနော့်ရှေ့ သွားတစ်ချောင်း အကြွေးတင်သွားခဲ့တာပါပဲ။
            ဒီအကြွေးကိုတော့ ၂၀၁၅ ကျရင် ဒေါ်အောင်ဆန်းစုကြည် ကျနော့်ကိုပြန်ဆပ်နိုင်ကောင်းပါရဲ့ ။
            နိုင်ငံရေးအကျဉ်းသားမှန်သမျှ၊ စစ်အစိုးရအဆက်ဆက် ထောက်လှမ်းရေးနဲ့ မှုခင်းရဲတပ်ဖွဲ့ ရဲ့ နှိပ်စက်ညှဉ်းပန်းတဲ့ဒဏ်တွေကို တစ်နည်း မဟုတ်တစ်နည်းနဲ့ အလူးအလဲခံကြရတာချည်းပါပဲ။ တချို့ သေ၊ တချို့ နာ၊ တချို့ ဒုက္ခိတ၊ တချို့ ရူး၊ တချို့ ပျောက်ဆုံး။
            ၁၉၇၆ တုန်းက ထောက်လှမ်းရေးနှိပ်စက်လို့ ကွယ်မလိုဖြစ်ခဲ့တဲ့ ကျနော့်မျက်လုံးက၊ ၁၉၉၁ တတိယအကြိမ် ကျနော်ထောင်ကပြန်လွတ်လာ တဲ့အချိန်မှာတော့၊ တကယ့်ကိုလုံးလုံး ကွယ်သွားခဲ့ပါတော့သည်။ မြင်လွှာကွာသွားတာဖြစ်သည်။ RD- RETINA DETACHMENT ဟုခေါ်သည်။ ရန်ကုန်၊ ကန်တော်ကြီး မျက်စိဆေးရုံကြီးက သမားတော်ကြီးပါမောက္ခဦးသန်းအောင်ကိုယ်တိုင်နှင့် အထူးကုဆရာဝန်ကြီးဦးမြအောင်တို့ ခဲရာခဲဆစ် ပင်ပင်ပန်းပန်း ခွဲစိတ်ကုသ ပေးခဲ့၍သာ၊ ကျနော် တစ်လုံးကန်း ဗိုလ်ချုပ်ကြီးမိုရှေဒါယန်း မဖြစ်တယ်၊ ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့ ဒဏ်ရာက သေရာပါခဲ့ပါသည်။ ကမ္ဘာမကြေဘူး စစ်အာဏာရှင်မှန်သမျှရေ…။
            ဒီလိုနှင့်၊ တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ။ သို့ တည်းမဟုတ်၊ တံတားအောက်မှာ မြစ်ရေတွေ သေဆုံးသွားခဲ့ကြသည်။
+ + + + + +
            အဖြူရောင်သက်တံ။
            ၂၀၀၆- ၂၀၀၇ မှာ ကျနော်တို့ အဖြူရောင်သက်တံကဗျာရွတ်ဆိုပွဲတွေကလည်း အောင်မြင် အရှိန်ရလာသည်။ ကျနော်တို့ ကဗျာဆရာတွေနှင့် အတူ နာမည်ကြီးရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ နာမည်ကျော်အဆိုတော်တွေနဲ့ တက်သစ်စထင်ရှားသည့်မော်ဒယ်အနုပညာသည်တွေပါ အင်နဲ့ အားနဲ့  ပါလာပါသည်။ ရန်ကုန်၊ မန္တလေး ပရိသတ်တွေကလည်း အလုံးအရင်းနှင့် အားပေးထောက်ခံကူညီလာပါသည်။ လူထုသဘော၊ လူထုလှုပ်ရှားမှုအသွင်သို့ တဖြည်းဖြည်းသက်ဝင်ရွေ့ လျောလာပါသည်။ (မန္တလေးမှာ စစ်တိုင်းမှူးက ကဗျာရွတ်ဆိုခွင့်ပိတ်ပင်ခဲ့သည်)
            ဆရာဇော်ဇော်အောင်က စာနဲ့ ပေနဲ့ တရားဝင် ရေးလာပြီး၊ တိုင်းပြည်ကိုတင်ပြသည်။ “စောဝေတို့ ၊ ဇော်သက်ထွေးတို့ ၊ အောင်ဝေးတို့ ၊ လူထုရှေ့ မှောက်မှာ ကဗျာရွတ်ပွဲတွေလုပ်နေတာဟာ၊ သူတို့ အနုနိုင်ငံရေး MICRO- POLITICS လုပ်နေတာပါပဲ” တဲ့။
            တစ်ချိန်တည်းမှာပဲ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများအဖွဲ့ ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကလည်း ဆက်တိုက်ပေါ်ထွက်လာသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် ကျနော်(ဆရာဒဂုန်တာရာ တဖွဖွတိုက်တွန်းနေတဲ့) တပ်ပေါင်းစုဖွဲ့ စည်းရေးတွေ အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်ခဲ့သည်။ နောက်တော့ သူတို့ တစ်အုပ်စုလုံး တစ်ပြုံတစ်မကြီးအဖမ်းခံလိုက်ရသည်။ ၂၀၀၇ သြဂုတ် ၂၁။
            နောက်တော့ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေး၊ ဒေါ်နော်အုန်းလှတို့ ဦးဆောင်သည့် လူထုဆန္ဒပြပွဲတွေ ဟိုကဒီက အလျှိုအလျှိုပေါ်လာသည်။
ကိုထင်ကျော်တို့ အဖမ်းခံရသည်။ ၂၀၀၇ သြဂုတ်လ(၂၈)ရက်နေ့ မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ပများအဖွဲ့ ချုပ်(ဗ က သ များအဖွဲ့ ချုပ်) ပြန်လည်မွေးဖွားပေါ်ထွက်လာသည်။
            နောက်တော့၊ စက်တင်ဘာလထဲမှာ ပခုက္ကူသံဃအရေးအခင်းဖြစ်လာသည်။ တစ်နိုင်ငံလုံး သံဃာတွေ လမ်းပေါ်ထွက်လာသည်။ နောက်တော့  ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၇ စက်တင်ဘာ အထွေထွေသပိတ်ကြီးဖြစ်လာသည်။ ရွှေဝါရောင်လူထုအရေးတော်ပုံကို န အ ဖ စစ်အစိုးရက စစ်တပ်အင်အား အလုံးအရင်းနဲ့ ပစ်ခတ်နှိမ်နင်းဖြိုခွင်းခဲ့သည်။ ကိုဇာဂနာ အဖမ်းခံရသည်။ ကျော်သူ အဖမ်းခံရသည်။ ကျနော် ပြေးရသည်။
            နိုင်ငံရေးအကျဉ်းသား သုံးထပ်ကွမ်း ဗထက်ခြိုက် ကဗျာဆရာဟာ၊ ရွှေဝါရောင်တော်လှန်ရေးမှာ တပ်ဦးက ချွန်းချွန်းကြီးပါဝင်ခဲ့မိလေတော့၊ နောက်တစ်ခါ နိုင်ငံရေးအကျဉ်းသား လေးထပ်ကွမ်းဘွဲ့ ကိုလည်း မခံယူချင်(မခံယူရဲ)တော့လေတော့၊ လွတ်ရာကျွတ်ရာပြေးခဲ့ရတော့တာပါပဲ။ အပြေး ကောင်းတော့ မစ်ရှီဂန်မဲဇာ ရောက်လာတာပါပဲ။
            ရန်ကုန်က ကိုအောင်ဘညိုကြီးက အမေရိကရောက်နေတဲ့ ကျနော်တို့ ၊ ဇော်ကြီး(သစ်ကောင်းအိမ်)တို့ ကို၊ မုခစာအုပ်ထဲကနေ လှမ်းလှမ်း ကျီစယ်ပါတယ်။ ပြည်ပအားကိုး ပုဆိန်ရိုးတွေ ဆိုဆိုပြီးတော့ပေါ့ ဗျာ။ ဘုရားစူးရပါစေရဲ့ ။ မောင်ကြီးနှမ ကျားကိုက်ရပါစီရဲ့ ကိုအောင်ဘညိုရယ်။ ဒီမှာ ကျနော်တို့ ကိုယ့်ဘာသာ ကိုယ်အားကိုးပြီး ရုန်းကန်ရပ်တည်နေရတာပါ။ ကဗျာတောင် နပ်မှန်အောင် မရေးနိုင်ပါဘူးဗျာ။ သူကတော့ ချစ်လို့ ခင်လို့  လွမ်းလို့ သတိရလို့ လှမ်းစ၊ လှမ်းနောက်တာပါ။
            ဒီကြားထဲ ပြည်တွင်းက ညီငယ်ကဗျာဆရာတွေကလည်း၊ ကျနော်တို့ ဗမာ့နိုင်ငံရေးကိုစိတ်ကုန် ရွံရှာသွားပြီ ဆိုပြီး၊ ဖေ့စဘုတ်ကနေ မတ်စိတွေပို့ လားပို့ ကြရဲ့ ။ တချို့ နောက်ပြန်ဆုတ်တာလား၊ ဘရိတ်ပေါက်တာလားတော့မသိ၊ “ပူစီ…ပူစီ” နဲ့ တစ်ပူစီတည်းစီပြီး အချစ်ကဗျာတွေဘက် လှည့်ရေးတဲ့သူတောင် ရေးတဲ့ အဖြစ်ရောက်ကုန်ကြပြီ။
            ဆရာဗန်းမော်တင်အောင်ပြောသလိုပဲပြောရရင်တော့ “ကျနော်ကကော ဘာများ တတ်နိုင်ပါဦးမည်နည်း” ပေါ့ ။ ကျနော့်မှာတော့ ပြည်ပြေး ကဗျာဆရာလို့ အခေါ်ခံရတာပဲ အဖတ်တင်နေတော့သည်။
+ + + + + +

(အပိုင်း- ၃ ခ၊ ဆက်ဖတ်ပါရန်)
ေ အ ာ င္ ေ ၀ း

နိုဝင်ဘာ ၁ – ၂၀၁၃။

0 comments: