Sunday, October 27, 2013

နို င် ငံေ ရး အ ကျ ဉ်း သားေ ဟာ င်း ၊ ပြ ည်ေ ပြး က ဗျာ ဆ ရာ ၊ အ ေ ၀ း ေ ရ ာ က် မ င်း ဦးေ အာ င်ေ ၀း


EXILE PROSE-2

အ ပို င်း ( ၂ ) က

ကျနော် ပထမအကြိမ် ထောင်ကလွတ်သည့်နေ့ မှာ၊ ပုသိမ်အကျဉ်းထောင် ထောင်ဗူးဝရှေ့ တွင် နေမျိုးဇော်(မင်းညိုစင်) လာစောင့်ကြိုနေခဲ့ပေသည်။ ထိုနေ့ က ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်။ နောက်တစ်နေ့  အောက်တိုဘာ(၂၇)ရက်နေ့ မှာတော့ ကျနော်က ရန်ကုန်မြို့ ၊ ကြံတောသုသန်က
ဆရာဗန်းမော်တင်အောင်ဈာပနသို့ ရောက်ရှိနေခဲ့ပြီဖြစ်လေသည်။ (ဆရာဗန်းမော်တင်အောင်၊ အသက် ၅၈ နှစ်၊ ၂၃-၁၀-၇၈ နေ့  ကင်ဆာရောဂါနှင့်
ကွယ်လွန်သည်)
            မစ်ရှီဂန်မဲဇာမှာ တစ်ခါတစ်ခါ အိမ်လွမ်းစိတ်ဝေဒနာ သည်းသိပ်သွန်းထန် ခံရခက်သည့်အခါ၊ ‘မုခစာအုပ်’ ဆိုသည့် အင်တာနက်လိုင်းပေါ်မှာနေမျိုးဇော် ခေါ်ခေါ်၊ မင်းညိုစင် ခေါ်ခေါ်၊ ဘယ်လိုခေါ်ခေါ် သူနှင့်ကျနော် ရံဖန်ရံခါ တွေ့ တတ်ကြလေ့ရှိပါသည်။ အခုတော့ သူက တောပြန်။ ကိုယ်က
ပြည်ပြေး။ ဘ၀တွေက ခြားနားခြင်းကြီးမက ခြားနားသွားခဲ့ကြပြီဖြစ်လေသည်။

+ + + + + +
            ၁၉၈၂၊ သူ(နေမျိုးဇော်) ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့ မြောက်စစ်ဒေသသို့ တောခိုသွားသည့်အခါက၊ ကျနော်တို ၊့ထူးအိမ်သင်တို့ ကလွမ်းကျန်ရစ်ခဲ့ကြတာဖြစ်လေသည်။ အဲဒီတုန်းက ကျနော်က ရန်ကုန်တက္ကသိုလ်မှာ မဟာဝိဇ္စာနောက်ဆုံးနှစ် လာတက်နေတဲ့အချိန်ဖြစ်သည်။ စံရိပ်ငြိမ်(၆)လမ်း၊ ယုဒသန်ရိပ်သာသာအနီး၊ ၆၀၃ ခြံကြီးရှေ့ က သစ်သားနှစ်ထပ်အိမ်ကလေးရဲ့ အောက်ထပ်မှာ ကျနော်တို့ စုဝေးငှားနေခဲ့ကြသည်။
            ကျနော်တို့ အိမ်လေးကို ကဗျာဆရာမ မအိ အ၀င်အထွက်ရှိသည်။ ကိုမြင့်နောင်ဆိုသည့် မိတ်ဆွေတစ်ယောက်လည်း ရံဖန်ရံခါရောက်လာလေ့ရှိသည်။ နောက်တော့ သိပ်မကြာလိုက်ပါ။မအိ၊ ကိုမြင့်နောင်၊ နေမျိုးဇော်တို့ ရှေ့ ဆင့်နောက်ဆင့် တောခိုသွားခဲ့ကြပါသည်။ ကျနော်တို့ အိမ်ကလေး
ကိုလည်း၊ တစ်ခါမှမမြင်ဖူးတဲ့လူစိမ်းတွေ ဟိုကဒီက ခဏခဏလာလာပြီး ဟိုမေးဒီမေးတွေလုပ်လာတာကြောင့်၊ ကျနော်တို့ တစ်ပြုံတစ်မကြီး ထိုအသိုက်အမြုံကလေးကနေ စွန့် ခွာလိုက်ကြပါသည်။ ထူးအိမ်သင်(ထိုစဉ်က ထူးအိမ်သင်မဖြစ်သေးပါ) က မော်လမြိုင်ပြန်သွားသည်။ ကျနော်က မိန်းမရပ်ထံ
ပြန်ပါသည်။ (ထိုအချိန်က ကျနော် ယာမာဂူချီနှင့်အိမ်ထောင်ကျနေခဲ့ပြီဖြစ်သည်)
