Wednesday, April 1, 2015

ခိုင်မာငြိမ်း





ခိုင်မာငြိမ်း(ဘ)ဦးဝင်းမြင့်(မြေနု)
မြောင်းမြ။

ပုဒ်မ- ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ)
သာယာဝတီအကျဉ်းထောင်။

ထီးရိုးကို မိုးကြိုးပစ်ခဲ့
နဂါးကို ဂဠုန်သုတ်ခဲ့။

ခိုင်မာငြိမ်း
ခြင်္သေ့ကို ဒေါင်းခွပ်မယ်
မိစ္ဆာကို မြားနဲ့ ခွင်းမယ်။

ထောင်အုတ်ရိုးထဲမှာ
တိုင်းပြည် နောင်အုပ်စိုးမယ့် သူရဲကောင်းတွေရှိတယ်။

ခိုင်မာငြိမ်း
ငရဲ အကျဉ်းထောင်ထဲမှာ
တိုင်းပြည် အမြဲလင်းအောင် အမှောင်ခွင်းမယ့်လက်တွေရှိတယ်။

ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ခွေးဟာ
ထမင်းမကျွေးတဲ့လက်ကိုလျက်တယ်။

ခိုင်မာငြိမ်း
ကျောင်းသားသပိတ်ကိုမေးခွန်းထုတ်သူဟာ
ရန်သူရဲ့ ကြိုးကွင်းနဲ့ ကိုယ့်လည်ပင်းကိုယ်ပြန်စွပ်သူပေါ့ ။

နေပြည်တော်က ဒေါ်စုက အကြမ်းဖက်မှုကိုဆန့် ကျင်သတဲ့
အရပ်ထဲက ဒေါ်ပုတို့ ၊ ဒေါ်နုတို့ ကလည်း အကြမ်းဖက်တာမကြိုက်ပါဘူး။

ခိုင်မာငြိမ်း
တွေ့ ဆုံဆွေးနွေးတာဟာ တွေ့ ဆုံဆွေးနွေးတာပါပဲ
အဖြေရသွားတာမဟုတ်ပါဘူး။

ရွှေည၀ါဆရာတော်က တရားပွဲအပိတ်ခံရ
မစုပုံချစ်က ပေးထားတဲ့တိုက်ခန်းပြန်အသိမ်းခံရ။

ခိုင်မာငြိမ်း
ရန်သူဆန့် ကျင်ခံရခြင်းဟာ ကိစ္စဆိုးမဟုတ်
ကိစ္စကောင်း။

လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုကျေးဇူးကန်းတယ်
ငြိမ်းချမ်းရေးဗိသုကာဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုဖုံးကွယ်တယ်။

ခိုင်မာငြိမ်း
လက်မှတ်ထိုးတာဟာ လက်မှတ်ထိုးတာပါပဲ
ငြိမ်းချမ်းရေးရသွားတာမဟုတ်ပါဘူး။

အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ ရ တဲ့
နန္ဒာစစ်အောင်တော့ နောက်ထပ်(၆၂)မှုတွေ့ ရဦးမယ်။
ခိုင်မာငြိမ်း

ပေဖြစ်ခံရဲတာသတ္တိမဟုတ်
တူဖြစ်အောင်လုပ်ရဲမှ သတ္တိ။

ခြံစည်းရိုးခွထိုင်တဲ့လီကွမ်းယူကတော့သွားပြီ
လူဆိုးဗိုလ်ကြီးရွှေရွှေသွားဖို့ ပဲလိုတော့တယ်။

ခိုင်မာငြိမ်း
လွှတ်တော်က ဇွတ်ခေါ်တာမဟုတ်ဘူး
လွှတ်တော်တက်ချင်တဲ့သူတွေကချွတ်ချော်တာပါ။

မိုးမခပင်တောအုပ်က မုန်တိုင်းကိုညွှတ်ကွေးခံတယ်
ဘယ်တော့မှမပြိုလဲ အလံမလှဲ။

ခိုင်မာငြိမ်း
အဘိဓမ္မာက လူကိုပျော့ပျောင်းစေတယ်
ပျော့ပျောင်းခြင်းဟာ သန်စွမ်းခြင်းပဲ။

အပျော့ပျောင်းဆုံးလေးကိုင်းနဲ့ 
အဝေးဆုံးရန်သူကို ရင်အုံထိအောင်ပစ်နိုင်သတဲ့။

ခိုင်မာငြိမ်း
ပစ်လိုက်၊ ပစ်လိုက်
စစ်အာဏာရှင်စနစ်ကိုပစ်လိုက်။

၁၉၆၂-၂၀၁၅ စစ်အာဏာရှင်ခေတ်တစ်လျှောက်မှာ
ကျောင်းသားမျိုးဆက်(၄)ဆက်ရှိတယ်။

ခိုင်မာငြိမ်း
ဆဲဗင်းဂျူလိုင်မျိုးဆက်က
နေ၀င်း- စန်းယုစစ်အစိုးရကိုဆန့် ကျင်ခဲ့ကြတယ်။

ဦးတို့ ၊ ညည်းအဖေတို့ ဟာ ၇၄- ၇၅- ၇၆ မျိုးဆက်တွေပဲ
မ ဆ လ စစ်အစိုးရကိုတော်လှန်ခဲ့ကြတာပေါ့ ။

ခိုင်မာငြိမ်း
၁၉၈၈ ရှစ်လေးလုံးမျိုးဆက်ကတော့
စစ်အာဏာရှင်သမ္မတ(၃)ယောက်ကိုဖြုတ်ချနိုင်ခဲ့တယ်။

သမီးတို့ ဟာ စတုတ္ထနဲ့ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင်မျိုးဆက်ပဲ
အာဏာသိမ်းမျိုးဆက်ဖြစ်ရမယ်။

ခိုင်မာငြိမ်း
တော်လှန်တဲ့ကျောင်းသားမျိုးဆက်တိုင်းဟာ
အကျဉ်းထောင်အသီးသီးကိုဖြတ်သန်းခဲ့ရတယ်။

အကျဉ်းထောင်ထဲမှာ ရဲရင့်ပါ၊ ကြံ့ ခိုင်ပါ၊ ကျန်းမာအောင်နေပါ
ရဲဘော်တွေနဲ့ အတူရှင်သန်ပါ။

ခိုင်မာငြိမ်း
ခွပ်ဒေါင်းဆိုတာ အတောင်ဖြတ်လည်း ခွပ်မြဲခွပ်နေမှာပဲ
ခွပ်ဒေါင်းဆိုတာ ခြံခတ်ထားလည်း လွတ်လပ်နေမှာပဲ။

နာဇီတွေလက်အောက်မှာလောက်
ပြင်သစ်တွေလွတ်လပ်တာဘယ်တုန်းကမှမရှိ တဲ့။

ခိုင်မာငြိမ်း
မကြောက်ရင် လွတ်လပ်တာပဲ
မကြောက်တတ်ရင် လွတ်လပ်တာပဲ။    ။

ေ အ ာ င္ ေ ၀ း

မတ် ၃၁- ၂၀၁၅။

ရည်ညွှန်း။  ။ အောင်မှိုင်းဆန်း(ပါ) ၆၉ ဦး
ပြစ်မှုကြီးအမှတ် ၅၉၃/၂၀၁၅
တရားလို- ရဲမှူးဖုန်းမြင့်
လက်ပံတန်းမြို့ နယ်တရားရုံး။

Related Posts:

  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၁ ကပ်ကြီးအတွင်းမှာလူချင်း ခွာလို့ရတယ်စိတ်ချင်း ခွာလို့ မရဘူး။ယနေ့ August 28, 2020 Covid-19 Live UpdateWorld: Cases 24,299,923   Deaths&n… Read More
  • ေ ဒါ် သ န် း မြ င့် ေ အ ာ င်  သူ့အသက်ကသူချခဲ့တဲ့ မသာတွေရဲ့အစွန်းထွက်ပဲ ရှိတယ်။သူ့အိပ်မက်ကတော့သူချခဲ့တဲ့ မသာအားလုံးပေါင်းအသက် မကဘူး။အလုပ်သိပ်များတယ်နိုင်ငံတော်အတိုင်ပင်ခံကြီးပ… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၂ အမေရိကမှာ "I can't breathe!" ပြီးတော့၊ "I can't teach... !"(၁)အဖြူနဲ့အစိမ်း လိမ်းခြယ်ထားတဲ့ မနက်ခင်း။ မိုးတွေ ရွာနေမယ်။ စာသင်ကျောင်းကလေးကိုသွားတ… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၅ ကမ္ဘာကြီးကလှိုင်း စီးနေတယ်။ပထမလှိုင်း ပြီးတော့ဒုတိယလှိုင်း။ပြင်သစ်တွေကLOCK DOWN ချလို့ဆန္ဒပြသတဲ့။MASK တပ်ရင်အောက်ဆီဂျင် နည်းသတဲ့အမေရိကန်တွေကလည်း… Read More
  • ၅ ၄အလွမ်းကအဲဒီကစတာပဲ။ဖြတ်သန်းခဲ့တဲ့လမ်းပြန် လွမ်းကြည့်တဲ့အခါသမိုင်းတစ်ခုလုံးတိုက်ပွဲတွေချည်းပဲ။တောင်ကုန်း ၃၂-လုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးအနီရောင်ရဲတိုက်… Read More

0 comments: