အရှုံးကို ဝန်မခံရဲသူဟာ
အနိုင်ကိုလည်း
တစ်စက်ကလေးမှ လက်မခံရဲသူ ဖြစ်တယ်။
အို- ကိုယ်ချင်းစာတရားငဲ့
အာဃာတနဲ့ အမုန်း
ရှုံးပါစေ။
ချစ်ခြင်းမေတ္တာနဲ့ ဥ ာဏ်ပညာ
နိုင်ပါစေ။
"နေလမ်းနဲ့ သေလမ်း
ဘယ်လမ်းက သာတယ်
အဂ္ဂဘုံကပဲ သိမယ်"
ပြောပြီး
ဆော့ခရတ္တိဟာ
အဆိပ်ဝိုင်ကို သောက်ရှာတယ်။
တကယ်က
အက်သင်မြို့ကြီးကို
သူ မျိုချလိုက်တာပဲ။
ဒုက္ခတရားကို
သူ မျိုချလိုက်တာပဲ။
တစ်နည်း
သူ မျိုချလိုက်တာ အမှန်တရားပဲ။
အလို- ဗုဒ္ဒရဲ့
ဒုက္ခသစ္စာ
ငါ ကိုယ်တိုင်ပါလား။
မမြဲသောတရားသာ
မြဲရာ၏ တဲ့
ငါ့ဓားတွေ ထက်သေးရဲ့လား။
ပြောင်းလဲခြင်းသာ
မပြောင်းလဲသောတရား တဲ့
ငါ့မြားတွေ ဖြောင့်သေးရဲ့လား။
ဒိဗျာ
ငါ စစ်ထွက်ရတော့မယ်။
ဒီ စစ်က
ကိုယ့်အသက် ကိုယ်မချစ်ရင်
တစ်ခေတ်လုံး ရှုံးမယ်။
စစ်တစ်ခါ ရှုံး
အနှစ် သုံးဆယ်။
ငါ အရှုံးမခံနိုင်ဘူး
ဒိဗျာ။
စစ်မြေပြင်မှာ
ငါ
ရှင်သန်နေမှ ဖြစ်မယ်။
ငါ အနိုင်တိုက်ရတော့မယ်
တိုက်ပွဲတကာ့ တိုက်ပွဲထဲ
ဒီတိုက်ပွဲက
အသစ်။
ဒိဗျာ
ငါတို့ခေတ်မှာ
ငါတို့ဟာ
စစ်ပွဲအသစ်တွေနဲ့ချည်း ကြုံနေရ။
ဒီစစ်ပွဲက
အနှစ် ၁၀၀ မှာ
တစ်ခါဖြစ်တဲ့
မဟာကိုဗစ်စစ်ကြီးပဲ။
အဆုံးအရှုံးများတယ်
နှလုံးသားတွေ
ကမ်းပါးပြိုတယ်။
မြစ်တွေ
မစီးနိုင်ဘူး။
ပန်းတွေ
မပွင့်နိုင်ဘူး။
ချစ်သူတွေ
မချစ်နိုင်ဘူး။
စစ်ကြီးက
ကိုယ့်အနား
ကပ်ဖြစ်နေတာ။
မခံစားနိုင်ဘူး
ကပ်ကြီးအတွင်းမှာ
ချစ်ပွဲ မဝင်ရ
စစ်ပွဲ ဝင်နေရ။
ကိုယ့်အသက် ကိုယ်ချစ်ရင်တော့
ဒီစစ်မှာ
မင်း နိုင်မယ်။
ဒိဗျာ
အနည်းဆုံးတော့
နှာခေါင်းစည်းအောက်က
မင်းနှုတ်ခမ်းပါးလေးတွေ
ပြုံးနေမယ်။
ငါ မပြုံးနိုင်လည်း
ငါ့မျက်လုံးတွေထဲ
မျှော်လင့်ချက်နဲ့
အသက်ရှင်စမ်းချောင်းကလေး
မင်းတွေးမြင် ဒိဗျာ။
ကွယ်- ဒုက္ခဆိုတာ
နမ်းစရာလား။
မင်း နှုတ်ခမ်းလေး
ငါ လွမ်းပါရဲ့။
မိုနေးက
ရေကြာပန်းတွေကို ချစ်တယ်။
ဗန်ဂိုးက
နေကြာပန်းတွေ ချစ်တယ်လေ။
ငါတို့က
ရေမရှိ၊ နေမထိတဲ့
ငရဲပန်းကိုမှ
ဘာကြောင့်များ ချစ်စမ်းချင်ရတာလဲ။
ဒုက္ခက
ကြီးလှပါရဲ့။
ကြီးတဲ့ ဒုက္ခကလည်း
စိမ်းလန်းလှပါရဲ့။
ငါတို့အချစ်တွေသာ
ဟောင်းသွားတယ်
ဒုက္ခက ဟောင်းမသွားဘူး။
ငါတို့အိပ်မက်တွေသာ
ဟောင်းသွား
ဒုက္ခက ဟောင်းမသွား။
ငါတို့ရမ္မက်တွေသာ
ဟောင်းသွား
ဒုက္ခက ဟောင်းမသွား။
မလှတဲ့ဘဝမှာ
ဒုက္ခလှလှ ရောက်ပါရဲ့။
လှတဲ့ဒုက္ခကပဲ
တို့ဘဝကို မောင်းနှင်လေရဲ့။
ဒိဗျာ
မင်းရဲ့ဒုက္ခတစ်ခြမ်း
ငါ့ကို ကမ်းပါ။
ဒုက္ခက
အမြဲ စိမ်းလန်းလှချည်ရဲ့။
ရင်ထဲ
ဒုက္ခပန်းတွေ
ငါတို့အလိုမတူပဲ
စိမ်းလန်းလှချည်ရဲ့။
မင်း နှုတ်ခမ်းလေး
ငါ လွမ်းလှချည်ရဲ့။
အငမ်းမရတာ
မဟုတ်ပါဘူး
အနမ်း မရတာပါ ဒိဗျာ။
ကိုရိုနာဗိုင်းရပ်စ်ဟာ
ငရဲပန်းပဲ။
အဲဒီ ပန်းကိုမှ
ငါတို့က
ချစ်စမ်းချင်သတဲ့လား။
ကိုဗစ်လမ်းမှာ
ငရဲပန်းများ မပွင့်ပါစေနဲ့။
ကြယ်စုံမြူးတဲ့ ည
ဆိုက်ပရပ်စ်လမ်းကလေးမှာလည်း
ငရဲပန်းတွေ မမွှေးပါစေနဲ့။
ဗန်ဂိုးက
အဝါရောင်ခေတ်။
ပီကာဆိုက
အပြာရောင်ခေတ်။
ငါတို့က
အနက်ရောင်ခေတ်ပေါ့။
စစ်အာဏာရှင်စနစ်ဟာ
အမှောင်
အနက်ရောင်ခေတ်လေ။
ငါတို့က
အနက်ရောင်ခေတ်ပေါ့။
အနက်ရောင်ခေတ်ကြီးထဲ
ငှက်တွေလို
တောင်ပံဖွင့်
ခုန်ချ။
ငရဲခန်းတံခါးဝမှာ
ဒုက္ခက
ချိုမြ။
နရသိန်နံရံမှာ
ရာဇဝင်ခေါ်သံ
ပဲ့တင်ခ။
ဒိဗျာ
စစ်ဖိနပ်အောက်မှာ
ငါတို့ မသေခဲ့ကြဘူး
သေတဲ့သူတွေလည်း မသေပါဘူး။
ငရဲလမ်းက
ငါတို့ကို စမ်းသပ်တယ်။
ငါတို့က
ငရဲလမ်းကို ဖြတ်သန်းတယ်။
ကိုဗစ်ဟာ
နောက်ထပ် ငရဲတစ်လမ်း။
သူက ဓားထမ်းလာရင်
ငါတို့က
လှံထမ်းသွားရမှာပေါ့။
အို- ကိုယ်ချင်းစာတရားရဲ့
ငါ့ဓားများလည်း
သွေးပရစေဦး။
ငါ့မြားများလည်း
ဖြောင့်ပရစေဦး။
ငါ့နှလုံးသား
ထစ်ချုန်း မီးလျှံ
မိုးကြီးတစ်ဖန် ရွာပရစေဦး။
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ
ဆိုက်ကပ်နေတဲ့
ကိုဗစ်ဆိပ်ကမ်းမှာ
ငါတို့အလွမ်းလှေကလေးလည်း
ရွက် မဖွင့်နိုင်သေး။
ငါတို့ အနမ်းတွေလည်း
ရွက် မလွှင့်နိုင်သေး။
ဓားဟာ
ဓားအိမ်ထဲမှာ
ညောင်းညာရှာတယ်။
တို့နှလုံးသား
ညောင်းညာလှချည်ရဲ့
ကိုဗစ်အိမ်ထဲမှာ။
New Normal တဲ့
ပုံမှန်အသစ် တဲ့
ကိုဗစ်လှောင်အိမ်ထဲမှာ
နှုတ်ခမ်းရဲရဲလေးတွေကလည်း
အဟောင်း။
Facebook ထဲ
ပြန်ပြန်တက်လာတဲ့
Post တွေကလည်း
အဟောင်း။
အိုးထရက်ဖို့တ်က
သရဲနီတွေကလည်း
အဟောင်း။
ရွေးကောက်ပွဲရှုံးလို့
ဝါးလုံးခေါင်းထဲ
ဗုံးခွဲသူကလည်း
အဟောင်း။
တောင်ကုတ်ပြန်ပေးသမားတွေ
ပြန်မပေးချင်လို့
ကြေးညှိတော့လည်း
အေးမိက အေးမိ
အဟောင်း။
အို- မကောင်းပါဘူး
ကိုဗစ်ကန္တာရ
သံသာရမှာ
လစန္ဒာ မပါတဲ့ ညတွေလည်း
အဟောင်း။
အားလုံးဟာ အဟောင်း
အားလုံးဟောင်းကုန်ပါရဲ့
အဟောင်းမကုန်တဲ့ အဟောင်းလေ။
ဒိဗျာရေ
ဆော့ခရတ္တိရဲ့
အဂ္ဂဘုံကလည်း မသိတဲ့
ကိုဗစ်တစ်ဘုံမှာ
သေပုံ၊ နေပုံ
ဒုက္ခတစ်စုံသာ
စိမ်းရုံ လန်းရုံ ရှိပါစေတော့။
ငါတို့အလွမ်းမှာ
ငါတို့ အနမ်းသာ
ကျန်းမာပါစေတော့။ ။
အောင်ဝေး
(၁၁- ၂၈- ၂၀)
##
စိ မ္ း လ န္ း ေ သ ာ ဒု ကၡ မ် ာ း