            နေမျိုးဇော် တောခိုသွားတော့ ကျနော်တို့ က သူ့ ကိုလွမ်းကျန်ရစ်ခဲ့ရသည်။ နောင် ဆယ်စုနှစ်တစ်ခုအကြာ၊ မအောင်မြင်သောတော်လှန်ရေးကနေ သူ ရန်ကုန်ကိုပြန်ရောက်လာတော့လည်း ကျနော်တို့ သူ့ ကို ဖက်လှဲတကင်းကြိုဆိုခဲ့ကြသည်။ သူ(နေမျိုးဇော်) တောကပြန်ရောက်မလာခင်၊
လွိုင်ဆမ်ဆစ်မှာ မြင်းစားပဲတွေစားပြီး၊ န ၀ တ စစ်ထောက်လှမ်းရေးအကျယ်ချုပ်နဲ့ နေနေရတဲ့ရက်တွေတုန်းက သူသည် ထူးအိမ်သင်အတွက် ကဗျာရှည်ကြီးတစ်ပုဒ်ရေးပြီး၊ ကျနော့်ဆီ လူကြုံနှင့်လှမ်းပို့ ခဲ့သေးသည်။ မြို့ လယ်ကောင်မှာ ဆိုင်ကယ်တ၀ှီးဝှီးနှင်ပြီး၊ ကျနော်ရှိရာ ကန်တော်ကလေးကအားမာန်သစ်စာပေမှာ ထူးအိမ်သင် ဒီကဗျာကိုလာယူသွားခဲ့ပါသည်။
            ၁၉၈၉-၉၀၊ ကျနော် ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အဖမ်းခံရပြီး၊ ပုသိမ်အကျဉ်းထောင်ထဲရောက်ရပြန်တဲ့အခါ၊ ကျနော့်ကို တိုင်းတရားရုံးထုတ်တဲ့နေ့ တိုင်းလို လွိုင်ဆမ်ဆစ်ကနေ နေမျိုးဇော်ထံက အားပေးစကား၊ သတင်းစကားတွေကို၊ လူတစ်ယောက်က အမြဲလာလာပြောပြလေ့ရှိပါသည်။အဲဒီလို ညီလိုတစ်မျိုး၊ ရဲဘော်ရဲဘက်လိုတစ်မျိုး ချစ်ခင်လေးစားရတဲ့ နေမျိုးဇော်ဟာ အထက်တန်းကျောင်းသားဘ၀မှာကတည်းက ကျနော်နှင့်ကဗျာရေးဖော်ရေးဖက်ဖြစ်ခဲ့တာဖြစ်သည်။ ကျနော်တို့ ပုသိမ်မြို့ ၊ အ ထ က(၃)မှာ ‘မြကျွန်းညို’ နံရံကပ်စာစောင်ကို အခါအားလျော်စွာထုတ်ခဲ့ကြပါသည်။ ကျနော်တို့ က ကဗျာဝါသနာရှင် စာကြမ်းပိုးလေးတွေ။ နေမျိုးဇော်က ကဗျာလည်းရေး၊ ပန်းချီလည်းဆွဲသည်။ အထက်တန်းကျောင်းမှာတုန်းကတော့ကျနော့်ကလောင်နာမည်က ‘မောင်နွယ်စိမ်း’။
            နောက်တော့ ကျနော်တို့ ဆယ်တန်းအောင်ပြီး ပုသိမ်ကောလိပ်အတူရောက်ကြတော့၊ ပုသိမ်ကောလိပ် မြ၀ါးရုံရိပ် ကျောင်းသားစာပေအသိုင်းအ၀ိုင်းမှာ တြိဂံလေးတစ်ခုဖြစ်တည်လာခဲ့ပါသည်။ ကျောင်းသူ ကျောင်းသားတွေက အသိအမှတ်ပြုပေး၍ဖြစ်သည်။ နေမျိုးဇော်ရယ်၊ မြောင်းမြသား စိုးထိုက်(ယခု စိုးအိမ်)ရယ်၊ ကျနော်ရယ်။ စိုးထိုက်က ဒီတုန်းက သူ့ ကလောင်နာမည်က စိုးစံထိုက်(မြောင်းမြ)ဖြစ်သည်။ ကျနော်က ‘အနန္တလှိုင်’ပေါ့ ။ နေမျိုးဇော်၊ စိုးစံထိုက်(မြောင်းမြ)၊ အနန္တလှိုင်။ တစ်ရံရောသောအခါ မြ၀ါးရုံတောလို့ ခေါ်ကြတဲ့ ပုသိမ်ကောလိပ်က၊ လွမ်းမောဖွယ် ပန်းနုရောင်စာပေတြိဂံလေးတစ်ခု။
            ပုသိမ်ကောလိပ်အကြောင်းကို ရာဇ၀င်နဲ့ ချီပြီးပြောရရင်၊ ၅၀ ခုနှစ်တွေတုန်းက ဆရာမောင်ပန်းမွှေးတို့ တစ်ခေတ်ပေါ့ ။ အဲဒီနောက် ကျနော်တို့ ကျောင်းကိုမရောက်ခင် ၆၀ ခုနှစ်တွေကုန်ခါနီး၊ ၇၀ ခုနှစ်တွေ အစပိုင်းဟာ မောင်လင်းကြည်(မြ၀င်း-ဒဿန)၊ စိမ်းမြ၊ ဆလိုင်းအောင်ရိုင်းရိုင်းတို့ တစ်ခေတ်လို့ ပြောကြသည်။ နောက်တော့ ၇၀ ခုနှစ်တွေဟာ ကျနော်တို့ တစ်ခေတ်ပေါ့ ။ ကျနော်တို့ ခေတ်မှာ မင်းပြားက ကြူးသစ်၊ ၀ါးခယ်မကနန္ဒကျော်စွာ၊ ရေကြည်က ကိုပန်းလှိုင်၊ သံတွဲက မောင်လင်းလု စသည်ဖြင့် ကဗျာရေးသူတွေ ရှိခဲ့သည်။ ကျောင်းသူကျောင်းသားအစဉ်အဆက်ကဒီကဗျာဆရာတွေကို အသိအမှတ်ပြုခဲ့ကြသည်။ ကျနော်တို့ ခေတ်မှာ ကျောင်းအုပ်ဆရာကြီးကလည်း ဆရာတက္ကသိုလ်ဘုန်းနိုင်ဖြစ်နေတာပါ။
            ကျနော်၏စာပေဘ၀က ဤသို့ ဤနှယ် လမ်းခင်းလာခဲ့ခြင်း။ စာပေနဲ့ နိုင်ငံရေးမှာ ဘယ်ဟာက အချစ်ဦးလဲ။
            မစ်ရှီဂန်မဲဇာ၏ တစ်ခုသောညနေချမ်း၊ လွမ်းငွေ့ မှုန်ဝေသော ရင်ခုန်ဖွယ်အခိုက်ခဏလေးမှာ၊ ကျနော်က နှင်းခါးရိုက်၍သေဆုံးသွားသောကျနော်၏ဥယျာဉ်စိုက်ခင်းကလေးကိုကြည့်ငေး နှမြောတသရင်း စဉ်းစားတွေးတောနေခဲ့မိလေသည်။
+ + + + + +

           
ဆရာဒဂုန်တာရာရေးခဲ့တဲ့ ‘ဒုတိယချစ်သူနှင့်ကွဲမှ၊ ပထမချစ်သူခေတ်ကိုတမ်းတခြင်း’ ဆိုတဲ့စကားရဲ့ အနက်အဓိပ္ဖာယ်ကို ကျနော်စဉ်းစား
ကြည့်မိသည်။ စာပေနှင့်နိုင်ငံရေးတို့ မှာ ကျနော် တစ်ပြိုက်နက်တည်း ပိုးပန်းခဲ့သည့်ချစ်သူတွေပဲလား။ ဘယ်သူ့ ကို ကျနော်ပိုချစ်မိခဲ့တာလဲ။ ဒါါမှမဟုတ်ဘယ်သူက ကျနော်ကို ပိုချစ်ခဲ့တာလဲ။ မစဉ်းစားတတ်တော့ပါဘူး။
            ကိုးတန်းကျောင်းသားဘ၀မှာကတည်းက ကျနော်က စတာလင်၏ ‘ဗော်လ်ရှီဗစ်ရာဇ၀င်အကျဉ်းချုပ်’ စာအုပ်ကိုဖတ်ပြီးနေပြီဖြစ်သည်။ရှင်မဟာရဋ္ဌသာရ၏ ‘ကိုးခန်းပျို့ ’ ကို ကိုးခေါက်ဖတ်ပြီးနေပြီဖြစ်သည်။ မြသန်းတင့်၊ အောင်လင်း၊ သခင်လေးမောင်တို့ ၏ အနုပဋိလောမရုပ်ဝါဒ၊ ရာဇ၀င်ရေးရုပ်ဝါဒကျမ်းအသီးသီး၊ ကျော်အောင်(မြန်မာပြန်) မောရစ်ကွန်းဖို့ တ်၏ ‘မတ်ဝါဒလမ်းညွှန်’ ၊ မောင်သာနိုးဘာသာပြန်တဲ့ ဂျော့သွမ်ဆင်ရဲ့  ‘မတ်ဝါဒနှင့်ကဗျာ’ ၊ မော်စီတုန်း၏ ‘လက်တွေ့ နှင့်ပဋိပက္ခ’ ၊ စသည် စသည်၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ပါရဂူ၊ သခင်မြသန်းတို့ ၏စာတွေ၊ စသည် စသည်၊
ပြီးတော့ အထင်ကရ ၁၉၇၀ မိုးဝေကဗျာတွေ၊ ဒါတွေက ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတစ်ယောက်ရဲ့ လွယ်အိတ်ထဲမှာ၊ စာအုပ်စင်ပေါ်မှာ တခမ်းတနား အကျအန နေရာယူထားခဲ့ပြီးဖြစ်လေသည်။
            ကျနော် ဆယ်တန်း(သိပ္ဖံဘာသာတွဲနှင့်)အောင်တော့ သိပ္ဖံဘက်မလိုက်ဘဲ၊ ၀ိဇ္စာဘက် လိုက်ခဲ့သည်။ကျောင်းကဆရာတွေက အမှတ်ကောင်းသည့် သင်္ချာတို့ ၊ ရူပဗေဒတို့ တစ်ခုခုယူစေချင်သည်။ ကျနော်က အဲဒါတစ်ခုမှ မယူ။ ကျနော်ဝါသနာပါသည့် မြန်မာစာအဓိကယူခဲ့သည်။ အကယ်တည့်
သင်္ချာ-ရူပဗေဒ တစ်ခုမဟုတ်တစ်ခု ယူခဲ့လျှင် ကျနော် အိုင်းစတိုင်းဖြစ်မည်။ ခုတော့ မြန်မာစာယူခဲ့သဖြင့် ကျနော် သူပုန်ကဗျာဆရာဖြစ်လာခဲ့လေသည်။ လွမ်းပ။
            ကျနော်က ချီလီကဗျာဆရာ ပါဘလိုနီရူဒါကိုလည်းချစ်သည်။ ဥက္ကဋ္ဌကြီးမော်ကိုလည်း ကဗျာရေးသည့်အတွက် ကျနော်ချစ်သည်။ ရဲဘော်ချေဂွေဗားရားကိုချစ်တဲ့အထဲမှာလည်း၊ သူ မကျဆုံးခင် ဘိုလီးဗီးယားတောင်တန်းတွေပေါ်မှာ “တန်နီယာသို့ ” ကဗျာကိုရေးခဲ့တဲ့ အချက်လည်းပါသည်။
ကျွန်ုပ်တို့ ၏အဘ ကားလ်မတ်ကြီးသည်ပင် ကဗျာရေး၏။ သူ့ ကဗျာတစ်စက-
            “အချစ်သည် ဂျင်နီ
            ဂျင်နီသည် အချစ်
            အနှစ်တစ်ရာ တိုင်စေသော်” တဲ့။
            ချစ်တယ်။ ချစ်တယ်။ ဟိုချီမင်းကိုလည်း ကဗျာရေးလို့ ကျနော်ချစ်တယ်။
            ကျနော်တို့ သည် ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တို့ နှစ်ဦး၏ “မှိုင်းဗေဒ” မှ ဆင်းသက် လာခဲ့ကြခြင်းဖြစ်သည်။ ကျနော်တို့ သည် ဆဲဗင်းဂျူလိုင်၊ သစ်ပုပ်ပင်၊ နေ၀င်း-စန်းယုဆန့်ကျင်ရေးနှင့် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအတွင်းမှ မွေးဖွားလာခဲ့ကြသူများ မဟုတ်တုံလား။
            ထိုစဉ်ခေတ်က ကိုးတန်းကျောင်းသားတစ်ယောက်က ကားလ်မတ်၏ မဟာအရင်းကျမ်းနှင့်၊ မွန်ဝန်ကြီးဗညားဒလ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတို့ ကို ခေါင်းအုံးအိပ်ခဲ့သည်ဟုဆိုလျှင်၊ ပိုအံ့ရန်ကောဟု အပြစ်တင်မစောကြပါလေနှင့်။ အဲဒါ ကျနော်တကယ်ခေါင်းအုံးအိပ်ခဲ့တာဖြစ်သည်။အဲဒါတွေကြောင့်လည်း၊ ကောလိပ်လည်းရောက်ရော ကျနော် ကျောင်းသားကဗျာဆရာ(CAMPUS WRITER) တစ်ယောက်အနေနဲ့ ပထမဆုံး ဗွေဆော်ဦး အဖမ်းခံခဲ့ရခြင်းပဲဖြစ်လေသည်မဟုတ်လား။
+ + + + + +

           
၁၉၇၈။ ပထမအကြိမ် ထောင်ကပြန်ထွက်လာပြီးတဲ့နောက်၊ ကျနော်တို့ ထောင်ထွက်သူငယ်ချင်းတစ်စု၊ မြစ်ဝကျွန်းပေါ်နေရာအသီးသီးမှာ
အသစ်ခေတ်စားလာသည့် တွဲဖက်ကျောင်းဆရာတွေဝင်လုပ်ကြသည်။ အမှန်ကတော့ ကေဒါမြှုပ်နှံကြတာဖြစ်သည်။ မြေအောက်တွင် မိမိကိုယ်ကိုယ်မိမိမြှုပ်နှံလိုက်ကြခြင်း။ ယူဂျီပေါ့ ။ ယူဂျီတစ်ပိုင်းပေါ့ ။ပရိုဘီစီပီပေါ့ ။ မြစ်ဝကျွန်းပေါ်တိုင်းပြန်လည်တည်ဆောက်ရေးပေါ့ ။
            ကျနော်ပထမအကြိမ် ထောင်ကလွတ်တော့ ကိုယ်နဲ့ အတူပါလာတဲ့ “ကျူးဘားတော်လှန်ရေး” ကဗျာရှည်ကြီးက ရွေးမြစ်ဝှမ်းမှာ စုန်ဆန်ကူးခပ်လို့ ပေါ့ ။ ကျနော်နှင့်မြေနုက လပွတ္တာမြို့ နယ်တစ်ရွာ ‘ရွှေပြည်သာ’ မှာ။ လပွတ္တာမြို့ ပေါ်မှာက သစ်စိုးရှိသည်။ ကျနော်တို့ ၊ သစ်စိုးတို့ နဲ့ ရွေးမြစ်တကြောတည်း၊ မြောင်းမြမြို့ နယ်က ‘ပြင်ရွာ’ မှာ မောင်ဒေါင်း။ (စိုးအိမ်နဲ့ ကိုအောင်စောဦးတို့ က မြောင်းမြ လွန်းတောင်ခြေ ‘ရှမ်းရေကျော်’ရွာ။ စိုးသစ်(အခု စိုးနေလင်းတစ်ဖြစ်လဲ)က မြောင်းမြသိလ္လာတကြောက ‘ဂတ်စု’ မှာ)
