မသေဘဲနဲ့ 
ခွဲခဲ့ရတော့လည်း
ကွဲတဲ့အသည်းက ရှင်ကွဲ။
အခုလို
နှင်းသည်း လေထန်
အိမ်မပြန်နိုင်တဲ့ ညမျိုးဆိုရင်
(၀တ္ထုထဲက)
ချစ်လူဆိုးကြီး ဟိကလစ်ဖ် ကို
သတိရသလို
ဓားထွန်းဆင့်ဆိုတဲ့
ငါ့ အစ်ကိုကြီး ဇော်(ပျဉ်းမနား)ကိုလည်း
လွမ်းမိပါရဲ့ ။
ကျမ အိမ်ပြန်မရောက်ခဲ့
အနှစ် နှစ်ဆယ် တဲ့လမ်းပျောက်တဲ့မြိုင်ပေါ့ 
ကက်သရင်းအန်းရှောရယ်
ညည်းလိုပဲ
တို့ အစ်ကိုကြီးမောင်ရန်ပိုင်
အိမ်ပြန်မရောက်တာ ကြာပြီ။
ဒီနေရာလေးဟာ
တို့ အိမ်ပါ။
ဒီနေရာလေးဟာ
ယုံကြည်ရင်ပျားအုံ တစ်အုံပါ
ချိုမြိန်ရင်
မှိုကျင်း တစ်ကျင်းပေါ့ ။
ပင်လယ်တစ်ခုလုံးကို
ဒီမှာ မှောက်လှန်ခဲ့ဖူးပါရဲ့ ။
သေနတ်ပြောင်းတွေကို
ဒီမှာ နောက်လှန်ချိုးခဲ့ဖူးပါရဲ့ ။
ဘားတော့ဗရက်ကို
ဒီမှာ အောက်မေ့တသခဲ့ဖူးပါရဲ့ ။
ခက်တာက
ငါကခါချဉ်အုံ တုတ်နဲ့ ထိုးခဲ့မိတာကိုး။
ငါလွမ်းခဲ့ပါတယ်
ဒီနေရာလေးကိုငါဝေးခဲ့ပေမဲ့
ငါ မဝေးခဲ့ပါဘူးကွယ်။
ငါဝန်ခံပါတယ်
ငါတို့ ဟာ
အစိုးရကို ဆန့် ကျင်ခဲ့တယ်။
(အစိုးရကို မဆန့် ကျင်တဲ့
ကဗျာဆရာကော ရှိဖူးလို့ လား)
ငါတို့ ဆန့် ကျင်တဲ့ အစိုးရက
ငါတို့ ကို ပြန်ဆန့် ကျင်ခဲ့တာလည်း
ငါဝန်ခံပါတယ်။
၃၃ လမ်းက
လမ်းတိုကလေးပါကဗျာဆရာတွေရဲ့ ဒုက္ခတွေကတော့
ရှည်လျားလှပါသတဲ့။
သူငယ်ချင်းပိုင်သရဲ့ 
အဲဒီဒုက္ခသည်တွေကပဲ
ခေတ်ကိုထမ်းခဲ့တာ မဟုတ်လား။
တကယ်တော့
ဒီနေရာလေးဟာ
မင်းမျက်သင့်နေသူတွေရဲ့ 
ဒုက္ခသည်စခန်းလေးပါပဲ။
ဒီစခန်းလေး
ငါ လွမ်းတယ်။
ခုနေမှာ
ငါ့ မြင်း ငါစိုင်းနှင်းကြမ်း လေမှိုင်း
ရေခဲလှိုင်းတွေ
မုန်တိုင်း မုန်တိုင်း
ငါ့ ကို ရိုင်းပစေ
တစ်နေ့ ကျရင်
ငါ့ စစ်ကိုင်းကို
ငါရောက်ရမယ်။
ခုနေတော့
လွမ်းပေဦးတော့
လေထန်ကုန်းရေ…။
မသေဘဲနဲ့ 
ခွဲခဲ့ရတော့လည်း
ကွဲတဲ့အသည်းက ရှင်ကွဲပေါ့ ။ ။
( လေထန်ကုန်း ငွေရတုသို့ )
ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၂၁- ၂၀၁၄
ခေတ္တ- မစ်ရှီဂန်။
Photo Credit – https://www.facebook.com/lay.htan.ghone.33