            အဲဒီမှာ၊ ဆရာနတ်နွယ်စကားနဲ့ ပြောရရင် အချစ်လှေလောင်းနဲ့ ခေတ်ရေကြောင်းကိုစုန်ဆန်ခဲ့ကြတယ်ပဲပေါ့ ။ ထိုစဉ်က ကျနော်ထောင်ထဲကရေးယူလာခဲ့သည့် “ကျူးဘားတော်လှန်ရေး” ကဗျာကြီးမှာ ကျနော်တို့ ၏ ဗမာပြည် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကို မျှော်မှန်းအိပ်မက်ထားသည့်စိတ်ကူးယဉ်မှုတစ်ခုဟုလည်း ဆိုနိုင်သည်။ ကျနော်တို့၏ လက်နက်ကိုင်တော်လှန်ရေး ရေရှည်စစ်ပွဲ ယုံကြည်ချက်လို့ လည်းယူဆနိုင်ပါသည်။
            အမှန်က ကျနော်ယုံကြည်သည်မှာ လက်နက်ကိုင်တော်လှန်ရေးပဲဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး- အေအက်စ်(ARMS STRUGGLE)ကို ကျနော်ယုံသည်။ ကျနော်တို့ မတ်ဝါဒ၏အခြေခံတရားမှာ အကြမ်းဖက်တော်လှန်ရေးပဲဖြစ်သည် မဟုတ်လား။ သို့ သော်…။
            သို့ သော်…၊ ကျနော်တို့ အုပ်စုထဲက ကိုအောင်စောဦး(မှိုင်းရာပြည့်) ဗဟိုကို အရောက်သွားပြီး ပြန်လာတဲ့အခါကျတော့၊ ကံကြမ္မာက တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့တော့သည်။ ဗမာပြည် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအတွက် ကျနော်တို့ က ကျေးလက်မှာ ကေဒါမြှုပ်နှံဖို့ ညွှန်ကြားချက်ပါလာခဲ့သည်။ နေ၀င်း-စန်းယု မ ဆ လ စစ်ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေတဲ့ကြားမှာ ကျနော်တို့ တွဲဖက်ကျောင်းဆရာတွေဖြစ်ကုန်ကြသည်။ကဗျာဆရာတွေဖြစ်ကုန်ကြသည်။
            တစ်ခါတစ်ခါ၊ တွဲဖက်ကျောင်းဆရာဘ၀ ကျေးလက်ထုံထိုင်းမှုတွေကြားမှာ ရဲဘော်ရဲဘက် သူငယ်ချင်းတွေဆုံရင်၊ နည်းနည်းပါးပါး မူးယစ်ရီဝေကြရင်း ရယ်စရာပြောကြတာတစ်ခုရှိသည်။ စာပေက မယားကြီးလား၊ နိုင်ငံရေးက မယားကြီးလားပေါ့ ။ ချစ်တာကတော့ နှစ်ယောက်စလုံးကိုချစ်
တာပဲဖြစ်သည်။ အေအက်စ်ကိုယုံကြည်တဲ့ကျနော်၊ အေအက်စ် မဖြစ်ဘဲ၊ စီအက်ဖ် ဖြစ်သွားသည်။ ကျနော်တို့  ယဉ်ကျေးမှုစစ်မျက်နှာ(CULTURALFRONT) မှာ ကဗျာဆရာတွေဖြစ်လာခဲ့ကြသည်မဟုတ်လား။
            ကျနော်တို့ အထဲမှာ မြေနုက ပထမဦးဆုံးပုံနှိပ်ဖော်ပြခံရတဲ့သူဖြစ်လာတယ်။ ပြီးတော့ ရှေ့ ဆင့်နောက်ဆင့်ဆိုသလို၊ အောင်ဝေး၊ မောင်ဒေါင်း၊စိုးအိမ်၊ စိုးသစ်။(လပွတ္တာက သစ်စိုးကတော့ ၇၄-၇၅ အရေးအခင်းတွေနဲ့ RIT ကကျောင်းထုတ်မခံရခင်ကတည်းက မိုးဝေမှာ ၀တ္ထုတွေရေးနေခဲ့ပြီဖြစ်
သည်) ကျနော်တို့ အားလုံး မိုးဝေကဗျာဆရာတွေဖြစ်လာခဲ့ကြသည်။(မောင်ဒေါင်းနှင့်ကျနော်က ရှုမ၀မှာလည်းရေးခဲ့ပါသည်)
            ကျနော့်ကို အမေကမွေး၊ ထောင်ကကျွေးခဲ့သည်။
            ကျနော့်ကို မိုးဝေကမွေး၊ မိုးဝေကကျွေးခဲ့သည်။
            ကျနော့်ကို ဆရာနတ်နွယ်နှင့် ဆရာမောင်သွေးသစ်တို့ ကမွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အခုတော့ ကျနော့်ကိုမွေးဖွားပေးခဲ့တဲ့ ဆရာနတ်နွယ် ကွယ်လွန်ခဲ့ရှာပါပြီ။ ဆရာ မကွယ်လွန်ခင် ဆေးရုံပေါ်က ရက်တွေတုန်းကတော့၊ ကျနော့်သား လပြည့်ဝေး အနီးကပ်သွားရောက်ပြုစုကူညီ
ပေးနိုင်ခဲ့ တာနဲ့ ပဲ၊ ကျနော် ကြေကွဲစိတ်ကိုဖြေရပါတယ်။
            ဆရာမောင်သွေးသစ်ကတော့၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်ထဲထဲဝင်ဝင် ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့ ကျေနပ်ဂုဏ်ယူတယ်လို့ ပြောတဲ့အကြောင်း၊ ညီငယ်ကဗျာဆ၇ာတွေကနေတစ်ဆင့် ကျနော်ပြန်ကြားခဲ့ရပါတယ်။ တကယ်တမ်းပြောရရင် ဆရာနတ်နွယ်တို့ ၊ ဆရာမောင်သွေးသစ်တို့ က အောင်ဝေးကို ကဗျာတစ်ခုတည်းတင် သင်ကြားပေးခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံရေးကိုလည်း သူတို့ ကောင်းကောင်းသင်ကြားပေးခဲ့ကြတာဖြစ်သည်။
            ဆရာနတ်တို့ ၊ ဆရာသွေးတို့ က မြန်မာပြည်မြောက်ပိုင်းကိုဖွဲ့ ကြသည်။ ကျနော်တို့ ၊ မောင်ဒေါင်းတို့ ၊ စိုးအိမ်တို့ ၊ မြေနုတို့ ၊ စိုးသစ်တို့ ကမြစ်ဝကျွန်းပေါ်ကိုဖွဲ့ ခဲ့ကြတာဖြစ်သည်။ ရေစီးကြောင်းက တစ်ကြောင်းတည်း။
+ + + + + +

           
မစ်ရှီဂန်ညချမ်း၊ မဲဇာကမ်း၊ ကျွမ်းကျွမ်းမြမြ လွမ်းတဲ့အလွမ်းက “ပြန်လမ်းမကြုံတဲ့ ယမုန်နာဦးဝယ်” ဖြစ်လို့ နေသည်။ RIVER OF NO RETURN ဖြစ်လို့ နေသည်။ ကျနော်တို့ ရဲ့ ခေတ်ကြီး ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း၊ ကျနော်တို့ သည် ယခုအချိန်အထိ “ဗထက်ခြိုက်” တွေကို ယုံယုံ
ရဲရဲ လွမ်းဆွတ် တမ်းတနေဆဲဖြစ်သည်။ လွမ်း၍လွမ်းသော အလွမ်းများ။ သိက္ခာရှိတဲ့ အလွမ်းများ။ ကျနော်တို့ အလွမ်းက သမိုင်းဝင်သည်။ သခင်ဗဟိန်းကျနော်တို့ လွမ်းသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျနော်တို့ လွမ်းသည်။ ဗန်းမော်တင်အောင် ဆရာ့ကိုလည်း ကျနော်တို့ လွမ်းသည်။ပြီးတော့ ကျနော်တို့ လွမ်းသည် ဗ က သ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်)။ ပြီးတော့ ကျနော်တို့ လွမ်းသည်  ဗ … … ။
            ဗမာပြည်ကွန်မြူနစ်ပါတီ အနှစ်နှစ်ဆယ်မိန့် ခွန်းမှာ၊ ဥက္ကဋ္ဌ သခင်သန်းထွန်းက “ဗမာပြည်ရဲ့ အတော်ဆုံး နိုင်ငံရေးအတွေးအခေါ်ရှင်ဟာသခင်ဗဟိန်းပဲ” လို့ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း မရှိရင်၊ ဗမာပြည်လွတ်လပ်ရေး မရှိနိုင်။ ဗန်းမော်တင်အောင်ရဲ့ စာတွေကို မဖတ်ဖူးဘဲနဲ့ တော့၊ ကိုယ့်ကိုယ်ကိုယ် တော်လှန်ကဗျာဆရာ၊ ပြည်သူ့ ဘက်သားဆိုတာမျိုးတွေ ဘယ်တော့မှ လေလုံးမိုးလုံးမထွားလေနဲ့ ။
            နောက်ပြီးတော့လည်း၊ ဆဲဗင်းဂျူလိုင်၊ ၁၉၆၂ ဥဒါန်းဘယ်မကြေအရေးတော်ပုံ၊ ဗ က သ ဥက္ကဋ္ဌ ကိုသက်၊ တ က သ ဥက္ကဋ္ဌ ကိုဗဆွေလေး၊သူတို့ နာမည်၊ သူတို့ သမိုင်းကိုလေးစားတန်ဖိုးထားရမယ်။သူတို့ တိုက်ပွဲကို လိုက်နာရမယ်။ မလိုက်နာရင် အဲဒါ ခွပ်ဒေါင်း မဟုတ်။ ဒီကနေ့ ၊ ၆၂ တုန်းက
မသေဘဲ အသက်ရှင်ကျန်ရစ်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားခေါင်းဆောင်ဟောင်းကြီး ဘိုကလေး ဦးလှရွှေဆိုတာ၊ မောင်ရင်တို့ ၊ ခင်ဗျားတို့ မျက်စိရှေ့ မှောက်မှာ အခိုင်အမာကြီးရှိနေပါသေးတယ်။ သူ့ ကိုနေရာပေးရမယ်။ လေးစားရမယ်။ အသိအမှတ်ပြုကြရမယ်။ သူဟာ ရာသက်ပန်တည်ဆောက်ရေး
သမားပဲ။ သူ့ ဆီက သမိုင်းအမွေကိုဆက်ခံရမယ်။ ခေတ်ပြိုင်အနု၊ ခေတ်ပြိုင်အရင့်၊ တချို့ က အနီနု၊ တချို့ က အနီရင့်၊ ဘာပဲဖြစ်ဖြစ် သမိုင်းသိစိတ်ရှိတဲ့၊အစဉ်အလာကိုဆက်ခံနိုင်စွမ်းရှိတဲ့ မျိုးဆက်သစ်တွေဟာ၊ မျိုးဆက်ဟောင်းရဲ့ ဝမ်းဗိုက်ထဲကထိုးဖောက်ထွက်လာရစမြဲပဲ မဟုတ်လား။
            ဒါတွေဟာ ကျနော်တို့ ကဗျာဆရာဖြစ်လာတဲ့ ဘ၀လမ်းကြောင်းမှာ၊ ကဗျာနဲ့ ထပ်တူ တမ်းတရ၊ လွမ်းဆွတ်ရ၊ မျှော်လင့်ရတဲ့ ဗထက်ခြိုက်တမ်းချင်း၊ လွမ်းခြင်း၊ မျှော်လင့်ခြင်းတွေပါပဲဗျာ။ ခွင့်လွှတ်ပါ။
            ကျနော်တို့ ငယ်ဘ၀ဟာ အဲဒီလို”နီ” ခဲ့တယ်။ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ဟာ အဲဒီလို”နီ’ ခဲ့တယ်။ ကျနော်တို့ ရဲ့ အနီရောင်ပြက်လက်ရွှန်းမြသောခေတ်များ။ အနီခေတ်။ ကျနော့်တစ်ဦးချင်း တစ်ကိုယ်တော်ရွက်လွှင့်ရင်း၊ မြင်းရိုင်းကိုစိုင်းနှင်ရင်း၊ မုန်တိုင်းကို အကသင်ရင်း၊ အ၀ါခေတ်၊
အပြာခေတ်တွေနှင့်အတူ အနီရောင်နှစ်ကာလများ။
            မ ဆ လ စစ်အစိုးရခေတ်တုန်းက(၁၉၈၆-၈၇ လောက်က) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုဌာနချုပ်၊ သုတေသနဌာနကြီးက ထုတ်ပြန်တဲ့ လျှို့ ဝှက်အစီရင်ခံစာတစ်စောင် ကျနော်တို့ ခိုးယူရရှိခဲ့ဖူးသည်။ ထိုအစီရင်ခံစာက၊ အစိုးရကိုဆန့် ကျင်တယ်လို့ သူတို့ ယူဆတဲ့ မြန်မာကဗျာဆရာတွေ
ကို အစုတွေ၊ ဂိုဏ်းတွေခွဲပြီး သုံးသပ်တင်ပြထားတာဖြစ်သည်။
            ကျနော်က အစုနှစ်စု၊ ဂိုဏ်းနှစ်ဂိုဏ်းမှာ ပါသွားသည်။ တောမျှော်အစု- တောမျှော်ဂိုဏ်းနှင့် အမေကျော်ဒွေးတော်လွမ်းအစု- ဒွေးတော်လွမ်းဂိုဏ်း။ တောမျှော် ဆိုတာက ဗ က ပ (ဗမာပြည်ကွန်မြူနစ်ပါတီ) လိုလားသူများကိုဆိုလိုပြီး၊ အမေကျော်ဒွေးတော်လွမ်းဆိုတာကတော့ ကျနော်တို့ ခေတ်ပေါ်ကဗျာ(အရပ်အခေါ် ကာရန်မဲ့) ရေးသူတွေကို ရည်ညွှန်းတာဖြစ်သည်။
            ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတုန်းက၊ ကျနော်ပြေးနေရတုန်း၊ ပုန်းခိုကျင်းကလေးတွေထဲမှာပဲရှိနေသေးသည်။ န အ ဖ စစ်အစိုးရသတင်းစာထဲမှာ၊ အစိုးရအလိုတော်ရိ ပေါ်လစီဆောင်းပါးရေးတဲ့သူုတစ်ယောက်က၊ ကိုဇာဂနာတို့ ၊ ကျော်သူတို့ ၊ ကျနော်တို့ ကို ရှုတ်ချတိုက်
ခိုက်ထားတာများ၊ ကျနော်နဲ့ ပတ်သက်လို့ ” အောင်ဝေးဟာ အလံနီပဲ” ဆိုပြီး၊ တလွဲတွေရေးထားတာ၊ ပြေးနေတဲ့ကောင်က ဗမာပြည်ထဲကဘယ်မှထွက်သွားတာ မဟုတ်သေးဘူး၊ ပုန်းခိုကျင်းကလေးထဲကနေ ဖတ်လိုက်ရပါသေးသည်။ ကျနော် လွတ်လွတ်လပ်လပ်သာဆိုရင် အဲဒီသတင်းစာတိုက် ခဲနဲ့ 
သွားထုပါတယ်။ အခုဟာက ဂျက်စီဂျိမ်းလုပ်နေရလို့ ၊ ဖောရက်စ်ဂမ့်ပ် လုပ်နေရလို့ သာပဲ။
            ကျနော် အလံနီမဟုတ်တဲ့အကြောင်းကိုသာ အဲဒီဆောင်းပါးရေးတဲ့သူ သိစေချင်တာပါ။ ကျနော် အလံနီတွေကို မလိုလားလို့ ၊ မုန်းလို့ ပြောတာ လုံးလုံးမဟုတ်ပါဘူး။ ကြည့်ဗျာ။ ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးရဲ့ လက်သည်က သခင်စိုးပဲ။ ဆရာမောင်ကိုယု ကျနော်ချစ်တာပဲ။သူ့ ရဲ့ ” မနေ့ ကလရောင်အောက်မှာ” ၀တ္ထု ကျနော်ကြိုက်တာပဲ။ ဆရာငြိမ်းကျော်၊ ကျနော်တို့ သိပ်အလွမ်းသင့်ကြပါတယ်။ သူ့ ရဲ့ MASTERPIECE ဖြစ်တဲ့ “ပဉ္စမမြောက်ဆောင်းရက်များ” ကို ရုပ်ရှင်ရိုက်ဖို့ ကိုတောင် ဆရာနဲ့ ကျနော်တို့ စိတ်ကူးယဉ်ခဲ့ကြဖူးသည်။ ပြီးတော့ ဆရာဇော်ဇော်အောင်။သူ့ လည်းကျနော်ချစ်တာပဲ။အခုသူ့ စာတွေကို တိုးတက်တဲ့လူငယ်တွေက အငမ်းမရဖတ်နေကြတာကြားရတော့ ကျနော်ကြည်နူးဝမ်းသာသည်။
            ဆရာကြီးသခင်ကိုယ်တော်မှိုင်းက-
             “ ထမ်းပိုးတည့်တည့်ထမ်းခဲ့ကြတဲ့
            ‘စိုး’ နဲ့ ’သန်း’ “ ဆိုပြီး ကဗျာဖွဲ့ ခဲ့သလို၊ အခုအချိန်မှာတော့ ကျနော်တို့ အားလုံး ဒီ ထမ်းပိုး တစ်တုံးတည်း ပါပဲ။
            သြော်… ဒီမိုကရေစီလေချဉ်တက်နေတဲ့ ခေတ်ကာလကြီးထဲမှာ၊ ကျနော်(တို့ )က ပထမချစ်သူခေတ်ကို ပြန်တမ်းတနေမိတာပဲလား။ကိုယ်စောင့်နတ်ကမှပဲ သိတော့မယ်။

+ + + + + +

1 comments:

Unknown said...

ဆရာ..ရေ အလွမ်းတွေဆင့် ..အလွမ်းတွေသင့် ပီး လွမ်းစရာမို့ လွမ်းမိတာ..ကို ပိုတယ် ကဲတယ်လို့ ဘယ်သူပြောနိုင်မှာလဲ ဟင် ...